ချိန်းတွေ့ခြင်း
Vol. 42 Ch. 576
ဝေ့ဝူယင်၏ အဖြေက စန်းယွန်းလီကို မျက်မှောင်ကြုတ် သွားစေ၏။ ဤနေရာက ချိန်းတွေ့ရန် သင့်တော်သည့် နေရာလော။ ရှေ့သို့ နည်းနည်း တိုးလိုက်သည်နှင့် သူမ တစ်ကိုယ်လုံး အေးခဲကာ ရေခဲရုပ်တုပင် ဖြစ်သွားတော့မည် ဖြစ်သည်။ ထိုကဲ့သို့ ချိန်းတွေ့မှုမျိုး သူမ တစ်ခါမှ မကြားဖူးချေ။
ထို့အပြင် အဆင့်မြင့် ကျင့်ကြံခြင်း မျိုးနွယ်တွင် မွေးဖွားလာခဲ့သူ တစ်ယောက် အနေဖြင့် သေမျိုးများ ပြုလုပ်ကြသလိုမျိုး တစ်ခါမှ သူမ ချိန်းမတွေ့ဖူးချေ။ သူမ၏ အချစ်ရေးကို မိသားစုကသာ ဆုံးဖြတ်ခဲ့ကာ ပါရမီ၊ ရုပ်ရည်နှင့် အဆင့်အတန်း မြင့်မားသည့် သင့်တော်သူ တစ်ဦးနှင့် လက်ဆက်ပေးခဲ့သည်။
သို့သော်လည်း အဆုံးသတ်တွင်တော့ သူမ၏ ခင်ပွန်းမှာ ခက်ခဲသော ကျင့်ကြံခြင်း ခရီးလမ်းကို လျှောက်လှမ်းခဲ့ရကာ ဖုန်မှုန့် အဖြစ် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ သူမ၏ သားသမီး၊ မြေးမြစ်များမှာလည်း သေသူသေ၊ အသက်ကြီးသူကြီး ဖြစ်နေခဲ့ချေပြီ။ ဆယ်ကျော်သက် တစ်ယောက် ကဲ့သို့ ရုပ်ရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည့်တိုင် သူမ၏ အမှန်တကယ် အသက်မှာ နှစ်ထောင်ကျော်နေချေပြီ ဖြစ်သည်။
“ချိန်းတွေ့တာက ဒီလိုမျိုးလား...”
သူမက လူငယ်၏ ချောမောသော ရုပ်ရည်ကို မော့ကြည့်ရင်း မေးလိုက်၏။
"ဟဟ...”
ဝေ့ဝူယင်က ရယ်မောလိုက်သည်။ ထို့နောက် သူက တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။
“ငါတို့ နှစ်ယောက် ပထမဆုံး ချိန်းတွေ့တဲ့ နေ့မှာ ဘယ်လို အမှတ်တရမျိုး ဖန်တီးသင့်သလဲ လို့ အစောကြီးတည်းက ငါ တွေးနေတာ... စကြဝဠာကြီးကို ရှာဖွေရမလား... ဒါမှမဟုတ် အရမ်း လှပတဲ့ မီးရှူးမီးပန်းတွေ ဖန်တီး ရမလား... အနုပညာ လက်ရာတွေ ဒါမှမဟုတ်လည်း ခမ်းနားတဲ့ တစ်ခုခု ပေါ့လေ... ဒီအဖိုးတန် နေ့လေးကို အပေါ်ယံ သဘောမျိုး မဖြစ်ချင်ဘူး... လေးနက်စေချင်တယ်... ဒီနေ့ကစပြီး မင်းက ငါ့ဘေးမှာ အမြဲ ရှိနေတော့မှာမလား”
ဝေ့ဝူယင်က စန်းယွန်းလီ၏ လှပသည့် မျက်လုံးကလေးများကို စိုက်ကြည့်လိုက်သည်။ သူ၏ စကားလုံးများက နှစ်ဦးသား၏ အနာဂတ် အပေါ် ယုံကြည်ချက် အငွေ့အသက်များဖြင့် ပြည့်ရွှမ်းနေသည်။
စန်းယွန်းလီ၏ မျက်မှောင်မှာ ပြေလျော့သွား၏။ ဝေ့ဝူယင်က အသာအယာ ပြုံးရင်း စကားဆက်လိုက်သည်။
“ဒါကြောင့်မလို့ မင်းအတွက် အကောင်းဆုံး ဖြစ်မယ့် နေရာတစ်ခုကို ရှာဖွေဖို့ ငါ ဆုံးဖြတ်ခဲ့တယ်... မင်း အိမ်လို့ ခံစားရမယ့် နေရာ၊ မင်း ကျိန်းသေကြိုက်မယ့် နေရရာ၊ မင်း စိတ်တစ်ခုလုံး အပန်းပြေသွားမယ့် နေရာ မျိုပေါ့... ပြီးတော့ ငါတို့ စကားပြောကြမယ်လေ”
စန်းယွန်းလီက ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“စကားပြောမယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
“ပြီးတော့ စားလည်း စားကြမှာပေါ့”
“စားမယ်...”
ဝေ့ဝူယင်က နားလည်ရန် ခက်ခဲသူ တစ်ယောက်ဟု စန်းယွန်းလီ တွေးလိုက်မိ၏။
“ဒါဆို ကျွန်မကို ဘာလို့ ဒီလိုနေရာကို ခေါ်လာတာလဲ... ရေခဲကို ကျွန်မ ဘယ်လောက် မုန်းတယ် ဆိုတာ ရှင်လည်း သိသားနဲ့”
“ကောင်းပြီလေ... အမှန်အတိုင်း ပြောရရင် အသင့်တော်ဆုံး နေရာကို ရှာဖွေဖို့ ငါ တစ်နှစ်လောက် အချိန်ယူ ထားရတာ... ဒီဂလာစီယွန်ဂြိုဟ်က အသင့်တော်ဆုံးပဲ”
ဝေ့ဝူယင်က အဖြေပေးလိုက်၏။
“အမ်...”
စန်းယွန်းလီမှာ ဝေ့ဝူယင် ဘာကို ပြောနေမှန်း နားမလည်တော့ချေ။ တစ်နှစ်ပတ်လုံး အေးခဲနေသည့် ဂြိုဟ်က ချိန်းတွေ့ရန် အသင့်တော်ဆုံး နေရာလော။
ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း အောက်ရှိ ရေခဲဂြိုဟ်ကို ငုံ့ကြည့်လိုက်၏။
“နောက်ထပ် နှစ်နှစ်လောက် အချိန်ကိုတော့ ပြိုင်ဘက်ကင်း ကြယ်တာရာ ကျင့်စဥ်တစ်ခုကို အသက်သွင်းဖို့ ငါ အသုံးပြုခဲ့ရတယ်လေ... ပထဝီဖွဲ့စည်းခြင်း ဆိုတဲ့ နာမည်ကို မင်း ကြားဖူးမှာပေါ့”
စန်းယွန်းလီက ခေါင်းညိတ်လိုက်၏။
“အဲဒါက ကောင်းကင် ခန္ဓာတစ်ခုရဲ့ လေထုနဲ့ နက္ခတ်ဗေဒ အခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ ကျင့်စဥ် မလား”
ဝေ့ဝူယင်က သူမကို လက်ကမ်းရင်း တိတ်တဆိတ်ပင် မေးလိုက်၏။
“မင်း ငါ့ကို ယုံလား”
စန်းယွန်းလီက ဝေ့ဝူယင်ကို ကြည့်လိုက်၏။ ထို့နောက် သူမ၏ မျက်လုံးများက ကမ်းလင့်နေသည့် လက်ဖဝါးထံသို့ ရောက်ရှိသွားသည်။
နှစ်ထောင်ချီ အသက်ရှင်ခဲ့သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သတိရှိမှုနှင့် နိုးကြားမှုတို့က သူမ၏ အသွေးအသားထဲတွင် သဘာဝ အလျှောက် စွဲထင်နေသည့် အရာ ဖြစ်သည်။ ထိုကဲ့သို့ သဘာဝကပင် သူမကို အသက်ရှင်စေခဲ့ကာ လက်ရှိ ကျင့်ကြံခြင်း အဆင့်ထိ ရောက်စေခဲ့သည်။
သို့သော်လည်း သူမ၏ စိတ်က ဝေ့ဝူယင်မှာ ယုံကြည်ထိုက်သူ တစ်ယောက်ဟု ပြောပြနေသည်။ တစ်ခဏမျှသာ တုန့်ဆိုင်းပြီးနောက် သူမ၏ နှလုံးသားက သံမဏိ ကဲ့သို့ ခိုင်မာထားသည်။ သူမ အတွက်တော့ ဝေ့ဝူယင်က သာမန် နည်းလမ်းများဖြင့် အကဲဖြတ်၍ မရသူ တစ်ယောက်ပင်။ ထို့အပြင် သူမ ဤနေရာကိုပင် ရောက်နေပြီ ဖြစ်သည်။ သူ့အား ယုံကြည်မှု မရှိပါက အဘယ်ကြောင့် လိုက်လာခဲ့မည်နည်း။
စန်းယွန်းလီက ကျောက်စိမ်း အလား ကြည်လင်နေသည့် သူမ၏ လက်ကလေးကို လူငယ်၏ လက်အတွင်း ထည့်ပေးလိုက်၏။ သူမ၏ အပြုအမူက ဝေ့ဝူယင်၏ မျက်နှာထက်ရှိ အပြုံးကို ပိုမို တောက်ပသွားစေသည်။
“သွားကြမယ်...”
သူက သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း ဂလာဂီယွန်ဂြိုဟ်ပေါ်သို့ ဆင်းသက်လိုက်သည်။ ရေခဲ အော်ရာနှင့် လေထု၏ အေးခဲမှုက ပိုမို တိုးမြင့်လာနေသည့်တိုင် ဝေ့ဝူယင်ကတော့ လျစ်လျူထားဆဲ ဖြစ်သည်။ စန်းယွန်းလီကတော့ ကျင့်ကြံခြင်း အခြေခံကို လှည့်ပတ်ရင်း အပူချိန်ကို ထုတ်လွှတ်ကာ အအေးဓာတ်ကို အံတုရန် ကြိုးပမ်းနေလေ၏။
ဟူး... ဟူး...
စက္ကန့်ပိုင်း အတွင်းမှာပင် ဝေ့ဝူယင်တို့ နှစ်ယောက်မှာ လေထုကို အလွှာထဲကို ထိုးဖောက် ဝင်ရောက်လာခဲ့၏။ အအေးဓာတ်က ပိုမို ပြင်းထန်လာရာ စန်းယွန်းလီ၏ ခန္ဓာကိုယ်က အနည်းငယ်ပင် တောင့်တင်းသွားသည်။ သို့သော်လည်း ဂြိုဟ်၏ မျက်နှာပြင်ကို လှမ်းမြင်တွေ့လိုက်ရသော အခိုက်၌ကား သူမ၏ မျက်လုံးများမှာ မရှူမကယ်နိုင် ပြူးကျယ် သွားခဲ့တော့၏။
လှပလွန်းသည်။ တကယ့်ကို လှပလွန်းသည်။
မျက်နှာပြင် တစ်ခုလုံးမှာ စိန် ပုံဆောင်ခဲများဖြင့် ဖွဲ့စည်းထားသည့် လွင်ပြင် တစ်ခုအလား ထင်မှတ် မှားရကာ ရောင်စုံ ဝင်ရိုးစွန်း အလင်းတန်းများမှာ သလင်းကျောက်များကို ရောင်ပြန်ဟပ်၍ ဟိုမှသည်သို့ ကွန့်မြူး ထွက်ပေါ်နေ၏။ ထိုရောင်စဥ်တန်းများ တစ်ခုကို တစ်ခု ယှက်ဖြာသွားရော အခိုက်၌ ပတ်ဝန်းကျင် လေထုက နွေဦး သစ်ရွက်များ အလား အရောင်ပြောင်းသွားကာ ရင်သပ် ရှုမောဖွယ်ရာ ကောင်းသည့် ရှုခင်းတစ်ခု အသွင် ခြယ်လွှမ်း သွားသည်။
နှစ်ပေါင်း နှစ်ထောင်ကျော် အသက်ရှင် နေထိုင်ခဲ့သည့်တိုင် ထိုကဲ့သို့ မြင်ကွင်းမျိုးကို စန်းယွန်းလီ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမ အအေးဓာတ်ကိုပင် မေ့လျော့ကာ လက်ကို ဆန့်ထုတ်၍ ရောင်စုံ အလင်းများကို ထို့ထိကြည့်ရန် ကြိုးပမ်းလိုက်၏။
နူးညံ့ ပျော့ပျောင်းသော လက်ကလေးများနှင့် ရောင်စုံ အလင်းတန်းတို့ ထိတွေ့သွားသော အခိုက်၌ နတ်သမီး ပုံပြင်များထဲမှ မြင်ကွင်းတစ်ခု မွေးဖွားလာသည်။
ဂလာစီယွန်ဂြိုဟ်ထက်၌ စန်းယွန်းလီနှင့် ရောင်စုံ အလင်းတန်းများမှာ ပြီးပြည့်စုံစွာ ပေါင်းစပ်လျှက် ရှိ၏။ ဝေ့ဝူယင်မှာ ထိုရှုမြင်ကွင်းကို ကြည့်ရင်း အခမ်းနားဆုံး ပန်းချီကား တစ်ချပ်ကို တွေ့မြင်ရသည့် အလား ကိုယ့်ကိုယ်ကိုပင် မေ့လျော့သွားသည်။
သူ ညင်သာစွာ ပြုံးလိုက်ရင်း စိန်မျက်နှာပြင်ကို ချဥ်းကပ်ကာ လက်ဝါးကို ဆန့်ထုတ်လိုက်၏။
ကြယ်တာရာ ကျင့်စဥ်... အကြွင်းမဲ့ ဒြပ်စင် ပြောင်းလဲခြင်း...
သူ၏ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ ဖြန့်ကျက်သွားကာ လောက၏ တစ်စိတ်တစ်ဒေသနှင့် ပေါင်းစပ် သွား၏။ ရုတ်ချည်းဆိုသလိုပင် သိသာ ထင်ရှားသည့် အပြောင်းအလဲများက ပတ်ဝန်းကျင်တွင် စတင် နေရာ ယူလာသည်။ လှပသော မီးတောက် တစ်ခုမှာ ရေခဲတောင်တွင် စတင် တောက်လောင်လာ၏။ ထိုမီးတောက်က အပြာရောင် အဆင်းရှိကာ မူလ ရှိပြီးသား ရေခဲအော်ရာနှင့် ဆက်သွယ်၍ အပူဓာတ် တစ်မျိုးကို ထုတ်လွှတ်နေသည်။ အကယ်၍ ဝိညာဥ်အာရုံဖြင့် သေချာစွာ စစ်ဆေးကြည့်မည် ဆိုပါက ၎င်းမှာ ထူးဆန်းစွာပင် ရေခဲအော်ရာကို လောင်စာပြုကာ လောင်ကြွမ်းနေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
စန်းယွန်လီ၏ မျက်လုံးများမှာ ရေခဲမီးတောက်နှင့် စိန်တောင်တန်း ရှိရာသို့ ရောက်ရှိသွား၏။ လောက၏ အပူချိန်က တဖြည်းဖြည်း နွေးထွေးလာကြောင်း သတိပြုမိလိုက်သော အခိုက်၌ အံ့အားသင့်သည့် အငွေ့အသက် အချို့က သူမ၏ မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။
“ဒါက...”
တစ်ခဏ အတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်ပေါ် သက်ရောက်နေသည့် ရေခဲအော်ရာမှာ တောင်၏ ဆွဲယူ ဝါးမြိုမှု အောက်တွင် ပျောက်ကွယ်သွားခဲ့လေ၏။
ဝေ့ဝူယင်နှင့် စန်းယွန်းလီတို့မှာ ဖြည်းညင်းစွာပင် တောင်၏ ညီညာ ပြန့်ပြူးသော မျက်နှာပြင်ထက်သို့ ရောက်ရှိ လာသည်။ ထိုနေရာကို သဘာဝ တရားက ပြီးပြည့်စုံစွာ ထွင်းထုထားဟန် ရကာ ပတ်ဝန်းကျင်ရှိ ရှုမြင်ကွင်းများကို ကြည့်ရန် အကောင်းဆုံး နေရာ ဖြစ်ပေသည်။
“ဂလာစီယွန် ဂြိုဟ်တစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ အရည်အချင်း ငါ့မှာ မရှိသေးပေမဲ့ အနည်းဆုံး ဒီနေရာကိုတော့ ငါ ပိုင်တယ်လေ”
ဝေ့ဝူယင်က အနည်းငယ် ပြုံးရင်း ပြောလိုက်၏။
“ရှင် ဘယ်လိုလုပ်ပြီး ဒီနေရာကို ဖန်တီးလိုက်တာလဲ...”
စန်းယွန်းလီက အံ့သြတကြီးဖြင့် မေးလိုက်၏။ ဝေ့ဝူယင်က သူမ အတွက် သက်တောင့်သက်သာ ရှိမည့် နေရာတစ်ခုကို ရှာတွေ့ထားကြောင်း ပြောခဲ့သော အချိန်၌ သူ လိမ်နေသည် ဟု သူမ ထင်မိခဲ့သေးသည်။ ဂလာစီယွန်ဂြိုဟ်တွင် ယခုလို နေရာမျိုး ရှိသည်ဟု ဆိုလျှင် မည်သူက ယုံလိမ့်မည်နည်း။
အံ့အားသင့်ဖို့ ကောင်းလွန်းစွာပင် တောင်တန်းမှ ထွက်ပေါ်နေသည့် အနွေးဓာတ်က သူမ ခံစားဖူးသမျှထဲတွင် အကောင်းဆုံး ဖြစ်သည်။ စက္ကန့်တိုင်း၊ စက္ကန့်တိုင်း၌ မီးဓာတ်မှာ သူမ၏ အသွေးအသားနှင့် သွေးကြောများထဲသို့ တိုးဝင်ကာ ကျင့်ကြံခြင်း အခြေခံကို တိုးမြှင့်ရန် လောင်စာပေးနေသည်။ ထိုအရာက မီးဓာတ် ကျင့်ကြံသူ တစ်ဦး အတွက် နိဗ္ဗာန်ဘုံပင် ဖြစ်ကာ အိမ်ကို ပြန်ရောက်နေသည်ဟုပင် စန်းယွန်းလီ ခံစားနေရ၏။
ဝေ့ဝူယင်မှာ အဖြေကို စဥ်းစားရင်း မေးစေ့ကို ပွတ်သပ်လိုက်၏။ ဝင်္ကပါနှင့် အစီအရင် တစ်သောင်းကျော် အပြင် အကောင်းဆုံး မီးဓာတ် ရင်းမြစ်များဖြင့် တည်ဆောက်ထားသည့် နေရာက မည်ကဲ့သို့ မကောင်းပဲ နေပါမည်နည်း။
ထိုကဲ့သို့ ပြုလုပ်ရန် အတွက် သူ တစ်နေ့လျှင် တောင်တစ်လုံး စာမျှ ရင်းမြစ်များကို သုံးခဲ့ရသည့် အပြင် လပေါင်းများစွာ အချိန်ယူ ခဲ့ရသည်။ ကုန်ကျသွားခဲ့သည့် တန်ဖိုးများကို ပြန်လည် တွေးလိုက်မိသော အခိုက်၌ ဝေ့ဝူယင်မှာ သွေးချောင်းဆိုးသလိုပင် ခံစားလိုက်ရ၏။ သူ့ကဲ့သို့ ကြွယ်ဝ ချမ်းသာသူ တစ်ယောက် အတွက်ပင် ထိုအရာက များပြားသော ပမာဏ ဖြစ်ပေသည်။
“အဲဒါကို လျှို့ဝှက်ချက် အနေနဲ့ ထားကြရင် ဘယ်လိုလဲ...”
သူက ခေါင်းခါရင်း ပြောလိုက်၏။ အမှန်တကယ် ကုန်ကျသည့် တန်ဖိုးကိုသာ ပြောပြလိုက်ပါက စန်းယွန်းလီ တစ်ယောက် လေပင် ဖြတ်သွားနိုင်ပေသည်။
စန်းယွန်းလီမှာ ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ သို့သော်လည်း သူမက ထပ်မံ ဖိအား မပေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ဝေ့ဝူယင်က ခေါင်းစဥ်ကို ပြောင်းလဲကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် အဖြူရောင် စားပွဲ တစ်လုံးနှင့် ထိုင်ခုံ နှစ်ခုမှာ သူတို့ ရှေ့တွင် ပေါ်လာခဲ့၏။ စားပွဲထက်၌ အမျိုးမျိုးသော ဟင်းလျာများ တည်ခင်းထားသည့် ပန်းကန်များ အစီအရီ ရှိနေခဲ့၏။ အားလုံးက စန်းယွန်းလီ၏ အကြိုက်များပင် ဖြစ်လေသည်။
ထိုအထဲတွင် အနှစ်လေးထောင် သက်တမ်းရှိသည့် ဝိုင်ပုလင်း တစ်ခုပင် ပါဝင်နေ၏။ ရိုးရိုးသားသား ဝန်ခံရပါက ထိုဝိုင်ပုလင်းမှာ တန်ကြေး ကြီးလွန်းလှသည်။ ရောင်းချသူက ဂြိုဟ်တစ်လုံး၊ နှစ်လုံးလောက် အဖိုးတန်သည် ဟုပင် တင်စားခဲ့သေးသည်။
သို့သော်လည်း ကြေးကြီးကြီး ပေးရသည်နှင့် ထိုက်တန် ခဲ့ပေသည်။ အဘယ်ကြောင့် ဆိုသော သူတို့ ထိုင်လိုက်သော အခိုက်၌ အရသာ ရှိသော ဟင်းလျာ၊ ဆန်းကြယ်သော ဝိုင်၊ လှပသော ရှုမြင်ကွင်းတို့နှင့် အတူ တစ်သက် မမေ့နိုင်သည့် အရာတစ်ခုကို ရရှိခဲ့လိုက်သောကြောင့်ပင်။
အပြုံး...
အလွန် လှပသည့် အပြုံး...
ထိုက်တန်လွန်းလှပေသည်။
***