← Chapters

မုယုံညီအစ်ကို

Vol. 12 Ch. 157

မုယုံညီအစ်ကို

Vol. 12 Ch. 157

ဟန်လိသည် ယွဲ့လုခန်းမကနေ ထွက်လာပြီးနောက် အနီရောင်ဝတ်စုံနှင့် လူနှစ်ယောက်ကို နှုတ်ဆက်စကားပြောခဲ့၏။ ထို့နောက်တွင် သူသည် သူ၏ မှော်ပစ္စည်းနှင့်အတူ ဆေးပေါင်းတစ်ရာဥယျာဉ်သို့ ပျံသန်းလာခဲ့တော့၏။

ပျံသန်းနေလျက် ဟန်လိက အောက်ဘက်ရှိ တောင်ကုန်းများစွာကို ငုံ့ကြည့်နေပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံး သန့်စင်ရမည့်အကြောင်းကို ဆက်တွေးနေ၏။ ရုတ်တရက် သူသည် အောက်ဘက်မှ ကျယ်လောင်သော ပေါက်ကွဲသံတခုကို ကြားလိုက်ရ၏။ သူ အံ့အားသင့်သွားသည်။ သူသည် အနားသို့ သွားမကြည့်မိဘဲ မနေနိုင် ဖြစ်မိ၏။

တောင်ကုန်းများထဲမှ တခုထံကနေ လျှပ်စီးအလင်း လင်းလက်နေသည်ကို မြင်ရ၏။ ထိုသည်က ဟန်လိ၏ သိချင်စိတ်ကို မြှင့်တင်ပေးသည်။ သူက ထိုတောင်ကုန်း အနီးအနားထံ သူ့မှော်ပစ္စည်းအား ဆင်းသက်စေသည်။ သူသည် အစောလေးက အသံထွက်ပေါ်လာခဲ့သော နေရာနား ရောက်သွား၏။

“မုယုံညီအစ်ကိုတွေ….မင်းတို့မှာ ဘာအစွမ်းများ ပိုင်ထားလဲ ငါတို့ကို ထပ်ပြစမ်းပါအုံး…”

“အမှန်ပဲ။ ငါ့အနေနဲ့ လျှပ်စီးပုံစံကို ဒီလောက် အနီးကပ် မြင်ရတာ ပထမဆုံးပဲ။ ဒါက တကယ်ပဲ လန့်စရာ ကောင်းလှတယ်…”

ဟန်လိ တောင်ကုန်းထိပ်သို့ ရောက်လာသည်နှင့် ရှေ့ဘက်မှ ဆူညံသံကို ကြားလိုက်ရသည်။ မုယုံညီအစ်ကိုဟူသော အမည်က သူ့စိတ်နှလုံးကို လှုပ်ရှားသွားစေသည်။

“ဂိုဏ်းကို ခုမှ ဝင်လာခါစ မိုးကြိုးစိတ်ဝိညာဉ်ရင်းမြစ်နဲ့ ပါရမီရှင် ညီအစ်ကိုနှစ်ယောက်ရဲ့ အမည်တွေဟာ မုယုံမလား။ ခုနကတုန်းက ပေါက်ကွဲသံ ကြားလိုက်ရပါတယ်။ ဒီညီအစ်ကိုနှစ်ယောက်က သူတို့ရဲ့ စွမ်းရည်ကို ပြသနေတာများလား…”

ထိုအခိုက်တွင် ဟန်လိသည် တောင်ကုန်းထိပ် ကွက်လပ်၌ တပည့်အယောက် သုံးလေးဆယ်လောက် ရှိနေသည်ကို လှမ်းမြင်၏။ သူတို့က တယောက်နှင့်တစ်ယောက် နီးနီးကပ်ကပ် ရှိနေပြီး သည်လူအုပ်၏ အလယ်၌ အသက်ဆယ့်တစ်၊ဆယ့်နှစ်လောက်သာ ရှိအုံးမည့် ကောင်လေးနှစ်ယောက် ရှိနေကြသည်။ သူတို့က ဒီကောင်လေးနှစ်ယောက်ကို လျော့တိလျော့ရဲ ဝန်းရံကာ လက်ညှိုးထိုး၍ စိတ်လှုပ်တရှားဖြင့် ပြောနေကြသည်။

သည်အဝန်းအဝိုင်းအတွင်း၌ မဲတူးလောင်ကျွမ်းနေသော တွင်းချိုင့်များ မြေပေါ်တွင် ဖြစ်ပေါ်နေသည်။ ထိုတွင်းချိုင့်တို့၏ အနားစွန်းများမှာ မြင့်မားသော အပူရှိန်ကြောင့် အရည်ပျော်ကာ အခိုးအငွေ့များ ထုတ်လွှတ်နေသည်။ လေတိုက်ခတ်သည့်အခါ မီးလောင်နံ့ကိုပင် အဘက်ဘက်က ရနေ၏။

ထိုမြင်ကွင်းကို မြင်သည့်အခါ ဟန်လိသည် ချက်ခြင်း လှမ်းလာကာ ဒီကောင်လေးနှစ်ယောက်ကို ဂရုတစိုက် ကြည့်၏။ သူတို့နှစ်ယောက်၏ ပုံပန်းသွင်ပြင်တို့မှာ နူးညံ့သောဟန်ရှိ၏။ သူတို့၏ အသားအရည်မှာလည်း စိုစိုပြေပြေ ရှိလှသည်။ သူတို့က ရုပ်ချင်းလည်း ဆင်သည်။ သူတို့နှစ်ယောက်က မျက်တောင် ပေကလတ်ပေကလတ် ပုတ်ခတ်သည့်အခါ၌ နတ်သူငယ်လေးများနှင့်ပင် တူနေသေးသည်။

ထိုအခိုက်၌ လူအုပ်၏ အာရုံစိုက်မှုနှင့် ချီးကျူးထောပနာ ပြုမှုတို့ကြောင့် သည်ကောင်လေးနှစ်ယောက်မှာ စိတ်လှုပ်တရှား ဖြစ်နေ၏။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မန္တာန်တခုကို တပြိုင်တည်း ရေရွတ်၏။ နှစ်ယောက်လုံး၏ လက်များထံမှ လျှပ်စီးများ တဖြတ်ဖြတ် တောက်ပလာပြီးနောက် ပါးလှပ်သော လျှပ်စီးတန်းနှစ်ခုသည် ပျံသန်းထွက်သွားသည်။ ယင်းတို့က အနီးအနားရှိ မြေပေါ်သို့ ကျဆင်းကာ ကျယ်လောင်စွာ ပေါက်ကွဲ၏။ တောက်ပလင်းလက်သော အဖြူရောင်အလင်းတန်းနှစ်ခုက မြေပေါ်၌ တွင်းချိုင့်နှစ်ခုကို ထပ်မံ ဖန်တီးပြန်သည်။

“ဒါက မိုးကြိုးလက်ဝါးရဲ့ စွမ်းရည်လား။ ဒီ တိုက်ခိုက်မှုရဲ့ စွမ်းအားအရာမှာပဲဖြစ်ဖြစ်၊ အသံမှာပဲဖြစ်ဖြစ် မီးလုံးပညာရပ်၊ ရေခဲပညာရပ်နဲ့ တခြားအဆင့်တူ မှော်ပညာရပ်အားလုံးထက် သာလွန်နေပြီ။ မိုးကြိုးပါရမီအခြေခံတဲ့ မှော်ပညာရပ်တွေက ဖျက်စီးနိုင်စွမ်းအရှိဆုံး မှော်ပညာရပ်တွေပဲ…”

ဟန်လိမှာ အံ့အားတသင့် ဖြစ်ရသည်။ ထိုကောင်လေးနှစ်ယောက် ပိုင်ဆိုင်ထားသော မိုးကြိုးစိတ်ဝိညာဉ်ရင်းမြစ်ကိုလည်း သူ့အနေဖြင့် မနာလို ဖြစ်မိရသည်။

သိသာစွာပင် ထိုသို့ဖြစ်နေတာ ဟန်လိ တစ်ယောက်တည်း မဟုတ်ပေ။ သူတို့ကို ကြည့်နေသော တခြားတပည့်များ၏ မျက်နှာထက်တွင်လည်း မနာလိုအားကျမှုများ အထင်းသားပင်။

လူအုပ်ကြီးက ချီးကျူးထောပနာ ပြုနေစဉ် ထိုညီအစ်ကိုနှစ်ယောက်က သူတို့၏မိုးကြိုးမန္တာန်ကို နောက်ထပ် အကြိမ်အနည်းငယ် ပြသသေးသည်။ သို့သော် သူတို့၏ ခွန်အားက အစပိုင်းကလောက် မဟုတ်တော့ပေ။ သူတို့ ဆန္ဒရှိသည့်အတိုင်း စစတုန်းကလောက် စွမ်းအားမျိုးကို မထုတ်နိုင်ကြတော့ပေ။ တကယ်တော့ သူတို့နှစ်ယောက်သည် ငယ်ရွယ်လွန်းသေးသည် မဟုတ်လား။

“ဒါပဲလား။ မိုးကြိုးပါရမီပါလာတဲ့ သူရဲ့ စွမ်းအားက ဒီလောက်လေးလား။ ဒီမိုးကြိုးစိတ်ဝိညာဉ်ရင်းမြစ်က ကျုပ်ရဲ့ လေစိတ်ဝိညာဉ်ရင်းမြစ်လောက် မကောင်းမွန်ဘူးလို့ ကျုပ် ပြောနိုင်တယ်…”

ထိုခဏ၌ ဟန်လိ ရပ်နေသော လူအုပ်ထဲကနေ အသံတစ်သံ ကျယ်ကျယ်လောင်လောင် ထွက်လာ၏။ ဘေးပတ်လည်မှ လူများသည် ထိုအသံ၏ လားရာထံ လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။

လူငယ် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် ပုခုံးချင်း ယှဉ်၍ ရပ်နေကြ၏။ ထိုအမျိုးသားမှာ အရပ်ရှည်ရှည်နှင့် ကိုယ်လူချောတစ်ယောက်ပင်။ အမျိုးသမီးဖြစ်သူမှာလည်း ပန်းတပွင့်နှယ် လှပ၏။ သူတို့က ချစ်သူစုံတွဲများ ဖြစ်တာ သိသာသည်။ ထိုအမျိုးသားက မာနကြီးပုံ ပေါ်၏။ မုယုံညီအစ်ကို၏ မိုးကြိုးလက်ဝါးအပေါ်လည်း အထင်သေးနေပုံပင်။ သူ့ဘေးမှ အမျိုးသမီးကမူ လူအများက သူတို့ကို ဝိုင်းအုံကြည့်လာသည့်အတွက် ရှက်သွေးဖြန်းသွား၏။ သူမ၏ နီမြန်းသွားသော မျက်နှာလေးမှာ ပို၍ပင် စွဲဆောင်မှု ရှိသွားလေ၏။

“သူက ဘယ်သူလဲ…။ ဘာလို့ ဒီလောက် လေကျယ်နေရတာလဲ…”

“လေစိတ်ဝိညာဉ် ရင်းမြစ်လား။ ဒါကလည်း ဆင့်ကဲ စိတ်ဝိညာဉ်ရင်းမြစ်တွေထဲက တစ်ခု မဟုတ်လား။ သူ့လည်း ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားတဲ့သူလား….”

“ကျုပ် ဒီလူ့ကို သိတယ်။ သူက စီနီယာအစ်ကိုလုပဲ။ သူက တကယ်ပဲ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားတယ်။ သူ့လေမန္တာန်တွေဟာလည်း အတော့်ကို အစွမ်းထက်လှပေတယ်…”

“သူ့မှာ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားခဲ့ရင်တောင် သူက ဘာကြောင့် ခုလိုပုံစံမျိုး ပြောလိုက်ရတာလဲ…”

“မနာလို ဖြစ်တာဟ။ တကယ်တော့ အရင်တုန်းက အဆင့်နိမ့်တပည့်တွေကြားမှာ သူ တစ်ယောက်ပဲ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ခဲ့တာလေ။ ဒါပေမဲ့ အခုတော့ နောက်ထပ် နှစ်ယောက် ထပ်ရှိလာခဲ့ပြီ။ သူ့ထက်တောင် အရည်အချင်း ပိုရှိအုံးမယ်။ ဒါ့ကြောင့် သူ့အနေနဲ့ အလိုမကျသလို ခံစားမိမှာပေါ့…”

“ဟ…စိတ်ထား ကျဉ်းမြောင်းလှချည်လား…”

“ရှုူး… တိုးတိုးဟ။ သူ ကြားသွားအုံးမယ်။ သူက အတော်လေး ရန်ငြှိုးထားတဲ့သူတဲ့။ ဒါ့ကြောင့် သူ့ရဲ့ ပစ်မှတ်ထားခံရရင် အတော်ဆိုးလိမ့်မယ်…”

ထိုလူငယ် ထွက်ပေါ်လာခြင်းကြောင့် ဒီနေရာရှိ လူတိုင်းသည် တယောက်နှင့် တယောက် တီးတိုးစကားများ ဆိုကြ၏။

“ဟက်…ကောင်လေးနှစ်ကောင်…မင်းတို့ကို အစစ်အမှန် ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်က ဘာလဲဆိုတာ ငါ ပြသပေးမယ်…”

လူအများက သူနှင့် ပတ်သတ်၍ ခုလိုမျိုး တီးတိုးပြောနေသည်ကို မြင်သည့်အခါ သူ့မျက်နှာသည် ရှုံ့တွသွား၏။ သူက လူအဝိုင်းထဲ လျှောက်လာပြီး မောက်မာစွာ ပြောကြားလိုက်သည်။ “ကောင်လေးနှစ်ကောင်…မင်းတို့ ငါ့ကို မင်းတို့ရဲ့ မိုးကြိုးမန္တာန်နဲ့ စိတ်ကြိုက် တိုက်ခိုက်နိုင်တယ်။ ငါ့အနေနဲ့ ခြေလှမ်းတဝက် ရှောင်ခဲ့မိရင်တောင် မင်းတို့နှစ်ယောက်ကို ဒူးထောက် တောင်းပန်လိုက်မယ်။ မင်းတို့ကို မှားယွင်းပြောဆိုမိတာ ဝန်ခံမယ်…”

စီနီယာအစ်ကိုလုက မောက်မာလှကာ အကြောင်းရင်း မရှိဘဲ သူတို့နှစ်ယောက်ကို အထင်အမြင်သေးနေသည်ကို မြင်သည့်အခါ မုယုံညီအစ်ကိုသည် ဒေါသထွက်သွား၏။ သူတို့၏ မျက်နှာများပင် ဖြူဖပ်ဖြူရော ဖြစ်သွားကြသည်။

“ခင်ဗျားက မရှောင်ဘူးဟုတ်လား…”

“ဒါပေါ့…”

“ဘာမှော်ပစ္စည်းကိုမှလည်း သုံးခွင့်မရှိဘူး…”

“ရတယ်…”

ညီအစ်ကိုနှစ်ယောက်က သွေးချင်းညီအစ်ကို အမှန်ပင် ဖြစ်ထိုက်ပေ၏။ သူတို့က သူတို့အတွက် အလေးသာမည့် စည်းကမ်းကို တစ်ယောက်ချင်းစီက ပြောလာခဲ့ပေ၏။ လူငယ်မှာလည်း ဘဝင်ခိုက်နေသူပင်။ သို့ဖြစ်၍ သူက ထိုညီအစ်ကိုနှစ်ယောက်ကို အလေးအနက် မထား၊ သူတို့ တောင်းဆိုသည့် အခြေအနေများကို စဉ်းပင် မစဉ်းစားဘဲ ချက်ခြင်း လက်ခံသည်။

“ကောင်းပြီ…ဒါဆိုလည်း ကျုပ်တို့ညီအစ်ကိုနှစ်ယောက်က စီနီယာအစ်ကို့ကို ဂရုစိုက်ဖို့ ပြောချင်တယ်….”

ကောင်လေးနှစ်ယောက်သည် တပြိုင်နက်တည်း ဒေါသတကြီး အော်ပြောလိုက်ကြ၏။

“အစ်ကိုလု…ဖြစ်ပါ့မလား…” လူငယ်၏ အဖော် မိန်းကလေးက စိတ်ပူနေ၏။

“ဟားဟား…ဒီကလေးနှစ်ယောက်ကို ရင်ဆိုင်တာများ ဘာများ စိုးရိမ်စရာ ရှိမလဲ။ ညီမချန်က စိတ်အေးအေးထားနိုင်ပါတယ်…” လူငယ်က မထီဟန်ဖြင့် လက်ဝေ့ယမ်းကာ မုယုံညီအစ်ကိုနှစ်ယောက်ရှေ့တွင် လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော အမူဟန်ပန်ဖြင့် ရပ်နေ၏။

ကောင်လေးနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်၏။ ရုတ်တရက် သူတို့သည် ပူးကပ်သွားသည်။ သူတို့က တစ်ယောက်လက်တဖက်ကို တစ်ယောက် ဆုပ်ကိုင်၏။ တခြားလက်တဖက်ဖြင့် ကောင်းကင်ထက်သို့ လက်ညွှန်သည်။ တချိန်တည်းမှာ သူတို့က တူညီသောမန္တာန်ကို ရေရွတ်၏။

ထိုသည်ကို မြင်သည့်အခါ လူငယ်မှာ နှာမှုတ်လိုက်၏။ သူက သူ့ကိုယ်သူ ကာကွယ်ဖို့ အကာအကွယ် မန္တာန်တခုကို ထုတ်ဖော်လိုက်သည်။ သူ့ပတ်လည်၌ မိုးပြာရောင်အလင်းလွှာ တခု ပေါ်လာကာ သူ့ကို ထွေးခြုံ၏။

“မိုးကြိုးသံကြိုး ရိုက်ချက်…”

သွေးချင်းညီအစ်ကိုနှစ်ယောက်က သူတို့၏ မန္တာန်ကို နောက်ဆုံးတွင် ထုတ်ဖော်၍ ပြီး၏။ သူတို့က သူတို့၏လက်ချောင်းဖြင့် လူငယ်၏ ဦးခေါင်းအထက်ထံ လက်ညွှန်သည်။ လူငယ်၏ ဦးခေါင်းအထက်၌ မီတာအနည်းငယ် အရွယ်အစားရှိသော တိမ်တိုက်နက်တခု ပေါ်လာ၏။ အဖြူရောင်အလင်းက အနှီတိမ်တိုက်အတွင်း၌ တလက်လက်။ လက်ညွှန်လိုက်ချိန်၌ လူငယ်၏ မိုးပြာရောင်ဒိုင်းပေါ်သို့ လျှပ်စီးတန်းတခု ကျဆင်းလာလေပြီ။ လျှပ်စီးတန်းက သည်ဒိုင်းကို အပြင်းအထန် တုန်ခါသွားစေ၏။ မောက်မာသော လူငယ်၏မျက်နှာမှာ ပျက်ယွင်းသွားသည်။ လျှပ်စီးစွမ်းအားက သူ မျှော်လင့်သည်ထက် သာလွန်နေပုံပင်။

သို့သော် ထိုလျှပ်စီးတန်းက အစပြုရုံမျှသာ။ လေထဲရှိ တိမ်တိုက်နက်ထံမှ နောက်ထပ် အလားတူ လျှပ်စီးတန်းတခုသည် ထိုးနှက် တိုက်ခိုက်လာပြန်သည်။ အကာအကွယ်ဒိုင်းမှာ တဖြတ်ဖြတ် ဖြစ်ကာ မဲနက်လာ၏။ ၎င်း၏ အနားစွန်းများ၌ ပျက်စီးမှုများ ဖြစ်ပေါ်လာသည်။

လူငယ်၏မျက်နှာမှာ ထပ်မံ ပျက်ယွင်းသွား၏။ ရုတ်တရက် သူက ရှုပ်ထွေးသော လက်ချောင်းဟန်များကို ဖန်တီး၏။ သူ့လက်နှစ်ဖက်ကို အလင်းဒိုင်းပေါ် တင်းတင်းကြပ်ကြပ် ဖိကပ်သည်။ အလင်းအကာသည် ရုတ်တရက် အပြာရောင် တောက်သွား၏။ ၎င်းက ပြန်ကောင်းမွန်သွားရုံသာမက အရင်ထက်လည်း ပိုထူထဲသွားသည်။

သို့သော် မုယုံညီအစ်ကိုက ထိုအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။ သို့ဖြစ်၍ သူတို့က လေထဲသို့ မန္တာန်မျိုးစုံကို စေလွှတ်၏။ တိမ်တိုက်နက်၏ အချင်းမှာ ကျယ်ပြန့် ကြီးမားလာ၏။ ၎င်းတိမ်တိုက်ထံမှ ကျဆင်းလာသော လျှပ်စီးတန်းမှာလည်း ပို၍ ထူထဲလာသလို အရေအတွက်မှာလည်း တိုးလာ၏။

မုယုံညီအစ်ကို၏ ကြမ်းလှသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ သည်စီနီယာအစ်ကိုလုသည် အံ့အားသင့်မိရ၏။ သူက ဒေါသလည်း ပို ထွက်လာသည်။ သူက မည်သို့လုပ်ရမည်မှန်း မသိ ဖြစ်ကုန်၏။ သူသည် ထိုညီအစ်ကိုနှစ်ယောက်မှာ ခုလောက် အသက်အရွယ်လေးနှင့် စဦးအလယ်အဆင့် မိုးကြိုးသံကြိုးပညာရပ်ကို ဖမ်းဆုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။ သူက လူအများရှေ့တွင် ခံဘက်က ဖြစ်နေပေပြီ။

တဖက်ရှိ ကောင်လေးနှစ်ယောက်မှလည်း သူတို့၏ ခွန်အားကို အစွမ်းကုန် သုံး၍ တိမ်တိုက်နက်၏ လျှပ်စီး တိုက်ခိုက်မှုများကို ထောက်ပိုးထား၏။ အခြားတဖက်တွင် လူငယ်သည် သူ၏ မိုးပြာဒိုင်းကို အားအင်ဖြည့်ဖို့ အကာအကွယ်မန္တာန်များကို အဆက်မပြတ် ထုတ်သုံးနေရ၏။

ပုံမှန်အားဖြင့် တိုက်ခိုက်သည့်ဘက်နှင့် ခုခံသည့်ဘက်တွင် တိုက်ခိုက်သူက ပို၍ အသာစီး ရတတ်၏။ သူတို့က ခုခံသူထက် မှော်စွမ်းအားများစွာကို ပို၍ ချွေတာ နိုင်မည်။ သို့သော် မုယုံ ညီအစ်ကိုက အစောလေးတုန်းက စွမ်းရည် သရုပ်ပြစဉ်အတွင်း မှော်စွမ်းအား အများအပြား သုံးစွဲခဲ့ပြီး ဖြစ်၏။ စစချင်းကကဲ့သို့ သူတို့ထံတွင် လုံလောက်သော မှော်စွမ်းအား ရှိမနေတော့ပေ။ ထို့အပြင် လူငယ်လုက သူတို့ထက် ပို၍ အသက်အများကြီး ကြီး၏။ သို့ဖြစ်၍ သူ၏ မှော်စွမ်းအားကို ခုမှ ဂိုဏ်းသို့ ဝင်လာခါစ ကောင်လေးနှစ်ယောက်မှာ မယှဉ်သာတာ သဘာဝပင်။

လူတိုင်း၏ အကြည့်အောက်မှာပင် တိမ်တိုက်နက်သည် ၎င်း၏ နောက်ဆုံး လက်ကျန်လျှပ်စီးတန်းများကို ထုတ်လွှတ်ပြီးနောက် လွင့်ပြယ်သွားတော့၏။ ကောင်းကင်သည် ပြန်၍ ကြည်လင်လာသည်။ မှော်စွမ်းအား ကုန်ခမ်းသဖြင့် ကောင်လေးနှစ်ယောက်သည် လျှပ်စီးတိုက်ခိုက်မှုကို ရပ်လိုက်ရပေသည်။

All Chapters