မြေကမ္ဘာမီး
Vol. 12 Ch. 156
ဟန်လိက ထိုအဘိုးအိုရှု ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင်လည်း သူ့မျက်နှာအမူအရာမှာ ပုံမှန်ပင်။ သူက ထိုအဘိုးအို၏ စကားများကို လက်ခံသည်လည်းမဟုတ်၊ ငြင်းဆန်သည်လည်း မဟုတ်သော အမူအရာဖြင့် ရှိနေ၏။ သူက ခေါင်းညိတ်ပြသည်။ မည်သည့်စကားမျှ မဆို။ သူက ကူးယူထားသော ကျောက်စိမ်းကျည်တောက်ကို ကောက်ယူကာ လှည့်၍ ဥမင်လမ်းထံ လျှောက်လာသည်။
“မိတ်ဆွေလေး…မင်းက ဆေးလုံးတွေ သန့်စင်ဖော်စပ်ချင်တာမလား။ ဒါဆိုရင် မင်းအနေနဲ့ ဒီကို ထပ်လာပြီး ဆေးမီးပြင်းဖို တချို့ ဝယ်ရအုံးမယ်နဲ့တူတယ်။ ကျုပ်က ဒီမီးပြင်းဖိုတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးပါ့မယ်…”
ဟန်လိ ထွက်သွားတော့မည်ကို မြင်သည့်အခါ ထိုအဘိုးအိုက သူ၏ ကိုယ်ပိုင်ပစ္စည်းများကို ရောင်းချနိုင်ဖို့ ခက်သွက်သွက် လှမ်းပြောလိုက်သည်။
“ကျုပ် မလိုသေးပါဘူး။ ခုချိန်မှာ ကျုပ် ဒီမီးပြင်းဖိုတွေကို အသုံးမပြုနိုင်သေးဘူး…”
ဟန်လိက နောက်မလှည့်ဘဲ လက်နောက်ပြန် ဝေ့ယမ်းပြပြီး နှုတ်ဆက်၏။
“မင်း…တကယ် ကံမကောင်းဘူးပဲ။ ဒီမီးပြင်းဖိုက အပူချိန်မြင့်မားတဲ့ မြေကမ္ဘာမီးကိုတောင် ခံနိုင်တယ်နော်…”
အကြီးအကဲရှုက စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။ သူ့ မီးပြင်းဖို မရောင်းရတော့၍ ဖြစ်နိုင်၏။
“မြေကမ္ဘာမီး…” ဟန်လိက ဥမင်လမ်း ဝင်ပေါက်၌ ရပ်သွား၏။
“မြေကမ္ဘာမီးပဲ။ ဒါက မူလအစစ်အမှန်မီးထက်တောင် နည်းနည်း ပိုအထင်ကြီးဖို့ ကောင်းသေးတယ်…” အဘိုးအိုရှုက မထူးခြားနားဟန်ဖြင့် ပြောလိုက်၏။
“ဆေးလုံး သန့်စင်တဲ့နေရာမှာ ဒီမီးက မူလအစစ်အမှန်မီးအစား အသုံးပြုလို့ ရနိုင်လား။ ဆေးလုံးတွေ သန့်စင်တဲ့အချိန်မှာ ဒီမီးနဲ့ အစားထိုးနိုင်လား…”
ဟန်လိက အကောင်းဆုံး ကြိုးစား၍ လေသံကို တည်ငြိမ်စေကာ မေးလိုက်သည်။ သို့ပေမည့် သူ့စိတ်ထဲတွင်မူ ဗလောင်ဆူနေပေပြီ။ သူက အခြေခံတည်ဆောက်ခြင်း ဆေးလုံး ဖော်စပ်ရာ၌ သူ အစားထိုးနိုင်မည့် မီးတခုခုအကြောင်း သိကောင်း သိလာနိုင်သည် မဟုတ်ပါလား။
“မိတ်ဆွေလေးက ဆေးလုံးဖော်စပ်တဲ့ နေရာမှာ မြေကမ္ဘာမီးဟာ မူလမီးကို အစားထိုး နိုင်တာ တကယ်ပဲ မသိတာလား။ဒါပေမဲ့ ဒါက အရေးတကြီး ကိစ္စတော့ မဟုတ်ပါဘူးလေ။ ဆေးလုံး တလုံး၊ နှစ်လုံး ဖော်စပ်တဲ့ နည်းလမ်းကို သင်ဖူးသူတိုင်း ဒီအကြောင်းကို သိထားကြတယ်။ ဒါ့ကြောင့် ကျုပ်အနေနဲ့ မိတ်ဆွေလေးကို ဒီအကြောင်းနဲ့ ပတ်သတ်ပြီး အလကား ရှင်းပြပေးနိုင်တယ်…”
အဘိုးအိုရှုက ဟန်လိ၏ စိတ်ဝင်တစားဖြစ်နေပုံကို မြင်သည့်အခါ သူက စိတ်ဓာတ် တက်ကြွလာ၏။ သူသည် အလကား ဟူသော စကားကိုပင် ပါအောင် ထည့်ပြောလိုက်သေးသည်။
ဟန်လိက တဖက်သူ၏ စကားများထဲမှ အဓိပ္ပာယ် မကြားမိဘဲ မည်သို့ နေပါ့မည်နည်း။ သူသည် ခါးသီးစွာ ပြုံးမိ၏။ ထိုအဘိုးအိုက သူ့ကို အလကား ပြောပြမည်ဟု ပြောသော်ငြားလည်း သူက စကားတခွန်းလောက်ကိုသာ အလကား ပြောပေးပေလိမ့်မည်။ စကားခုနစ်ခွန်း၊ရှစ်ခွန်းအတွက်ကမူ အလကား ပြောပြပေးဖို့ကတော့ သိသိသာသာ ကွဲပြားမှု ရှိသွားပေပြီ။
သို့ပေမည့် ဒီကိစ္စက သူ့အတွက် အရေးကြီးလွန်းနေ၏။ ဟန်လိက ထိုအဘိုးအိုနှင့် ထပ်မံ၍ တွယ်ကပ်နေနိုင်စွမ်း မရှိတော့ပေ။
သို့ဖြစ်၍ သူက နောက်ပြန်လှည့်ကာ ချက်ခြင်း ပြောလိုက်၏။ “မြေကမ္ဘာမီးနဲ့ ပတ်သတ်လို့ အကြီးအကဲရှုရဲ့ စကားက အမှန်သာ ဖြစ်မယ်ဆိုရင် ကျနော်ကလည်း ခင်ဗျားရဲ့ ဆေးမီးပြင်းဖိုတွေထဲက တစ်ခုကို ရွေးချယ် ဝယ်ယူပါ့မယ်…”
“ဟားဟား…ငါ့ရဲ့ မီးပြင်းဖိုတွေက ထိပ်တန်း အရည်အသွေး ရှိတဲ့ဟာ တွေပဲ။ ဒီမီးပြင်းဖိုတွေက မိတ်ဆွေလေးကို ကျေနပ်စေမှာ သေချာတယ်…”
“ဟိုးအစတုန်းကတော့ မူလအစစ်အမှန်မီးကို ဆေးလုံးတွေ သန့်စင်ရာမှာ အသုံးပြုခဲ့တယ်။ ဒါပေမဲ့ အဲ့တာက ကြာမြင့်လွန်းခဲ့ပါပြီ။ အခုလက်ရှိ ကျင့်ကြံခြင်းလောကမှာ ယင်မြေကမ္ဘာကနေ ရရှိတဲ့ မြေကမ္ဘာမီးကို အသုံးပြုပြီး ဆေးလုံးတွေကို သန့်စင်ကြတယ်။ ဟိုးလွန်ခဲ့တဲ့အချိန်တုန်းက ငါတို့ရဲ့ ဘိုးဘေးတွေဟာ မြေကမ္ဘာမီးဟာ အစစ်အမှန်မီးထက် ပိုပြီး သန့်စင်၊ ပိုလည်း အပူချိန် မြင့်မားကြောင်း ရှာတွေ့ခဲ့ကြတယ်။ ဒါ့အပြင် ဒီမီးဟာ ပိုကြည်ရှည်ခံပြီး တည်တည်မြဲမြဲလည်း ပိုရှိတယ်။ ဆေးလုံးတွေ သန့်စင်ရာမှာ အစစ်အမှန်မီးထက် မြေကမ္ဘာမီးကို အသုံးပြုရင် အောင်မြင်နှုန်း ပိုမြင့်တယ်။ ဒီမီးက မှော်ပစ္စည်းတွေ သန့်စင်ရာမှာလည်း အလားတူ အကျိုးသက်ရောက်မှု ရှိပြန်တယ်…”
“ဒါ့ကြောင့် သက်တမ်းကြာရှည်ပြီ ဖြစ်တဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီးတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ယင်မြေကမ္ဘာမီးကို ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းတွေ ရှိကြတယ်။ သူတို့က ဒီမီးကို သူတို့ရဲ့ လူငယ်မျိုးဆက်တွေ ဆေးလုံးသန့်စင်ဖို့၊ မှော်ပစ္စည်းတွေ ပြုလုပ်နိုင်ဖို့အတွက် ထောက်ပံ့ပေးကြတယ်။ လေလွင့်ကျင့်ကြံသူတွေကတော့ ဒီလို မြေကမ္ဘာမီးကို မပိုင်ဆိုင်နိုင်ကြတာ များတဲ့အတွက် ဆေးလုံးတွေကို အစစ်အမှန်မီးနဲ့ပဲ သန့်စင်ကြရတယ်။ ဒါ့ကြောင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ အောင်မြင်နိုင်ချေ သူတို့မှာ သိပ်မရှိကြဘူး…”
အဘိုးအိုရှုက ဟန်လိကို ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်ပေသည်။
“ဒီတော့ ဒီဂိုဏ်းမှာလည်း မြေကမ္ဘာမီးကို ငှားယမ်း အသုံးပြုနိုင်လောက်တယ် မလား။ အကြီးအကဲရှုကတော့ အဲ့နေရာကို ကျိန်းသေပေါက် သိလောက်တယ်မလား…”
ဟန်လိသည် ထိုသို့ တွေးမိကာ ဘဝခိုက်သွား၏။ သို့သော် သူက စိတ်လှုပ်ရှားမှုကို ထိန်းကာ အဝါရောင်မေပယ်တောင်ကြား၏ မြေကမ္ဘာမီး မည်သည့်နေရာတွင် ရှိလဲဟု မေးလိုက်၏။
“ဟားဟား…”
ဟန်လိ၏ အမေးကို ကြားသည့်အခါ အဘိုးအိုရှုက အားပါးတရ ရယ်မောလေ၏။ သူက ဟန်လိကို မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ လှမ်းကြည့်သေးသည်။ သူ ပဟေဠိ ဖြစ်နေသည့်အလား။
“မိတ်ဆွေလေး မင်း အခုလေးတင် ယွဲ့လုခန်းမထဲ ဝင်လာတုန်းက ဘာအမည်မှ မရေးထားတဲ့ ဥမင်လမ်း တခုကို မတွေ့ခဲ့ဘူးလား။ ဒီလမ်းဟာ ယင်မြေကမ္ဘာမီးဆီ ဦးတည်တဲ့ လမ်းကြောင်းပဲ။ မင်းသာ စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ် ပေးရင် မြေကမ္ဘာမီးကို ငှားယမ်း အသုံးပြုနိုင်တယ်…”
အဘိုးအိုရှုက ပြုံး၍ ဟန်လိကို အမှန်တိုင်း ပြောပြလိုက်သည်။
“အဲ့တာ အမှန်ပဲလား..” ဟန်လိက သူ၏ ရွှင်မြူးသွားမှုကို မဖုံးဖိထားနိုင်ဘဲ မေးလိုက်၏။
“ကျုပ်က အိုနေပြီ။ မင်းလို ဂျူနီယာတစ်ယောက်ကို လိမ်စရာလား…”
အကြီးအကဲရှုက စိတ်ကသိကအောက် ဖြစ်ဟန်ဖြင့် ပြန်ဖြေသည်။
“ဂျူနီယာ အပြောမတတ်သွားတာပါ။ ကျေးဇူးပြုပြီး ကျနော့်ကို ခွင့်လွှတ်ပေးပါ…အကြီးအကဲရှု…”
ဟန်လိသည် ထိုအဘိုးအိုမှာ လောဘကြီးသော်လည်း ဂျူနီယာတစ်ယောက်ကိုတော့ ခုလိုမျိုး လှည့်စားလိမ့်မည် မဟုတ်ဟု ခံစားမိ၏။ သူက အသားနားခံကာ နှိမ့်ချသောလေသံဖြင့် ပြောလိုက်သည်။
“ဟက်…မိတ်ဆွေလေး…မင်းက ငယ်သေးတယ်။ ဒါ့ကြောင့် ဒီအဘိုးအိုက မင်းကို ဒီတကြိမ်တော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်…” အဘိုးအိုရှု၏ အမူအရာက ပြန်ကောင်းမွန်သွား၏။ သို့သော် သူ့မျက်နှာမှာ ချက်ခြင်းပင် ခပ်တင်းတင်း ပြန်ဖြစ်သွားပြန်သည်။
“ဒါပေမဲ့ မင်းအနေနဲ့ ငါ့ရှိက ဆေးမီးပြင်းဖိုဒယ်ဇောက်တခု ဝယ်ရင်တော့ ပိုကောင်းလိမ့်မယ်နော်။ ငါ့ရှိကနေ မီးပြင်းဖို ဝယ်ဖို့ ကိစ္စ ထပ်မပြောချင်တော့ဘူး…”
ဟန်လိက သည်စကားကို ကြားသည့်အခါ ခါးသီးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရ၏။ ထိုအကြီးအကဲမှာ အမှန်တကယ်ပင် သူ စကားမှားသလို ဖြစ်သွားသော အခွင့်အရေးကို အမိအရယူကာ အမြတ်ထုတ်ဖို့ မမေ့ပေ။
“ဟို မီးပြင်းဖိုတွေလား…” ဟန်လိက အဘိုးအိုနောက်ရှိ စင်ပေါ်သို့ လက်ညှိုးထိုးကာ မေးလိုက်၏။ ထိုစင်ပေါ်၌ အရွယ်အစားမျိုးစုံ ရှိသော မီးပြင်းဖိုဒယ်စောက်များ ရှိနေပေသည်။
“မဟုတ်ဘူး။ ဒါတွေက အမှိုက်တွေများတယ်။ အဲ့ဒယ်ဇောက်တွေက ဆေးလုံးအချို့ကိုပဲ သန့်စင်နိုင်စွမ်း ရှိတာ။ မြေကမ္ဘာမီးရဲ့ အပူချိန်ကို ဘယ်လိုလုပ် ခံနိုင်ပါ့မလဲ။ အရည်အသွေးရှိတဲ့ ဆေးမီးပြင်းဖိုတွေက ဟော့ဒီမှာပဲ…”
ထိုအဘိုးအိုသည် စီးပွားရေးသမား ဖြစ်ထိုက်သော အရည်အချင်း အမှန်အကန် ရှိသူပင်။ သူက ပြောပြောဆိုဆိုဖြင့် သူ့ခါးမှ မီးခိုးရောင် သိုလှောင်အိတ်ကို ပုတ်ပြ၏။
သူက ဒီမီးခိုးရောင်သိုလှောင်အိတ်ကို ယူကာ ပေါ့ပေါးပါးပါး ထိရိုက်ပြီး သူ့ဘေးရှိ ကြမ်းပြင်ထံ အကြည့်ရောက်သွားသည်။ ထို့နောက်တွင် အဇူရာအလင်းတန်းတခု တောက်ပသွားပြီး ကြမ်းပြင်ပေါ်၌ ဆေးမီးပြင်းဖိုများ ပေါ်လာလေသည်။
“ဘယ်လိုလဲ။ ဒါတွေက ဒီအဘိုးအို စုဆောင်းထားတဲ့ မီးပြင်းဖိုတွေပဲ။ တခုစီက အရည်အသွေးကောင်း၊ အလုပ်ဖြစ်တဲ့ မီးပြင်းဖိုတွေပဲ။ လုံးဝ အမှိုက်မဟုတ်တာ သေချာတယ်…”
ပြောပြောဆိုဆိုဖြင့် သူက အနီးဆုံးရှိ မီးပြင်းဖို ဒယ်ဇောက်တခုကို ကောက်ယူလိုက်ကာ အားမထည့်ဘဲ ထုရိုက်ပြ၏။
“ဒါတွေက အမှန်အကန် ပစ္စည်းကောင်းတွေပဲ…” မီးပြင်းဖိုဒယ်စောက်များ ပေါ်လာသည်နှင့် ဟန်လိမှာ ၎င်းတို့မှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်ချီ အငွေ့အသက်များကို အာရုံခံမိသည်။
သို့ပေမည့် သူ့ကို အမှန်တကယ် စိတ်ဝင်စားစေသည်မှာ ထိုအဘိုးအို၏ မထူးမခြားသည့်ပုံ ရသော သိုလှောင်အိတ်ကိုသာ။ ထိုအိတ်က အဆင့်မြင့်သိုလှောင်အိတ် ဖြစ်မှာ သေချာသည်။ သူ့သိုလှောင်အိတ်ထက် အဆများစွာ ပိုသာသော စွမ်းဆောင်ရည် ရှိလိမ့်မည်သာ။ မဟုတ်ပါက ၎င်းသည် ခုလောက် များပြားသော ပစ္စည်းများကို ထည့်သိမ်းထား၍ ရနိုင်မည် မဟုတ်ပေ။
“ဟားဟား…ဒီအဘိုးအိုက ကိုယ့်ဂုဏ်ကိုယ်ဖော် ပြောတာတော့ မဟုတ်ဘူး။ ကျုပ်၊ရှုမိုဟာ မီးပြင်းဖိုဒယ်စောက်တွေ သန့်စင်တဲ့နေရာမှာ ဆရာတဆူပဲ။ ဂိုဏ်းရဲ့ အဆင့်နိမ့်တပည့်အများစုရဲ့ မီးပြင်းဖိုတွေဟာ ဒီအဘိုးအိုရဲ့ လက်ထဲကနေ လာကြတာ များတယ်။ ဒီမီးပြင်းဖိုအချို့ဟာ အကောင်းတကာထဲက အကောင်းဆုံးတွေပဲ…”
ထိုအဘိုးအိုက ဟန်လိ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကို မြင်သည့်အခါ ရွှင်မြူးသွားတော့၏။
ဟန်လိက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက မည်သည့်စကားကိုမျှ ထပ်မဆိုပေ။ သူက မီးပြင်းဖိုများအနားသို့ တည်တည်ငြိမ်ငြိမ် လျှောက်လာကာ ခေါင်းငုံ့ကြည့်၍ စတင် ရွေးချယ်သည်။
“ဒါက ယာဟူဒယ်စောက်ပဲ။ အပူချိန်မြင့်မားတဲ့ မီးတောက်ကို စုပ်ယူနိုင်တယ်။ ဆေးလုံးတွေ သန့်စင်ရာမှာ အောင်မြင်နိုင်ချေများအောင် လုပ်ပေးနိုင်တယ်။ ဒါ့အပြင်…”
ဟန်လိက ဒယ်စောက်တခုကို ကောက်ယူလိုက်တိုင်း အဘိုးအိုရှုသည် ဘေးကနေ သူ့ပစ္စည်းကိုယ်သူ ချီးကျူးခန်းဖွင့်ကာ ပြော၍ မပြီးတော့ပေ။ ဟန်လိသာ ခုချက်ခြင်း သူ၏ မီးပြင်းဖိုဒယ်စောက်တခုကို မဝယ်ပါက အကောင်းကို မသိသောသူ ဖြစ်သွားတော့မည့်အလားပင်။ ဟန်လိမှာ ခါးသီးစွာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရပြန်၏။
“ဒီ တခု ယူမယ်…” ဟန်လိသည် မီးပြင်းဖိုဒယ်စောက်တိုင်းကို ကြည့်ပြီး လေ့လာပြီး ဖြစ်၏။ သူက ကိုယ့်နားကိုယ်ကြားအောင် ခပ်တိုးတိုး ရေရွတ်ပြီးနောက် အသေးဆုံးမီးပြင်းဖိုထံ လက်ညှိုးထိုးပြသည်။
“မိတ်ဆွေလေးက တကယ်ပဲ အမြင်စူးရှသကို။ ဒီငွေမျှင်ဒယ်စောက်က ဒီထဲမှာ အကောင်းဆုံးပဲ။ ရှားပါးမှော်ပစ္စည်းတခုနော်။ ကျုပ် ပိုင်တဲ့ မီးပြင်းဖိုတွေထဲမှာလည်း အကောင်းဆုံး ဆိုလည်း ဟုတ်တယ်…”
အကြီးအကဲရှုက ဟန်လိသည် အသေးဆုံး ဒယ်စောက်ကို ရွေးလိုက်သည်ကို မြင်သည့်အချိန်၌ သူက အံ့အားသင့်သွားသေး၏။ သို့သော် ချက်ခြင်းပင် သူ့ပုံမှန်ဟန်ပန်အတိုင်း ပြန်ဖြစ်ကာ မိုးလုံးပြည့်ချီးမြှောက်ပြောဆိုသော စကားများဖြင့် ဟန်လိ ရွေးချယ်လိုက်သော မီးပြင်းဖိုအကြောင်းကို ပြောလိုက်တော့သည်။
“ကျုပ်က အမြင်စူးရှတယ်တဲ့လား။ ကျုပ် သိုလှောင်အိတ်အတွင်း ထည့်သိမ်းလို့ ရတဲ့ ပမာဏက အကန့်အသတ်ရှိတဲ့အတွက် ဒီမီးပြင်းဖိုကိုပဲ ထည့်လို့ရနိုင်မယ်လို့ တွေးမိလို့ပေါ့။ အဲ့တာကြောင့် ဒါကိုပဲ ရွေးယူလိုက်ရတာလေ။ ဘယ့်နှယ့် အမြင်စူးရှရမှာလဲ…”
ဟန်လိသည် အဘိုးအိုရှု၏ ပွစိပွစဖြင့် မြှောက်ပင့်သော စကားများကို ကြားသည့်အခါ စိတ်ထဲကနေ မရွှင်မလန်းဖြင့် ထိုသို့ တွေးမိလိုက်၏။
အဆုံးသပ်၌ ဟန်လိသည် အဘိုးအိုရှု၏ ဆေးမီးပြင်းဖိုအတွက် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ့်နှစ်တုံး ပေးပြီးနောက် ချက်ခြင်း ထွက်ခွာလာတော့သည်။
သူသည် ဒီအဘိုးအိုရှုနှင့် အချိန်ခဏသာ ဆက်ဆံခဲ့ရသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်ကျော် ပြောင်သွားခဲ့ပြီ မဟုတ်လား။ သူသည် ချမ်းသာသူဟု သတ်မှတ်နိုင်သော်ငြားလည်း ဒီလောက် ကုန်ကျစရိတ်ကြောင့် သူ့စိတ်နှလုံးမှာ နာကျင်ကိုက်ခဲရသည်။ သို့ဖြစ်၍ သူသည် ဒီနေရာ၌ နည်းနည်းလေးမျှ ဆက်၍ နေချင်စိတ် မရှိတော့ပေ။
အဘိုးအိုရှု၏ အခန်းထဲကနေ ထွက်လာပြီးနောက် ဟန်လိက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် ရှိနေသော ခန်းမသို့ ပြန်လာခဲ့၏။ သို့သော် ခဏ စဉ်းစားကြည့်ပြီးနောက် မည်သည့်အမှတ်အသားမှ မရေးထားသော ဥမင်လမ်းထံ လျှောက်လာတော့သည်။
ထိုလမ်း၏ အဆုံးသပ်၌ ကျောက်တံခါးချပ်ကြီး တခု ရှိနေ၏။ ထိုကျောက်တံခါး တလျှောက်တွင် သက်တံရောင်စဉ် လှည့်ပတ် တောက်ပနေသည်။ တချက်ကြည့်ရုံဖြင့် ဒီတံခါး၌ အားကောင်းလှသော အတားအဆီးမန္တာန်တခု ရှိနေတာကို သိနိုင်မည်။ လူအများသည် မစဉ်းစားဘဲ သည်တံခါးနားသို့ ကပ်လာဝံ့လိမ့်မည် မဟုတ်ပေ။
တံခါး၏ ဘေးဖက်တွင် နောက်ထပ် ကျောက်သားအခန်းငယ်တခု ရှိသေး၏။ ထိုအခန်းအတွင်း၌ မျက်နှာတွင် အဖုများရှိသော ရုပ်စိုးစိုး လူတစ်ယောက် ရှိနေသည်။ ထိုရုပ်စိုးလူက ချီစုဆောင်းခြင်း အထွတ်အထိပ်အဆင့်၌သာ ရှိသေး၏။ သို့သော် သူက ဟန်လိကို မောက်မာအေးစက်သော အကြည့်ဖြင့် လှမ်းကြည့်သည်။
သို့သော် ဟန်လိက မည်သို့သော လူစားမျိုးနည်း။ သူက စိတ်ထဲ၌ မုန်းတီးသွားသော်လည်း အပြင်ပိုင်းတွင်မူ မူမပျက်ဘဲ သုံးကြိမ်တိုင်တိုင် ကောင်းကောင်းမွန်မွန် မေးမြန်းသည်။ သို့သော် ထိုသူက သူ၏ မေးခွန်းများကို ဖြေချင်စိတ် ရှိမနေပေ။
ထို့နောက်တွင် ဟန်လိက တဖက်လူ၏ ရိုင်းပြမှုကို အာရုံမစိုက်တော့ပေ။ သူက ကောင်းကောင်းမွန်မွန် နှုတ်ဆက်စကား ပြောကာ ပြန်ထွက်လာရန် ဟန်ပြင်၏။ သို့သော် သူ အခန်းထဲကနေ မထွက်ခင်လေးမှာ ထိုရုပ်စိုးလူ၏ ခပ်တိုးတိုး ရေရွတ်သံကို ကြားဖြစ်အောင် ကြားလိုက်ရသေး၏။
“ပါရမီ စုတ်ပြတ်နေတဲ့ အဆင့်နိမ့်တပည့်တစ်ယောက်က ဆေးလုံးသန့်စင်ခြင်းကို သင်ယူချင်နေသေးတယ်။ မင်းရဲ့ သောက်သုံးမကျတဲ့ ဦးနှောက်ကိုကော အရင် သန့်စင်ပြီးပြီလား။ ဒီလို တပည့်အတွက် မေးတာကို ဖြေရတာဟာ ဒီဦးလေးအတွက် လေကုန်တယ်။ တံတွေးအလာကား ဖြုန်းတီးသလိုပဲ ဖြစ်လိမ့်မယ်…”
ဟန်လိက တဘက်လူ၏ စကားများကို ကြားသည့်အခါ သူ့ဟန်ပန်က အနည်းငယ်မျှပင် မပြောင်းလဲသွားပေ။ သို့သော် သူက ထိုသူ့အပေါ် ရန်လိုအေးစက်မှုကို ဖုံးကွယ်ထားလိုက်ခြင်းသာ။ သူ့မျက်လုံးထောင့်တွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားသည်။