ရတနာအဆောင်၏ လျှို့ဝှက်ချက်
Vol. 12 Ch. 164
“အကြီးအကဲတင်း…ကျနော့်ကို ဒီပစ္စည်းလေး ကြည့်ပေးနိုင်မလား။ ဂျူနီယာက ဒီဆေးပင်ဟာ သက်တမ်းတစ်ထောင် ရှိတယ်လို့ ခံစားမိပေမဲ့ လုံးလုံး မသေချာလို့ပါ။ အကြီးအကဲတင်းက ဒီဆေးပင်ရဲ့ သက်တမ်းကို သတ်မှတ်ပေးနိုင်ဖို့ ကျုပ် မျှော်လင့်မိပါတယ်…”
ဆိုင်ရှင်ထျန်က နှိမ့်ချသောလေသံဖြင့် တောင်းဆိုကာ သစ်သားသေတ္တာကို ကမ်းပေးလိုက်သည်။
“နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်လား…”
အကြီးအကဲတင်းသည် ထိုစကားကို ကြားသည့်အခါ ယုံကြည်ရန် ခက်ခဲနေ၏။ သို့သော် သူက သေတ္တာကို လှမ်းကြည့်လိုက်တုန်းပင်။
“အကြီးအကဲ။ ကျေးဇူးပြုပြီး သေချာ ကြည့်ပေးပါအုံး။ ဒါက တကယ်ပဲ နှစ်တစ်ထောင်သက်တမ်း ရှိတဲ့ အဝါရောင်အနှစ်သာရမှို ဟုတ်ပါသလား…”
ဆိုင်ရှင်ထျန်က စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ထပ်မေးသည်။
အကြီးအကဲက မတုန့်ပြန်ပေ။ သူ့မျက်လုံးမှာ ကျဉ်းမြောင်းနေလျက် အာရုံစူးစိုက်နေ၏။ သူက သေတ္တာကို သူ့နှာခေါင်းအောက်နားသို့ပင် တေ့ကာ အကြိမ်အနည်းငယ် အနံ့ခံကြည့်သေးသည်။
ဟန်လိကမူ သူ၏ဆေးပင်သည် သက်တမ်းတစ်ထောင်ရှိမည်ကို သေချာသိ၏။ သူက သက်တောင့်သက်သာဟန်ဖြင့် ထိုင်နေသည်။ သူသည် အကြီးအကဲတင်း ပြုမူလုပ်ဆောင်နေသည်ကို မမြင်သည့်အလားပင်။ သူက ရတနာတစ်သောင်းဆိုင်ကနေ မည်သို့မည်ပုံ အကျိုးအမြတ် ရမည်လဲဟု စဉ်းစားနေ၏။
ဆိုင်ရှင်ထျန်ကမူ ဟန်လိနှင့် ဆန့်ကျင်ဘက်ပင်။ သူက အကြီးအကဲ၏ အပြုအမူတိုင်းကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေ၏။ သူ၏ အခုအမူအရာမှာ ဟန်လိနှင့် စတွေ့တုန်းက ဟန်ပန်နှင့် လုံးလုံး ကွဲပြားနေပေပြီ။ သည်အခိုက်၌ သူသည် စိတ်ရှုပ်ထွေးနေ၏။ မျှော်လင့်နေမိ၏။ စိတ်ပူနေ၏။ ယင်းသို့သော စိတ်ခံစားချက်များကြောင့် ခုလိုမျိုးပုံစံ သူ ပေါက်နေခြင်းပင်။
နောက်ဆုံး၌ အကြီးအကဲတင်းက စားပွဲပေါ်သို့ သေတ္တာကို ညင်ညင်သာသာ ပြန်ချ၏။ မျက်လုံးမှိတ်၏။ သူ့မုတ်ဆိတ်မွှေးကို ကိုင်ကာ အတွေးထဲ နစ်သွားသည်။ ထို့နောက်တွင် သူက မျက်လုံး ပြန်ဖွင့်လာကာ တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်…ဆိုင်ရှင်ထျန်။ ဒါက နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိတဲ့ အဝါရောင်အနှစ်သာရမှိုဆေးပင်ပါပဲ။ ပြီးတော့ ဒီဆေးပင်ကို ခူးဆွတ်လာတာလည်း မကြာသေးပါဘူး။ ဒါ့ကြောင့် ဒီဆေးရဲ့ အကျိုးအာနိသင်ဟာ လုံးဝ မလျှော့ပါးသေးဘူး။ ဒါ့ကြောင့် ဒီဆေးပင်ဟာ ထိပ်တန်းနှစ်တစ်ထောင် သက်တမ်းရှိတဲ့ ဆေးပင်ပါပဲ။ ဒီအကြီးအကဲက အာမခံတယ်…”
ထိုသည်ကို ကြားသည့်အခါ ဆိုင်ရှင်ထျန်း၏ မျက်နှာထက်၌ မြူးထူးဟန် ပေါက်သွားသည်။ ထို့နောက် သူက အကြီးအကဲတင်းကို တလေးတစား တွဲကာ လှေကားအတိုင်း ဆင်း၍ အောက်သို့ ပြန်လိုက်ပို့ပေးသည်။ အပျော်လွန်နေသဖြင့် သူသည် စိတ်ဝိညာဉ်ဆေးပင် ထည့်ထားသော သေတ္တာကို ကောက်ယူကာ အကြည့်မခွာနိုင်ပင် ဖြစ်နေသည်။
“ဆိုင်ရှင်ထျန်…ကျုပ်တို့ သဘောတူညီမှုနဲ့ ပတ်သတ်လို့ စမပြောရသေးဘူးမလား…”
တဖက်လူက သည်ဆေးပင်၏ ပိုင်ရှင်ကိုပါ မေ့လောက်သည့်ထိ အပျော်လွန်နေသည်ကို မြင်သည့်အခါ ဘေးရှိ ဟန်လိက သူ၏တည်ရှိမှုကို ဆိုင်ရှင်အား သတိပေးလိုက်ရတော့၏။
“အို…ဟုတ်သားပဲ။ ကျုပ် နည်းနည်း ကြောင်သွားလို့ပါ။ အစ်ကိုလီ…ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…” ဆိုင်ရှင်ထျန်မှာ သည်ဆေးပင်သည် သူ၏ ရတနာတစ်သောင်းခန်းမ အပိုင် မဟုတ်သေးသည်ကို သတိပြန်ဝင်၏။ သူ့မျက်နှာပင် အနည်းငယ် နီမြန်းသွားလေသည်။
“ဟားဟား…ဒါက အဆင်ပြေပါတယ်။ ဘယ်လို အရောင်းအဝယ် လုပ်ဖို့ ခင်ဗျား စီစဉ်ထားလဲ။ ဆိုင်ရှင်ထျန်က ဒီပစ္စည်းကို အတော်လေး နှစ်သက်နေပုံကို မြင်ရတော့ ကျုပ်အနေနဲ့ ခင်ဗျားကို စိတ်မပျက်စေတာ သေချာသွားပြီပေါ့…”
ဟန်လိက တဖက်လူကို ထေ့ပြောလေး ပြောလိုက်၏။
ထိုအခိုက်တွင် ဆိုင်ရှင်ထျန်၏ အမူအရာသည် ပုံမှန် ပြန်ဖြစ်လာသည်။ ထို့နောက်တွင် သူက သည်ပစ္စည်းကို လက်ကနေ ပြန်ချကာ စားပွဲပေါ်သို့ တင်၍ ပြောလိုက်၏။ “အစ်ကိုလီက နှစ်တစ်ထောင်သက်တမ်း ရှိတဲ့ စိတ်ဝိညာဉ်ဆေးပင်ကို ထုတ်ပြလာမှတော့ သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်မှာ သေချာတယ်။ ဒါ့ကြောင့် ကျုပ်အနေနဲ့ အစ်ကိုလီကို ထွေလီကာလီ လှည့်ပတ်ပြောမနေတော့ဘူး။ တည့်တည့်ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တော့မယ်။ ကျုပ်က အစ်ကိုလီကို တန်ရာတန်ကြေး ပေးပါ့မယ်…”
ထိုသို့ပြောပြီး သူက ခဏ စဉ်းစား၏။ ထို့နောက် သူက အလေးအနက် လေသံဖြင့် ဆက်ပြောသည်။ “အစ်ကိုလီက ဒီစိတ်ဝိညာဉ်ဆေးပင်ကို ကျုပ် အစောလေးက ပြခဲ့တဲ့ သေတ္တာနှစ်ခုတွေထဲက ကြိုက်ရာ ပစ္စည်းနှစ်ခုနဲ့ လဲလှယ်နိုင်ပါတယ်။ ဒါမှမဟုတ် နောက်ဆုံး သေတ္တာနဲ့ လဲလှယ်နိုင်တယ်။ ဒီပစ္စည်းတွေက အစ်ကိုလီကို ကျေနပ်မှု မရှိစေဘူးဆိုရင်လည်း ကျုပ်အနေနဲ့ လုံလောက်တဲ့ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏ ပေးပြီး ဒီဆေးပင်ကို ဝယ်ပါ့မယ်။ အစ်ကိုလီရော အမြင်ကရော…”
ဟန်လိသည် တဖက်လူ၏ စကားများထဲမှ စစ်မှန်မှုကို ခံစားမိသည်။ သူ့စိတ်ထဲ၌ ထပ်ခါထပ်ခါ စဉ်းစားနေပြီးနောက် သူက သည်တန်ကြေးမှာ သင့်သည်ဟု ခံစားမိ၏။ သူ၏ လက်ခံနိုင်မှုကို မကျော်လွန်မှတော့ သူသည် ဒီသဘောတူညီမှုကို လက်ခံလိုက်ပေမည်။ သို့သော် သည့်မတိုင်ခင် သူက နောက်ဆုံးသေတ္တာထဲရှိ ပစ္စည်းအမယ်ကို မြင်ချင်သေးသည်။
သို့သော် ဟန်လိ မေးနေဖို့ပင် မလိုပေ။ ဆိုင်ရှင်ထျန်က နောက်ဆုံးသေတ္တာကို ဖွင့်ကာ ဟန်လိရှေ့သို့ တွန်းပေးကာ ပြုံး၍ ပြောလိုက်သည်။ “ဒီသေတ္တာထဲက ပစ္စည်းက ကျုပ်တို့ဆိုင်ရဲ့ တန်ဖိုးအရှိဆုံး ရတနာပဲ။ ဒါပေမဲ့ ဒီပစ္စည်းကို ကြိုက်၊မကြိုက်ကတော့ အစ်ကိုလီအပေါ် မူတည်ပါလိမ့်မယ်…”
ထိုသည်ကို ကြားသည့်အခါ ဟန်လိ၏ သိချင်စိတ်က မြင့်တက်လာသည်။ သူက သေတ္တာအတွင်းကို ကြည့်၏။ သူ ချက်ခြင်း မင်သက်သွားသည်။ သေတ္တာအတွင်း၌ ရွှေရောင်အုတ်ခဲပုံ ရေးထွင်းထားသော အဆောင်တခုကိုသာ မြင်၏။ ထိုအုတ်ခဲပုံသည် ရွှေရောင်အလင်း ခပ်ဖျဖျ တောက်ပကာ အလွန်အစစ်အမှန် ဆန်သည်။
ထိုအဆောင်ပစ္စည်းကို သေချာ ကြည့်ပြီးနောက် ဟန်လိ၏ အတွေးများမှာ ဂနာမငြိမ် ဖြစ်ရသည်။ သူက ချက်ခြင်းပင် သူ၏ မီးခိုးရောင်ဓားငယ်ပုံ ပါသော အဆောင်အကြောင်းကို တွေးမိသည်။ သည်နှစ်ခုက အတူတူ ဖြစ်နေတာလား။
“ရတနာအဆောင်လား…” ဟန်လိက အသက်ဝဝရှိုက်သွင်းကာ မသေချာသော လေသံဖြင့် မေးသည်။
ဆိုင်ရှင်မှာ အံအားတသင့် ဖြစ်မိသွား၏။ သူက အံ့အားသင့်စွာ ပြောလိုက်မိသည်။
“အစ်ကိုလီက ဒီပစ္စည်းကို သိနေလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိရိုး အမှန်ပါ။ ဒီရတနာအကြောင်း သိတဲ့ ကျင့်ကြံသူဟာ သိပ်မရှိဘူး။ အစ်ကိုလီက တကယ်ပဲ ဗဟုသုတ ကြွယ်လှပါတယ်။ ကျုပ် အထင်ကြီးမိပါတယ်…”
ဟန်လိက ဆိုင်ရှင်ထျန်၏ ပြောစကားကို ကြားရသည့်နောက် သူက ခါးသက်သက် ရယ်မောကာ ခေါင်းယမ်းလိုက်၏။ သက်ပြင်းချကာ သူက တုန့်ပြန်စကား ဆိုသည်။
“ခင်ဗျားက ကျုပ်ကို အတော်လေး အထင်ကြီးနေတဲ့ပုံပဲ။ ကျုပ်က ဒီရတနာအဆောင်အကြောင်းကို ကြားဖူးရုံပါ။ ဒါနဲ့ ပတ်သတ်လို့ များများစားစား မသိပါဘူး။ ဆိုင်ရှင်ထျန်က ဒီပစ္စည်းကို ထုတ်ပြနိုင်စွမ်း ရှိမှတော့ ရတနာအဆောင်နဲ့ ပတ်သတ်ပြီး အနည်းအကျဉ်းတော့ သိထားမှာပဲ မလား။ ကျုပ်ကို ဒီအဆောင်အကြောင်း ပြောပြပေးဖို့ မျှော်လင့်ပါတယ်…”
သည်စကားများကို ဟန်လိက အမှန်တိုင်း ပြောလိုက်ခြင်းပင်။ သူက အခုအခြေအနေကနေ ရတနာအဆောင်များအကြောင်း သိနိုင်မည့် အခွင့်အရေးတခု ရချသည်။
ဆိုင်ရှင်ထျန်က ဟန်လိကို ကြည့်ကာ အံ့အားသင့်သွားသည်။ သူက ရတနာအဆောင်၏ လျှို့ဝှက်ချက်မှာ လူအနည်းငယ်မျှသာ သိသည်ဆိုသော်လည်း ၎င်းမှာ ထိန်းသိမ်းထားရန် လိုသော အရာ မဟုတ်ဟု ခံစားမိ၏။ မည်သို့ပင် ဖြစ်စေ သူ့အနေဖြင့် သူ့ရှေ့မှ ဖောက်သည်ကြီး စိတ်မငြိုငြင်အောင် လုပ်ရပေမည်။ သို့ဖြစ်၍ သူက ဟန်လိ၏ တောင်းဆိုမှုကို လွယ်လွယ်ပင် လက်ခံလိုက်၏။ ရတနာအဆောင်နှင့် ပတ်သတ်၍ သူ သိထားသမျှ အားလုံးကို ပြောပြလိုက်သည်။
ရတနာအဆောင်၏ နောက်ခံမှာ ကြီးမား၏။ ၎င်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အထက်ရှိ ကျင့်ကြံသူများကသာ ပြုလုပ်နိုင်သည့် ပစ္စည်းမျိုးပင်။
မှော်ရတနာများကို သန့်စင်သည့် အဆင့်မြင့် ကျင့်ကြံသူများက မှော်ရတနာများ၏ စွမ်းအားအချို့ကို အထူးအဆောင်စက္ကူများထဲသို့ ထည့်သွင်းကြ၏။ သို့မှသာ တခြားကျင့်ကြံသူများသည် ဒီအထူးအဆောင်ကနေ မှော်ရတနာ၏ စွမ်းအားကို ယာယီအသုံးပြုနိုင်လိမ့်မည်။ ၎င်းထံ၌ အဆောင်ကော၊ မှော်ရတနာကော၏ အခြင်းအရာများ ပိုင်ဆိုင်ထားသည်။ သည်ရတနာအဆောင်များ၏ တည်ရှိမှုကို သိကြသော ကျင့်ကြံသူများက စနောက်၍ ယင်းတို့ကို အတုအပမှော်ရတနာများဟု ခေါ်ကြသည်။ သို့ပေမည့် မည်သို့ပင် ဖြစ်စေ သူတို့သည် ဒီရတနာအဆောင်များကို ကြိတ်၍ လိုချင်ကြသည်သာ။
အတုအပမှော်ရတနာဟူသော အမျိုးအစားက အတော်ထူးခြား၏။ ၎င်းကို အမြုတေဖွဲ့စည်းခြင်းအထက်ရှိ ကျင့်ကြံသူများက ဖန်တီးသည် ဆိုသော်ငြားလည်း မည်သည့်ကျင့်ကြံသူမဆို ၎င်းကို အသုံးပြုနိုင်သည်။ ကျွမ်းကျင်မှုအဆင့်ကို လစ်လျူရှု ထားနိုင်၏။ ဟန်လိ သတ်ဖြတ်ခဲ့သော ဘုန်းကြီးရွှေအလင်းကဲ့သို့ ချီစုဆောင်းခြင်း အဆင့်သုံး၊လေး၌သာ ရှိသော သူမျိုးသည်ပင် အနှီ ရတနာအဆောင်ကို အသုံးပြုနိုင်၏။
သို့ပေမည့် အခြေခံတည်ဆောက်ခြင်းအဆင့် အောက်ရှိ ကျင့်ကြံသူများသည် သိပ်သည်းခြင်း ပညာရပ်များကို အသုံးမပြုနိုင်သေးသည် ဖြစ်၍ သူတို့က သည်အဆောင်ရတနာ၏ စွမ်းအားကို ဆယ်ရာခိုင်နှုန်းကနေ နှစ်ဆယ်ရာခိုင်နှုန်းလောက်ထိသာ အသုံးပြုနိုင်၏။ ထိပ်တန်း မှော်ပစ္စည်းများနှင့် ယှဉ်ပါက ဤသည်မှာ ပိုမမြင့်မားပုံ ထင်ရ၏။
သို့ပေမည့် စိတ်သိပ်သည်းခြင်း ပညာရပ်များကို အသုံးပြုနိုင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများကမူ ထိုရတနာအဆောင်၏ ခွန်အားကို အပြည့်အဝ အသုံးပြုနိုင်၏။ ၎င်း၏ စွမ်းအားသည် မြေကမ္ဘာတုန်ဟည်းအက်ကွဲ၊ ပင်လယ်ကို လှိုင်းထန်၊ တောင်တန်းများကို ကြေမွသွားသည့်အထိ မဟုတ်သော်ငြားလည်း တခြားမည်သည့် မှော်ပစ္စည်းကိုမဆို အထင်သေးပစ်ဖြစ်ဖို့ လုံလောက်သည်။ သို့ဖြစ်၍ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးက ရတနာအဆောင် တခုကို ပိုင်ဆိုင်ချင်ကြ၏။ ဤသည်က သူတို့ကို တိုက်ပွဲများ၌ အသာစီး ရစေကာ တခြားကျင့်ကြံသူများကို အလေးမထားဘဲ နေ၍ ရစေမည်။
ရတနာအဆောင်များ၏ စွမ်းအားများက အံ့ချီးဖွယ် ကောင်းသော်လည်း ၎င်းအတွင်းရှိ မှော်ရတနာ၏ စွမ်းအားကို များစွာ ကုန်ဆုံးစေ၏။ ၎င်း၏ စွမ်းအား အကုန်လုံး ကုန်ဆုံးသွားပါက ထိုရတနာအဆောင်မှာ လုံးလုံး အသုံးဝင်တော့မည် မဟုတ်ပါ။ ထို့ကြောင့် ရတနာအဆောင်၏ အသုံးဝင်မှုအပေါ် မေးခွန်း ထုတ်လာပါက လွယ်လွယ်နှင့် ဖြေ၍ မရတော့ပေ။
သည့်အပြင် အနှီရတနာအဆောင်ကို ဖန်တီးဖို့မှာ ရိုးစင်းလွယ်ကူသော ကိစ္စတခုတော့ မဟုတ်ပေ။
အကြောင်းမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အထက်ရှိ ကျင့်ကြံသူများသာ သန့်စင်နိုင်သော မှော်ရတနာများသည် ပြောမပြတတ်အောင် ရှားပါးသောကြောင့်တည်း။ သည်မှော်ရတနာများကို နေ့ကောညကော သန့်စင်ဖို့ လို၏။ သန့်စင်ရာ၌လည်း ကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်အနှစ်သာရကို အသုံးပြုရသည်။ သို့မှသာ ၎င်း၏စွမ်းအားမှာ တိုးတက်မည်။ ရတနာအဆောင်များမှာ ထိုသို့သော သန့်စင်ရခက်သည့် မှော်ရတနာများထံမှ ဖန်တီးရခြင်းပင်။
ရတနာအဆောင်တခုကို ဖန်တီးခြင်းက မှော်ရတနာတစ်ခုကို ထိခိုက်စေခြင်းနှင့် အတူတူပင်။ အကြောင်းကား ရတနာအဆောင်တခု ရလာဖို့ မှော်ရတနာ၏ စွမ်းအား တစိတ်တပိုင်းကို ဖဲ့ထုတ်ရသောကြောင့်ပင်။ ထိုသို့သော မှော်ရတနာ၏ စွမ်းအားအပြည့်အဝ ပြန်ကောင်းမွန်ဖို့ ၎င်း၏ပိုင်ရှင်သည် အချိန်ကြာမြင့်စွာ ပြန်သန့်စင်ဖို့ လိုသည်။ ထိုသို့ ပြုလုပ်ခြင်းများက မိမိကိုယ်ကို ထိခိုက်စေခြင်းနှင့် အလားတူသည်။ ထို့ကြောင့် ပုံမှန်အခြေအနေများ၌ အမြုတေဖွဲ့စည်းခြင်းအထက်ရှိ မည်သည့်ပုဂ္ဂိုလ်ကမျှ ယင်းသို့သော ရူးမိုက်သည့် လုပ်ရပ်မျိုးကို မလုပ်ကြပေ။
သို့သော် လောက၌ မည်သည့်အရာကမျှ တသမတ်တည်း မဟုတ်၊ အပြောင်းအလဲများ ရှိတတ်သည်ဟူသော ဆိုရိုးစကားအတိုင်းပင်။ ရတနာအဆောင်တခုကို သန့်စင်ခြင်းကဲ့သို့ ရူးမိုက်သော လုပ်ရပ်မျိုးကို သက်တမ်းကုန်ခါနီး အဆင့်မြင့်ကျင့်ကြံသူအများစုက အဆက်မပြတ် ပြုလုပ်ခဲ့ကြ၏။ သူတို့ ပြုလုပ်ပေးခဲ့သော ရတနာအဆောင်များသည် နောက်ပိုင်းလူငယ်မျိုးဆက်များအတွက် စွမ်းအားအရာမှာ အကူအထောက်အပံ့ ရစေမည့် ကံကောင်းမှုပင်။
ထိုသူများ ချန်ထားခဲ့သော မှော်ရတနာများကမူ ၎င်းတို့ကို အမွေဆက်ခံသူများ၏ သန့်စင်ခြင်းကို အကြိမ်ကြိမ် ခံရ၍ သည်မှော်ရတနာများသည် ပိုင်ရှင်အသစ်၏ စိတ်နှင့် လုံးလုံးလျာလျာ သဟဇာတ မဖြစ်တော့ပေ။ ထို့အပြင် မှော်ရတနာများ၏ မူလစွမ်းအား တဝက်မှာလည်း ဆုံးရှုံးသွား၏။ ထို့ကြောင့် ယင်းမှော်ရတနာကို အသုံးပြုသူမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ဖို့ လိုသည်။ သို့မဟုတ်ပါက မှော်ရတနာသည် အချည်းနှီးသာ ဖြစ်လိမ့်မည်။ သို့အတွက်ကြောင့် မှော်ရတနာများကို ထိန်းသိမ်းထားရခြင်းနှင့် ယှဉ်ပါက ရတနာအဆောင်များကို သန့်စင်ခြင်းက လူငယ်မျိုးဆက်များအတွက် ပို၍ သင့်တော်ပေ၏။
သို့သော် ရတနာအဆောင်တခုကို သန့်စင်ဖို့မှာ အကန့်အသတ်များစွာ ရှိပြန်၏။
ဦးဆုံးအနေဖြင့် ရတနာအဆောင်တခုတိုင်းသည် မှော်ရတနာတခု၏ စွမ်းအားကို ချိပ်ပိတ်ထားနိုင်ဖို့ လိုသည်။ သို့မှသာ မှော်ရတနာ၏ မူလစွမ်းအားကို ဆယ်ပုံတပုံသာ လျော့ကျမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက ရတနာအဆောင်မျိုးစုံဖြင့် တူညီသော မှော်ရတနာ၏ စွမ်းအားကို ချိပ်ပိတ်ပါက ယင်း၏ စွမ်းအားသည် မငြိမ်မသက် ဖြစ်လိမ့်မည်။
ဒုတိယတခုမှာ ရတနာအဆောင်များကို သန့်စင်ဖို့မှာ မှော်ရတနာ၏ စွမ်းအားကို လျှော့ချခြင်းအပြင် မှော်ရတနာပိုင်ရှင်၏ ခွန်အားတော်တော်များများကိုပါ ဆုံးရှုံးစေနိုင်ခြင်းပင်။ သို့ဖြစ်၍ ရတနာအဆောင်များကို အဆက်မပြတ်သန့်စင်ဖို့မှာ မဖြစ်နိုင်ပေ။ ရတနာအဆောင်တခုကို သန့်စင်တိုင်း မှော်ရတနာ၏ ပိုင်ရှင်သည် သူ၏ခွန်အားကို ပြန်ရဖို့ သုံးနှစ်ကနေ ငါးနှစ်ထိ အချိန်ပြန်ယူရမည်။ ထိုအတောအတွင်းလည်း ထိုသူမှာ သူ၏ အစစ်အမှန်အနှစ်သာရကို မဖြုန်းတီးရပေ။ နောက်ထပ်လည်း မှော်ရတနာများကို မသန့်စင်ရပေ။ သို့မဟုတ်ပါက သူ၏ ခွန်အားအပြည့် ပြန်ရဖို့ အချိန်ကာလမှာ ပိုကြာသွားလိမ့်မည် ဖြစ်၏။
အဆင့်မြင့် ကျင့်ကြံသူများသည် သူတို့၏ သက်တမ်း ကုန်ခါနီးအချိန်၌ သူတို့က ဂုဏ်ယူဝင့်ကြွားစွာ၊ နောင်တကင်းကင်းဖြင့် သေဖို့ ပြင်ဆင်ကြ၏။ သူတို့က သူတို့၏ တန်ဖိုးအရှိဆုံး မှော်ပစ္စည်းများကို ချန်ထားခဲ့သည်။ များသောအားဖြင့် ၎င်း၏ မူလစွမ်းအားထက် များစွာ လျော့ပါးသော မှော်ရတနာတခု ဖြစ်ချင်ဖြစ်မည်။ မှော်ရတနာ၏ တူညီသော စွမ်းအားကို ချိပ်ပိတ်ထားသည့် ရတနာအဆောင်တခု ဖြစ်ချင် ဖြစ်မည်။