အကြမ်းပတမ်းတိုက်ပွဲ(၂)
Vol. 12 Ch. 168
ထိုသို့ ပြုလုပ်ပြီး၍ ဟန်လိမှာ ကျေနပ်သွား၏။ သူက မီးခိုးရောင်ဓားငယ်အဆောင်ကိုပါ ထုတ်ယူသည်။ ထို့နောက်တွင် သူက တင်ပလွေခွေ ထိုင်ချကာ မန္တာန်ကို စတင် ဖော်ထုတ်၏။ သည်ရတနာအဆောင်ကို တတ်နိုင်သမျှ မြန်မြန် တိုက်ခိုက်မှု လုပ်နိုင်ရန် အတွက်ပင်။
ထိုအခိုက်တွင် အစ်ကိုလုက အဇူရာနဂါးအလံအတွက် လုံလောက်သော စိတ်ဝိညာဉ်ချီကို စုစည်းပြီး ဖြစ်၏။ သူက တန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်လာသည်။
သူက အလံကို ဝေ့ယမ်းနေတာ ရပ်ကာ ဟန်လိထံ ဦးတည်၍ ထိုအလံကို လက်ညွှန်သည်။ ရုတ်တရက် အဇူရာလေဓားသွား ဆယ်ခုကျော်သည် ပေါ်လာ၏။ ယင်းတို့က အလံကနေ ထိုးထွက်ကာ ဟန်လိထံ ပြေးဝင်လာသည်။
၎င်းဓားသွားများ၏ အမြန်နှုန်းမှာ သွက်လွန်းသည်။ မျက်စိတမှိတ်အတွင်း ဟန်လိနား ရောက်လာ၏။ လေမှော်ပညာရပ်များသည် အမှန်တကယ် လျှော့တွက်၍ မရပေ။ ယင်းတိုက်ခိုက်မှုများ၏ အမြန်နှုန်းက တခြားဓာတ်ပညာရပ်များထက် များစွာ ပိုမြန်သည်။
ယင်းလေဓာတ်ပညာရပ်များက တိုက်ခိုက်ခြင်းမှာကော၊ ခုခံခြင်းမှာကော လက်ဦးမှု ရစေသော ပညာရပ်များပင်။ ဟန်လိသည် အချိန်မီ တင်ကြို၍ အကာအကွယ်များ မပြုလုပ်ထားမိပါက သည်လေဓားသွားများက သူ့ခေါင်းကို ဖြတ်သွားမှာကို လန့်မိရသည်။
ဟန်လိ မင်သက်သွားရုံ ရှိသေး လေဓားသွားများက သူ၏ အပြင်ဘက်ဆုံး အကာအကွယ်အလွှာ သံမဏိလက်စွပ်ကွင်းနှင့် တိုက်ခိုက်လေပြီ။ အဇူရာနှင့်အဝါရောင်အလင်းများက အဆက်မပြတ် ပေါက်ကွဲထွက်နေသည်။
ထိုအလင်းတန်းများ ပျောက်ကွယ်သွားချိန်၌ မူလတုန်းက ချောချောမွတ်မွတ် ရှိနေသော သံမဏိလက်စွပ်အလွှာသည် အချိုင့်အပေါက်များ ဖြစ်ကုန်၏။ မှော်ပစ္စည်းဖြစ်သော သံမဏိလက်စွပ်မှာလည်း ထိခိုက်၏။ မည်သို့ပင်ဖြစ်စေ သည်လေဓားသွားများက အဘက်ဘက်ကနေ တိုက်ခိုက်သလို ဖြစ်နေခြင်းကြောင့်သာ ကံကောင်းသည်ဟု ဆိုနိုင်၏။ မဟုတ်ပါက သည်လက်စွပ်မှာ လုံးဝ ပျက်စီးကာ လေဓားသွားများက သူ၏ ပထမဆုံး အကာအကွယ်အရံအတားကို ထွင်းဖောက်လာပေလိမ့်မည်။
ထိုရလဒ်ကြောင့် ဟန်လိနှင့် စီနီယာအစ်ကိုလုတို့ နှစ်ယောက်လုံးမှာ အံ့အားတသင့် ဖြစ်ကုန်သည်။
ဟန်လိ၏ ဒီသံမဏိလက်စွပ်ကွင်း မှော်ပစ္စည်းက အကာအကွယ်အရာ၌ အသုံးပြုဖို့ သပ်သပ် မဟုတ်သော်လည်း ၎င်းသည် အဆင့်မြင့်မှော်ပစ္စည်း ဖြစ်၏။ ၎င်း၏ သတ္တုအမယ် အရည်အသွေးမှာ မေးခွန်းထုတ်စရာမလိုဟု သူ ခံစားမိခဲ့၏။ ၎င်းသည် လေဓားသွားများကြောင့် ပျက်စီးလုနီးပါး ဖြစ်သွားရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။
အစ်ကိုလုမှာလည်း ပို၍ပင် အံ့ဩသွား၏။ သူ၏ အဇူရာနဂါးအလံမှာ ကျော်ကြားလှသော ထိပ်တန်း မှော်ပစ္စည်းပင်။ ၎င်းသည် သူ၏ စိတ်ဝိညာဉ်ရင်းမြစ်နှင့်လည်း ကိုက်ညီမှု ရှိသည် ဖြစ်၍ ၎င်းကို ရဖို့အတွက် သူ့စိတ်နှလုံးနာကျင်ရသော တန်ဖိုးကို ပေးခဲ့ရသည်။
သည်မှော်ပစ္စည်းက လေဓားသွားပညာရပ်နှင့် တခြား ရိုးရှင်းသော မှော်ပညာရပ်များကိုလည်း လွယ်လင့်တကူ ထုတ်ဖော် အသုံးပြုစေနိုင်သည်။ လုံလောက်သော စိတ်ဝိညာဉ်ချီ ပမာဏကို စုပ်ယူပြီးချိန်၌ သည်အလံဖြင့် လေဓာတ်တိုက်ခိုက်မှုများအား ထုတ်ဖော်ပါက ပို၍ အစွမ်းထက်ပေသည်။ ထို့ကြောင့်လည်း အစောပိုင်းတုန်းက လေဓားသွားများသည် စဦးအဆင့် မှော်ပညာရပ်များ ဖြစ်သည်ဟု ထင်ရသော်လည်း ယင်းတို့၏ စွမ်းအားက အလယ်အဆင့် မှော်ပညာရပ်ကို ယှဉ်နိုင်သည်။
တနည်းအားဖြင့် သူ၏ အစောပိုင်းတုန်းက တိုက်ခိုက်မှုများသည် အလယ်အဆင့် မှော်ပညာရပ်ဆယ်ခုကျော်နှင့် တရစပ် ထိုးနှက်ခဲ့သလိုပင်။ သို့သော် ၎င်းတိုက်ခိုက်မှုက အပြင်ဘက်ဆုံးရှိ သံမဏိလက်စွပ်ကွင်း အရံအတားကို ဖျက်စီးပစ်နိုင်စွမ်း မရှိ ဖြစ်ခဲ့သည်။ သို့အတွက် အစ်ကိုလုမှာ အံ့အားသင့်မိရ၏။ ဟန်လိကိုလည်း ရှိန်သွားမိသည်။
ဟန်လိနှင့် အစ်ကိုလုတို့သည် တဖက်၏ရက်စက်မှုကို တဖက်က ခံစားမိသည်။ သို့သော်လည်း သူတို့၏ နောက်ပိုင်းလှုပ်ရှားတိုက်ခိုက်မှုများကမူ အတော်လေး ကွဲပြားသည်။
ဟန်လိက ရတနာအဆောင်ကို ထိန်းချုပ်ရမည် ဖြစ်၍ သူ့အနေဖြင့် တိုးဝင်လာသော မြန်ဆန်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုများကို ခါးသီးစွာ ရင်ဆိုင်ခုခံရသည်။
ဟန်လိက ခုခံခြင်းသပ်သပ် အနေအထားကို ပြင်ဆင်၍ မလှုပ်မယှက် ငြိမ်သက်နေသည်ကို မြင်သည့်အခါ အစ်ကိုလု၏ ဉာဏ်ရည်ဖြင့် သူသည် ဟန်လိမှာ ဝှက်ဖဲကို အသုံးပြုရန် ပြင်ဆင်နေတာ သေချာ သိ၏။ အဆင့်မြင့် မှော်ပညာရပ် ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ကြမ်းတမ်းလှသော မှော်ပစ္စည်းဖြင့် တိုက်ခိုက်မှုအတွက် ဖြစ်ချင်ဖြစ်မည်။
သို့ဖြစ်၍ သူက နှေးဖင့်မနေပေ။ သူ့လက်ထဲရှိ အလံထံ စိတ်ဝိညာဉ်စွမ်းအားများကို အရူးအမူး သွန်းလောင်း၏။ ထို့နောက် သူက ဟန်လိထံ ဦးတည်ကာ သည်အလံကို လက်ညွှန်သည်။ ထိုအခါ အလံထံမှ အဇူရာလေဓားသွားများသည် အပြင်းအထန် အော်မြည်သံနှင့်အတူ ထုတ်လွှတ်လာ၏။
သည်တကြိမ်၌ ဒီလေဓားသွားများသည် ပထမတိုက်ခိုက်မှုတုန်းကထက် အရွယ်သေးငယ်သည်။ သို့သော် ပို၍ ခိုင်မာကာ အကြမ်းခံမည့် ပုံရှိ၏။ ပြင်းထန်သော အရှိန်အဟုန် ရှိ၏။ ထိုလေဓားသွားအရှိန်အဟုန်ကြောင့် ကြမ်းကြုတ်သော တိုက်ခိုက်မှုများထံမှ အဇူရာနှင့်အဝါရောင်အလင်းများ ပေါ်လာသည်။
သည်တကြိမ်တွင် ဟန်လိ၏ သံမဏိလက်စွပ်ကွင်းသည် အချိန်တိုအတွင်းသာ တောင့်ခံထားနိုင်တော၏။ ထို့နောက်တွင် ဝုန်းခနဲ မြည်ဟည်းကာ ရုတ်တရက် ပေါက်ကွဲသွားသည်။ အဝါရောင်အလင်းမှာ ပျံ့ကြဲသွား၏။ အဆင့်မြင့် အရည်အသွေးရှိသော သံမဏိလက်စွပ်မှာ နောက်ဆုံး၌ ပျက်စီးသွားခဲ့ပြီ။
မည်သည့်အတားအဆီးမျှ မရှိသည်နှင့် လေဓားသွားများသည် ဝုန်းဒိုင်းကြဲကာ ရှေ့သို့ ဆက်တိုးဝင်လာသည်။ သို့ပေမည့် ယင်းတို့က နောက်ထပ် ထိပ်တန်းမှော်ပစ္စည်း အဟန့်အတားနှင့် ရင်ဆိုင်ကြုံရသည်။ ၎င်းမှော်ပစ္စည်းမှာ သံနက်ဒိုင်းပင်။ ရုန့်ရင်းကြမ်းတမ်းသော လေဓားသွားများနှင့် ဒိုင်းအကာတို့ ထိပ်တိုက်တွေ့ကြသည်။ အနက်နှင့်အဇူရာအလင်းတို့မှာ ပေါက်ကွဲထွက်နေသည်။
သံနက်ဒိုင်းသည် သံမဏိလက်စွပ်ကွင်းနှင့် လုံးဝ ကွဲပြားသည်။
ပထမတချက်မှာ လက်စွပ်၏ အရည်အသွေးသည် ဒိုင်းထက် များစွာ နိမ့်ကျ၏။ သည်ဒိုင်းက အဇူရာနဂါးအလံနှင့် တူညီသော အဆင့်ရှိသည့် မှော်ပစ္စည်းပင်။ ကျင့်ကြံခြင်းလောက၌ ထိုသို့သော ရှားပါးမှော်ပစ္စည်းများကို မည်သူက ပိုင်ဆိုင်ထားသနည်း။ သံမဏိလက်စွပ်မှာ ရိုးရှင်းသော အဆင့်မြင့်မှော်ပစ္စည်းတစ်ခုသာ ဖြစ်၏။ ၎င်းကို လူအများ ပိုင်ဆိုင်နိုင်သော မှော်ပစ္စည်းဟု ပြော၍ မရသော်လည်း အဆင့်အတန်း တခုခု ရှိထားသော ကျင့်ကြံသူများတွင်မူ ထိုသို့သော မှော်ပစ္စည်း တစ်ခု၊နှစ်ခု ပိုင်ဆိုင်ထားတတ်ကြ၏။
ဒုတိယတချက်မှာ သည်သံဒိုင်းက တိုက်ခိုက်ရာ၌ လုံးလုံး အသုံးမဝင်၊ ခုခံမှု သပ်သပ်အတွက် ဖန်တီးထားသော မှော်ပစ္စည်း ဖြစ်၏။ ၎င်း၏ အကာအကွယ် စွမ်းအားသည် သံမဏိလက်စွပ် လေးငါးကွင်းထက်ပင် ပိုသေးသည်။ ၎င်းသည် အကြမ်းခံ, မာကြောရုံသာမက ဒိုင်းပေါ်တွင်လည်း အကာအကွယ်အတွက် အထူးပြုထားသော မှော်မန္တာန်များ ပါရှိ၏။ ယင်းက ၎င်း၏ ခုခံမှုစွမ်းအားကို များစွာ တိုးမြှင့်စေနိုင်သည်။
သို့ဖြစ်၍ ဓားသွားများ၏ အကြမ်းပတမ်း တိုက်ခိုက်မှုမှာ ဟန်လိ၏ လွင့်မြောနေသော ဒိုင်း၏ တားဆီးခြင်းကို ခံရသည်။ ၎င်းဒိုင်းသည် မုန်တိုင်းထဲ၌ မားမားရပ်နေသော တောင်တစ်လုံးအလား။ ၎င်းဒိုင်းထံမှ အနက်ရောင်အလင်းကို ထုတ်လွှတ်နေ၏။ ၎င်းသည် အနည်းငယ်မျှပင် လှုပ်ခတ်လှုပ်ရှားသွားခြင်း မရှိပေ။
အစ်ကိုလုက ထိုသည်ကို မြင်သည့်အခါ ပို၍ ဒေါသပုန်ထလာ၏။ သူက အေးစက်စက် နှာမှုတ်၏။ သူ့လက်ဖက်ကို ဝေ့ယမ်းသည်။ သူ့အလံထံမှ လေဓားသွားများကို ထပ်မံ၍ မထုတ်လွှတ်စေတော့ပေ။ ထိုအစား သူက အလံ၏ တိုင်ကို ခပ်တင်းတင်း ဆုပ်ကိုင်သည်။ ရုတ်တရက် သူ၏လက်နှစ်ဖက်ထံမှ အဖြူရောင်အလင်းကို ထုတ်လွှတ်လာ၏။ စိတ်ဝိညာဉ်စွမ်းအားက သူ၏ခန္ဓာကိုယ်ကနေ ထိုးထွက်ကာ သည်အလံတိုင်ထဲ အရူးအမူး တိုးဝင်လာနေသည်။
စိတ်ဝိညာဉ်စွမ်းအား မြောက်များစွာကို ရရှိသည့်နောက် အဇူရာနဂါးအလံ၏ အလင်းသည် ပို၍ တောက်ပလာသည်။ မျက်စိကျိန်းလောက်အောင်ပင်။ ညအလယ်၌ အဇူရာနေမင်းတစင်း ပေါ်ထွန်းလာသည့်နှယ် ထင်ရ၏။ လူအချို့ကသာ ဒီအလံကို တည့်တည့် စူးစိုက် ကြည့်ဝံ့ပေလိမ့်မည်။
အစ်ကိုလုက မှော်စွမ်းအားများစွာကို အသုံးပြုလိုက်ရသည့်အတွက်ကြောင့် သူ့အမူအရာမှာ ဖြူရောသွား၏။ သို့သော် သူ့ပုံစံသည် ကြမ်းကြုတ် ရက်စက်လိုဟန် ပေါက်နေဆဲပင်။ သူက အချိန်ပိုဖင့်လေလေ ပြဿနာ ပိုရှိလာနိုင်လေကို ကောင်းကောင်း သိ၏။ သို့ဖြစ်၍ သူသည် အားကုန်သုံး၍ သည်တိုက်ပွဲကို အပြီးသတ်ရန် စိတ်ကူးထားသည်။
“နဂါးအသွင်ပြောင်းခြင်း…”
အစ်ကိုလုက မာန်သွင်းကာ အဇူရာအလံကို လေထဲ၌ အင်ပြည့်အားပြည့် ဝေ့ယမ်း၏။ ထို့နောက်တွင် သူ၏ လက်ချောင်းများဖြင့် မန္တာန်ချိပ်ဟန်ကို မြန်ဆန်လွန်းစွာ ထုတ်ဖော်ပြီး အလံထံ လက်ညွှန်သည်။
အဇူရာနဂါးအလံသည် အဇူရာအလင်းနှင့် ထိန်လင်းနေ၏။ ၎င်းအလံသည် မီတာသုံးဆယ်လောက် ကြီးမားသော အဇူရာနဂါးအဖြစ်သို့ ချက်ခြင်းပင် အသွင်ပြောင်းလာသည်။ ၎င်းနဂါးမှာ အသက်ဝင်ကာ အစစ်အမှန် ဆန်လှချေ၏။ အလံပေါ်၌ ရေးထွင်းထားသော နဂါးကဲ့သို့ အတိအကျ တူညီမှု ရှိသည်။ ၎င်း၏ အစွယ်၊ ထက်ရှသော လက်သည်းများမှာ လန့်စရာပင်။
“သွား…” အစ်ကိုလုက လက်ညွှန်ကာ ချက်ခြင်း အမိန့်ပေး၏။ သည်နဂါးက ၎င်း၏ ပါးစပ်ကြီးကို ဟကာ ဟန်လိထံ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ ထို့နောက်တွင် ကျယ်လောင်သော “ဒေါင်” ဟူသည့်အသံ မြည်ဟိန်းသွား၏။ နဂါး၏ ဦးခေါင်းက သံနက်ဒိုင်းနှင့် ရင်ဆိုင်ဝှေ့နေခြင်းပင်။
အဇူရာအလင်းနှင့် အနက်ရောင်အလင်းတို့မှာ လင်းလက်တောက်ပနေ၏။ သည်အခိုက်၌ သည်အလင်းနှစ်ခုမှာ ညီညီမျှမျှ ဖြစ်နေသည့်အလား။ သို့သော် တအောင့်အကြာ၌ ဒိုင်း၏ အနက်ရောင်အလင်းသည် များစွာ အားပျော့လာသည်။
ဒိုင်းသည် လက်စွပ်ကဲ့သို့ အဖြစ်မျိုး ကျရောက်တော့မည့် ပုံပင်။ ထိုစဉ် ကြည်လင်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။ “ရုတ်သိမ်းတယ်…”
ထိုအသံနှင့်အတူ ဒိုင်းသည် ချက်ခြင်းပင် သေးငယ်သွားကာ နောက်သို့ အလျင်အမြန် ဆုတ်၏။ ထို့နောက်တွင် အဇူရာနဂါး၏ ချီသည် ကြီးစွာ ထွန်းလင်းတောက်ပကာ ၎င်းဒိုင်းနောက်သို့ လိုက်ပါလာသည်။ ၎င်းက ပါးစပ်ဟကာ ဒိုင်းကော၊ ဟန်လိကိုကောပါ ဝါးမြိုပစ်ချင်သည့်အလား။
သို့သော် ထိုအခိုက်တွင် မီတာအတော်အတန် ရှည်လျားသော တောက်ပသည့် မီးခိုးရောင်အလင်းတန်းတစ်ခုသည် တင်ပလွေချိတ်ကာ ထိုင်နေသော ဟန်လိထံမှ ပျံသန်းထွက်လာ၏။ ၎င်းဓားအလင်းတန်းက နဂါး၏ ဦးခေါင်းကို ထိုးစိုက်၏။ ထိုအခါ နဂါးနှင့်ဓားတို့ကာ လုံးထွေးယှက်လိမ် ဖြစ်ကုန်သည်။
ခဏအကြာ၌ အဇူရာအလင်းက မီးခိုးရောင်အလင်းကို ဖိနှိပ်၏။ ထို့နောက်တွင် မီးခိုးရောင်အလင်းက အဇူရာအလင်းကို ပြန်ထိန်းချုပ်သည်။ သည်အခိုက်၌ မည်သည့်အလင်းက ပိုသန်မာသည်ကို မသိရနိုင်သေးပေ။
သံဒိုင်းကမူ ၎င်း၏ မူလအရွယ်အစားထိ ပြန်ကြုံ့ကာ ဟန်လိ၏ လက်ထဲ ကျရောက်သွားသည်။ ဟန်လိက ၎င်းကို သူ၏ သိုလှောင်အိတ်ထဲ ထည့်သိမ်းသည်။ အခုအခိုက်၌ သူ၏ မှော်စွမ်းအားအားလုံးကို ရတနာအဆောင်၏ တိုက်ခိုက်မှုအတွက် ထည့်သွင်းအသုံးပြုထား၏။ သူ့ထံ၌ ဒိုင်းကို ထုတ်ဖော်ဖို့ မှော်စွမ်းအားပင် မကျန်တော့ပေ။
ခုလက်ရှိ၌ သည်ရတနာအဆောင်၏ မီးခိုးရောင်အလင်းတန်းသည် သူ အဝါရောင်ဝတ်စုံနှင့်လူကို သတ်ရန် အသုံးပြုခဲ့ချိန်ကနှင့် လုံးလုံး ယှဉ်၍ မရတော့ပေ။ ၎င်း၏စွမ်းအားက ထိုစဉ်ကထက် အနည်းဆုံး လေးဆ ပိုသာလွန်နေပေပြီ။
ဘုန်းကြီးလူပု၏ လက်ထဲ၌ သည်ရတနာအဆောင်မှာ တစ်ပေခန့်သာ ရှိသော မီးခိုးရောင်အလင်းတန်းအဖြစ်သာ ပြောင်းလဲနိုင်ခဲ့၏။ ခုချိန်တွင် ဟန်လိ၏ လက်ထဲတွင်မူ ၎င်းအလင်းတန်းသည် ကိုးပေခန့်ထိ ရှိနေပေပြီ။ ၎င်း၏ အရှည်သာ တိုးလာသည် မဟုတ်၊ ပုံစံအရွယ်မှာလည်း တိုးလာခဲ့သည်ပင်။ ၎င်းသည် ဓားကြီးတလက်အသွင် ပေါက်နေသည်။ ၎င်း၏ တောက်ပမှုက မျက်စိကျိန်းလောက်သည်။ ၎င်းထံမှ ဖြာထွက်နေသော အလင်းမှာ ရင်သပ်ရှုမောဖွယ်ပင်။
သို့ဖြစ်၍ ရတနာအဆောင်တခု၏ ခွန်အားသည် မှော်ရတနာ၏ ခွန်အားအပေါ် မူတည်ရုံသာမက အသုံးပြုသူ၏ မှော်စွမ်းအားပမာဏပေါ်တွင်လည်း မူတည်သည်ကို မြင်နိုင်သည်။ အသုံးပြုသူ၏ မှော်စွမ်းအားက ပိုနက်နဲလေလေ ရတနာအဆောင်၏ ခွန်အားကို ပို၍ ပြသနိုင်လေပင်။
ဟန်လိသည် သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် ဒီရတနာအဆောင်ကို အသုံးပြုပါက ၎င်း၏ ပုံပန်းအသွင်နှင့် စွမ်းပကား မည်သို့မည်ပုံ ရှိမည်ကို အမှန်တကယ် မသိလေပေ။ ဟန်လိက မီးခိုးရောင်အလင်းတန်းကို ထိန်းချုပ်ကာ အဇူရာနဂါးနှင့် တိုက်ခိုက်နေစဉ်အတွင်း ရုတ်တရက် ပေါ်လာသော အတွေးတခုကြောင့် မထင်မှတ်စွာ အာရုံ ပျက်သွားမိသည်။