← Chapters

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီး

Vol. 12 Ch. 158

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီး

Vol. 12 Ch. 158

လူငယ်က ထိုမြင်ကွင်းကို မြင်သည့်အခါ အေးတိအေးစက် ရယ်မောလိုက်၏။

“ကျုပ်က မင်းတို့ရဲ့ တိုက်ခိုက်မှုကို ခံယူပြီးပြီဆိုတော့ ဒီတခါ ကျုပ် တိုက်ခိုက်ရမယ့် အလှည့်ပဲ…”

ထိုသို့ ပြောကာ သူ့လက်နှစ်ဖက်ကို ပူးကပ်၏။ ရုတ်တရက် သူ့လက်နှစ်ဖက်ဖြင့် လက်ခြမ်းကွေးအသွင် ရေးဆွဲသည်။ ထိုအခါ သူ့လက်နှစ်ဖက်တွင် အဇူရာအလင်းစက်ဝန်းပြတ် တခု ပေါ်လာ၏။

“ကျုပ်ရဲ့ အဇူရာစက်ဝန်းပြတ် ခုတ်ချက်ကို မြည်းကြည့်လိုက်…” လူငယ်က ထုံပေပေလေသံဖြင့် ပြော၏။ ထို့နောက်တွင် အလင်းစက်ဝန်းပြတ်တခုသည် သူ့ရှေ့ရှိ လူငယ်နှစ်ယောက်ထံ တိုးဝင်သွားချေသည်။

သူ၏ တိုက်ခိုက်မှုက လူအုပ်ကြီးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေ၏။ ကြည့်ရုံဖြင့်ပင် မုယုံညီအစ်ကိုသည် ထိုမှော်ပညာရပ်ကို မခုခံနိုင်မှန်း သိကြသည်။

ကောင်လေးနှစ်ယောက်က အလန့်တကြား ဖြစ်သွား၏။ ဘေးပတ်လည်သို့ ကြည့်ရှုပြီးနောက် သူတို့က ဘယ်ဘက်ခြမ်းသို့ တစ်ယောက်၊ ညာဘက်ခြမ်းသို့ တစ်ယောက် လူခွဲကာ လူအုပ်ထဲ ပြေးဝင်သည်။

“ခွဲထွက်စေ…” လူငယ်က ရုတ်တရက် အော်ပြော၏။

သူ၏ အော်သံနှင့်အတူ အဇူရာစက်ဝန်းပြတ်သည် မထင်မှတ်စွာဖြင့် နှစ်ပိုင်းကွဲထွက်သွား၏။ စက်ဝန်းပြတ်တခုစီသည် လူခွဲထွက်ပြေးသော ကောင်လေးနှစ်ယောက်နောက်သို့ ချက်ခြင်း လိုက်လံ တိုက်ခိုက်သည်။

ကောင်လေးနှစ်ယောက်ထဲမှ တစ်ယောက်က လူအုပ်ကြားထဲ၌ ဟန်လိသည် မှော်စွမ်းအား အနက်နဲဆုံးဖြစ်သည်ကို မြင်သည်။ သို့ဖြစ်၍ သူက ဟန်လိထံ တုံ့ဆိုင်းခြင်းမရှိ တန်းတန်းမတ်မတ် ဝင်လာသည်။ ဟန်လိလည်း ထိတ်ပြာသွားမိ၏။

ဟန်လိက ဒီကိစ္စ၌ သူ ပါဝင်ပတ်သတ်ဖို့ လုံးလုံး စိတ်မကူးထားပေ။ သူက ထိုလူငယ်က မုယုံညီအစ်ကိုနှစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရသွားအောင် မလုပ်ဝံ့မှန်း သိ၏။ အများဆုံးမှ ဒီကောင်လေးနှစ်ယောက်ကို ခြောက်ရုံလန့်ရုံမျှသာ။ ထို့ကြောင့် သူသည် လုံးဝ ကြားဝင်ဖို့ စိတ်ကူး ရှိမနေပေ။

သူ့ကို ပို၍ အံ့အားသင့်စေသည်က မုယုံကောင်လေး၏ ဖြတ်ထိုးဉာဏ်ကိုပင်။ သူက ဟန်လိကို လူသားဒိုင်းအဖြစ် အသုံးပြုချင်၍ တန်းတန်းမတ်မတ် တိုးဝင်လာခဲ့တာ မဟုတ်လား။ သို့သော် ဟန်လိက ထိုကောင်လေး၏ အကြံအတိုင်း မည်သို့ စိတ်ကြိုက်လုပ်ခွင့် ပေးပါ့မည်နည်း။ သို့ဖြစ်၍ ဟန်လိ၏ ခန္ဓာကိုယ်မှာ ဖြတ်ခနဲ သူ့မူလနေရာကနေ ပျောက်သွား၏။ ထို့နောက်တွင် မုယုံကောင်လေးက လေထဲသို့ ဒေါသတကြီး ခုန်တက်၍ ဒေါသတကြီး အော်ဟစ်ဆဲရေး၏။ မည်သို့မျှ မတတ်နိုင်ဘဲ သူလည်း အသည်းအသန် ထွက်ပြေးဖို့ ဆက်၍ ကြိုးစားရသည်။

နောက်ထပ်ကောင်လေး တစ်ယောက် ထွက်ပြေးသွားသော နေရာထံမှ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် ဖုန်မှုန့်များ လွင့်စင်ထွက်လာခြင်းနှင့်အတူ ဖုန်များအတွင်းမှ လူငယ်တစ်ယောက်၏ အော်ဟစ်ဆဲဆိုသံကိုပါ ကြားရလေ၏။ တစုံတစ်ယောက်သည် ဟန်လိကဲ့သို့ ဉာဏ်မကောင်းခဲ့တာ သိသာသည်။ ထိုသူမှာ မုယုံကောင်လေးတစ်ယောက်၏ လူသားဒိုင်းအဖြစ် အသုံးပြုတာကို ခံလိုက်ရလောက်ပြီ။

ဖုန်များ လွင့်ပြယ်သွားသည့်နောက် ဟန်လိက မီတာအနည်းငယ် မြင့်မားသော ထူထဲသည့် မြေနံရံတစ်ခုကို လှမ်းတွေ့၏။ ၎င်းပေါ်၌ လခြမ်းကွေးပုံ ခပ်ရှည်ရှည် အရာတခု ထင်းနေသည်။ ထိုနံရံနောက်တွင် အသက်နှစ်ဆယ် ဝန်းကျင်လောက် ရှိမည့် ရုပ်ကြမ်းကြမ်း၊ အရပ်ပုပုနှင့် လူငယ် တစ်ယောက် ရှိနေ၏။ သူက ထူးခြားသော သစ်သားတောင်ဝှေးကို ကိုင်ထားသည်။ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ မြေသားနံရံတွင် အပေါက်တခု ပေါ်လာသည်။ ထို့နောက်တွင် သူသည် ရွှင်မြူးနေသော မုယုံကောင်လေးနှင့်အတူ ၎င်းအပေါက်ထံမှ လှမ်းထွက်လာ၏။

“လုဆိုတဲ့သူ…ခင်ဗျားက ဘာသဘောလဲ။ တခြားသူတွေကော ဒီမှာ ရှိနေတာကို မမြင်ဘူးလား။ ဒါတောင် ခင်ဗျားက အမှန်တကယ် တိုက်ခိုက်ခဲ့တယ်။ ခင်ဗျားက သူနဲ့အတူ ကျုပ်ကိုပါ ခုတ်ပိုင်းပစ်ချင်နေတာလား..” ရုပ်စိုးစိုး၊အရပ်ပုပု လူငယ်က ဒေါသလည်းထွက်၊ မင်လည်းမင်သက်ဟန်ဖြင့် မေးလိုက်သည်။

စီနီယာအစ်ကိုလုသည် နှာခေါင်းရှုံ့၏။ သူက ထိုအရပ်ပုပုလူငယ်၏ မကျေမချမ်း မေးခွန်းကို အရေးမစိုက်ပေ။ ထိုအစား သူက ဟန်လိရှိနေသော ဘက်ခြမ်း ထွက်ပြေးသွားသော ကောင်လေးထံ သူ၏ လက်ကျန်စက်ဝန်းပြတ်ဓားသွားကို အရှိန်ပိုမြင့်၍ လိုက်စေသည်။

“နောက် ပြန်ဆုတ်လိုက်…” အမျိုးသမီးငယ်တစ်ယောက်၏ မာန်မဲသံ ပါသော အသံတစ်သံသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။ ထိုအသံမှာ နဝင်ပီယံ ရှိလှသည်။ ထို့နောက်တွင် ကောင်းကင်ထက်မှ မီးတောက်တခု ကျဆင်းလာပြီး ကောင်လေးနောက်သို့ လိုက်တိုက်ခိုက်နေသော အဇူရာစက်ဝန်းပြတ်အား လုံးဝ ဟန့်တား ဖျက်စီးပစ်သည်။ မီးတောက်များက မီးလုံးအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွား၏။

“ဘယ်သူလဲ။ ကျုပ် မန္တာန်ကို ဖျက်စီးလိုက်တာ ဘယ်သူလဲ…” လူငယ်လုက ဒေါသတကြီးဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။

လူတိုင်း၏ အထက်၌ မည်သည့်အချိန်တည်းက ရောက်နေမှန်း မသိရသော အပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ်တစ်ယောက် ရှိနေ၏။ သူမက နတ်သမီးလေးအလား။ စိမ်းဖန့်ဖန့် အသားအရည်၊ ခါးသိမ်သိမ်၊ ကျောက်စိမ်းကဲ့သို့ ဝင်းမွတ်သော လည်တိုင်တို့ကို ပိုင်ဆိုင်ထားသော မိန်းမပျိုလေးပင်။ သူမ၏ ဆံပင်ရှည်ရှည်နှင့် လိုက်ဖက်လှသော တော်ဝင်ဆန်သည့် အပြာရောင်ဝတ်ရုံကိုလည်း ဝတ်ထား၏။ သူမ၏ အလှက လူအများကို ကြည့်မိရုံဖြင့် ရစ်မူးသွားစေနိုင်လောက်သည်။

“အို…ဂျူနီယာညီမလေး နိညယ်ကို။ ဒီလောက် မှော်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူက ဘယ်သူများလဲလို့ ကျုပ်က မေးနေမိတာ…”

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်ကို မြင်သည့်အခါ မူလတုန်းက ဒေါသပုန်ထနေသော လူငယ်လု၏ အမူအရာသည် ချက်ခြင်း ပြောင်းလဲသွား၏။ ထိုအမျိုးသမီးငယ်ကိုလည်း နွေးထွေးပျူငှာသော လေသံဖြင့် လှမ်း၍ နှုတ်ဆက်၏။

“အစ်ကိုလု…ကျမကို မျက်နှာသာ ပေးတဲ့အနေနဲ့ ဒီပြိုင်ပွဲကို ခုပဲ ရပ်ပေးနိုင်မလား…”

အပြာရောင် တော်ဝင်ဝတ်ရုံဖြင့် အမျိုးသမီးငယ်က မှော်ပစ္စည်းပေါ်တွင် ရပ်နေလျက် အေးစက်စက် လှမ်းမေးသည်။

“ဟားဟား…ဂျူနီယာညီမလေးနိညယ်က အဲ့လို ဆန္ဒ ရှိမှတော့ ကျုပ်က လိုက်နာပေးမှာပေါ့…” လူငယ်လုက ပြုံး၍ ပြန်ဖြေ၏။

တော်ဝင်ဝတ်စုံဖြင့် အမျိုးသမီးငယ်က ခေါင်းညိတ်ပြသည်။ သူမက ဒီ့ထက်ပို၍ မပြောတော့ပေ။ သူမသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး မုယုံညီအစ်ကိုထံ လျှောက်လာသည်။

“အစ်မနိညယ်…နင် ရောက်လာတာ အချိန်ကိုက်ပဲ။ မဟုတ်ရင် ကျနော်တို့ ခံရတော့မလို့…”

ခုလေးတင် လူငယ်လု၏ တိုက်ခိုက်မှု ဘေးကနေ လွတ်လာသော ကောင်လေးက တော်ဝင်ဝတ်ရုံဖြင့် အမျိုးသမီး သူ့ထံ လျှောက်လာသည်ကို မြင်သည်နှင့် သူမထံ အပြေးလှမ်းလာသည်။ တခြားတဘက်မှလည်း စပ်ဖြီးဖြီးဖြစ်နေသော သူ့ညီအစ်ကိုကလည်း မြေနံရံထံကနေ ခပ်သုတ်သုတ် လှမ်းလာသည်။

“ပြန်တော့။ ပြီးရင် နင်တို့နှစ်ယောက် နံရံကို မျက်နှာအပ်ပြီး ကိုယ့်အပြစ်ကိုယ် ပြန်စဉ်းစားနေကြ။ နင်တို့ အဆင့်ကိုးထိ မရောက်သေးဘဲ အပြင် ထွက်ခွင့် မပြုတော့ဘူး…”

ထိုအမျိုးသမီးငယ်က ဒေါသထွက်ဟန် လုံးဝ မရှိဘဲ ပြောလိုက်၏။ သူမ၏ စိတ်ခံစားချက် ပြောင်းလဲမှုအနည်းငယ်ကိုပင် ထောက်လှမ်း၍ ရနိုင်မည် မဟုတ်ပေ။

မုယုံညီအစ်ကိုက သည်စကားကို ကြားသည့်အခါ ဝမ်းနည်းပက်လတ် ဖြစ်သွားကြ၏။ သူတို့နှစ်ယောက်က ချက်ခြင်း သဘောတူကာ ခေါင်းငုံ့သွားသည်။

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်က ထိုညီကိုနှစ်ယောက်ကို ပြောပြီးနောက် သူမက ခေါင်းလှည့်ကာ ရုပ်စိုးစိုး၊အရပ်ပုပုလူငယ်ထံ လှမ်းကြည့်သည်။ သူမ၏ နှုတ်ခမ်းဖူးဖူးလေးကို ဖွင့်ဟကာ ပြောလိုက်လေ၏။ “စီနီယာအစ်ကိုရဲ့ ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂျူနီယာမောင်လေး မုယုံရဲ့ အစောတုန်းက အပြုအမူက ညီမရဲ့ ဆရာဖြစ်သူကို အရှက်ရစေတော့မှာပဲ…”

“အာ…ရပါတယ်…ကိစ္စမရှိပါဘူး…”

အရပ်ပုပုလူငယ်က ထိုအလှလေး၏ ကျက်သရေ ရှိလှသော အပြုံးကို မြင်သည့်အခါ သူသည် မင်သက်သွားသည်။ သူ့စကားများပင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားရ၏။

ဘေးပတ်လည်ရှိ ယောက်ျားပျိုအားလုံးမှာ ဒီမြင်ကွင်းကို မြင်သည့်အခါ ဒီလို မိန်းမလှလေးက စကားပြောခြင်း ခံလိုက်ရသော အရပ်ပုပုလူအပေါ် မနာလို ဖြစ်ကုန်ကြသည်။ အစောပိုင်းတုန်းက သူတို့ ဝင်မပါခဲ့မိသည့်အပေါ် ကြီးစွာ နောင်တရကုန်၏။

လူငယ်လုမှာလည်း ထိုသည်ကို မြင်သည့်အခါ သူ့မျက်လုံးထဲ၌ ရက်စက်လိုစိတ် ဖြတ်ပြေးသွားသည်။ သို့သော် သူက ၎င်းကို ချက်ခြင်း ပြန်ဖုံးကွယ်ကာ သူ၏ ကြည့်ကောင်းရှုကောင်းသော ဟန်ပန်အတိုင်း ရှိနေသည်။ သူ့ဘေးရှိ အဖော်အမျိုးသမီးအပြင် ထိုသူ၏ တဒင်္ဂပြောင်းလဲသွားသော ဟန်အမူအရာကို တွေ့မြင်လိုက်သူဟူ၍ ဟန်လိ တစ်ယောက်သာ ရှိသည်။

လူငယ်လုဘေးရှိ အမျိုးသမီးချန်မှာ ပန်းတပွင့်နှယ် လှပသူလေး ဖြစ်သော်လည်း နိညယ်အမည်ရှိ အလှပဂေးလေးကိုမူ လုံးလုံး မယှဉ်သာပေ။ သို့ဖြစ်၍ အမျိုးသမီးချန်းက နိညယ်ပေါ်လာသည့်အခါ သူမ၏ စီနီယာအစ်ကိုလုက တဖက်မိန်းကလေးပေါ် စိတ်ရောက်သွားမည်ကို စိုးရိမ်သည့်အတွက် အစ်ကိုလု ဘေးသို့ ချက်ခြင်း ပြေးလာကာ သူ့လက်မောင်းကို ဆုပ်ကိုင်ထားလိုက်၏။ ထို့နောက်တွင် သူမက တဘက်က အလှပဂေးလေးနိညယ်ထံ ရန်စောင်သော အကြည့်ဖြင့် လှမ်းကြည့်သည်။

အပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးငယ် နိညယ်မှာ တဘက်မိန်းကလေး၏ စိတ်သဘောကို ခံစားမိ၏။ သို့သော် သူမက စိတ်ထဲမထားပေ။ ထိုအစား သူမက မုယုံညီအစ်ကိုများနှင့် ထွက်ခွာသွားရန် ဟန်ပြင်သည်။ သူမက ဟန်လိထံ ဖြတ်ခနဲ လှမ်းကြည့်လိုက်သေး၏။ သူမ၏ လှပသော စကားသံကို ဟန်လိသည် ချက်ခြင်း ကြားလိုက်ရသည်။

“ရှင့်ရဲ့ မှော်စွမ်းအားက အားမနည်းပေမယ့်လည်း ဒီလိုမျိုး ကိုယ်လွတ်ရှောင်တဲ့ အပြုအမူဟာ ကျမအတွက်တော့ တကယ်ပဲ မနှစ်မြို့စရာပဲ။ နောက်တကြိမ် ရှင့်ကို တွေ့တဲ့အခါကျရင် ဒီလို စိတ်မထားဖို့ ဒီကဂျူနီယာညီမနိညယ်က မျှော်လင့်ပါတယ်…”

ဟန်လိသည် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်၏ စကားကို ကြားရသည့်နောက် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။ ထိုအမျိုးသမီးငယ်က သူ၏ အစောပိုင်းတုန်းက အလွတ်ရှောင်ခဲ့သည့် အပြုအမူကို တွေ့မြင်ခဲ့တာ ဖြစ်လေမည်။ သူမ၏ ပြောစကားကြောင့် ဟန်လိသည် ထိုအမျိုးသမီးငယ် အပေါ် အမြင်ကောင်း မရှိတော့ပေ။

သူက သူတော်စင် တစ်ယောက် မဟုတ်ချေ။ တစုံတစ်ယောက်က ကိုယ့်ပေါ်မှာ လာပြီး လူလည်ကျဖို့ ကြိုးစားသည်ကို သိသိရက်နှင့် ရှောင်ရှားဖို့ မကြိုးစားပါက မည်မျှ နုံအသူ ဖြစ်လေမည်နည်း။ ရုပ်စိုးစိုးလူပုလူငယ်မှာလည်း အမှန်တကယ်တော့ သူရဲကောင်း ဝင်လုပ်ခဲ့တာ မဟုတ်ပေ။ သူ့ဟာသူ သတိမမူ၍ လူငယ်လု၏ တိုက်ခိုက်မှုကို ကြားကနေ ခံခဲ့ရတာသာ။ သို့ပေမည့် အခု လူငယ်လုက သည်ရုပ်စိုးစိုး လူပုကို အေးစက်စက် စိုက်ကြည့်နေပေ၏။ လူငယ်လုက သည်ရုပ်စိုးစိုးလူပုကို အနာဂတ်တွင် သတ်ပစ်လာမှာပါ ဖြစ်နိုင်သေးသည်။ ထိုသို့ ဖြစ်လာခဲ့ပါက ဒီမိန်းမလှနိညယ်က လူပု့အတွက် လက်စားပြန်ချေပေးမည်လား။ ဟန်လိသည် ထိုသို့ လှောင်တွေး တွေး၏။

ဟန်လိသည် မည်သည့်အတွက်ကြောင့်မှန်းမသိ ဒီအကြွင်းမဲ့ လှပသော ပါရမီရှင် အမျိုးသမီးငယ်ဘက်ကနေ မရပ်နိုင်ပေ။ သူသည် နိမ့်ကျသော မိသားစုများမျ လှပသော သမီးပျိုများကိုလည်း မြင်ဖူးသည်။ ထိုသမီးပျိုတို့ကမှ သူ့အတွက် ကြည့်ရတာ ပိုအဆင်ပြေနေသေးသည်။ သို့ဖြစ်၍ သူသည် ထိုအလှပဂေး အမျိုးသမီးငယ်၏ အတွေးကို နည်းနည်းလေးမျှ ဂရုမစိုက်ပေ။ သူမက သူ့ကို အာရုံလာမစိုက်ဖို့သာ မျှော်လင့်မိသည်။

ထိုအခိုက်၌ အပြာရောင်ဝတ်စုံဖြင့် မိန်းမလှလေးနှင့် မုယုံညီအစ်ကိုတို့၏ အရိပ်အယောင်ကိုမြင် မတွေ့ရတော့ပေ။ စီနီယာလုက လူပုကို ရန်စောင်သော အကြည့်ဖြင့် တချက် လှမ်းကြည့်လိုက်ပြီးနောက် သူလည်း သူ၏ အမျိုးသမီးအဖော်နှင့်အတူ ဒီတောင်ကုန်းထိပ်ကနေ ထွက်ခွာသွားသည်။ ကျန်သည့်သူများကလည်း ဆက်နေစရာ အကြောင်းမရှိတော့၍ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြလေပြီ။

ဟန်လိက သူ၏ ပျံသန်းခြင်းမှော်ပစ္စည်းကို စီးနင်းကာ ဆေးပေါင်းတစ်ရာဥယျာဉ်သို့ ပြန်ရောက်လာခဲ့သည်။

သူ့ အခန်းထဲ ဝင်လာပြီးနောက် ဟန်လိသည် သူ အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်နည်းကို ကူးယူလာသည့် ကျောက်စိမ်းကျည်တောက်ကို ချက်ခြင်း ထုတ်ယူသည်။ သူက ထိုဖော်စပ်နည်းကို တလုံးတပါဒချင်း စေ့စေ့စပ်စပ် လေ့လာတော့သည်။

ဟန်လိသည် စိတ်တက်ကြွနေသော်လည်း သူ၏အမူအရာကမူ နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။ နာရီများစွာ ကြာပြီးနောက် ဟန်လိသည် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ကျောက်စိမ်းကျည်တောက်ကို ပြန်ချလိုက်သည်။ ထို့နောက်တွင် သူသည် အတွေးယဉ်ထဲ နစ်သွားကာ စဉ်းစားခန်း ဝင်ရောက်သည်။

အချိန်အတော်အတန် ကြာပြီးနောက် သူက အသက်ဝဝရှိုက်သွင်းကာ ထရပ်၏။ ထို့နောက်တွင် ဆေးဥယျာဉ်ထဲ လမ်းလျှောက်လာသည်။ သူ့အကြည့်က ဥယျာဉ်အတွင်းရျိ ဆေးပင်များထံ ဝေ့ဝိုက်ကျရောက်သွားရင်း တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်သည်။

“အမြစ်တစ်ထောင်ပန်း၊ လပန်းနက်မြက်၊ ရွှေအနှစ်သာရဂျင်ဆင်းနဲ့ တခြား ပါဝင်တဲ့ ဆေးအမယ် သုံးဆယ့်တစ်မျိုးဟာ ပြဿနာ မရှိဘူး။ ဒါတွေအားလုံး ဥယျာဉ်ထဲမှာ ရှိတယ်။ တချို့အပင်တွေကသာ သက်တမ်းရာချီလောက်တယ်။ ဒါပေမဲ့ အရေးကြီးဆုံး ဖြစ်တဲ့ မဟူရာမှို၊ ခရမ်းမျောက်ပန်း၊ ကောင်းကင်ဝိညာဉ်သစ်သီး ဒီဆေးအမယ်သုံးမျိုးကတော့ ပြဿနာ ရှိတယ်။ ဒါတွေကို ဒီမှာ မရှိဘူး။ ဒါ့အပြင် ငါ့အနေနဲ့ ဒီဆေးအမယ်သုံးမျိုးကို အရင်က ကြားတောင် မကြားဖူးဘူး…”

ဟန်လိသည် တခြားသူများကို ဒီဆေးအမယ်သုံးမျိုးအကြောင်း မမေးခင် နေ့တဝက်လောက် ချီတုံချတုံ ဖြစ်နေ၏။ နောက်ဆုံး၌ သူသည် ဆေးဝါးဖော်စပ်ရာ၌ ဆရာတဆူ ဖြစ်သော အဘိုးအိုမာကိုသာ မေးကြည့်တော့မည်ဟု စဉ်းစားလိုက်သည်။

All Chapters