← Chapters

ဂလာစီယွန်

Vol. 42 Ch. 575

ဂလာစီယွန်

Vol. 42 Ch. 575

အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေကြီး၏ အဆုံးသတ်ကား ထင်မှတ်မထားစွာပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကပ်ဘေးမှာ ထန်ဂူ သတ္တဝါကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည့် စွမ်းအင်လှိုင်း တစ်ခုနှင့် အစပြုခဲ့၏။ ယင်းလှိုင်းက ကြယ်တာရာ နယ်မြေတစ်ခုလုံးကို တိတ်တဆိတ်ပင် ဖြတ်သန်းသွားကာ ဂြိုဟ်များ၊ ကုန်းမြေတိုက်ကြီးများ၊ ကြယ်တံခွန်များ အားလုံးကို တိုက်စားသွားသည်။ ‌ပေါက်ကွဲမှု မီးလုံးများမှာ စကြဝဠာ အတွင်း နေတစ်စင်း မွေးဖွားလာသည့် အလား အလွန်တရာပင် လှပလှ၏။

ဝေ့ဝူယင်မှာ ဟင်းလင်းပြင် သင်္ဘော၏ ကုန်းပတ်ထက်တွင် ရပ်ရင်း ထိုမြင်ကွင်းကို မိုင်သန်းပေါင်းများစွာ အကွာမှ ငေးမော ကြည့်နေခဲ့မိသည်။ ဝမ်ယုထျန်း၏ အသိစိတ်ကတော့ မီးဆိုင်းထဲမှ ထွက်ခွာကာ အနန္တ တာအို နန်းတော်များဆီသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ တာအို နန်းတော်များမှာ ဝင်ပေါက်အားလုံး ဖျက်ဆီးခံခဲ့ရသည်တိုင် ချိပ်ပိတ်ခံထားရသည့် လျှို့ဝှက်နေရာများ၌ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သည်။

အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ ဖျက်ဆီးခံရမှုကို ကြည့်ရင်း ဝေ့ဝူယင်မှာ ခံစားချက် မျိုးစုံ ပြည့်ရွှမ်း နေခဲ့၏။ အကယ်၍ ကြယ်တာရာ နယ်မြေထဲတွင် သက်ရှိများ ရှိနေခဲ့လျှင်ရော ထန်ဂူက ဂရုစိုက်မည်လား သူ တွေးလိုက်မိသည်။ သို့သော်လည်း ၎င်းက ထိုမျှ ဉာဏ်ကောင်းပုံ မပေါ်ချေ။

သူ့အား ဆက်သွယ်သည့် အချိန်တွင်ပင် ထိုသတ္တဝါကြီးမှာ အမူအရာဖြင့် စကားလုံး တစ်လုံးတည်းကိုသာ ပြောနိုင်ခဲ့သည်။ ၎င်းက "ကယ်ပါ" ဟူ၍။

ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်မိ၏။ သူ့ထံသို့ အဘယ်ကြောင့် ထန်ဂူ လာခဲ့ရသည်ကို သူ မသိချေ။ ထို့အတူ… ကောင်းကင်ဘုံ နတ်မျက်လုံးက အဘယ်ကြောင့် ထိုမျှ သန်မာစွာ တုန့်ပြန်နိုင်ရသည်ကိုလည်း သူ မသိချေ။ သို့သော်လည်း ဖြစ်စဥ် တစ်ခုလုံးက သေချာသည့် သီအိုရီ တစ်ခုကိုတော့ အတည်ပြု ပေးခဲ့၏။ ၎င်းက အကူအညီ တောင်းခံရန် အတွက် သူ့ထံသို့ ရောက်ရှိလာခဲ့ခြင်းပင်။

သို့သော်လည်း ထန်ဂူအား မည်ကဲ့သို့ ကူညီရမည်ကို ဝေ့ဝူယင် မသိသလို၊ ကူညီသင့်သလားလည်း သူ မသိချေ။ အဘယ်ကြောင့် သူ ဖြစ်နေရသနည်း။ နောက်ပြီး… သူမက သူ့ကို မည်ကဲ့သို့ အာရုံခံမိသနည်း။

ထန်ဂူက သူ့ကို အတိအကျကြီး မဟုတ်ပဲ ကောင်းကင်ဘုံး နတ်မျက်လုံး အော်ရာကို ရှာဖွေနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ သူမက ကောင်းကင်ဘုံ နတ်မျက်လုံးအား ကျင့်ကြံထားသည့် တစ်စုံတစ်ယောက်ကို သိခဲ့ဖူးတာ ဖြစ်နိုင်ပေသည်။

ရုတ်တရက် ဝေ့ဝူယင်၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်လာခဲ့၏။

“ထာဝရ ဧကရာဇ်...”

ငွေရောင် ကောင်းကင်ဘုံ နတ်မျက်လုံးများက ထာဝရ ဧကရာဇ်၏ သွင်ပြင် လက္ခဏာ တစ်ရပ် ဖြစ်ကြောင်း ဝူယုက ပြောခဲ့ဖူးသည်။ ထိုလူအိုကြီးမှာ သူ့ကို ထာဝရ ဧကရာဇ် ပြန်လည် ဝင်စားသူ ဟုပင် အထင်လွဲခဲ့သေးသည်။

ဤသို့ဆိုလျှင် ထန်ဂူမှာ ထာဝရ ဧကရာဇ်နှင့် သိခဲ့ဖူးတာ ဖြစ်နိုင်မည်လော။ သို့တည်းမဟုတ် ထိုထက် ပိုမိုစောသည့် တစ်စုံတစ်ယောက်လော။

ထိုဖြစ်နိုင်ချေက သေချာ သလောက် ရှိသည်ဟု ဝေ့ဝူယင် တွေးလိုက်မိ၏။ ထန်ဂူက ကောင်းကင်ဘုံ နတ်မျက်လုံး ပိုင်ရှင်ကို လာရောက် ရှာဖွေသည်။ ထို့နောက် သူ့ကို တွေ့ကာ အကူအညီ တောင်းခဲ့သည်။ သို့သော်လည်း သူမ၏ ဉာဏ်ရည်က လုံလောက်အောင် ဖွံ့ဖြိုးခြင်း မရှိသေးရာ အမူအရာ ဖြစ်သည့် ရှေးဦး ဆက်သွယ်ရေး ပုံစံကိုသာ သုံးနိုင်ခဲ့သည်။

ထန်ဂူကို ကြည့်ရင်း ထူးထူးခြားခြား သွေးမျိုးဆက် မရှိသည့်သည့် အိမ်မွေး တိရစ္ဆာန်များကိုပင် ဝေ့ဝူယင် အမှတ်ရလိုက်မိသည်။ ၎င်းတို့က စကားမပြောတတ်သော်လည်း ဆာလောင်သည့် အခါတွင် ဆာလောင်သည့် အမူအရာမျိုးကို ဖော်ပြလေ့ ရှိသည်။ အကူအညီ လိုအပ်သည့် အခါမျိုးတွင်လည်း ဖျော့တော့သော အသံဖြင့် ဖြစ်စေ၊ ပွတ်သပ်၍ ဖြစ်စေ သင့်အာရုံကို ဆွဲဆောင်လေ့ ရှိသည်။ ၎င်းတို့၏ မျက်လုံး အမူအရာက အဆက်အစပ် လုံးဝ မရှိသော မျိုးစိတ်များ ကြားမှ အတားအဆီးကို ကျော်လွှားရန် နည်းလမ်း တစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ပိုင်လင်မှာလည်း ထိုနည်းလမ်းကို အကြိမ်ပေါင်းများစွာ သုံးခဲ့ဖူးသည်။ သို့သော်လည်း နောက်ပိုင်းတွင်မူ ဝေ့ဝူယင်မှာ ထိုကြိုးကြာဖြူ၏ ခံစားချက်များကို ပိုမို နားလည်ရန် ဝိညာဥ် အစီအရင်၏ အကူအညီကို ရယူခဲ့သည်။

ကြယ်တာရာ နယ်မြေထက်ပင် ပိုမို ကြီးမားလှသည့် သတ္တဝါကြီးကို လှမ်းကြည့်ရင်း ဝေ့ဝူယင် သက်ပြင်း တစ်ချက် ချလိုက်မိ၏။

ထန်ဂူက မည်ကဲ့သို့သော အကူအညီကို လိုအပ်သည် ဖြစ်စေ၊ မည်သူ့ကို ရှာဖွေချင်သည် ဖြစ်စေ... သူ့တွင် ကူညီရန် နည်းလမ်း မရှိချေ။ သူက အားနည်းလွန်းလှသေးသည်။ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနေသည့် ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းက ထိုအချက်ကို သက်သေခံနေပေသည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆက်လက် စောင့်ကြည့်နေခဲ့၏။ တစ်ချိန်တစ်ခါက သူ မြင်တွေ့ခဲ့ဖူးသည့် နယ်မြေသေကြီးများလိုပင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် အလင်းရောင် ခမ်းခြောက် သွားခဲ့ပြီ ဖြစ်သည်။ ဂြိုဟ်များမှာ တဖြည်းဖြည်းပင် အက်ကွဲသွားကာ လွင့်မြောနေသည့် အသက်မဲ့ ကျောက်တုံးကြီးများ ဖြစ်သွား၏။ ကုန်းမြေတိုက်ကြီးများကတော့ လုံးဝကို ဖျက်ဆီး ခံလိုက်ရကာ ဖုန်မှုန့်များ၊ ကျောက်တုံးများ အဖြစ် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

တစ်ချိန်တစ်ခါက သူ့ မွေးရပ်မြေကား အပြီးတိုင် ဖျက်ဆီးခံလိုက်ရချေပြီ။

ခပ်ဖျော့ဖျော့ သက်ပြင်းတစ်ချက် ချလိုက်ရင်း ဝေ့ဝူယင် လက်ဝါးကို ဖြန့်ကာ နောက်ဆုံး ကျန်ရစ်သည့် အနန္တ ကုန်းမြေတိုက်ကြီးကို ငုံ့ကြည့် လိုက်မိ၏။ ထို့နောက် သူက ကြယ်တာရာ အင်အားဖြင့် ကြိုးတစ်ခု ဖန်တီးလိုက်ရင်း သလင်းကျောက်ကို ချည်နှောင်ကာ လည်ပင်းတွင် ဆွဲလိုက်သည်။ ၎င်းက လခြမ်း သဏ္ဌာန် ဆွဲကြိုးနှင့် အတူ သူ့ နှလုံးသားနှင့် အနီးဆုံး တစ်နေရာတွင် တည်ရှိနေလိမ့်မည် ဖြစ်သည်။

“အတော်လေး လေးသားပဲ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ချိတ်ပိတ် သိမ်းဆည်းထားသည့်တိုင် အနန္တ ကုန်းမြေတိုက်ကြီး၏ အလေးချိန်မှာ မူလက အတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ၎င်းက အခြား အရာတစ်ခုခု၊ သို့မဟုတ် တစ်စုံတစ်ယောက် အပေါ် တိုက်ရိုက် ပြုတ်ကျမသွားဖို့ သူ ဂရုစိုက်ရလိမ့်မည် ဖြစ်သည်။

သလင်းကျောက်လေးကို လက်ဖြင့် ပွတ်သပ်ကြည့်ရင်း နွေးထွေးမှုနှင့် ချောမွေ့မှုတို့ကို ဝေ့ဝူယင် ခံစားလိုက်၏။ နေကြယ်များအား ထိုကဲ့သို့ ချိပ်ပိတ် သိမ်းဆည်းနိုင်လျှင်ရော ဆိုသည့် အတွေးတစ်ခုက ဝေ့ဝူယင်၏ စိတ်အတွင်း ဝင်ရောက်လာသည်။ လက်ရှိ အခြေအနေက မဖြစ်နိုင်သေးသော်လည်း ဟင်းလင်းပြင် ပုံဆောင်ခဲခြင်းမှာ မည်သည့် ရုပ်ဝတ္ထုမျိုးကို မဆို ချုံ့ပစ်နိုင်စွမ်း ရှိလေရာ နောင်တစ်ချိန်တွင် မဖြစ်နိုင်ဟု ပြော၍ မရချေ။

အကယ်၍ သူသာ နေအစင်းပေါင်း များစွာကို အိတ်ကပ်အတွင်း ထည့်သွင်းထားနိုင်ပါက...

ဝေ့ဝူယင်မှာ အတွေးဖြင့်ပင် ရင်တဒိတ်ဒိတ် ခုန်လာခဲ့၏။ နေပေါက်ကွဲခြင်းအား လက်နက် တစ်ခုလိုမျိုး အသုံးချ တိုက်ခိုက်ခြင်းက သူ့ကဲ့သို့ သေမျိုး တစ်ယောက်၏ အတွေးတွင် ခန့်ညား ထည်ဝါကာ စိတ်ကူးယဉ် ဆန်လွန်းလှသည်။

“ငါ ကိုယ်တိုင် နေတွေ ဖန်ဆင်းနိုင်တဲ့ တစ်နေ့ကျရင် အဲဒါကို စမ်းကြည့်ရမယ်”

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆုံးဖြတ်ချက် ချလိုက်၏။

“ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ...”

အိုရီက မေးလိုက်၏။ လောလောဆယ်၌ သူတို့မှာ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင် အတွင်း မြောလွင့်နေကြကာ မည်းမည်းမှောင် နေသည့် ကြယ်တရာ နယ်မြေကြီးနှင့် အိပ်ပျော်နေဟန် ရသည့် ထန်ဂူတို့ကို ကြည့်နေကြခြင်း ဖြစ်သည်။ ဝမ်ယုထျန်း၏ အဆိုအရဆိုလျှင် ထိုသတ္တဝါကြီးမှာ နေသုံးစင်းကို အစာခြေဖျက်ရန် အတွက် ထိုကဲ့သို့ ထူးဆန်းသော အခြေအနေတွင် ဆယ်စုနှစ် အနည်းငယ် ရှိနေလိမ့်မည် ဖြစ်သည်။

အမှောင် ဟင်းလင်းပြင် အတွင်း အဆုံးအစမဲ့စွာ မြောလွင့်နေသည့် ကြယ်တာရာများကို ဝေ့ဝူယင် ငေးကြည့် လိုက်မိ၏။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ပတ်သက်သည့် အချက်အလက် အချို့ကို ရရှိထားပြီး ဖြစ်လေရာ သူက လမ်းပျောက်နေသူတော့ မဟုတ်ပါချေ။

“ငါတို့ စောင့်ကြမယ်...”

ရုတ်တရက် ဘုရင်က ထူးဆန်းစွာ ပြောလိုက်၏။ ၎င်း၏ အသံက လေးနက်ကာ ဝေ့ဝူယင်တို့ အားလုံး နားလည်နိုင်သည့် အဓိပ္ပာယ် တစ်ခုကို သယ်ဆောင်ထားသည်။ ထိုကြယ်တာရာ ဝိညာဉ်မှာ သူ့ ဘဝ တစ်လျှောက်လုံးတွင် ဒုတိယ အကြိမ်မြောက် စကားပြောလိုက်ခြင်းပင် ဖြစ်သည်။

"…"

ဝေ့ဝူယင်က တောက်ပစွာ ပြုံးလိုက်ရင်း ပျက်စီး ယိုယွင်းနေသည့် ကြယ်တာရာ နယ်မြေဆီကို လှမ်းကြည့် လိုက်၏။ ဘဝ စာမျက်နှာ တစ်ခု ပြီးဆုံး သွားပြီ ဖြစ်လေရာ အခြး တစ်မျက်နှာဆီ သူ ခရီးဆက်ရတော့မည် ဖြစ်သည်။ သို့သော်လည်း... ထိုကဲ့သို့ မပြုလုပ်ခင် သူ စောင့်ဆိုင်းရန် လိုအပ်သည့် တစ်စုံတစ်ယောက် ရှိနေသေးဆဲ ဖြစ်သည်။

“မကြာခင် သူ ပြန်လာတော့မှာပါ”

...

ဤသို့ဖြင့် နှစ်အနည်းငယ် ကြာပြီးနောက်တွင် အာရုဏ်ဉီး ဧကရာဇ် ကြယ်တာရာ နယ်မြေဟောင်း၏ တစ်နေရာ၌ သာယာသော အော်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။

“ဂီး...”

...

စကြဝဠာ တစ်နေရာရှိ အပြောကျယ်လှသော သုံးလွှာ ကြယ်တာရာ နယ်မြေအတွင်းတွင် အကြွင်းမဲ့ တားမြစ်ခံ အဖြစ် ယူဆထားသည့် ဂြိုဟ်တစ်ခု ရှိ၏။ ၎င်း၏ တားမြစ်ခံ ဆိုသော ခေါင်းစဉ်ကို ထာဝရ ဧကရာဇ် ကိုယ်တိုင် ကြေညာခဲ့ရာ ကြယ်တာရာ အထွတ်အထိပ် ကာလက ကြယ်တာရာ သခင်များပင် ကျူးကျော်ရန် လက်တွန့်ခဲ့ကြ၏။ လက်ရှိခေတ်တွင်လည်း မည်သူမှ ထိုနေရာကို စွန့်စားရန် သတ္တိမရှိခဲ့ကြချေ။

သမိုင်းခေတ် အဆက်ဆက် ချွင်းချက် အနေဖြင့် ကျူးကျော်ရဲခဲ့သူများ၏ ကံကြမ္မာလား... လျှို့ဝှက် ဆန်းကြယ်သည့် ဒဏ္ဍာရီကို ပြန်ပြောပြရန် သူတို့ အသက် မရှင်ခဲ့ကြချေ။

...

သုံးလွှာ ကြယ်တာရာ နယ်မြေ၏ မြောက်ဘက် အစွန်ဆုံး နေရာ တစ်ခု၌ အပြောရောင် ဂြိုဟ်တစ်စင်းမှာ တိတ်တဆိတ်ပင် ၎င်း၏ ဝင်ရိုးထက်တွင် လည်ပတ်နေခဲ့၏။ ၎င်းက သိပ်မကြီးမားလှချေ။ ကြယ်တာရာ နယ်မြေ အတွင်းရှိ အမျိုးမျိုးသော ဂြိုဟ်များနှင့် နှိုင်းယှဉ်ပါက သေးငယ်သည်ဟုပင် ယူဆနိုင်ပေသည်။ ၎င်းက ရေခဲ အခိုးအငွေ့တို့ကို ထုတ်လွှတ်နေကာ အေးခဲခြင်း မြူမှုန်များမှာ လေထု တစ်ခုလုံးကိုပင် ပိတ်ဆို့နေ၏။

ထိုဂြိုဟ်ငယ်လေးကို ဂလာစီယွန် သို့မဟုတ် တားမြစ်ခံ ရေခဲဂြိုဟ်ဟု ခေါ်၏။

ခရက်...

ရုတ်တရက် လေထု အနားစွန်း တစ်နေရာတွင် ဟင်းလင်းပြင် ထွက်ပေါက် တစ်ခု ဖွဲ့စည်းလာကာ လူနှစ်ယောက် လမ်းလျှောက် ထွက်လာခဲ့၏။ ရေခဲနှင်းမြူများမှာ ဘေးသို့ လွင့်ပျံ သွားကြသည်။

ဝေ့ဝူယင်က ပြုံးလိုက်ရင်း အောက်ကို ငုံ့ကြည့်လိုက်၏။ သူ့ဘေးနားရှိ လှပသော ပုံရိပ်ကလေးကတော့ အနည်းငယ် လှုပ်ခါသွားသည်။ သူမက စန်းကလန်၏ (အတုအယောင်) လောကသခင် နှစ်ပါး အနက် တစ်ပါး ဖြစ်သည့် စန်းယွန်းလီပင် ဖြစ်သည်။ သူမ၏ လှပသော အနီရောင် မီးတောက် မျက်လုံးလေးများမှာ အောက်ရှိ ရေခဲပြင်ကြီးကို ကြည့်ကာ ကြောက်ရွံ့ခြင်းများနှင့် ပြည့်နှက်သွား၏။

“ဂလာစီယွန်...”

သူမက ခပ်တိုးတိုးလေး ရေရွတ်လိုက်၏။ မီးဓာတ်ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ရေခဲအော်ရာမှာ သူမ အကြောက်အရဆုံး အန္တရာယ်ပင် ဖြစ်သည်။

“ငါ့ကို ဘာလို့ ဒီနေရာကို ခေါ်လာတာလဲ...”

သူမက ဝေ့ဝူယင်ကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်၏။ လူငယ်၏ မျက်နှာထက်မှ အပြုံးကို မြင်ရသော အခိုက်၌ သူမနှလုံးသားက သံသယများဖြင့် ပြည့်လျှံသွားသည်။ သို့သော်လည်း စန်းယွန်းလီ ထွေထွေထူးထူးတောာ့ စိတ်ပူခြင်း မဖြစ်မိချေ။ အကယ်၍ ထိုလူငယ်သာ သူမကို အမှန်တကယ် ဒုက္ခပေးချင်ပါက သူ့တွင် လုံလောက်သည့် ခွန်အား အပြင် နည်းလမ်းများစွာ ရှိပေသည်။ ယခုလို ပတ်ဝန်းကျင်မျိုးကို ခေါ်လာ၍ တကူးတက အားနည်းသွားအောင် လုပ်စရာ လိုလိမ့်မည် မဟုတ်ချေ။

သူမ၏ တုန့်ပြန်ပုံကို ကြည့်ရင်း ဝေ့ဝူယင်က သဘောကျဟန်နှင့် အနည်းငယ် ရယ်မောလိုက်၏။

“ဒီနေရာက ငါတို့ ချိန်းတွေ့မယ့် နေရာလေ...”

***

All Chapters