အကြမ်းပတမ်းတိုက်ပွဲ(၁)
Vol. 12 Ch. 167
သူ ရှိနေသည်ကို အဖော်ခံလိုက်ရပြီ ဖြစ်၍ ဆက်ပြီး ပုန်းကွယ်နေဖို့ မလိုတော့ပေ။
ဟန်လိက အသက်ဝဝရှိုက်သွင်းလိုက်၏။ အကာအကွယ် အရံအတားကို အသက်သွင်းထားကာ သူ့လက်တဖက်စီ၌ မှော်ပစ္စည်းတခုစီကို ကိုင်၍ ဟန်လိသည် ကျောက်တုံးနောက်ကွယ်ကနေ လှမ်းထွက်လာသည်။
“မင်းကို…”
ဟန်လိ၏ အသွင်ကို မြင်သည့်အခါ စီနီယာအစ်ကိုလုက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။ သူသည် ဟန်လိကို အမှန်တကယ် မှတ်မိနေသည်။
ဟန်လိက နည်းနည်းတော့ မင်သက်မိသွား၏။ သူ့စိတ်ထဲ၌လည်း နည်းနည်းရှိန်သွားသည်။
သည်စီနီယာအစ်ကိုလု ဆိုသူမှာ သူ့ကို တောင်ကုန်းပေါ်၌ မုယုံညီအစ်ကိုနှင့် တိုက်ခိုက်နေစဉ်အတွင်း လူတွေကြားထဲ၌ အမှတ်မထင်သာ မြင်ခဲ့ဖူးတာ ဖြစ်၏။ ထိုဖြစ်ရပ်က အခုဆို လများစွာ ကြာခဲ့ပေပြီ။ သို့တိုင် ထိုသူက သူ့ကို မှတ်မိနေဆဲပင်။ သည်လူ၏ မှတ်ဉာဏ်က ကောင်းရုံသာမက သတိထားအကင်းပါးသော စိတ်နေစရိုက်လည်း ရှိသူတည်း။
ဤသည်မှာ ဟန်လိအတွက်တော့ သတင်းကောင်း မဟုတ်ပေ။
တကယ်တော့ သူ့ရှေ့မှ စီနီယာအစ်ကိုလုသည် သူကဲ့သို့ လူစားမျိုးဟု ဟန်လိက ခပ်ရေးရေး ခံစားမိ၏။ အကြံအစည်ကောင်းကာ ရက်စက်တတ်ခြင်းတွင်လည်း သူနှင့် တူနေသည်။
သို့ပေမည့် ဟန်လိက ထိုသူနှင့် အရှက်မဲ့ခြင်း၊ ရက်စက်ယုတ်မာခြင်းတို့တွင်မူ ယှဉ်နိုင်စွမ်း မရှိဟု သူ့ကိုယ်သူ ယုံကြည်ထား၏။ သူက သူ၏ တိုးတက်မှုအတွက်သာ ပုံမှန်အတိုင်း တစိုက်မက်မက် လျှောက်လှမ်းနေရုံသာ ဖြစ်၏။
အစ်ကိုလု၏ အမူအရာမှာ လေးနက်လာ၏။ သူက ဟန်လိကို သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် စူးရှစွာ ကြည့်နေ၏။
ဟန်လိက သက်ပြင်းချမိ၏။ သူသည် အစတုန်းက နားလည်မှု လွဲသည်ဟု အကြောင်းပြကာ ထိုသူ့ကို အရူးလုပ်နိုင်မလားဟု စဉ်းစားထားသေး၏။ သို့သော် ခုလက်ရှိ အစ်ကိုလု၏ ပုံစံကို မြင်သည့်အခါ၊ သူ၏ ကောက်ကျစ်ကာ သတိထားတတ်ပုံကို သိသည့်အခါ ထိုသူ့ကို လှည့်ဖြားဖို့မှာ မဖြစ်နိုင်တာ သိလိုက်၏။ သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကသာ အသက်ရှင်လျက် ကျန်ခဲ့ရမှာ သေချာနေလေပြီ။ သို့အတွက် သူသည် လက်ဦးမှု အရယူရပေမည်။
ထိုသို့တွေးကာ ဟန်လိက ငြိမ်သက်နေ၏။ သူ့ဘယ်လက်ထဲရှိ သံမဏိလက်စွပ်ကို ပင့်မြှောက်ကာ ထူးခြားသော လေချွန်သံကို ထုတ်လွှတ်သည်။ ထို့နောက်တွင် ၎င်းလက်စွပ်သည် စီနီယာအစ်ကိုလုထံ တန်းတန်းမတ်မတ် ဝင်လာ၏။ တအောင့်အကြာ၌ သူ့ညာလက်ရှိ အစိမ်းရင့်ရောင် ဘူးသီးခြောက်က လင်းလက်ကာ စက်ဝန်းနက် ငါးခု၊ခြောက်ခုသည် ၎င်းဘူးသီးခြောက် အဝထံမှ ထိုးထွက်ကာ သံမဏိလက်စွပ်နောက် ကပ်ပါသွားသည်။
ထိုမျှမကသေး။ သူ့ လက်ဗလာဖြစ်သွားသော ဘယ်လက်ဖြင့် လက်ဟန်အနည်းငယ် ဖန်တီး၏။ ချက်ခြင်းပင် မီးလုံးများ ပေါ်လာ၏။ သူက သူ့အင်္ကျီလက်အိုးကို မဆိုသလောက် လှုပ်ခါကာ သည်မီးလုံးများကို တတန်းတည်း ဖြစ်စေ၏။ ထို့နောက်တွင် သူသည် ယင်းတို့ကို စီနီယာအစ်ကိုလုထံ ပစ်လွှတ်သည်။
ပူပြင်းတောက်ပသော ချီကို သယ်ဆောင်ကာ မီးလုံးများသည် အရပ်လေးမျက်နှာကနေ စီနီယာအစ်ကိုလုထံ တိုးဝင်ကာ တိုက်ခိုက်သည်။
သည်လှုပ်ရှားတိုက်ခိုက်မှု၌ ဟန်လိက သူ၏ အရင်တုန်းက ရှိခဲ့သော မှော်ပစ္စည်းများကိုသာ သုံးခဲ့၏။ သူက ရတနာအဆောင်ကို ထုတ်၍ ချက်ခြင်း မတိုက်ခိုက်ပေ။ မီးလုံးများ၏ လှုပ်ရှားတိုက်ခိုက်မှုဖြင့် အရင် ရှုပ်ထွေးအောင် လုပ်သည်။ ဝူဖန်ထံမှ သူ သင်ယူထားတာ မကြာသေးသော မှော်ပညာရပ်များကိုမူ ဒီရန်သူ့အား တိုက်ခိုက်ဖို့ အသုံးမပြုသေးပေ။ သူ မကျွမ်းကျင်သေးသော ထိုပညာရပ်များကို အသုံးပြုခြင်းက သူ့ကို အားအင်ပိုကုန်စေလိမ့်မည်။
တကယ်တော့ ဟန်လိသည် မှော်ပစ္စည်းအသစ်များနှင့် ရင်းနှီးပြီး ယင်းတို့ကို အသုံးပြုရာ၌ အလျင်အမြန် ကျွမ်းကျင်ခဲ့ပါက စစချင်း တိုက်ခိုက်တည်းက အသုံးပြုမည် ဖြစ်၏။ သူ၏ မှော်ပစ္စည်းအသစ်များက သူ့ထံ၌ ရှိပြီးသား မှော်ပစ္စည်းများထက် များစွာ သာလွန်သည် မဟုတ်ပါလား။
သို့သော် စီနီယာလုက ဟန်လိလှုပ်ရှားလာစဉ် ငတုံးငအကဲ့သို့ အကြောင်သား ရပ်မနေပေ။ သူက သုံးမီတာခန့် ရှိသော တုတ်ချောင်းတချောင်းကို ထုတ်၏။ ထိုတုတ်ပေါ်၌ အဇူရာအလံ ပါရှိသည်။ သည်အလံပေါ်၌ ကြမ်းကြုတ်သော နဂါးတစ်ကောင်ကို ရေးထွင်းထား၏။
သည်အခါ စီနီယာအစ်ကိုလုသည် ဟန်လိ၏ ဆက်တိုက် တိုက်ခိုက်မှုများကို မြင်ကာ အံ့အားသင့်သွား၏။ သူသည် အတော်လည်း ပျာယာခတ်သွားသည်။
ထို့ကြောင့်လည်း သူ၏ အစွမ်းထက်ဆုံး အဇူရာနဂါးအလံကို ထုတ်ယူလိုက်တာ ဖြစ်၏။ အကြောင်းမှာ သူလည်း ဟန်လိနှင့် အတွေးတူ၏။ သူက ဟန်လိကို ချက်ခြင်း နှုတ်ပိတ်ပစ်ချင်နေတာပင်။
သို့သော် သူသည် ဟန်လိက အသာစီးယူကာ တိုက်ခိုက်မှုများကို ဆက်တိုက် ထုတ်ဖော်လိမ့်မည်ဟု မမျှော်လင့်မိပေ။ ဟန်လိက ပေါ်လာသည်နှင့် စကားတခွန်းမှ မဆိုဘဲ ချက်ခြင်း တိုက်ခိုက်လာတာ မဟုတ်လား။ ထို့အပြင် သူ၏ တိုက်ခိုက်မှုက ကြမ်းကြုတ်လှ၏။
သို့အတွက် စီနီယာအစ်ကိုလုမှာ ရွေးချယ်စရာ မရှိတော့၊ သူ့ညာလက်ဖြင့် အဇူရာအလံကို ပြောင်းကိုင်၏။ ထို့နောက် ဘယ်လက်ဖြင့် သူ့ခါးရှိ သိုလှောင်အိတ်ထံ လှမ်းကာ အဝါရောင်အဆောင်တခုကို ထုတ်ယူသည်။
သူက အံတင်းတင်းကြိတ်ကာ သည်အဆင့်မြင့် အဆောင်ကို နှမြောတသစွာ ကြည့်၏။ ထို့နောက် ၎င်းကို သူ့ရှေ့ထံ ပစ်လွှတ်သည်။
တအောင့်အကြာ၌ ဟန်လိ၏ သံမဏိလက်စွပ်မှာ ခပ်ဖျော့ဖျော့ အဝါရောင်အလင်းကို ထုတ်လွှတ်လာ၏။ ၎င်းသည် အစ်ကိုလုနှင့် သိပ်မဝေးတော့ပေ။ သူ့ကို ထိခိုက်စေတော့မည်။
စီနီယာအစ်ကိုလုက အဝါရောင်အဆောင်ကို သူ့ဘယ်လက်ဖြင့် ညွှန်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ “လေနံရံနည်းပညာရပ်…မြင့်တက်စေ….”
သူ၏ အော်သံနှင့်အတူ အဝါရောင်အဆောင်သည် မီတာသုံးဆယ်ကျော် အဖြူရောင်လေပွေမုန်တိုင်းအဖြစ်သို့ ပြောင်းကာ သံမဏိလက်စွပ်၏ လမ်းကို ဟန့်တားသည်။
ဖူး…။ လက်စွပ်က သည်မုန်တိုင်းကို ထွင်းဖောက်လာ၏။ သို့သော် ၎င်းသည် ချက်ခြင်း ဘေးဘယ်ညာ ယမ်းထိုးသွား၏။ အကြိမ်ကြိမ် လည်ပတ်ပြီးနောက် ၎င်းလက်စွပ်သည် နောက်ပြန် လွင့်သွား၏။
သည့်နောက် စက်ဝန်းများ ကျရောက်လာ၏။ ယင်းတို့မှာ ပို၍ပင် အသုံးမဝင်ပေ။ မုန်တိုင်း၏ အပြင်ဘက်တွင်သာ တစ်သွား၏။ မုန်တိုင်းအတွင်းထိပင် တိုးဝင်လာနိုင်စွမ်း မဲ့သည်။
ထိုအခြေအနေကို မြင်သည့်အခါ ဟန်လိ၏ အမူအရာမှာ အနည်းငယ် ပျက်သွား၏။ သူက ချက်ခြင်းပင် မီးလုံးများကို လက်ညွှန်ကာ ယင်းတို့ကို လခြမ်းကွေးနှစ်ခုအသွင်သို့ ပြောင်းလဲစေ၏။ သူက စီနီယာအစ်ကိုလုကို ရှေ့တည့်တည့်ကနေ တိုက်ခိုက်ပါက အချည်းနှီး ဖြစ်မိကို သိ၍ ဘက်နှစ်ဖက်ခွဲကာ တိုက်ခိုက်စေခြင်းပင်။
“ဟားဟား…အတွေးကောင်းပဲကွ…”
စီနီယာအစ်ကိုလုက ကျယ်လောင်စွာ ရယ်မော၏။ သူက မန္တာန်လက်ဟန်ကို ထုတ်ဖော်ကာ လေနံရံ၏ ဗဟိုချက်ထံ လက်ညွှန်သည်။ ထိုအခါ သူ၏ မုန်တိုင်းမှာ နှစ်ပိုင်းကွဲသွားသည်။ ယင်းတို့က အလျင်အမြန် ချဲ့ကားကာ မီးလုံးများကို ကြားဖြတ်ဟန့်တား၏။
ဖောက်…ဖောက်…။
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်၏။ မီးလုံးများသည် ထပ်မံ ကျူးကျော်လာနိုင်စွမ်း မရှိတော့ပေ။ လေနံရံနှင့် ထိမိရုံသာ ရှိ၏။
မုန်တိုင်းက အကြိမ်ကြိမ် တုန်ခါသွားကာ ဒီမီးလုံးများကို ဝါးမြိုကာ အစဖျောက်ပစ်၏။ ဟန်လိမှာ အတော်လေး တုန်လှုပ်သွားမိသည်။
ထိုအခိုက်၌ အစ်ကိုလု၏ ထိန်းချုပ်မှုအောက်တွင် သည်လေပွေမုန်တိုင်းနှစ်ခုက တခုတည်းအဖြစ်သို့ ပြန်ပေါင်းစည်းသည်။
“ဒီလောက်စွမ်းရည်လေးနဲ့ ငါ့ရှေ့မှာ လာမောက်မာရဲတယ်လား။ မင်းရဲ့ အမည်၊ မင်းရဲ့ ဇစ်မြစ်ကို ငါ မသိပေမယ့်လည်း ဒီညတော့ မင်း သေရမှာ သေချာသွားပြီ…”
စီနီယာအစ်ကိုလုက ကြမ်းကြုတ်စွာ ပြုံး၏။
တအောင့်အကြာတွင် သူက သူ့လက်နှစ်ဖက်ကို ပူး၍ အဇူရာနဂါးအလံကို ကိုင်ကာ ခွန်အားအပြည့် ဝေ့ယမ်းသည်။
ဟန်လိက သူ၏ ရန်သူမှာ သူ ထင်ထားသည့်ထက် ပိုရင်ဆိုင်ရခက်နေသည့်အတွက် စိတ်ပူလာ၏။ သူ၏ ကြမ်းကြုတ် မြန်ဆန်သော ဆက်တိုက် တိုက်ခိုက်မှုများကို ရန်သူက အလွယ်တကူ ရင်ဆိုင်ခဲ့ပေ၏။ ရန်သူက သူ၏ အလံကို ဝေ့ယမ်းသော်လည်း ထူးထူးခြားခြား ဘာမျှ ဖြစ်မလာသေးပေ။ သို့သော် ရန်သူ၏ ဟန်ပန်အရ ဟန်လိသည် ထိုသူ၏ တန်ပြန်တိုက်ခိုက်မှုမှာ ကျိန်းသေပေါက် အားပျော့မည် မဟုတ်တာကို သိ၏။
“ကြည့်ရတာ ငါ့အတွက် ရတနာအဆောင်ကို အသုံးပြုတာကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ…”
ဟန်လိက အေးတိအေးစက် တွေး၏။
သို့ပေမည့် သူသည် သိပ်သည်းခြင်းပညာရပ်နှင့် ဒီရတနာအဆောင်၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်၍ သည်ရတနာအဆောင်ကို အသုံးပြုသည့်အချိန်တိုင်း မန္တာန်ထုတ်ဖော်ဖို့ အချိန်လိုသည်။ သို့မှသာ ရတနာအဆောင်က ရန်သူ့ကို အမြစ်ဖြတ်နိုင်မည်။ ထို့ကြောင့် သူ၏ အကာအကွယ်မှာ အခိုင်အမာ ရှိရမည်။
ထိုအတွေးဖြင့် ဟန်လိက သူ့ရန်သူကို လှမ်းကြည့်၏။ အစ်ကိုလုက သူ၏ အဇူရာအလံကို ဝေ့ယမ်းနေသည်ကိုသာ သူ မြင်သည်။ ထိုအလံက တဖြည်းဖြည်း တောက်ပလာ၏။ တောက်ပသော အဇူရာအလင်းကို စတင် ထုတ်လွှတ်လာသည်။ ထိုအခါ အလံပေါ်ရှိ နဂါးရုပ်က ပို၍ ကြောက်မက်ဖွယ်ကောင်းလာ၏။ ၎င်းသည် ရန်သူကို အသေအကြေ တိုက်ခိုက်လေတော့မည့်အလား။
ဟန်လိက ဆက်၍ တွေဝေမနေတော့ပေ။ သူ့လက်ကို ဝေ့ယမ်း၏။ ဟူး…။ သံမဏလက်စွပ်ကွင်းက သူ့ထံ၌ ပျံသန်းလာကာ သူ့ခေါင်းအထက် ပေအချို့တွင် ရပ်သွား၏။ ၎င်းက သူ့ဦးခေါင်းထက်တွင် စတင် ရစ်ဝဲသည်။
“ကြီးထွားစေ…” သူ၏ ထိုခပ်ဖွဖွ ပြောလိုက်သံနှင့်အတူ သံမဏိလက်စွပ်မှာ အဝါရောင်အလင်းကို ထုတ်လွှတ်၍ လျင်မြန်စွာ ချဲ့ကားလာ၏။ ၎င်းက စားပွဲငယ် တခုစာ အရွယ် ရောက်သည့်အထိ ကြီးထွားလာပြီးမှ ရပ်တန့်သွားသည်။
“အောက်ကျလာစမ်း…” သံမဏိလက်စွပ်ကွင်းက နာခံစွာပင် အောက်သို့ ကျလာ၏။ ၎င်းက သူ့ကို ဗဟိုပြုထားသည်။ ထို့နောက်တွင် ၎င်းလက်စွပ်ကွင်းသည် စတင် လည်ပတ်ကာ အကာအကွယ် အရံအတားတစ်ခု ဖြစ်ပေါ်လာသည်။
ဟန်လိက ထိုမျှနှင့် ရပ်မနေပေ။ သူ၏ ဘူးသီးခြောက်ကို ပြန်သိမ်း၏။ ထို့နောက် သူက ခုမှ အသစ်လဲလှယ်လာခဲ့သော ဒိုင်းကို ထုတ်၏။ ၎င်းသည် အပြာရောင်အလင်း၏ အပြင်ဘက်မှာ ကြီးထွားလာသည်။ ၎င်းက သူ၏ရှေ့တွင် လွင့်မြောနေလျက် အနက်ရောင်အလင်းကို ထုတ်လွှတ်သည်။
ထိုသို့ဖြင့် ဟန်လိထံ၌ အကာအကွယ် အလွှာသုံးခု ရှိလာ၏။ သူ၏ အပြင်ဘက်ဆုံး အကာအကွယ် အလွှာမှာ သံမဏိလက်စွပ်ကွင်း၊ အလယ်အလွှာမှာ သံနက်ဒိုင်း၊ အတွင်းဘက်အလွှာမှာ သူ တိုက်ပွဲစတည်းက အသုံးပြုထားသော အပြာရောင်အလင်းအလွှာတို့ ဖြစ်ကြ၏။