← Chapters

စိတ်ဓာတ်ကျခြင်း

Vol. 12 Ch. 155

စိတ်ဓာတ်ကျခြင်း

Vol. 12 Ch. 155

ဟန်လိက ကျောက်စိမ်းကျည်တောင်ကို ကောက်ယူကာ ဖုန်များကို မှုတ်ထုတ်လိုက်၏။ ၎င်း၏ စိမ်းဖန့်ဖန့်အရောင် လှစ်ဟပေါ်၏။

သူက ထိုကျည်တောက်ကို နှဖူးနား တေ့၏။ သူ့စိတ်အာရုံကို ၎င်းအတွင်းသို့ ဖြည်းဖြည်းချင်း ထည့်သွင်းသည်။ သူ့ခေါင်းထဲ၌ အံ့အားသင့်ဖွယ်ကောင်းသော ဆေးဝါးဖော်စပ်နည်းတခု ပေါ်လာ၏။ မထင်မှတ်စွာဖြင့် ၎င်းနည်းမှာ ဟန်လိ လိုချင်တောင့်တနေသော အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သန့်စင်သည့် ဖော်စပ်နည်း ဖြစ်နေသည်။ ထိုဆေးလုံး ဖော်စပ်သည့် ဖြစ်စဉ်မှာ အဆင့်အနည်းငယ်သာ။ ပါဝင်သည့် ဆေးအမယ်များကို ဆေးလုံးအဖြစ် သိပ်သည်းဖော်စပ်ခြင်းပင်။ ဟန်လိမှာ အတော်လေး အံ့အားတသင့် ဖြစ်မိ၏။

ဟန်လိက နောက်ထပ် ကျောက်စိမ်းကျည်တောက်ကို သွား၍ ကောက်ယူ မကြည့်သေးပေ။ ဒီအခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်နည်းကိုသာ စေ့စေ့ငှငှ ကြည့်ရှု၏။ သို့သော် သည်ဆေးလုံးကို ဖော်စပ်ရာ၌ မူလအစစ်အမှန်မီးဖြင့် သန့်စင်မှသာ အောင်မြင်နိုင်မည်ဟု ဆေးညွှန်းတွင် ဖော်ပြထားသည်ကို ဖတ်မိသည့်အခါ ဟန်လိသည် ရူးကြောင်ကြောင်ပင် ဖြစ်မိသွား၏။

မူလအစစ်အမှန်မီးသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများသာ ပိုင်ဆိုင်နိုင်သော တာအိုမီးတမျိုး ဖြစ်၏။ ကျင့်ကြံနေစဉ်အတွင်း ချီသန့်စင်ခြင်းက အဆင့်တခုထိ ရောက်သည့်အခါ ၎င်းမီး၏ စွမ်းပကားသည် ပို၍ အားကောင်းလာလိမ့်မည်။ လူတစ်ယောက်က အမြုတေကို ဖွဲ့စည်းပြီးပါက ၎င်းအစစ်အမှန်မီးသည် ဒဏ္ဍာရီထဲမှ ဓမ္မမီး ဖြစ်လာပေမည်။ အနှီဓမ္မမီးက ကောင်းကင်နှင့်မြေကြီးအောက်ရှိ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပေ၏။

သို့သော် ဟန်လိကဲ့သို့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ပင်ကိုအစစ်အမှန်မီးကို မည်သို့ ထုတ်ဖော်နိုင်ပါ့မည်နည်း။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးမှသာ ၎င်းမီးကို ထွန်းငြှိနိုင်လိမ့်မည်။

သို့ပေမည့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးများက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ဖို့ လိုအပ်၏။ ထိုဆေးလုံးကို ဖော်စပ်ဖို့အတွက်လည်း မူလအစစ်အမှန်မီး လိုအပ်နေပြန်သည်။ ဤသည်မှာ အမှန်တကယ် ရက်စက်လှသော အချိတ်အဆက်တခုကဲ့သို့ ဖြစ်နေသည် မဟုတ်လား။

ဟန်လိသည် နံရံကို ခေါင်းနှင့် ပြေးဆောင့်ပစ်ချင်လောက်အောင် စိတ်ဓာတ်ကျသွား၏။

သည်ဆေးလုံးများကို ဖော်စပ်ဖို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အား အကူအညီတောင်းဖို့မှာလည်း လုံးလုံး အဆင်မပြေပေ။ ထိုသို့ အကူအညီတောင်းခြင်းက သူ၏ လျှို့ဝှက်ချက်ဖြစ်သော ဆန်းကြယ်ပုလင်းငယ်အကြောင်း ထုတ်ဖော်သလို ဖြစ်သွားလိမ့်မည်။ ထိုအခါကျလျှင် သူ့အား အကူအညီပေးမည့်သူမှာ သူ့ကို သတ်ပစ်မည့်သူ ဖြစ်လာနိုင်သည်။

ဟန်လိက စားပွဲရှေ့၌ ပူပန်တကြီး ရပ်နေမိ၏။ ထို့နောက် သူက စိတ်မပါ့တပါဖြင့် နောက်ထပ် ကျောက်စိမ်းကျည်တောက်ကို လှမ်း၍ ကောက်ယူ၏။ ၎င်းကျည်တောက်ပေါ်မှ ဖုန်မှုန့်များကို သန့်ရှင်းလိုက်သည်။ ထိုအခါ ၎င်းကျည်တောက်၏ ပင်ကိုယ်အနီရောင် လှစ်ဟပေါ်၏။

“အခြေခံတည်ဆောက်ခြင်းဆေးလုံး ကိစ္စကို နောက်မှပဲ စဉ်းစားတော့မယ်။ အခုတော့ ဒီကျည်တောက်ထဲမှာကော ဘာများ ရှိနေအုံးမလဲပဲ အရင် ကြည့်ကြည့်တာပေါ့လေ။ ဒီထဲမှာလည်း နောက်ထပ် အံ့အားသင့်ဖွယ် ဆေးဖော်စပ်နည်း ရှိချင် ရှိနေနိုင်တာပဲ…”

ဟန်လိက ရဲရင့်ကာ ပြတ်သားသောသူ ဖြစ်၏။ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်နည်း ပါသော ကျောက်စိမ်းကျည်တောက်ကို ဘေးတဖက်၌ ချထားလိုက်၏။ ထို့နောက် အနီရောင်သမ်းနေသော ကျောက်စိမ်းကျောက်တောက်ကို စူးစမ်းကြည့်၏။ သူက တခုခု အကျိုးအမြတ်ရဖို့ မျှော်လင့်မိသည်။

“ရုပ်ပျိုဆေးလုံး…” ဟန်လိက ၎င်းကျောက်စိမ်းကျည်တောက်ထဲ သူ့အသိစိတ်ကို ထည့်သွင်း ကြည့်ရုံဖြင့် ထိုစကားလုံးတို့မှာ သူ၏ စိတ်ထဲ ဝင်ရောက်လာ၏။ သူ စိတ်ပျက်သွားရ ပြန်သည်။ သို့သော်လည်း ဟန်လိက ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ကာ အားတင်းသည်။

“ဒါက နာမည်သပ်သပ်ပဲ။ ဒီဆေးလုံးရဲ့ သက်ရောက်မှုက ငါ ထင်သလို ဖြစ်ချင်မှလည်း ဖြစ်မှာ။ တခြား ထူးခြားတဲ့ အကျိုးသက်ရောက်မှု ရှိနေတာလည်း ဖြစ်နိုင်တာပဲ…”

သို့ပေမည့် နောက်ထပ် ၎င်းဆေးညွှန်း၏ စာသားများက သူ့ခေါင်းထဲ ထပ်ရောက်လာသည့်အခါတွင်တော့ ဟန်လိ၏ မရှိသလောက် မျှော်လင့်ချက် အရိပ်အယောင်လေးမှာ လုံးဝ ပျက်စီးသွားတော့၏။ ဒီဆေးလုံး၏ သက်ရောက်မှုမှာ လူတစ်ယောက်၏ ပုံပန်းသွင်ပြင်ကို ထာဝရ နုပျိုစေအောင် လုပ်ပေးနိုင်တာပင်။ ဤသည်က သူ့အတွက် အသုံးမဝင်ချေ။

ဟန်လိသည် မလှုပ်မယှက် နေရာတွင် ရပ်နေမိ၏။ သူသည် အော်ဟစ်ဆဲဆို ပစ်ချင်နေသည် မဟုတ်လား။ သူ့စိတ်ကိုယ်သူ မနည်းထိန်းထားရ၏။

“ဒီလို အမှိုက်စာအုပ်တွေကို ဘာလို့ စုဆောင်းထားရသေးတာလဲ။ ဒီမှာ ရှိတဲ့ ဆေးညွှန်းတွေက အာပလာတွေပဲ။ ဒီနေရာဟာ တကယ်ပဲ အမှိုက်သာသာ စာအုပ်တွေကို လျှို့ဝှက် သိမ်းဆည်းထားတဲ့ နေရာလား။ ငါတို့လို ကျင့်ကြံသူတွေအတွက် အပ်စိုက်ကုတာတို့၊ ရုပ်သွင်နုပျိုစေတဲ့ ဆေးလုံးတို့ကို ဖော်စပ်နိုင်တာတို့က ဘာများ အသုံးတည့်မလဲ…”

ဟန်လိသည် ဒီကို လာခဲ့သော ခရီးစဉ်မှာ လုံးလုံးလျာလျာ အချည်းနှီး ဖြစ်လေတော့မည်ဟု ခံစားမိနေ၏။ ထိုစဉ် အောက်ထပ်မှ အသံ ထွက်ပေါ်လာ၏။

“အချိန် ပြည့်သွားပြီ။ မင်း ဆက်ပြီး နေချင်သေးရင်တော့…”

“ကျုပ်…ဆင်းလာပြီ…”

ဟန်လိက နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံးတတုံးကို ထပ်မဖြုန်းချင်တော့ပေ။ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်သည့်ဆေးညွှန်းပါသော ကျောက်စိမ်းကျည်တောက်ကို ယူကာ ဒီအခန်းထဲကနေ ထွက်လာရန် ပြင်ဆင်သည်။

သို့သော် သူ လှေကားထစ်အတိုင်း လျှောက်လာမိရုံ ရှိသေး ချီတုံချတုံ ဖြစ်သွား၏။ သူက ရုပ်ပျိုဆေးလုံးက လူတစ်ယောက်၏ မှော်စွမ်းအားအပေါ် အသုံးမတည့်သော်လည်း ၎င်းကို တခြားကျင့်ကြံသူများအား ရောင်းချနိုင်သေးသည်ဟု ခံစားမိ၏။ ပို၍ အရေးကြီးသည်မှာ ဒီရုပ်ပျိုဆေးလုံးကို ဖော်စပ်ဖို့ မူလအစစ်အမှန်မီး မလိုအပ်ခြင်းပင်။ ၎င်းမှာ သူ ခုချက်ခြင်း ဖန်တီးဖော်စပ်နိုင်သော ဆေးလုံး ဖြစ်နေ၏။

ထိုသို့ တွေးကာ ဟန်လိက စားပွဲရှေ့သို့ ပြန်သွားပြီး အနီရောင်ကျောက်စိမ်းကျည်တောက်ကို ယူလိုက်၏။ ထို့နောက်တွင် သူသည် လှေကားထစ်အတိုင်း အောက်ထပ်သို့ ခပ်မြန်မြန် ပြေးဆင်းလာသည်။

“ဘယ်လိုလဲ…မိတ်ဆွေလေး…။ ဘာ အကျိုးအမြတ်တွေများ ရခဲ့လဲ…” အဘိုးအိုရှုက ဟန်လိကို မြင်သည်နှင့် ပြုံး၍ မေးလာသည်။ သို့သော် ဟန်လိက ထိုအဘိုးအိုသည် အပိုတွေ ပြောနေမှန်းကို သိသည်။

“အကြီးအကဲရှု။ ဒီအပေါ်ထပ်က တကယ်ပဲ ဆေးလုံးဖော်စပ်နည်းတွေကို သိုလှောင်ထားတဲ့ နေရာ ဟုတ်လို့လား။ အဲ့မှာ ဘာလို့ အမှိုက်တွေ များနေရတာလဲ။ တခြား ဆေးညွှန်းစုဆောင်းထားတဲ့ အခန်းလေးဘာလေးကော မရှိတော့ဘူးလား…”

ဟန်လိက သူ မေးချင်နေသော မေးခွန်းတို့ကို တိုက်ရိုက်သာ မေးလိုက်တော့၏။

ဟန်လိ၏ အမူအရာကို မြင်သည့်အခါ အဘိုးအိုရှုသည် ညစ်ကျယ်ကျယ်ပြုံး၍ ရယ်လေ၏။

“ဒီအဘိုးအိုက ဒီနေရာမှာ တာဝန်ကျတဲ့အချိန်တည်းကဆို ဒီလိုမေးခွန်းမေးတာ မိတ်ဆွေလေး ပထမဆုံး မဟုတ်ဘူး။ ဒီကို ရောက်လာတဲ့ တပည့်တိုင်းနီးပါးက အဲ့မေးခွန်းကို မေးဖူးကြတယ်။ ဒါပေမဲ့ မိတ်ဆွေလေးက ဒီကိစ္စကို သေချာအလုံးစုံ သိချင်ရင်တော့…”

အဘိုးအိုရှုက စကားကို တဝက်တပျက်၌ ရပ်လိုက်၏။ သို့သော် သူ့စကားများ၏ အဓိပ္ပာယ်မှာ သိသာနေသည်။

ဟန်လိသည် ပြောစရာစကား မဲ့ရလေ၏။ သူ့ရှေ့မှ လူသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူမှ ဟုတ်ပါလေစ။ ထိုသူသည် သေမျိုးလောက၏ အတိုးပေးစားသူ များလား။

ဟန်လိသည် မျက်ခုံးပင့်မိ၏။ သူက နောက်ထပ် ရှည်ရှည်ဝေးဝေး ထပ်မပြောတော့ဘဲ ထိုအဘိုးအို၏ ရှေ့မှ စားပွဲပေါ်သို့ ကျောက်စိမ်းကျည်တောက်နှစ်ခုကို ပစ်တင်လိုက်သည်။

“ဂျူနီယာက ဒီကျည်တောက်နှစ်ခုထဲက ဆေးဖော်စပ်နည်းတွေကို ကူးမယ်လို့ တွေးထားတာ။ ဒါပေမဲ့ ကြည့်ရတာ ကျနော့်မှာ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး မရှိတော့ဘူး။ ဒါ့ကြောင့် ဂျူနီယာ့အနေနဲ့ တခုကိုပဲ ကူးပါတော့မယ်။ တခြား တခုကိုတော့ ဂျူနီယာ နောက်တကြိမ် လာတော့မှပဲ ကူးတော့မယ်…”

“မိတ်ဆွေလေးက ဒီနှစ်ခုကို ကူးယူချင်တာလား…” အကြီးအကဲရှုက ပြုံး၍ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။

“အစတုန်းကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဂျူနီယာက စောစောလေးက မေးခွန်းရဲ့ အဖြေကိုလည်း သိချင်နေတာ ဆိုတော့ စီနီယာ့ကို ပေးဖို့ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး မရှိတော့ဘူး…”

“ဟားဟား…မိတ်ဆွေလေးက ဒီလို ပွင့်လင်းမှတော့ ကျုပ်ကလည်း အစောတုန်းက မေးခွန်းအတွက် အလကား ဖြေပေးလိုက်ပါ့မယ်။ ကဲ မိတ်ဆွေလေးအတွက် ဒီနှစ်ခုကို အရင်ဆုံး ကူးကြတာပေါ့…” ထိုအဘိုးအိုက ကျောက်စိမ်းကျည်တောက်နှစ်ခုကို ခပ်မြန်မြန် လှမ်းယူ၏။ သူ့နောက်ရှိ စင်မှ အဖြူရောင်ကျောက်စိမ်းကျည်တောက်နှစ်ခုကိုလည်း လှည့်ယူသည်။ သူက ဟန်လိ ယူလာသော မူရင်းကျည်တောက်နှစ်ခုထဲမှ အကြောင်းအရာများကို အဖြူရောင်ကျောက်စိမ်းကျည်တောက်ထဲသို့ မြန်မြန်ဆန်ဆန် ကူးထည့်ပေးသည်။ သည်အကြီးအကဲရှုက ဟန်လိ၏ စကားများ ပြန်ရုတ်သိမ်းသွားမည်ကို စိုးရိမ်နေသည့်အလား။

“ကဲ ကူးပြီးပြီ။ ဒါတွေကို သေချာ သိမ်းဆည်းထားအုံး…” အဘိုးအိုမာ၏ လှုပ်ရှားလုပ်ဆောင်မှုများက အံ့မခန်း မြန်လှသည်။ ဟန်လိမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ ခဏအကြာ၌ သူက မူရင်းကို ကူးယူထားသော ကျောက်စိမ်းကျည်တောက်နှစ်ခုကို ရရှိသည်။ ထို့နောက်တွင် အဘိုးအိုရှုသည် သူ့ကို ကြည့်နေ၏။ သူ၏အကြည့်မှာ “မင်း စိတ်ဝိညာဉ်ကျောက်တုံးတွေကို မြန်မြန် ဘာလို့ ထုတ်မပေးသေးတာလဲ” ဟူသော အကြည့်မျိုး ဖြစ်ပေ၏။

ဟန်လိ၏ ပါးစပ်ထောင့်မှာ တွန့်ကွေးသွား၏။ သူက တခုခု ပြောရန် ဟန်ပြင်သည်။ သို့သော် သူက မပြောလိုက်ပေ။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟန်လိသည် သူ့သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ကို ထုတ်ယူကာ အဘိုးအိုထံ စကားတခွန်းမှ မဆိုဘဲ လှမ်းပေးလိုက်သည်။

အဘိုးအိုရှုသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပြုံးဖြီးဖြီးနှင့် လက်ခံ၏။ ထိုခဏ၌ သူက သူ့ပျော်ရွှင်မှုကို မဖုံးထားနိုင်ပေ။ သူက စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးလေးကြိမ်လောက် ရေတွက်ပြီးနောက် ဘေးတဖက်၌ စောင့်နေသော ဟန်လိကို သတိပြုမိသည်။

အခုအချိန်၌ အကြီးအကဲရှုက စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိပြီးသည့်နောက် သူက ဟန်လိမှာ လူချမ်းသာတစ်ဦး ဖြစ်မည်ဟူသော အကြည့်ဖြင့် ကြည့်လာသည်။

“လူတစ်ယောက်ကို အပြင်ပိုင်း ရုပ်သွင်ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ စကားက တယ်မှန်တာပဲ။ မိတ်ဆွေလေးရဲ့ နောက်ခံက ကြီးမားတာကို။ ကျုပ်ဖြင့် မထင်ထားမိခဲ့ဘူး။ ဒီအဘိုးအိုက တကယ်ပဲ အံ့အားသင့်မိပါတယ်…။ ဒီအဘိုးအိုက လောဘကြီးပေမဲ့ ကတိတည်တဲ့ ယောက်ျားတစ်ယောက်ပဲ။ ဒီနေ့ မိတ်ဆွေလေး မေးချင်တာ တခု ရှိရင် အားမနာနဲ့ မေးသာမေးပါ။ ဒီအဘိုးအိုက မိတ်ဆွေလေး ကျေနပ်အောင် ဖြေပေးပါ့မယ်…”

ထိုအဘိုးအိုရှုက လေးလေးနက်နက် ပြောလိုက်လေ၏။

ဟန်လိမှာ နည်းနည်းတော့ အံ့အားသင့်သွား၏။ သို့သော် ယဉ်ကျေးမနေဘဲ အစောပိုင်းတုန်းက သူ သိချင်သော မေးခွန်းကိုသာ ထပ်မေးလိုက်သည်။

“ဒီအဖြေကတော့ ရှင်းပါတယ်။ ဆေးလုံးဖော်စပ်နည်း အများစုဟာ သမိုင်းထဲမှာ ပျောက်သွားခဲ့တာ ကြာမြင့်လွန်းခဲ့လို့ပဲ။ ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားတင် မဟုတ်ဘူး။ တခြားဂိုဏ်းတွေမှာလည်း အဲ့လိုပဲ။ အို…ကျင့်ကြံခြင်းလောကတခုလုံး အဲ့လိုပဲ…”

အဘိုးအိုရှုက ပျင်းရိပျင်းတွဲလေသံဖြင့် ပြန်ဖြေလိုက်သည်။

ဟန်လိက သည်စကားများကို ကြားသည့်အခါ မင်သက်သွား၏။ သူက အဘိုးအိုကို ပဟေဠိဖြစ်ဟန်ဖြင့် လှမ်းကြည့်သည်။

“မိတ်ဆွေလေး…စိတ်အေးအေးထား။ ဒီအကြောင်းတွေက မင်း သေချာ စဉ်းစားကြည့်တာနဲ့ ရှင်းလင်းသွားလိမ့်မယ်။ ဆေးလုံးဖော်စပ်နည်းတွေက ဘာကြောင့် တန်ဖိုး ရှိနေတာလဲ။ ဒီဆေးဖော်စပ်နည်းတွေကြောင့် ကောင်းကင်နဲ့မြေကြီးရဲ့ ဆေးသတ္တုအမယ်တွေကို အသုံးပြုပြီး ကျုပ်တို့ ကျင့်ကြံသူတွေ သုံးစွဲနိုင်မယ့် ဆေးလုံးတွေကို ဖန်တီးနိုင်တာမလား….”

“ဒါပေမဲ့ မိတ်ဆွေလေးအနေနဲ့ အရင်က ဒီအကြောင်းကို တွေးမိခဲ့မှာ မဟုတ်ဘူး။ ဒီလောကမှာ ကောင်းကင်နဲ့မြေကြီးရဲ့ သတ္တုအမယ်တွေ၊ ရတနာတွေဟာ အကန့်အသတ်နဲ့ ရှိတယ်။ ဒါ့အပြင် ဆေးပင်ဝါးပင်တွေဟာ နှစ်ပေါင်းထောင်ချီ မဟုတ်ရင်တောင် ရာချီလောက် သက်တမ်းရှိမှ အသုံးပြုလို့ ရနိုင်မှာ မဟုတ်လား။ ကျင့်ကြံသူတွေရဲ့ အရေအတွက်ကတော့ လျော့သွားတယ်လို့ မရှိဘူးလေ။ တနှစ်ထက် တနှစ် ပိုတိုးလာနေတာပဲ။ ဒါ့ကြောင့် ဒီဆေးလုံးဖော်စပ်နည်းတွေမှာ အသုံးပြုတဲ့ သတ္တုအမယ်တွေဟာ တဖြည်းဖြည်း ပိုပို ရှားပါးလာပြီး လုံးဝ မျိုးတုံး ပျောက်ကွယ် သွားကြတယ်။ ကျင့်ကြံခြင်းလောကရဲ့ လူတွေဟာ ဒီပြဿနာကြီးကို သတိပြုမိခဲ့ကြတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ အဖိုးတန် ဆေးပင်ဝါးပင်တွေ၊ ရတနာအမယ်တွေဟာ ပျောက်ကွယ်ကုန်တာ ကြာပြီဆိုတဲ့ ပြဿနာပေါ့။ တချို့ အထူးဒေသတွေမှာသာ ဒီအမျိုးအမယ်တွေဟာ အနည်းအကျဉ်း ကျန်နေခဲ့တယ်။ အဲ့လို ဒေသတွေဟာလည်း ကျုပ်တို့ ကျင့်ကြံသူတွေအတွက်တောင် အန္တရာယ် များလွန်းလှတဲ့အတွက် ရဲရဲတင်းတင်းနဲ့ မသွားဝံ့ကြဘူး။ လွယ်လွယ်သွားလို့လည်း မရဘူး…”

“ဒါ့ကြောင့် ကျုပ်တို့ဟာ ကုန်ကြမ်းအမယ်ရင်းမြစ်တခုအတွက် အပြင်းအထန် ပြိုင်ဆိုင်ကြရတယ်။ ဒီလိုနဲ့ ဆေးဖော်စပ်နည်းတွေဟာ အဖိုးတန်လာခဲ့တယ်။ ဘယ်သူတွေက ဒီဖော်စပ်နည်းတွေကို အဖိုးတန်စေခဲ့တာလဲ။ အလွန်ကြာမြင့်တဲ့ အချိန်ကာလတွေ ဖြတ်သန်းလာခဲ့ပြီး ကျင့်ကြံခြင်းလောကအပေါ် ကြီးမားတဲ့ ကပ်ဘေးတွေ ကျရောက်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီဆေးဖော်စပ်နည်းတွေဟာ သမိုင်းထဲကနေ တဖြည်းဖြည်း ပျောက်သွားခဲ့တယ်။ ကျန်ခဲ့တဲ့ ဆေးနည်းတွေဆိုလို့ လက်ချိုးရေလို့ပါ ရတယ်။ အခြေခံတည်ဆောက်ခြင်းဆေးလုံးဟာလည်း အဲ့လို့ ကျန်ခဲ့တဲ့ ဆေးဖော်စပ်နည်းတွေထဲက တခုမျှသာ ဖြစ်တယ်…”

All Chapters