← Chapters

ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ဆေးပင်များ

Vol. 12 Ch. 159

ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ဆေးပင်များ

Vol. 12 Ch. 159

ဟန်လိက ထိုသို့ စဉ်းစား စီစဉ်ပြီးနောက် နောက်ထပ် ကျောက်စိမ်းကျည်တောက်ကို လှမ်းယူသည်။

ရုပ်ပျိုဆေးလုံးသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ယှဉ်ပါက သန့်စင်ဖို့ ရိုးရှင်းလွန်းသည်။ ၎င်းကို သန့်စင်ရာ၌ အစစ်အမှန်မီးလည်း မလိုပေ။ သူ မသိသော ဆေးအမယ်ကုန်ကြမ်းများလည်း မပါဝင်ပေ။ ပါဝင်သော ဆေးအမယ်အားလုံးမှာ တွေ့ရများသည်။

သူ့ကို ဆွံ့အသွားစေမိတာ တခုတော့ ရှိ၏။ ဤသည်မှာ ထိုရုပ်ပျိုဆေးကို ဖော်စပ်ရာ၌ အသုံးပြုရမည့် ဆေးပင်များသည် သက်တမ်းထောင်ချီ၊ သို့မဟုတ် ထိုထက်ပိုသော သက်တမ်း ရှိရမည်ဟူသော အချက်ပင်။ သူ့အနေဖြင့် ဒီရုပ်ပျိုဆေးလုံးအကြောင်းကို အရင်က မကြားဖူးခဲ့တာ အံ့အားသင့်စရာတော့ မရှိတော့ပေ။ တကယ်တော့ ကျင့်ကြံသူများအတွက် အသုံးမတည့်လှသော ဒီရုပ်ပျိုဆေးလုံး ဖော်စပ်ဖို့အတွက် သက်တမ်းထောင်ချီ ဆေးအမယ်များကို အသုံးပြုခြင်းမှာ အလကား ဖြုန်းတီးခြင်း မဟုတ်လား။ သို့ဖြစ်၍ ကျင့်ကြံခြင်းလောက၌ ဒီရုပ်ပျိုဆေးလုံးကို လူသိနည်းသည်။

သို့သော်လည်း ထိုအချက်က ဟန်လိအတွက်တော့ ပြဿနာ မဟုတ်ပေ။ သူက အချိန်တိုအတွင်း ဆေးပင်များ၏ သက်တမ်းကို ရင့်မှည့်အောင် လုပ်ပေးနိုင်သော ဆန်းကြယ်သည့်ပုလင်းထဲမှ အစိမ်းရောင် အရည် ပိုင်ဆိုင်ထားသည် မဟုတ်လား။ သို့ဖြစ်၍ သူသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကိစ္စကို ခဏ ဖယ်ထားအုံးမည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ဒီရုပ်ပျိုဆေးကို သန့်စင်ကြည့်မည်။ ဆေးညွှန်းတွင် ဖော်ပြထားသည့်အတိုင်း ၎င်းဆေးလုံးကို သောက်ပြီးပါက လူတစ်ယောက်၏ ရုပ်သွင်ကို အမှန်တကယ် နုပျိုသည့်အသွင်အတိုင်း ထိန်းသိမ်းထားနိုင်မည်လားဟု သူ မြင်ရလိမ့်မည်။

နောက် ခုနစ်ရက်လောက်တွင် အဘိုးအိုမာက ဆေးအမယ်များကို လာယူသည့်အချိန်၌ ဟန်လိသည် ဆေးဥယျာဉ်ထဲတွင် ရပ်နေသည်။ သူက ထိုအဘိုးအိုမာကို အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ရာ၌ မဖြစ်မနေ အသုံးပြုရမည့် သူ သိချင်သော အံ့ဖွယ်ဆေးပင်သုံးမျိုးအကြောင်းကို တိုက်ရိုက် မေးကြည့်လိုက်သည်။

“မဟူရာမှို၊ ခရမ်းမျောက်ပန်း၊ ကောင်းကင်ဝိညာဉ်သစ်သီးတွေ ဟုတ်လား…”

အဘိုးအိုမာက သူ၏ နှုတ်ခမ်းမွှေးတိုတိုစစကို ပွတ်သပ်ကာ ဟန်လိထံ မျက်လုံး စွေကြည့်လာသည်။

“ဟားဟား…ကြည့်ရတာ မင်းက အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်နည်းကို ရခဲ့ပြီးပုံပဲ။ ဒါ့ကြောင့် ဒီဆေးအမယ်သုံးမျိုးအကြောင်း မင်း ငါ့ကို လာမေးနေတာမလား။ ဒါပေမဲ့…တူလေး…မင်းက ကိုယ်တိုင် ဒီဆေးလုံးတွေကို သန့်စင်ဖော်စပ်ချင်နေတာလား…”

အဘိုးအိုမာက ထိုသို့ ဆိုကာ ဟန်လိကို အထင်အမြင်သေးသလိုလို ကြည့်သည်။ သူ့အကြည့်၏ အဓိပ္ပာယ်မှာ “မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းနေတာပဲကွ” ဟူ၍ပင်။

“အဲ့လို မဟုတ်ပါဘူး။ ကျနော်က ဒီဆေးအမယ်တွေအကြောင်း လုံးလုံး မသိဘူး။ ဂျူနီယာက ဒီလို သက်တမ်းရာချီတဲ့ ဆေးပင်တွေကို ဘယ်ကနေဘယ်လို သွားရှာနိုင်စွမ်း ရှိပါ့မလဲ။ အကြီးအကဲရဲ့ ဥယျာဉ်ထဲမှာ သက်တမ်းအရင့်ဆုံး ဆေးပင်က နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ နဂါးပန်းမြက်လေ။ ဒီလိုအခြေအနေမှာ ကျနော်က ဒီဆေးလုံးတွေကို သန့်စင်နိုင်လိမ့်မယ်လို့များ ကိုယ့်ကိုယ်ကိုယ် ထင်တလုံး ရောက်ပြီး ဘာလို့ တွေးရမှာလဲ…”

ဟန်လိက အမှန်ကို မပြောပြနိုင်ပေ။ သူက မုသားစကားများကိုသာ ပြောလိုက်၏။

“မင်းက ဆေးလုံးတွေကို သန့်စင်ဖို့ အစီအစဉ် မရှိမှတော့ ဒီအဘိုးအိုက အဲ့အံ့ဖွယ်ဆေးအမယ်သုံးခု အကြောင်း ဘာလို့များ လာမေးနေရသေးတာလဲ။ ငါက အားတဲ့သူ မဟုတ်ဘူး။ မင်းနဲ့ အပျင်းပြေ စကားစမြည် ပြောဖို့လည်း အချိန် မရှိဘူးကွ…”

အဘိုးအိုမာ၏ မျက်နှာက တင်းမာသွား၏။ သူက လေသံမာမာဖြင့် ဟန်လိကို ဟောက်လိုက်သည်။

ဟန်လိသည် အဘိုးအိုမာသည် ထိုသို့ တုန့်ပြန်လာမည်ကို မျှော်လင့်ထားပြီးပင်။ သူက အနည်းငယ်မျှပင် ထိတ်ပျာမသွားခဲ့ပေ။ သူက ပြုံး၍ ဆက်ပြောသည်။

“ဒီဂျူနီယာက ဆေးအမယ်သုံးခုရဲ့ အမည်ဟာ တမူထူးနေတာ သတိပြုမိလို့ပါ။ ဒါ့အပြင် ဒီဆေးပင်တွေရဲ့ ပုံပန်းသွင်ပြင်နဲ့ ဂုဏ်သတ္တိကိုလည်း ကျနော် လုံးဝ မကြားဖူးဘူး။ ဒါ့ကြောင့်လည်း သိချင်စိတ် ဖြစ်မိလို့ အကြီးအကဲကို မေးကြည့်တာပါ…”

“ဒါပေမဲ့လည်း အကြီးအကဲရဲ့ ဥယျာဉ်ထဲမှာ ဒီအံ့ဖွယ်ဆေးအပင်သုံးမျိုးက ဘာကြောင့် မရှိနေတာရတာလည်းကို သဘောမပေါက် ဖြစ်မိတယ်။ ဒီလိုရှားပါးတဲ့ အပင်တွေကို အကြီးအကဲအနေနဲ့ မျိုးစေ့ယူပြီး ဥယျာဉ်ထဲမှာ စိုက်ပျိုးနိုင်ချေ များတယ်မလား။ ဒီဆေးပင်သုံးမျိုးက စိုက်ပျိုးဖို့ တကယ်ပဲ ခက်ခဲလို့လား။ ဒါ့ကြောင့် အကြီးအကဲက ဒီအပင်တွေကို စိုက်ပျိုးနိုင်စွမ်း မရှိတာလား…”

“အဓိပ္ပာယ်မရှိလိုက်တာ။ မင်းက ဒီအဘိုးအိုရဲ့ ကျွမ်းကျင်မှုကို သံသယ ဝင်နေတာလား။ ဒီ အပင်တွေ ဥယျာဉ်ထဲမှာ မရှိနေရတဲ့အကြောင်းရင်းက ငါ့ ကျွမ်းကျင်မှုနဲ့ ဘာမျှ မဆိုင်ဘူး။ ဒီအပင်တွေဟာ ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်ချီကနေ အသွင်ပြောင်းလဲလာတဲ့ ဆေးပင်တွေပဲ။ သူတို့ရဲ့ မျိုးစေ့ကို ဘယ်နေရာမှာ သွားရှာလို့ ရပါ့မလဲ။ တစ်ယောက်ယောက်က ဒီအပင်တွေရဲ့ မျိုးစေ့ကို ရှာနိုင်စွမ်း ရှိခဲ့ရင်တောင် သာမန်ဝန်းကျင်မှာ ဒီအပင်တွေဟာ မရှင်သန်နိုင်ဘူး။ သေချာ ဂရုတစိုက် လုပ်ပေးမယ်ဆိုရင်တောင်မှပေါ့။ အဲ့အချက်တွေကြောင့်သာ မဟုတ်ရင် ငါက ငါ့ဥယျာဉ်မှာ ဒီဆေးပင်တွေကို ဘာကြောင့် မစိုက်ဘဲ နေပါ့မလဲ…”

အဘိုးအိုမာမှာ ဟန်လိ၏ စကားများကြောင့် စိတ်မတိုမိဘဲ မနေနိုင် ဖြစ်သွားကာ ဒေါသတကြီး ပြောလိုက်သည်။

“အစေ့တွေ မရနိုင်တာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ဟန်လိသည် အော်ဟစ်ပစ်ချင်မိသွားသည်။

“ဟက်..ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ဒီလိုဆေးပင်မျိုးတွေဟာ ပြင်ပလောကမှဆို မျိုးတုန်းလုနီးနီး ဖြစ်နေတဲ့ အမျိုးအစားတွေပဲ။ ဒါပေမဲ့လည်း ဒီအပင်တွေက ကျင့်ကြံသူတွေအတွက် အလွန်ပဲ အသုံးတည့်တဲ့အတွက် လူသားတွေသာ ဒါကို စိုက်ပျိုးနိုင်စွမ်း ရရှိရင် အင်မောတယ်ဂိုဏ်းကြီးတွေ အကုန်လုံး ခုချက်ခြင်း ထလုပ်ပြီးနေပြီ။ ဒါဆိုရင် အခြေခံတည်ဆောက်ခြင်းဆေးလုံး အရေအတွက် ထုတ်လုပ်နိုင်စွမ်းဟာ နှစ်စဉ် လျော့နည်းလာစရာအကြောင်း ဘယ်ရှိတော့မလဲ…”

အရပ်ပုပု အဘိုးအိုမာသည် ဟန်လိကို မျက်လုံးပင့်၍ ကြည့်ကာ ခါးသီးဟန်ဖြင့် ပြန်ဖြေသည်။

သူ၏စကားလုံးများက ဟန်လိ၏ စိတ်နှလုံးအတွင်းနက်ပိုင်းထိ အေးစက်သွားမှုကို ခံစားရစေသည်။ သူ ပိုင်ဆိုင်ထားသော အစိမ်းရောင်အရည်၏ သက်ရောက်မှုက ကြီးမားလွန်း၏။ သို့ပေမည့် ထိုအပင်များ၏ မျိုးစေ့မရှိပါဘဲ သူက ယင်းတို့ကို ရင့်မှည့်လာအောင် မည်သို့ လုပ်ရပါ့မည်နည်း။ သူသည် ဗလာနတ္တိကနေ တခုခုရလာဖို့ကို အဘယ်သို့ ဖန်တီးနိုင်ပါ့မည်နည်း။

“ကဲ ကိစ္စမရှိတော့ဘူးဆိုလည်း ငါ အရင် ထွက်သွားတော့မယ်။ နောက်နှစ်လကြာရင် ငါ ပြန်လာပြီး ဆေးပင်တွေ ထပ်လာယူမယ်…”

အဘိုးအိုမာသည် ဟန်လိ၏ မျက်နှာပေါ်ရှိ အပြောင်းအလဲများကို သတိမပြုမိခဲ့ပေ။ သူက တဖက်သို့ လှည့်၍ ထွက်သွားရန် ဟန်ပြင်သည်။

“ဒါပေမဲ့လည်း ဆယ်နှစ်တခါတိုင်း အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို ထုတ်လုပ်နိုင်နေသေးတယ်လေ။ ဒီဆေးလုံးတွေက ဘယ်နေရာကနေ ဘယ်လို ရောက်လာရတာလဲ။ အကြီးအကဲ ပြောတဲ့အတိုင်းသာ အမှန်ဖြစ်မယ်ဆို ဒီဆေးပင်တွေဟာ တမူထူးတဲ့ ဝန်းကျင်မှာပဲ ပေါက်ရောက်နိုင်တယ်ဆို ဒီအပင်တွေ ပေါက်ရောက်ကြီးထွာနိုင်တဲ့ သင့်တော်တဲ့ နေရာ တခုခု ရှိကို ရှိရလိမ့်မယ်….”

ဟန်လိသည် အပင်တပင်သည် မျိုးစေ့ မရှိလျှင်ပင် အဆို့အညှောက်တော့ ရှိရမည်ဟု တွေးမိ၏။ ထို့ကြောင့် သူက ခုလိုမျိုး ချက်ခြင်း မေးလိုက်သည်။

“ကြည့်ရတာ မင်းရဲ့ စပ်စုတဲ့စိတ်က မသေးလှပါလား။ ဒါပေမဲ့လည်း မင်းရဲ့ ဒီအတွေးကို ချုပ်တည်းထားဖို့ ငါ ပြောချင်တယ်။ မင်းက အဲ့အံ့ဖွယ်ဆေးပင်တွေကို ရှာဖို့ အန္တရာယ်များတဲ့ ဒေသတွေကို သွားမယ်ဆိုရင်တောင် မင်းကိုယ်မင်း သက်သေတာနဲ့ တူတူပဲ…”

ထိုအဘိုးအိုမာက ပျင်းရိပျင်းတွဲဟန်ဖြင့် တဖက်သို့ ခေါင်းပြန်လှည့်သည်။ သူသည် ထိုအေးစက်စက် စကားများကို ပြောပြပြီးနောက် ဟန်လိကို ဆက်၍ အရေးစိုက်မနေတော့ဘဲ ပျံသန်းထွက်သွားတော့သည်။

ဟန်လိမှာ မင်သက်ကြောင်ရီစွာဖြင့် ကျန်ခဲ့၏။ သူသည် အချိန်အတန်ကြာသည့်အထိ နေရာတွင် မလှုပ်မယှက်ရပ်နေမိသည်။

“ဒီအံ့ဖွယ်ဆေးပင်သုံးမျိုး။ ငါ ဒါတွေကို နောင်ကျရင် ရကိုရရမယ်။ သူ ငါ့ကို မပြောပြခဲ့ရင်တောင် ငါ တခြားသူတွေကို မေးလို့ ရသေးတယ်မလား…”

ဟန်လိက သူ့ကိုယ်သူ တည်ငြိမ်စွာ ပြောလိုက်၏။သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိသည်။

အဝါရောင်မေပယ်တောင်ကြား၌ သူ ရှိနေခဲ့သော နှစ်နှစ်တာအတွင်း အကြီးအကဲမာအပြင် သူနှင့် ရင်းနှီးသူဟူ၍ ဂုဏ်ထူးဆောင်တပည့်ယု၊ ကျင့်ကြံခြင်းလမ်းညွှန်တပည့်ဝူဖန်တို့သာ ရှိပေသည်။

ဂုဏ်ထူးဆောင်တပည့်ယုက အကြံအစည် များလှသောသူမျိုးပင်။ ဟန်လိက ထိုသို့သော လူစားမျိုးနှင့် ပတ်သတ်ဆက်ဆံရတာကို သဘောမတွေ့ပေ။ သို့ဖြစ်၍ သူသည် စီနီယာအစ်ကိုဝူဖန်ကိုသာ မေးဖို့ တွေးထားသည်။ သူက အစ်ကိုဝူဖန်ထံကနေ သဲလွန်စ တခုမျှ မရနိုင်ခဲ့လျှင် ယွဲ့လုခန်းမရှိ လောဘကြီးသော အဘိုးအိုယုထံ တခေါက်ထပ်သွားရလိမ့်မည်။ သို့သော် သူသည် အစ်ကိုဝူဖန်ထံကသာ ဒီဆေးပင်သုံးမျိုးအကြောင်း သိဖို့ မျှော်လင့်၏။ ထိုမှသာ သူ့အနေဖြင့် ငမွဲတစ်ကောင်ဘဝသို့ ရောက်မသွားမှာ မဟုတ်ပါလား။

ဟန်လိသည် ကျင့်ကြံခြင်းလမ်းညွှန်းခန်းမ၏ အဆင့်နိမ့်တပည့်များ ရှိနေသော နေရာထံ ရောက်လာသည့်အချိန်၌ ဝူဖန်က ငယ်ရွယ်သူများကို အဆင့်နိမ့်မှော်ပညာရပ်များအကြောင်း ရှင်းပြပေးနေခိုက်ပင်။ သူက ဟန်လိကို မြင်သည့်အခါ လှမ်းပြုံးပြပြီး သူ့အလုပ်ကို သူ ဆက်လုပ်နေ၏။

ထိုသည်ကို ဟန်လိက စိတ်ထဲမထားပေ။ သူက ဝူဖန်သည် တာဝန်ယူမှုရှိသော စိတ်နေစရိုက် ရှိသူမှန်း သိထားပြီးပင်။ သူက ရိုင်းတာ မဟုတ်ပေ။

စီနီယာအစ်ကိုဝူအပေါ် ဟန်လိသည် အမှန်ပင် လေးစားမှု အချို့ ရှိ၏။ သည်စီနီယာအစ်ကိုက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို သုံးစွဲပြီးနောက် ချီစုဆောင်ခြင်းအထွတ်အထိပ်အဆင့်၌သာ ရှိနေခဲ့သော်လည်း အဆင့်နိမ့်မှော်ပညာရပ်များအပေါ် သူ၏ နားလည်နိုင်စွမ်းက အမှန်ပင် ပြီးပြည့်စုံသည်။ သူသည် ထိုပညာရပ်များကို တချက် ကြည့်ရုံဖြင့် ကောက်ချက်များစွာ ချနိုင်စွမ်း ရှိသူပင်။ သို့အတွက် ဟန်လိမှာ အံ့အားတသင့် ဖြစ်ရသည်။ အဆင့်နိမ့်မှော်ပညာရပ်များနှင့် ပတ်သတ်ပြီး အစ်ကိုဝူဖန်ထံကနေ သူလည်း အကျိုးအမြတ် များရခဲ့သည်သာ ဖြစ်၏။

ထိုမျှသာဆိုပါက ဟန်လိသည် သူ့ကို အထင်အမြင်ကောင်း ရှိရုံမျှသာ ဖြစ်ပေမည်။ လေးစားအုံးမည် မဟုတ်သေးပေ။ အစ်ကိုဝူဖန်ကို သူ့အနေဖြင့် လေးစားမိရသည့် အကြောင်းရင်းမှာ ထိုသူသည် တာဝန်ယူမှု အပြည့်ရှိသောကြောင့်ပင်။ သူက မှော်ပညာရပ်များနှင့် ပတ်သတ်ပြီး လမ်းညွှန်မှု တောင်းခံလာသော ငယ်ရွယ်သည့် ဂိုဏ်းသားများကို ညီတူညီမျှ ဆက်ဆံကာ ရှင်းပြပေ၏။ ခြွင်းချက် မထားပေ။ သူက ထိုသို့သော လမ်းညွှန်ပြသမှု၌ ကိုယ်ရောစိတ်ပါ နှစ်ထားသူတည်း။ သူက မကောင်းသည့်စိတ်ကို လုံးဝ ကွယ်ဝှက်မထားပုံ ရ၏။ ဤသည်က ဟန်လိကို အမှန်တကယ် ကြီးစွာ အံ့အားတသင့် ဖြစ်စေသည်။

အမှန်တော့ ဟန်လိသည် ထိုသို့သော စရိုက်ရှိသူမျိုးကို ယုံတတ်သူ မဟုတ်ပေ။ သူ တွေ့ခဲ့ကြုံခဲ့သော လူအားလုံးနီးပါးက အပေါ်ယံ အသံကောင်းဟစ်တတ်သော ကြောင်သူတော်များသာ ဖြစ်ကြ၏။ သို့ဖြစ်၍ ဟန်လိသည် အစ်ကိုဝူဖန်ကိုလည်း လေးစားမှုထားသည် ဆိုသော်လည်း ခပ်တန်းတန်းသာ ဆက်ဆံခဲ့သည်။

သို့သော် တနှစ်ကျော်လောက် သူနှင့် ပတ်သတ်ခဲ့ပြီးနောက်တွင်မူ အစ်ကိုဝူဖန်မှာ လူအများကို စိတ်ကောင်းဖြင့်သာ ဆက်ဆံတတ်သည်ကို သေချာ သိလာ၏။ အစ်ကိုဝူဖန်မှာ ဟန်ဆောင်နေတာ မဟုတ်ဟု သူ ယုံလာသည်။ ထိုသူက သူ၏ ရောင်းရင်းညီငယ်အားလုံးကို ဖော်ဖော်ရွှင်ရွှင် စိတ်ရင်းနှင့် အမြဲ ကူညီပေးတတ်သူပင်။ သို့အတွက် ဟန်လိမှာ အချိန်အတန်ကြာသည့်အထိ အစ်ကိုဝူဖန်နှင့် ပတ်သတ်ပြီး ပြောစရာစကား မဲ့ခဲ့မိသည်။

သူက စီနီယာအစ်ကိုဝူဖန်၏ နည်းလမ်းများအတိုင်း မလိုက်ချင်သော်ငြားလည်း ထိုသူ၏ စိတ်နေစရိုက်ကိုမူ ထပ်မံ၍ သံသယ မရှိတော့ပေ။ သို့ဖြစ်၍ သူသည် ထိုသူနှင့် ခင်ခင်မင်မက် ပေါင်းသင်းချင်စိတ် ရှိလာခဲ့၏။ သူတို့သည် အကောင်းဆုံးမိတ်ဆွေများ အဆင့် ရောက်သည့်အထိ တရင်းတနှီး မဟုတ်သေးသော်လည်း သူတို့၏ ပတ်သတ်မှုက ပုံမှန်တပည့်များထက်တော့ အပုံကြီးသာလွန် ရင်းနှီးသည်။

သို့ဖြစ်၍ ဟန်လိသည် ဘေးကနေ စိတ်ရှည်လက်ရှည် စောင့်နေသည်။

သည်စီနီယာအစ်ကိုဝူ၏ ရှင်းပြချက်မှာ အမှန်တကယ်လည်း စိတ်ဝင်စားဖို့ ကောင်းသည်။ စဦးအလယ်အဆင့် မီးနဂါးပညာရပ်ကို အလုံးစုံပတ်စုံ သူ ရှင်းပြနေတာ နှစ်ကြိမ်ထက် မနည်းတော့ပေ။ ထို့အပြင် သူကိုယ်တိုင်လည်း အကြိမ်ကြိမ် သရုပ်ပြပေးသေး၏။

ဟန်လိသည် သူ အရင်တုန်းက သင်ယူခဲ့သော ပညာရပ်များအပြင် တခြား ဓာတ်ငါးပါးမှော်ပညာရပ်များကို လုံးဝ မတတ်မြောက်ခဲ့ပေ။ ပြီးခဲ့သော နှစ်နှစ်တာအတွင်း ဟန်လိသည် သူ သိထားခဲ့သော ပညာရပ်များကို ဆက်စပ်ပေါင်းစည်းကြည့်ရုံသာ ရှိခဲ့၏။

သို့အတွက် ဟန်လိမှာ သူ၏ပါရမီအပေါ် လုံးဝ စိတ်ပျက်ရ၏။ အခြေခံတည်ဆောက်ခြင်းဆေးလုံးအပေါ် သူ၏ လိုချင်တပ်မက်စိတ်မှာလည်း များစွာ ပိုတိုးလာခဲ့ရသည်။

လမ်းညွှန်ပြသပြီးနောက် လူငယ်လေးများက ပြန်ထွက်သွားကြပေပြီ။ ထို့နောက်တွင် ဝူဖန်က ဟန်လိကို ပြုံး၍ မေးလိုက်သည်။ “ညီလေးဟန်…မင်း ဒီကို မလာတာ ကြာပြီနော်။ မင်းအနေနဲ့ အလယ်အဆင့် မှော်ပညာရပ်တွေကို စသင်ယူဖို့ ဆုံးဖြတ်ပြီး သွားပြီလား…”

ထိုသည်ကို ကြားသည့်အခါ ဟန်လိသည် ခါးသက်သက် ပြုံးမိသည်။ သို့သော်လည်း သူက ပြန်ဖြေသည်။ “အစ်ကိုဝူ…ခင်ဗျားလည်း ကျုပ်ရဲ့ ပါရမီကို သိပါတယ်။ ကျုပ် အနေနဲ့ အဆင့်နိမ့်စဦးပညာရပ်တွေကို သင်ယူဖို့တောင် နှစ်နှစ်လောက် အချိန်ဖြုန်းခဲ့ရတယ်။ ဒါ့ကြောင့် အလယ်အဆင့် မှော်ပညာရပ်တွေကိုသာ သင်မယ်ဆို အနည်းဆုံးတော့ ခုနစ်နှစ်၊ရှစ်နှစ်လောက် ကြာလိမ့်မယ်။ ဒါ့ကြောင့် ကျုပ်လည်း အလယ်အဆင့် ပညာရပ်တွေကို မသင်သေးဘဲ ထားလိုက်တာ ပိုကောင်းတယ်ဆိုပြီး ဒီအတိုင်း နေနေတာ…”

ဝူဖန်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူ့မျက်ခုံးမှာ စုကြုံ့သွား၏။ သူသည် အားပေးစကား ပြောလိုက်၏။ “ဂျူနီယာညီလေးဟန်က ဘာကြောင့် ဒီလောက်ထိ စိတ်ပျက်လက်ပျက် ဖြစ်နေရတာလဲ။ မင်းရဲ့ ပါရမီက မကောင်းရင်တောင် ဇွဲရှိရှိ ကြိုးစားရမယ်ဆိုတာ သိသင့်တယ်။ အဲ့ကျရင် အောင်မြင်နိုင်ချေ ရှိလာအုံးမှာပဲ…”

All Chapters