ဈေးမြို့
Vol. 12 Ch. 161
အိပ်ပျက်ည များစွာ ရှိလာခဲ့ပြီးနောက် ဟန်လိက ကိုယ့်ကိုယ်ကိုယ် သေချာတွေးကြည့်၏။ သူသည် သူ၏အင်မောတယ်လမ်းကြောင်းအပေါ် လျှောက်နိုင်မည့် အခွင့်အရေးကို လုံးလုံး စွန့်လွှတ်မလား၊ သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ဖို့ အန္တရာယ်များကို ရင်ဆိုင်မည်လားဟု သူ အသေအလဲ တွေးသည်။ တဖြည်းဖြည်း သူက ဒုတိယတခုကို ပို၍ အားသန်လာ၏။ တကယ်တော့ သူသည် သာမန်ဘဝနှင့် မနေရဟု ကံကြမ္မာ သတ်မှတ်ထားခဲ့ပြီး မဟုတ်လား။
သို့သော် သူ၏ သတိထားတတ်သော စိတ်သဘာဝကြောင့် ဟန်လိက ယွဲ့လုခန်းမသို့ သွားခဲ့သေးသည်။ မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲရှုထံကနေ အစ်ကိုဝူ ပြောပြခဲ့သော အကြောင်းအရာများကို အတည်ပြုပြီးနောက် သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့သည်။
သူ့ထံ၌ နောက်ဆုတ်ဖို့ လမ်းမရှိမှတော့ သွေးနှင့်မီးခြုံလွှမ်းသော စမ်းသပ်ကွင်းသို့ ဝင်ရောက်ရန် အစွမ်းကုန် လုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သူသည် စိတ်ဝိညာဉ်ဆေးပင်များကို ရှာနိုင်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ချင်လည်း ရောက်သွားနိုင်သည်။ သို့တည်းမဟုတ် ထိုတားမြစ်ဧရိယာ၌ သူ သေသွားနိုင်သည်။
သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူ ဆုံးဖြတ်ပြီး၍ ဖြစ်၍ နောက်နှစ်ဝက်အတွင်း သွားရမည့် တားမြစ်ဧရိယာထဲ ဝင်ရောက်ဖို့ သူ စတင် ပြင်ဆင်တော့သည်။ သည်အချိန်တိုအတွင်း သူ့အနေဖြင့် အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုတိုးအောင် သူ၏ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရမည် မဟုတ်ပါလား။
ဆေးလုံးများ၏ အကူအညီမပါဘဲ သူ့အနေဖြင့် ထာဝရနွေဦးပညာရပ်၏ အဆင့်ဆယ့်တစ်ကို ရောက်လာဖို့ မဖြစ်နိုင်ခဲ့ပေ။ သူက သူ၏ ခွန်အားကို တိုးတက်ချင်ပါက မှော်ပညာရပ်အသစ်အချို့ကို သင်ယူရမည်။ အစွမ်းထက် အဆောင်အချို့နှင့် မှော်ပစ္စည်းများကို စုဆောင်းထားရမည်။
မှော်ပညာရပ် အသစ်များက သူ့အတွက် ပြဿနာ မဟုတ်ပေ။ သူက စီနီယာဝူကို ဒီအကြောင်း ပြောပြပါက သူ့ကို သင်ပေးလိမ့်မည်သာ။ သို့သော်လည်း သူ့ပါရမီဖြင့် ဒီနှစ်ဝက်အတွင်း ဟန်လိသည် အဆင့်နိမ့်မှော်ပညာရပ်နှစ်ခု သို့မဟုတ် အလယ်အဆင့် မှော်ပညာရပ်တခုကိုတို့သာ သင်နိုင်လိမ့်မည်။ ထို့အတွက်ကြောင့် သူ၏ ခွန်အားကို အမြန်ဆုံး တိုးတက်စေဖို့ နည်းလမ်းမှာ အဆောင်များ၊ မှော်ပစ္စည်းများ အသုံးပြုခြင်းသာ။
မှော်ပစ္စည်းများနှင့် ပတ်သတ်၍ အခုလက်ရှိ၌ ဟန်လိထံတွင် အနည်းငယ် ရှိထား၏။ တိုက်ခိုက်ရာ၌ အသုံးပြုနိုင်သော မှော်ပစ္စည်းများ၌ ခန်းမသခင်ယဲ့ သူ့ကို ပေးထားသော အလံနက်လေးနှင့် လက်စွပ်တို့အပြင် ကြိုးအဖြစ် ပြောင်းနိုင်သော ဓားရှည်၊ စက်ဝန်းများကို အလိုလို ထုတ်လွှတ် တိုက်ခိုက်ပေးနိုင်သော ဘူးသီးခြောက်တို့လည်း ရှိထား၏။ သည်ဓားရှည်နှင့် ဘူးသီးခြောက်တို့ကို ဟန်လိသည် သူ့အား ဓားပြတိုက်ကာ သတ်ဖြတ်ဖို့ ကြိုးစားခဲ့သော အဝါရောင်ဝတ်စုံနှင့် လူနှစ်ယောက်ထံမှ ရခဲ့တာ ဖြစ်၏။
သူ ဂိုဏ်းသို့ ဝင်လာသည့်အချိန်၌ နေဓားနှင့် အေးစက်လဓားရှည်တို့ကိုလည်း ရရှိခဲ့သေးသည်။ ယင်းတို့မှာ အဆင့်နိမ့်ဆုံး မှော်လက်နက်များပင်။ အထင်ကြီးစရာ သိပ်မရှိပေ။
အဆောင်များမှာ ဟန်လိထံ၌ အစတည်းက အတော်လေး ကင်းမဲ့ခဲ့၏။ ကံကောင်းစွာဖြင့် အကြီးအကဲယဲ့က သူ ရရမည့် ပစ္စည်းအားလုံးကို မပေးခဲ့သော်ငြားလည်း သူ့ကို အဆောင်အချို့အား ပေးခဲ့သေးသည်။ ယင်းတို့မှာ စဦးအလယ်အဆင့် အဆောင်ဆယ်ခု၊ ရှားပါးသော စဦးအဆင့်မြင့် ဆောင်နှစ်ခုတို့ပင်။
ထို့အပြင် ဟန်လိထံ၌ သူ ခုထိ ကောင်းကောင်း မသိသေးသော ဓားငယ်အဆောင်တခုလည်း ရှိသေး၏။ အဝါရောင် ဝတ်စုံနှင့်လူက သူ ဒီအဆောင်ကို ထုတ်ခဲ့တာ မြင်ခဲ့ချိန်က အလန့်တကြား ထအော်ခဲ့သေး၏။ သို့ဖြစ်၍ ၎င်းအဆောင်တွင် ဇစ်မြစ်ကြီးကြီးမားမား ရှိနိုင်သည်။ သို့ဖြစ်၍ သူက သည်အဆောင်နှင့် ပတ်သတ်၍ တခြားသူများကို အသိမခံဝံ့ပေ။ သူက “ရတနာအဆောင်” ဟူသော စကားလုံးနှစ်လုံးကို ခေါင်းထဲ၌ သိမ်းဆည်းထားကာ ၎င်းနှင့် ပတ်သတ်၍ တခြားသူများကို မေးမြန်းဖို့ အခွင့်အရေး ရှာကြည့်ရန် စိတ်ကူးထားသည်။
သွေးနှင့်မီးခြုံလွှမ်းသော တားမြစ်စမ်းသပ်ကွင်းကို ရင်ဆိုင်ရသည့်အချိန်၌ သည်မျှ လက်နက်ပစ္စည်းများ၊ အဆောင်များက မလုံလောက်မှာ သေချာသည်။ သို့ဖြစ်၍ ဟန်လိက ဂိုဏ်း၏ တောင်များကနေ ခဏထွက်ကာ အနီးအနားရှိ မြို့တမြို့၌ ထိပ်တန်းအရည်အသွေးရှိ မှော်ပစ္စည်း၊ အဆောင်အချို့တို့ကို သွားဝယ်ရန် ဆုံးဖြတ်ထားသည်။
သို့သော်လည်း သူ့ထံ၌ စိတ်ဝိညာဉ်ကျောက်တုံး များများစားစား မကျန်တော့ပေ။ သည်အဝယ်သွားမည့် ခရီး၌ သူ့စိတ်ကြိုက် ဝယ်၍ မရမှာ သေချာ၏။
ဟန်လိက စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ် သုံးနိုင်သေးသော်လည်း တားမြစ်ဒေသသို့ သွားရောက်မည့် ခရီးစဉ်အတွင်း ယင်းတို့သည် ရေရှည်တိုက်ခိုက်မှုအတွက် အရေးကြီးသော အထောက်အပံ့များပင်။
အနည်းငယ် စဉ်းစားပြီးနောက် သူက သူက သက်တမ်းထောင်ချီ ဆေးပင်များကို စိုက်ပျိုးရန်သာ ဆုံးဖြတ်၏။
အမှန်တကယ်၌ ရုပ်ပျိုဆေးလုံးအနည်းငယ်ကို ဖန်တီးခြင်းက ပိုကောင်းနိုင်၏။ သည်အတိုင်း သက်တမ်းထောင်ချီဆေးပင်များထက် တန်ဖိုး အတော်အတန် ပိုရှိသွားနိုင်သည်။ သို့သော်လည်း ရုပ်ပျိုဆေးလုံး ဖော်စပ်ဖို့ ဆေးပင်အမယ်များစွာ လိုသည်။ သူ့အတွက် ထိုကုန်ကြမ်းအမယ်များကို စုဆောင်းနေဖို့ အချိန်မရှိပေ။ သို့အတွက် သူသည် ဆေးပင်များနှင့်သာ တိုက်ရိုက် လဲလှယ်ကြည့်တော့မည်။
သို့သော် ဂိုဏ်းအတွင်း၌ သံသယမဝင်လာအောင် ဟန်လိက သည်ဆေးပင်များကို ဂိုဏ်းပြင်ပရှိ ကျင့်ကြံသူများကိုသာ ရောင်းချရန် ဆုံးဖြတ်ထား၏။
ထိုသို့ စိတ်ထဲကနေ အစီအစဉ်ချပြီးသည်နှင့် ဟန်လိက အလုပ်စသည်။
အရင်ဆုံး သူက ဝူဖန်ထံ သွားလည်ကာ လက်တွေ့အကျဆုံး မှော်ပညာရပ်ဖြစ်သည့် ချီထိန်းချုပ်ခြင်းပညာရပ်ကို သင်ယူသည်။ ၎င်းမှာ ကောင်းကင်မျက်လုံး ပညာရပ်ကို ခုခံနိုင်သော စဦးအလယ်အဆင့် မှော်မန္တာန်တခုပင်။ ထိုပညာရပ်ကို ဦးစွာ အသုံးပြုထားသ၍ တဖက်သူများက သူ၏ ချီစုဆောင်းခြင်းကျင့်ကြံမှုအဆင့်ကို သိနိုင်မည် မဟုတ်ပေ။ ၎င်း၏ ရည်ရွယ်ချက်မှာ လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားနိုင်ဖို့အတွက်ပင်။
ထိုမှော်ပညာရပ်က အခြေခံတည်ဆောက်ခြင်းနှင့် အထက်အဆင့် ကျွမ်းကျင်သူများ၏ အမြင်အာရုံကိုတော့ ကွယ်ဖုံးပေးနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်သည့်အခါတွင်တော့ အသုံးတည့်၏။ ၎င်းမှာ ကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ထက် များစွာ လက်တွေ့ ပိုကျသည်။
သို့သော် ဟန်လိက တိုက်ခိုက်ခြင်း၊ သို့မဟုတ် အကာအကွယ် အမျိုးအစား မှော်ပညာရပ်များကို မရွေးချယ်ရသည့် အကြောင်းရင်းမှာ သူ၏ကိုယ်တိုင် လက်တွေ့တိုက်ပွဲအတွေ့အကြုံကြောင့်ပင်။
တခြားကျင့်ကြံသူများနှင့်သူ အနီးကပ် တိုက်ခိုက်ခဲ့ချိန်က ကျင့်ကြံသူများကြား တိုက်ပွဲ၌ အလယ်အဆင့် မှော်ပညာရပ်များ၏ မန္တာန်ကို အလုံးစုံ ထုတ်ဖော်ဖို့ အခွင့်အရေး နည်းလွန်းကြောင်း သိခဲ့သည်။ မှော်ပစ္စည်းများနှင့် အဆင့်နိမ့် မှော်ပညာရပ်များကို အချိန်တိုအတွင်း အချိန်မှန်၊ အချိန်မီ ထုတ်နိုင်ဖို့ အခွင့်အရေးမှာ ပို၍ပင် နည်းပါးသေးသည်။
အဆောင်ဖြင့် တိုက်ခိုက်သော နည်းလမ်းများကသာ ခုခံခြင်း၊ တိုက်ခိုက်ခြင်း၌ အမြန်ဆုံး ဖြစ်၏။ သို့ဖြစ်၍ တိုက်ပွဲအတွင်း၌ အလယ်အဆင့် မှော်ပညာများ သို့မဟုတ် အထက်အဆင့် မှော်ပညာရပ်များကို အသုံးပြုခြင်းထက် အဆောင်များကို အသုံးပြု တိုက်ခိုက်ခြင်းက သာ၍ လက်တွေ့ပိုကျသည်။ အကယ်၍ မှော်ပညာရပ်တခုကို ထုတ်ဖော်ဖို့ အချိန်ရအောင် ကူတိုက်ခိုက်ပေးသော အဖော် ရှိလျှင်တော့ သည်သဘောမှာ မမှန်တော့ပေ။
ဟန်လိသည် ချီထိန်းချုပ်ခြင်း ပညာရပ်၏ မန္တာန်စာသားများကို သိရှိခဲ့ချိန်တည်းက သူသည် ဝူဖန်ကို ဒီပညာရပ်၏ ကျင့်ကြံပုံအသေးစိတ်အား မေးမြန်းခဲ့၏။ ထို့နောက် စိတ်ရောကိုယ်ပါ စိတ်နှစ်ကာ ဒီပညာရပ်ကို စတင်လေ့ကျင့်သည်။ သို့ပေမည့် စဦးအလယ်အဆင့် မှော်ပညာတစ်ရပ် ဖြစ်သည့် ဒီချီထိန်းချုပ်ခြင်းပညာရပ်သည် သူ အရင်က သင်ယူခဲ့သော နန်းတွင်းပျံသန်းခြင်း၊ ကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်များနှင့် လုံးဝ ကွာခြားသည်။ ၎င်းကို ကျင့်ကြံရသည်မှာ အလွန်ခက်ခဲသည်။ တနှစ်အတွင်း ၎င်းပညာရပ်ကို လုံးလုံး ကျွမ်းကျင်ဖို့မှာ ဟန်လိအတွက်တော့ ပမွှားစိန်ခေါ်မှု မဟုတ်လေပေ။
ထိုသို့ဖြင့် ဟန်လိမှာ နေ့အချိန်၌ ချီထိန်းချုပ်ခြင်း ပညာရပ်ကို ကျင့်ကြံသည်. ညပိုင်းတွင် အစိမ်းရောင်အရည်ကို စုဆောင်းကာ စိတ်ဝိညာဉ်အပင်များ စိုက်ပျိုးခြင်း၌ အာရုံစိုက်သည်။ ထို့အပြင် အကြီးအကဲမာက သည်ဆေးပင်များကို သတိပြုမိသွားခြင်းရန်ကနေ ရှောင်ဖို့အတွက်လည်း သူ ဆေးပင်အမယ်များ လာယူမည့် အချိန်နှင့် စပ်ကြားကာလတွင်သာ စိုက်ပျိုးရ၏။ သူက သည်ဆေးပင်များကို ဥယျာဉ်၏ ချောင်အကျဆုံး နေရာတွင်လည်း စိုက်ပျိုးထား၏။ တကယ်တော့ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဆေးပင်များ၏ ရနံ့မှာ အတော်လေး သိသာသည် မဟုတ်လား။
သို့သော် အကြီးအကဲမာသည် ဆေးပင်များကို အချိန်မှန်မှန် လာယူတတ်တာ ကံကောင်း၏။ သူက နောက်လည်း မနောက်ကျသလို၊ စောလည်း မစောပေ။ လာပြီးလျှင်လည်း ခပ်သုတ်သုတ် ပြန်ထွက်သွားတတ်သည်။ သူက အတော်လေး အလုပ်ရှုပ်နေပုံ ရ၏။ ဟန်လိက ထိုအကြီးအကဲ ဘာတွေ အလုပ်ရှုပ်နေလဲကိုတော့ မသိပေ။
သူက စိတ်လည်း မဝင်စားပါ။ သူ့အတွက်တော့ အကြီးအကဲမာ အလုပ်ရှုပ်နေသည်က အကောင်းဆုံး မဟုတ်လား။ ရှောင်တခင် ဥယျာဉ်ထံ သူ ရောက်လာနိုင်ချေ မရှိခြင်းက ဟန်လိကို ဆေးပင်တွေ ပိုများများ စိုက်ပျိုးနိုင်စေသည်။
ဟန်လိက ချီထိန်းချုပ်ခြင်းပညာရပ်၏ စဦးပိုင်းကို ဖမ်းဆုပ်မိချိန်၌ လေးလတာ ကုန်လွန်သွားခဲ့ပေပြီ။
သူက နှစ်နှစ်ထောင် သက်တမ်းရင့် စိတ်ဝိညာဉ်ရင်းမြစ်များကိုလည်း တဖြည်းဖြည်း စိုက်ပျိုးလာခဲ့သည်။ ခုလက်ရှိ ကျင့်ကြံခြင်းလောက၌ နှစ်တစ်ရာနှင့်အထက် ဆေးပင်အမယ်များကို ရှာတွေ့ဖို့ ခက်ခဲ၏။ သို့ဖြစ်၍ ဟန်လိ၏ သက်တမ်းရင့် ဆေးပင်များမှာ ဈေးမြို့တွင် အံ့အားတသင့် ဖြစ်ကုန်မှာ သေချာသလောက်ရှိ၏။
ဟန်လိက ဂိုဏ်းကနေ ထွက်ခွာခွင့် အမိန့်ကို အခွင့်အရေးတစ်ရာခန်းမ၏ ဂုဏ်ထူးဆောင်တပည့်ယုထံမှ ယူထားခဲ့သည်။
အဝါရောင်မေပယ်တောင်ကြား၏ တပည့်များသည် တစ်နှစ်တွင် တကြိမ် အပြင်ထွက်ခွင့် ရှိကြ၏။ သို့သော် ကျင့်ကြံသူများက ထိုအပြင်ထွက်ခွင့် ကြုံရချိန်၌ သွားတာလာတာ သိပ်မရှိကြပေ။ သည်အပြင်ထွက်ခွင့်ကို ရယူသူများသည် အနည်းငယ်သာ ရှိသည်။
ဟန်လိသည် ဂိုဏ်း၏ တောင်များထံမှ အတားအဆီးအစီအရင်ကနေ ပျံသန်းလာပီးနောက် အရှေ့မြောက်အရပ်ထံ ဦးတည်၏။ ထိုအရပ်တွင် ဈေးမြို့ ရှိနေသည်။
အဝါရောင်မေပယ်တောင်ကြား၏ ဈေးမြို့မှာ အတော်အတန် အမည်ကျော်၏။ တခြားဂိုဏ်းများမှ ဈေးမြို့များထက် ပို၍ သာလွန်ပေသည်။ အကြောင်းမှာ ကျင်းစီရင်စု၏ ထိုက်ယွဲ့တောင်တန်းမှာ ယွမ်ဝူဒေသ၏ မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း နီးကပ်ကာ ယွဲ့ဒေသမှ ကျင့်ကြံခြင်းလောကနှင့် ယွမ်ဝူဒေသမှ ကျင့်ကြံခြင်းလောကတို့မှာလည်း ရန်လိုသော ဆက်ဆံရေး မရှိကြပေ။ သို့ဖြစ်၍ ယွမ်ဝူဒေသမှ ကျင့်ကြံသူများသည် အဝါရောင်မေပယ်တောင်ကြား၏ ဈေးမြို့သို့ လာရောက် ရောင်းဝယ်ဖောက်ကားကြသည်။ သူတို့က ယွဲ့ဒေသတွင် တွေ့ရသိပ်မရှိသော ပစ္စည်းများစွာကို ယူယူလာတတ်၏။ သို့ဖြစ်၍ လေလွင့်ကျင့်ကြံသူအချို့နှင့် ကျင့်ကြံခြင်းဂိုဏ်းများမှာ သည်မြို့ကို စိတ်ဝင်တစား ရှိနေတာ အံ့အားသင့်စရာ မရှိတော့ပါ။
ဈေးမြို့သည် ထိုက်ယွမ်တောင်တန်း၏ အရှေ့မြောက်ဘက်၌ တည်ရှိ၏။ ဟန်လိသည် နေ့တဝက်ကျော် ပျံသန်းလာခဲ့ပြီးမှ သည်မြို့သို့ ရောက်လာခဲ့သည်။
သူက မြို့အနီးအနား ရောက်လာချိန်တွင် အလျင်စလို မြို့ထဲ တန်းမဝင်။ ထိုအစား သူ့ဝတ်စုံကို မီးခိုးရောင်အပေါ်ထပ်အင်္ကျီဖြင့် ပြောင်း၍ ဝတ်သည်။ သူ့ကို အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ယောက်အဖြစ် သိစေနိုင်မည့် သူ့ခန္ဓာကိုယ်ပေါ်မှ အမှတ်သင်္ကေတအားလုံးကို ကွယ်ဖုံးသည်။ ထိုသို့ ပြုလုပ်ပြီးနောက် သူသည် သူလိုငါလို ကျင့်ကြံသူတစ်ယောက်၏ ရုပ်အသွင် ထွက်လာသည်။ ထို့နောက်တွင် သူက မြို့ထဲသို့ လှမ်းဝင်လာခဲ့သည်။
ကျင့်ကြံခြင်းလောက၏ စည်းမျဉ်းကြောင့် သည်မြို့၏ ငါးလီအကွာအဝေးအတွင်း ပျံသန်းခြင်းကို ခွင့်မပြုထားပေ။ သို့ဖြစ်၍ ဟန်လိမှာ တခြား ကျင့်ကြံသူ ခရီးသည်များနှင့်အတူ ခြေကျင် လျှောက်လာခဲ့၏။ ထိုခရီးသွားများကြား၌ တမူထူးသော ဝတ်စုံများဖြင့် လူများလည်း ပါရှိသည်။ ထိုသူများမှာ ယွမ်ဝူဒေသမှ ကျင့်ကြံသူများ ဖြစ်လိမ့်မည်ဟု သူ ထင်သည်။ ကြည့်ရတာ ဒီဈေးမြို့က အတော်လေး စည်ကားပုံ ရလိမ့်မည်။
ဟန်လိသည် စဉ်းစားရင်း လမ်းလျှောက်လာခဲ့ကာ နောက်ဆုံး၌ သည်ဈေးမြို့ ဝင်ပေါက်သို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့ပေပြီ။