ရတနာတစ်သောင်းဆိုင်
Vol. 12 Ch. 162
အဝါရောင်မေပယ်တောင်ကြား၏ ဒီဈေးမြို့က ဟန်လိ၏ မွေးရပ်မြေက နွားစိမ်းမြို့နှင့် အတော်လေး တူ၏။ ဈေလမ်းမှာ မြောက်ကနေ တောင်ထိ သွယ်တန်း တည်ရှိသည်။ တောင်ပိုင်း၌ အရွယ်အစားမျိုးစုံ အိမ်များ ဒါဇင်ချင် ရှိသည်။ တချို့အိမ်များက မြင့်၏။ တချို့က နိမ့်၏။ တချို့က အဆောက်အဦများဖြင့် ခိုင်ခိုင်မာမာ၊ တချို့ကတော့ တဲသာသာ။
ယင်းတို့မှာ အဝါရောင်မေပယ်တောင်ကြား၏ အပိုင်များ ဖြစ်ကြ၏။ သို့သော် အဝါရောင်မေပယ်တောင်ကြား၏ တပည့်များ ကိုယ်တိုင် စီမံသော ဆိုင်ခန်းများကမူ နည်းပါးသည်။ တဝက်ကျော်ကျော်က ကျင့်ကြံခြင်းမိသားစုများ၊ သည်ကို မကြာခဏ အရောင်းအဝယ် လာလုပ်သော လေလွင့်ကျင့်ကြံသူများ၏ ဆိုင်ခန်းများ ဖြစ်ကြ၏။ အဆောက်အဦအများစုက ကုန်ကြမ်းများ၊ အဆောင်များနှင့် မှော်ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်ကြသည်။ စဦးအဆင့် မှော်ပညာရပ်များကို အထူးပြု ရောင်းချသော ဓာတ်ငါးပါး ဆိုင်များလည်း ရှိကြ၏။ မြို့ကို ရောက်လာသည့် ခရီးသွားများအတွက် နားနေဖို့ တည်းခိုဆောင်များ၊ စားသောက်ဖို့ စားသောက်ဆိုင်လည်း ရှိသည်။
မြို့ထဲ၌ အဆင့်နိမ့်တပည့်များအပြင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူများလည်း ပုံမှန်နေထိုင်ကြသည်။ သည်ကျွမ်းကျင်သူများက မြို့ထဲ၌ လူအများ ပြဿနာ ရှာမရအောင် မြို့ကို တည်တည်ငြိမ်ငြိမ် ရှိစေအောင် ရှိနေကြခြင်းပင်။
လမ်းမြောက်ပိုင်း၏ နေရာအများစုတွင်မူ ဆိုင်ခန်းများ မရှိကြပေ။ ထိုနေရာတွင် ခဏတဖြုတ် ရောင်းချချင်၍ ဆိုင်ခန်း ဖွင့်လိုသော သူစိမ်းကျင့်ကြံသူများသည် အဝါရောင်မေပယ်တောင်ကြား၏ တပည့်များကို စိတ်ဝိညာဉ်ကျောက်တုံးများ အဖိုးအခ အဖြစ် ပေးရသည်။ ထိုအခါ ထိုသူများသည် ဒီဆိုင်ခန်းကင်းရှင်းနေသော လမ်းမတွင် တနေ့လုံး အနှောက်အယှက် ကင်းကင်း အရောင်းအဝယ် လုပ်နိုင်မည်။ ထိုအချိန်အတွင်း သူတို့သည် အဝါရောင်မေပယ်တောင်ကြား၏ တပည့်များထံမှ အကာအကွယ်ပေးမှုကိုပါ ရလိမ့်မည် ဖြစ်၏။ သို့အတွက် လက်စားချေရန် ရောက်လာမည့် အရင်က ရန်သူများကိုလည်း ကြောက်နေဖို့ မလိုတော့ပေ။
သို့ဖြစ်၍ ဒီနေရာကို ရောက်လာကာ စီးပွားရေး လာလုပ်သော အပြင်ဘက်မှ သူစိမ်းကျင့်ကြံသူများသည် ပိုပိုများလာခဲ့၏။ ထို့ကြောင့် အဝါရောင်မေပယ်တောင်ကြား၏ ဒီဈေးမြို့သည် အမည်ကျော်၍ စည်စည်ကားကား ရှိခဲ့တာ နှစ်ပေါင်းများစွာ ရှိလေပြီ။ တခါတရံ ဒီဈေးမြို့တွင် ရှားပါးပစ္စည်းအမယ်များပင် ထွက်ပေါ်လာတတ်သေး၏။ ထိုအခါ ကျင့်ကြံသူများကို ပို၍ စိတ်ဝင်တစား ရှိလာစေသည်။
သို့သော် ဟန်လိက သံသယဝင်ခံရမည့် အရေးကို ရှောင်ချင်၍ သူသည် လူစည်ကားသော၊ အဆောက်အဦများ ရှိသည့် လမ်းတောင်ဘက်ကနေ ဝင်မလာခဲ့ပေ။ ထိုအစား သူက မြို့ကို ပတ်၍ သွားကာ မြောက်ပိုင်းကနေ ဝင်လာသည်။ သူ လမ်းထဲ မဝင်လာခင် သူ့မျက်နှာကို အပြာရောင်မျက်နှာဖုံး တပ်ထားလိုက်သေး၏။
အခုကား နေ့လယ်နေ့ခင်း အချိန်တည်း။ မြို့၏ လမ်းပေါ်တွင် လူတွေ များများစားစား ရှိမနေပေ။ ဤသည်မှာ ပုံမှန်ပင်။ တကယ်တော့ ဒီဈေးမြို့က သေမျိုးလောကမှ ဈေးတချို့ကဲ့သို့ မဟုတ်၊ တနေ့လုံး ဆူညံ့နေမှာ မဟုတ်ပေ။ သည်ကို ရောက်လာနိုင်သူများသည် ကျင့်ကြံသူများသာ မဟုတ်လား။ ကျင့်ကြံသူများဟူသည် သာမန်လူတစ်သောင်းတွင် တစ်ယောက်သာ ရှာတွေ့နိုင်ချေ ရှိသည် မဟုတ်လား။ သို့ဖြစ်၍ ဒီဈေးမြို့၌ ခုလောက်လူများ ရှိနေခြင်းသည်ပင် အတော်အတန် များလှပြီဟု ဆိုနိုင်ပေသည်။
ဟန်လိသည် လမ်းဘေးနှစ်ဖက်ရှိ ဆိုင်ငယ်လေးများထံ လျှောက်လာသည်။ သူက ဆိုင်ခန်းကြီးများထံ မသွားခင် ဒီဆိုင်လေးများ၌ သူ့အတွက် လိုအပ်သောအရာများကို အရင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ယင်းသို့ လှည့်ပတ်ကြည့်ရှုပြီးနောက် ဟန်လိမှာ စိတ်ပျက်သွားသည်။ ဒီဆိုင်ခန်းလေးများတွင် ရှိနေသော မှော်ပစ္စည်းများ၊အဆောင်များက သူ့အတွက် လုံးလုံး အသုံးမတည့်ပေ။ သင့်တင့်သလို ရှိသော ပစ္စည်းအမယ်နှစ်ခုသုံးခုကိုသာ တွေ့ရ၏။ ယင်းနှစ်ခုသုံးခုကို ဝယ်ခြင်းမှာ ငွေဖြုန်းရာ ကျပေမည်။ သို့ဖြစ်၍ သူသည် အချိန်ထပ် အကုန်မခံတော့ပေ။ ဆိုင်ခန်းကြီးများထံ သူ ခြေလှမ်းပြင်တော့သည်။
“ခုနစ်ထွေအခွင့်အရေးအရောင်းခန်းမ…”
“လေလမ်းညွှန်လေ့လာခြင်း…”
“ကောင်းကင်လက်မှုပစ္စည်းဆိုင်…”
သည်တကြိမ်၌ ဟန်လိက တွေ့ကရာဆိုင်များကို ဝင်မရှာတော့ပေ။ သူက လမ်းအတိုင်း ဖြည်းဖြည်းမှန်မှန် ဆက်လျှောက်လာသည်။ သူသည် ဆိုင်ခန်းတခုချင်းစီ၏ အမည်၊ အရွယ်အစား၊ ပုံစံတို့ကို သိအောင်လုပ်ပြီး ကျင့်ကြံသူများ ဝင်ချည်ထွက်ချည်များသော အကြီးဆုံးဆိုင်ခန်းထဲ ဝင်ကြည့်ရန် ဆုံးဖြတ်သည်။ ထိုဆိုင်ခန်း၏ အမည်မှာ ရတနာတစ်သောင်းဆိုင်ခန်းပင်။ သူက ၎င်းအထဲသို့ ဝင်လာ၏။
ဆိုင်၏ အမည်ကို ကြားရုံဖြင့် လူတစ်ယောက် ဒီဆိုင်၏ ပိုင်ရှင်မှာ သူ၏ ပစ္စည်းများအပေါ် ယုံကြည်မှုရှိတာကို တန်းသိနိုင်လောက်သည်။ သို့ဖြစ်၍ ဟန်လိက ဒီနေရာ၌ ရှားပါးရတနာအချို့ကို တွေ့ရဖို့ မျှော်လင့်ထား၏။
ဟန်လိသည် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
ဆိုင်ထဲ၌ လူဒါဇင်ချီ အေးအေးဆေးဆေး နေ၍ရအောင် ကျယ်ကျယ်ဝန်းဝန်းရှိသည်။ လူကြပ်သိပ်သည်ဟူသော ခံစားချက်မျိုးကို မရပေ။ သည်ဆိုင်ထဲ၌ အဖိုးတန်သစ်သားနှင့် ထွင်းထုထားသော စားပွဲရှည်ကြီး တခုရှိ၏။ အပြာရောင်ဝတ်စုံဖြင့် အစေခံ ခုနစ်ယောက်၊ရှစ်ယောက်လည်း ရှိနေသည်။
ဆိုင်အတွင်း၌ အပြာရောင်ဝတ်စုံနှင့် အစေခံနှစ်ယောက်က ဖောက်သည်ကျင့်ကြံသူများကို ပစ္စည်းအချို့အကြောင်း ရှင်းပြနေသည်။
အထဲ၌ ပစ္စည်းအမယ် များစွာ ရှိနေသည်။ အဆင့်နိမ့်ဆုံး ကုန်ကြမ်းအမယ် ပစ္စည်းများကနေသည် တွေ့ရမြင်ရများသော အဆောင်များ၊ မှော်ပစ္စည်းများကို ထားရှိထား၏။ ဟန်လိက ပြုံးမိသည်။ သူ ဆိုင်ရွေးတာ မှန်သွားခဲ့ပေပြီ။
ဤအခိုက်တွင် အပြာရောင်ဝတ်စုံဖြင့် အစေခံတစ်ယောက်က ပြုံး၍ လှမ်းပြောလာ၏။ “ဂုဏ်သရေရှိ ဧည့်သည်တော်ခင်ဗျ…ဘာများ ရှာပါသလဲ။ ကျနော် တခုခု ရှင်းပြပေးရမလား။ ဒီဆိုင်ရဲ့ ပစ္စည်းတွေက လူကြီးမင်း လိုအပ်ချက်အားလုံးကို အဆင်ပြေ ကျေနပ်စေမှာ သေချာပါတယ်…”
“ကျုပ် မှော်ပစ္စည်းနဲ့ အဆောင်တွေကို လာရှာတာပဲ။ ဒါပေမဲ့ အကောင်းဆုံးကိုပဲ လိုချင်တယ်။ ပရောပါရား ပစ္စည်းတွေဆိုရင် ကျုပ်ကို မပြပါနဲ့…”
ဟန်လိက ထိုသို့ ဆိုသည်။
ထိုအစေခံသည် ဟန်လိ၏ စကားကြောင့် နည်းနည်း မင်သက်သွား၏။ သို့သော် သူက ဂရုတစိုက်ဖြင့် လှမ်းကြည့်ကာ ဟန်လိ၏ အပြုအမူဟန်ပန်ကို အကဲခတ်သည်။ သည်လူက နောက်နေသည့်ပုံ မပေါ်တာကို မြင်သည့်အခါ ထိုအစေခံ၏ မျက်နှာထက်ရှိ အပြုံးက ပိုပီပြင်လာ၏။ ထိုအစေခံက ဟန်လိကို အချိကြီး လာဝယ်သူမှန်း သိလိုက်သည်။ ထို့ကြောင့် သူက ဟန်လိကို အလျင်အမြန် ဖိတ်ခေါ်ကာ ဒုယထပ်ရှိ အထူးခန်းထံ ကိုယ်တိုင် ခေါ်လာပေးသည်။
အပေါ်ထပ်ရှိ ပရိဘောဂအဆောင်အယောင်များက အောက်ထပ်နှင့် ကွာခြားသည်။ ဒုတိယထပ်က ပို၍ သေးငယ်သည်။ ထားရှိသော ပရိဘောဂတချို့မှာလည်း တမူထူးကာ ကြည့်ကောင်း၏။ သက်တောင့်သက်သာဖြစ်မှု၊ စိတလက်ပေါ့ပါးမှုကို သည်အခန်းလေးက ပေးစွမ်းနိုင်သည်။ ပို၍ အံ့အားသင့်ဖို့ ကောင်းသည်မှာ အခန်းထောင့်၌ တန်ဖိုးကြီး အမွှေးတိုင်တတိုင်ကို ထွန်းထားခြင်းပင်။ သို့ဖြစ်၍ ဒီဒုတိယထပ်၌ စန္ဒကူးနံ့ ခပ်ပါးပါး သင်းပျံ့နေ၏။
အခန်းထဲ၌ စာအုပ်တအုပ်ကိုင်ကာ ရပ်နေသော သက်လတ်ပိုင်းလူတစ်ယောက် ရှိနေ၏။ သူက စာပါအခြင်းအရာများကို ကျယ်ကျယလောင်လောင် အသံထွက်ကာ ဖတ်နေသည်။ သူသည် လုံးဝ သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်နေ၏။ မှော်စွမ်းအား လုံးလုံး မပိုင်ဆိုင်ထားပုံ ရသည်။ ဟန်လိမှာ မင်သက်မိသွားသည်။
ဒီနေရာမှာ အရောင်းအဝယ်လုပ်သော နေရာတခုနှင့် မတူနေပေ။ လူချမ်းသာ တစ်ယောက်၏ အိမ်အခန်းနှင့် ပိုတူနေ၏။ စာဖတ်နေသော လူက ဟန်လိ ဝင်လာသည်ကို မြင်သည့်အခါ သူ့ဖတ်လက်စစာအုပ်ကို တည်တည်ငြိမ်ငြိမ် ပိတ်၏။ ဟန်လိကို ခေါ်လာပေးသော အပြာရောင်ဝတ်စုံနှင့်အစေခံက သည်သက်လတ်ပိုင်းလူထံ ခပ်သွက်သွက် လှမ်းလာပြီး နားနားကပ်၍ တီးတိုးစကားအချို့ ပြောလိုက်သည်။
နားထောင်ပြီးနောက် သက်လတ်ပိုင်းလူက ပြုံး၍ ပြောလိုက်၏။
“ကျုပ်က ရတနာတစ်သောင်းဆိုင်ခန်းရဲ့ ပိုင်ရှင်၊ ထျန်ပုလီပါ။ ကျုပ်အနေနဲ့ မိတ်ဆွေကို ဘယ်လို ခေါ်ရမလဲ…”
“လီဖေးယွီ…” ဟန်လိက သူ့အမည်ရင်းကို မပြော၊ ထိုအစား သူ့သူငယ်ချင်းကောင်း၏ အမည်ကို အစားထိုး၍ ပြောလိုက်၏။
“အစ်ကိုလီ…ကျေးဇူးပြုပြီး ထိုင်ပါအုံး…”
သက်လတ်ပိုင်းလူက ဟန်လိကို ထိုင်ခိုင်း၏။ ထို့နောက် သူက အစေခံကို အမိန့်ပေးလိုက်သည်။ “ကဲ ကျုပ်တို့ရဲ့ အကောင်းဆုံး ကျောက်စိမ်းတိမ်လဘ္ဘက်ရည်အိုး တအိုး သွားယူလာခဲ့ချေ…”
ဟန်လိ ထိုင်ချပြီးနောက် သက်လတ်ပိုင်းလူက ယဉ်ယဉ်ကျေးကျေးစမေးသည်။ “အစ်ကိုလီ ဒီဆိုင်ကို ခုမှ ပထမဆုံး ရောက်ဖူးတာ ဟုတ်တယ်မလား…”
“ဟားဟား…ဆိုင်ရှင်ထျန်က တကယ်ပဲ လေ့လာအား ကောင်းပါတယ်။ အမှန်ပါပဲ။ ကျုပ်က ခုမှ ဒီဆိုင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာပါ…”
ဟန်လိသည် သူ၏အသံကို ပြောင်းကာ ပြော၏။ သူ့အသက်က လေးလေးပင်ပင်နှင့် လူကြမ်းတစ်ယောက်၏ အသံမျိုး ဖြစ်နေသည်။
“ဆိုင်ကို ခုမှ ပထမဆုံး ရောက်ဖူးလည်း ကိစ္စမရှိပါဘူး။ မိတ်ဆွေက ကျုပ်တို့ဆိုင်ကို လာချင်စိတ်ရှိတာနဲ့ပဲ ဆိုင်အတွက် ဂုဏ်ယူရပါပြီ….။ ဒီဆိုင်က ညီအစ်ကိုကို ကျိန်းသေပေါက် စိတ်ကျေနပ်မှု ပေးနိုင်မှာပါ…” ဆိုင်ရှင်ထျန်က ယုံကြည်မှုရှိရှိ ပြောလိုက်၏။
“ကျုပ် တခြား ဆိုင်တွေကို သွားပြီး အချိန်ထပ်မဖြုန်းချင်တော့ဘူး။ ဒီဆိုင်မှာပဲ ကျုပ် လိုအပ်တဲ့ ပစ္စည်းအမယ်တွေကို ရှာတွေ့ချင်တယ်။ ဒီဆိုင်ရဲ့ ပစ္စည်းတွေက တကယ်ပဲ စုံလင်ကောင်းမွန်ဖို့ ကျုပ် မျှော်လင့်ပါတယ်…” ဟန်လိက ထိုသို့ ပြောလိုက်၏။
“ဟားဟား…ဒီအချက်နဲ့ ပတ်သတ်လို့ အစ်ကိုလီ စိတ်ချနေပါ။ ကျုပ်တို့ဆိုင်က ဒီလမ်းရဲ့ အကောင်းဆုံး ဆိုင်တွေထဲက တစ်ခုပဲ။ ဒီဆိုင်က အစ်ကိုလီကို ကျေနပ်မှု မရှိစေရင် အစ်ကိုအနေနဲ့ တခြားဆိုင်တွေကို သွားကြည့်ဖို့တောင် လိုမှာ မဟုတ်တော့ပါဘူး…”
ဆိုင်ရှင်က ယုံကြည်မှုရှိရှိဖြင့် ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။
ထိုအခိုက်တွင် အစေခံတစ်ယောက်က လဘ္ဘက်ရည်အိုး ယူကာ အပေါ်သို့ တက်လာ၏။ လဘ္ဘက်ရည်၏ လတ်ဆတ်သော ရနံ့က ထိုအစေခံ ရောက်မလာခင်မှာပင် ဟန်လိတို့ထံ အရင် လာရိုက်ခတ်၏။
ဆိုင်ရှင်က ထိုအစေခံမလေး လဘ္ဘက်ရည် တည်ခင်းပေးနေသည်ကို စောင့်နေပြီးနောက် သူ အရင် တငုံ မြည်းကြည့်၏။ ပြုံး၍ သူက ပြောလိုက်သည်။ “ဒါက ကျုပ်တို့ဆိုင်မှာပဲ ပြုလုပ်ထားတဲ့ အထူးလဘ္ဘက်ရည်ပါ။ တခြားနေရာတွေမှာ ရခဲတယ်။ ဒီကောင်ရဲ့ အနံ့က လတ်ဆတ်တဲ့အပြင် သောက်လိုက်တာနဲ့ အားအင် ပြည့်ဖြိုးစေတယ်။ အစ်ကိုလီ မြည်းစမ်း ကြည့်ပါအုံး…”
ဟန်လိက သူ့ရှေ့ရှိ မွှေးရနံ့သင်းနေသော လဘ္ဘက်ရည်ကို ကြည့်၏။ သူက ခေါင်းယမ်းကာ အနည်းငယ် စိတ်မရှည်သောလေသံဖြင့် ပြောလိုက်သည်။
“ဆိုင်ရှင်ထျန်…ကျုပ်တို့ နောက်မှပဲ လဘ္ဘက်ရည် သောက်ကြတာပေါ့။ အရင်ဆုံး အလုပ်ကိစ္စလေး စရအောင်…”
“အစ်ကိုလီက အတော်လေး စိတ်မရှည်တတ်တဲ့ သူမျိုး ဖြစ်နေလိမ့်မယ်လို့ ကျုပ် မထားထားမိခဲ့ဘူး။ သိပ်ကောင်းတယ်။ ခဏ စောင့်ပါ။ ကျုပ် ခုချက်ခြင်း ပြန်လာခဲ့ပါ့မယ်…”
ဆိုင်ရှင်က ပြောပြောဆိုဆိုဖြင့် ထရပ်၏။ သူက ဟန်လိကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ အပေါ်ထပ်၌ ဟန်လိ တစ်ယောက်သာ ကျန်ခဲ့သည်။
နောက်ထပ် ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ဆိုင်ရှန်ထျန် ပြန်ရောက်လာသည်။ သို့သော် သည်တကြိမ်၌ သူ့နှင့်အတူ အရွယ်အစားမတူသော သေတ္တာအချို့ပါလာ၏။
ဆိုင်ရှင်ထျန်က ထိုသေတ္တာများကို ပုတ်ကာ ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။ “အစ်ကိုလီက အကောင်းဆုံး မှော်ပစ္စည်းနဲ့အဆောင်တွေကို လိုချင်တယ်လို့ အောက်ထပ်က အစေခံ ပြောပြတာ ကျုပ် ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် အစ်ကိုလီကို ပြဖို့ ကျုပ်လည်း ပစ္စည်းသိုလှောင်ခန်းကို သွားပြီး ကျုပ် စုဆောင်းထားတာ ကြာပြီဖြစ်တဲ့ ပစ္စည်းကောင်းအချို့ကို ယူလာခဲ့တာပါ။ အစ်ကိုလီ ဒီပစ္စည်းတွေကို တွေ့ရရင် နှစ်သက်လိမ့်မယ်လို့ ကျုပ် မျှော်လင့်မိပါတယ်…”
ဟန်လိမှာ ထိုသည်ကို ကြားသည့်အခါ မျက်လုံး ပြူးသွား၏။ သူသည် ထိုသေတ္တာများနှင့် ပတ်သတ်၍လည်း သိချင်စိတ် ဖြစ်မိသည်။
ဆိုင်ရှင်ထျန်က သည်သေတ္တာများကို စားပွဲပေါ် တင်၏။ သူ တွေ့ရဖို့ တခုချင်း ဖွင့်ပြသည်။ သို့သော် ဟန်လိက သေတ္တာများ ဖွင့်သည်နှင့် သူ့ထက် အားကောင်းလှသော မှော်စွမ်းအားဖိအားနှစ်ခုက မည်သည့်နေရာကနေ ထွက်ပေါ်လာမှန်းမသိရဘဲ သူ့ကို လှုပ်၍ မရအောင် ချုပ်နှောင်လေ၏။
ဟန်လိမှာ စစချင်း အံ့အားသင့်သွားသည်။ သို့သော် သူက ဤသည်မှာ ဒီရတနာတစ်သောင်းဆိုင်၏ လုံခြုံရေးအတွက် အစီအမံ ဖြစ်သည်ကို သဘောပေါက်သွားသည်။ ထို့နောက်တွင် သူက စိတ်အေးသွားမိ၏။ ရတနာတစ်သောင်းဆိုင်၏ စွမ်းရည်ကိုလည်း သူက ကောင်းကောင်း နားလည်သွားသည်။