← Chapters

နေရာသစ်

Vol. 42 Ch. 577

နေရာသစ်

Vol. 42 Ch. 577

အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေအတွင်းရှိ မှီတင်း နေထိုင်သူ များစွာမှာ လောက ရွှေ့ပြောင်းခြင်း ကွန်ယက် အတွင်း နစ်မြုပ်နေကြ၏။ ကလေးငယ်များမှာ မိဘများ၏ ရင်ခွင်ထဲသို့ တိုးဝင် ငိုယို နေကြကာ လူကြီးများကတော့ ကြောက်ရွံ့စွာ တုန်ရီ နေကြလေ၏။

ထိုအရာက ကျူးကျော်မှု တစ်ခုလော။ သို့တည့်းမဟုတ် သဘာဝ ဖြစ်စဥ်လော။ နားလည်နိုင်စွမ်းအား ကျော်လွန်နေသည့် အဖြစ်အပျက် တစ်စုံတစ်ရာလော။

လောက ရွှေ့ပြောင်းခြင်း ကွန်ယက်၏ လွှမ်းခြုံ ခံလိုက်ရသူများထဲတွင် မီးခိုးရောင် ဝတ်ဆင်ထားသည့် ပိန်လှီလှီ လူအိုကြီး တစ်ဦးလည်း ပါဝင်နေ၏။ သူက မီးခိုးရောင် မုတ်ဆိတ်ရှည်ကြီးများကို ပိုင်ဆိုင်ထားကာ ကျောက်စိမ်း သေတ္တာ တစ်လုံးကို အမြတ်နိုးရဆုံး ဇနီးအလား ပွေ့ဖက်ထား၏။ စွမ်းအင် ပြည့်ဝသည့် သူ့ မျက်လုံးများကတော့ အသစ် ပြောင်းလဲသွားသည့် မြင်ကွင်းကို အကဲခတ်နေခဲ့လေသည်။

လောကတစ်ခုလုံးမှာ အဖြူရောင် ဖျော့ဖျော့ အလင်းတန်းဖြင့် တောက်ပနေ၏။ ထိုနေရာတွင် တိမ်မရှိလို၊ နေလည်း မရှိချေ။ ကောင်းကင်မှာ မည်သည့် ရင်းမြစ်မှ မရှိပဲ အလင်းတန်းကို ထုတ်လွှတ်နေသည့်ပုံ ရသည်။ သူ့ အောက်ရှိ မြေပြင်ကတော့ ကြွေထည် တစ်ခုလို ချောမွေ့ ပျော့ပျောင်းနေ၏။ ထိုနေရာ၌ တောင်မရှိသလို၊ သစ်တော ပန်းန်လည်း မရှိချေ။ ယုတ်စွ အဆုံး မြက်ခင်း စိမ်းစိမ်းများပင် မရှိချေ။

မိုးကုပ်စက်ဝိုင်းမှာ အဆုံးမဲ့စွာ ဆန့်တန်းနေကာ အနားသတ် တစ်စုံတစ်ရာ မရှိခြင်းက မျက်နှာပြင်မှာ စက်ဝိုင်းခုံး ပုံသဏ္ဌာန် မရှိကြောင်း ညွှန်ပြနေ၏။ ယင်းက ကမ္ဘာပြားများလို ကုန်းမြေထု တစ်ခုခု ဖြစ်နိုင်သည်။

အားလုံးထဲ၌ ထို့ပိဟန်မှာ ထိုလောက အသစ်ကို ပထမဆုံး ရောက်ရှိ လာခဲ့သူ ဖြစ်လေသည်။ အကြောင်းရင်းကို ရေရေရာရာ မသိသည့်တိုင် ထိုအရာက သူ၏ မြင့်မားသည့် ကျင့်ကြံခြင်း အခြေခံကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ထို့ပိဟန်က ကျောက်စိမ်း သေတ္တာငယ်ကို ရင်ဘတ်နားသို့ တိုး၍ ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ ၎င်း၏ ဝိညာဥ်အလင်းက ဖြည်းညင်းစွာပင် စီးဆင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ဝိညာဥ် ချိပ်တံဆိပ်များနှင့် အချက်အလက် အချို့ကို သူ ခံစားလိုက်ရ၏။ ဝိညာဥ် ချိပ်တံဆိပ် တစ်ခုချင်းစီမှာ မတူကွဲပြားသည့် အော်ရာကို ထုတ်လွှတ်နေကာ သေတ္တာ အတွင်းမှ ဟင်းလင်းပြင် လက်စွပ် ဆယ့်ရှစ်ကွင်းနှင့် အသီးသီး ချိတ်ဆက်နေကြ၏။

ဝမ်... ဝမ်... ဝမ်...

သိပ်မကြာခင်မှာပင် ထူးဆန်းသော အသံများနှင့် အတူ ရောင်စုံ အလင်းတန်းများမှာ ကောင်းကင်တွင် တစ်ခုပြီး တစ်ခု ထွက်ပေါ် လာ၏။

စက္ကန့်ပိုင်း အတွင်းမှာပင် များပြားလှသည့် နတ်ဆိုး၊ အယ်ဗန်၊ လူသားများနှင့် ထိုမျိုးနွယ် သုံးစု ပေါင်းစပ် ထားသည့် အော်ရာများမှာ အဖြူရောင် လောကတွင် ပြည့်နှက် သွား၏။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ အခြားလူများကား ရောက်ရှိလာချေပြီ ဖြစ်သည်။

ထို့ပိဟန်မှာ ကလေးငိုသံများ၊ အာမေဋိတ်သံများ၊ ဆူညံ ပွက်လောရိုက်သံများကို ကြားလိုက်ရ၏။ ၎င်းတို့က အများအစား စုံလင်လှလေရာ ထိုအထဲတွင် ကျား၊ မ၊ ကြီး၊ ငယ်၊ မျိုးနွယ် မရွေး ပါဝင်နေကြောင်း ပြောနိုင်ပေသည်။

“အာရုဏ်ဦး ကြယ်တာရာ နယ်မြေတစ်ခုလုံးမှာ ရှိတဲ့ သက်ရှိတိုင်းက ဒီနေရာကို အပို့ခံလိုက်ရတာလား”

ထို့ပိဟန်မှာ ဝေ့ဝူယင် အမှာစကားများကို ပြန်လည် တွေးတောရင်း အခြေအနေကို တည်ငြိမ်စွာ အကဲခတ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း လူတိုင်း၏ တုန့်ပြန်ပုံက မည်ကဲ့သို့ တူညီနိုင်မည်နည်း။

ဘုန်း...

လောကကြီးထဲတွင် နတ်ဆိုး စွမ်းအား တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်း၏ ပိုင်ရှင်က ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်တွင် ရှိနေသည့် နတ်ဆိုး ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်သည်။ ရန်လိုသည့် ဗီဇ သဘာဝက သူ့စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့် အတွေးက တိုက်ခိုက်ရန် ဖြစ်သည်။ သူက ဒေါသတကြီးဖြင့် အထက်ကို မော့ကြည့်လိုက်ရင်း တိမ်ကင်းစင်သည့် ကောင်းကင်ဆီ ပျံတက် သွား၏။

ထို့ပိဟန် သူ့ကို တားဆီးခြင်း မပြုပဲ ငြိမ်သက်စွာပင် ကြည့်နေခဲ့သည်။

ဘုန်း... ဘုန်း...

နတ်ဆိုး ကျင့်ကြံသူမှာ အလွန်ပင် လျှင်မြန်လှ၏။ မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် သူက ပေပေါင်းများစွာ အမြင့်ထိ ရောက်ရှိသွား၏။ ထိုအခိုက်တွင်ပင် ကောင်းကင်၌ အလင်းရောင်စဥ်တန်း တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းက အပ်ပျံတစ်စင်းနှင့် တူကာ အလွန် ပြင်းထန်လှသော အမြန်နှုန်းဖြင့် နတ်ဆိုးထံ ပြေးဝင်သွားသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုး၏ ခန္ဓာကိုယ် အတွင်းကို ထွင်းဖောက် ဝင်ရောက် သွားလေ၏။

“အား...”

ကြောက်ရွံ့ ထိတ်လန့်သည့် အသံနက်ကြီး တစ်ခုကို ထွက်ပေါ်လာကာ နတ်ဆိုး၏ ခန္ဓာကိုယ်မှာ အောက်သို့ ပြန်လည် ပြုတ်ကျလာ၏။ သူက လက်နှင့် ခြေထောက်များကို ဆန့်ထုတ်၍ မန်နာကို ဆုပ်ကိုင်ရန် ကြိုးစား နေသော်လည်း ထိုအရာက အလုပ်ဖြစ်ပုံ မပေါ်ချေ။

စက္ကန့်ပိုင်း အတွင်းမှာပင် နတ်ဆိုးမှာ မြေပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွား၏။ သို့သော်လည်း မည်သည့် ပေါက်ကွဲသံမှ ထွက်ပေါ်လာခြင်း မရှိသလို ဖုန်မှုန့်များလည်း လွင့်ပျံ မသွားပါချေ။ ထို့အစား နူးညံ့ ညင်သာသည့် အသံ တစ်ခုသာ ထွက်ပေါ်လာခဲ့၏။

“ငါ့ရဲ့ ကျင့်ကြံခြင်း...”

နတ်ဆိုးက ချက်ချင်းပင် ကုန်းထလာကာ သနားစဖွယ် အော်ဟစ်လိုက်သည်။ ထူးဆန်းသော စွမ်းအင် တစ်ခု၏ လာရောက် ရစ်ပစ်မှုကြောင့် သူ၏ ပြုတ်ကျခဲ့မှုက မနာကျင်ခဲ့သည့်တိုင် သူ၏ ကြယ်တာရာ ဝိညာဥ်နှင့် သွေးကြောများကတော့ နှံ့နှံ့စပ်စပ်ပင် ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။

တစ်ချိန်တည်း၌ ထိုကဲ့သို့ ပုံစံတူ ဖြစ်ရပ်များစွာ ဖြစ်ပျက် သွားခဲ့၏။ ထို့ပိဟန်မှာ လူများ၏ သနားစဖွယ် အော်ဟစ်သံများ၊ ငိုယိုသံများကို ကြားလိုက်ရသည်။ ထိုထူးဆန်းသော အဖြူရောင် လောကမှ အတင်းအကြပ် ထွက်ခွာရန် ကြိုးစားခဲ့သူတိုင်းမှာ အပ်ကဲ့သို့ စွမ်းအင် အလင်းများ၏ ချိပ်ပိတ်မှုကို ခံလိုက်ကြရလေပြီ ဖြစ်လေသည်။

ဟူး... ဟူး...

ထို့ပိဟန်မှာ ဝိညာဥ် အာရုံကို ဆန့်ထုတ်ကာ ပတ်ဝန်းကျင်ရှိ လူများကို စစ်ဆေးနေခဲ့၏။ သူ စစ်ဆေးနေသည့် ဧရိယာက စက္ကန့်တိုင်း၌ တဖြည်းဖြည်း ပိုမို၍ ကျယ်လာနေခဲ့သည်။

လောလောဆယ် အထိ အနီးဆုံးရှိ လူဆယ်သန်းခန့်ကို ထို့ပိဟန် ရှာဖွေပြီး ဖြစ်သည်။ သို့သော်လည်း ထိုအထဲတွင် အနန္တ ဧကရာဇ်ဂိုဏ်းသား တစ်ယောက်ကိုမှ မတွေ့ရသေးချေ။ အနန္တ ဧကရာဇ်ဂြိုဟ်၊ ကျွင်းနာနှင့် ဝူယုဂြိုဟ်များမှ အော်ရာ အချို့ကို သတိထားမိသည့်တိုင် သူတို့က သာမန်လူများနှင့် အဆင့်နိမ့် ကျင့်ကြံသူများသာ ဖြစ်ပေသည်။

ထို့ပိဟန် အဝတ်တစ်စကို ထုတ်ယူလိုက်ရင်း ကျောက်စိမ်း သေတ္တာလေးကို ပိုမို တင်းကြပ်စွာ ချည်နှောင် လိုက်၏။ သူဌေးလေး ဤနေရာသို့ လိုက်မလာခဲ့တာ ကျိန်းသေသည်။ မဟုတ်လျှင် ယခုလို ကြီးလေးသော တာဝန်အား သူ့ကို ပေးအပ်ခဲ့လိမ့်မည် မဟုတ်ချေ။

ဝေ့ဝူယင်၏ အမှာစကားများကို ပြန်လည် စဥ်းစားရင်း လုပ်စရာ အလုပ်များကို ထို့ပိဟန် တန်းစီ လိုက်၏။ ပထမဆုံး တစ်ခုက အနန္တ ဧကရာဇ်ဂိုဏ်း၏ အခြား အဖွဲ့ဝင်များကို ရှာဖွေရန်ပင်။

ထို့ပိဟန် နေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်စဥ်မှာပင် မလှမ်းမကမ်း လူအုပ် ကြားထဲမှ ပုံရိပ်တစ်ခု ပြေးထွက်သွားသည်ကို တွေ့လိုက်ရ၏။ သူမက အယ်ဗန်မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက် ဖြစ်ကာ ဟင်းလင်းပြင် ပဲ့တင်သံ အဆင့်၌ ရှိနေသူ ဖြစ်သည်။

အခြား လွတ်မြောက်ရန် ကြိုးစားသူများနှင့် ခြားနားစွာပင် မိန်းကလေးမှာ ကောင်းကင်သို့ ပျံမတက်ပဲ မြေပြင်မှ ထွက်ခွာရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။ ကြယ်တာရာ အင်အား၏ ဆွဲငင် ရစ်ပတ်မှုနှင့် အတူ သူမ၏ လှုပ်ရှားမှုမှာ အလွန် လျှင်မြန်လွန်းလှ၏။

သို့သော်လည်း အနည်းငယ် အကွာအဝေးသို့ ရောက်သည်နှင့် အလင်းတန်း တစ်ခုမှာ သူမ ရှေ့တွင် ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထို့နောက် အယ်ဗန် မိန်းကလေးမှာ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ ဖင် တကြွကြွ ဖြစ်နေသည့် ထို့ပိဟန်မှာ အနည်းငယ် နောက်တွန့်သွား၏။

“ကောင်းပြီလေ... အရင်ဆုံး ခဏ စောင့်လိုက်တာပေါ့”

သူက ဖြူရော်စွာ ပြုံးရင်း ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်၏။ အခြားလူများ အနေဖြင့် မိန်းကလေး မည်ကဲ့သို့ ပျောက်ကွယ်သွားကြောင်း နားမလည်နိုင်သော်လည်း သူကတော့ ရှင်းရှင်းလင်းလင်းကြီး နားလည်ပေသည်။ အလင်းတန်းက သူမအား ဆွဲခေါ်သွားခဲ့ခြင်းပင်။

သို့သော်လည်း မိန်းကလေး မည်သည့် နေရာသို့ ရောက်ရှိသွားကြောင်း ထို့ပိဟန် မသိသလို ထိုအရာက ကောင်းလား ဆိုးလားလည်း မသိရပါချေ။

ကံကောင်း ထောက်မစွာပင်... မိန်းကလေး၏ အော်ရာက သိပ်မကြာခင် ထို့ပိဟန်၏ အာရုံ အတွင်း ပြန်လည် တိုးဝင်လာခဲ့သည်။ သို့သော်လည်း အခြား ကြိုးစားကြသူများ နည်းတူပင် သူမ၏ ကျင့်ကြံခြင်း အခြေခံကတော့ လုံးဝ ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။

မိနစ်နှင့် အမျှ ထို့ပိဟန်၏ ဝိညာဥ်အာရုံမှာ လူများကို တိုးကာ တိုးကာ ရေတွက်နေခဲ့၏။ အကြမ်းဖျဥ်းအားဖြင့် လူပေါင်း ဆယ့်သုံး ဘီလျံခန့် အထိ ရောက်ရှိနေပြီ ဖြစ်ကာ အရေအတွက်က ဆက်လက် တိုးနေဆဲ ဖြစ်သည်။ သို့သော်လည်း အရေအတွက်က ထရီလျံဖြင့် ချီ၍ ရှိနိုင်လေရာ အားလုံးကို လွှမ်းခြုံနိုင်ဖို့တော့ အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။

ဆယ့်သုံး ဘီလျံထဲတွင် ထို့ပိဟန်မှာ သူနှင့် ရင်းနှီးသည့် လူအချို့ကို စတင် တွေ့မြင်လာရ၏။ ထိုလူများကို ဝိညာဥ် အာရုံဖြင့် ဆက်သွယ် ကြည့်ရန် ထို့ပိဟန် ကြိုးပမ်းခဲ့သေးသော်လည်း သူတို့က တစ်စုံတစ်ရာ မတုန့်ပြန်ခဲ့ကြချေ။ ပတ်ဝန်းကျင်၏ ထူးဆန်းသော အခြေအနေက ထိုကဲ့သို့ ပြုလုပ်ရန် တားမြစ်ထားပုံပင်။ မည်သည့် ဆက်သွယ်ရေး နည်းလမ်းမှ အသုံးမဝင်လေရာ နောက်ဆုံး၌ ထို့ပိဟန်မှာ ရောက်သည့် နေရာတွင် ရပ်၍ စောင့်ဆိုင်းရုံသာ တတ်နိုင်တော့၏။

အခြေအနေကို အကဲခတ်ပြီးနောက် ထို့ပိဟန်က ကျောက်စိမ်းသေတ္တာ ထုတ်ထားသော အဝတ်စကို ကိုယ်လုံးနှင့် တွဲ၍ ချည်နှောင်လိုက်၏။ ၎င်းက အလွန် အရေးကြီးလှလေရာ သူ သိုလှောင် လက်စွပ်ထဲတွင် ထည့်၍ သိမ်းမထားချင်ပေ။

မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက်...

ဘုန်း...

ကောင်းကင်ဆီမှ မိုးကြိုး ထစ်ခြုန်း သကဲ့သို့ အသံကြီး တစ်ခုမှာ အားလုံး၏ အာရုံကို သိမ်းပိုက် စိုးမိုးသွား၏။ ငိုယိုနေသည့် ကလေးများပင် ရပ်သွားကြကာ အထက် ကောင်းကင်ကို မော့ကြည့် လိုက်ကြသည်။ ထိုနေရာ၌ အလွန် ကြီးမားသော စက်ဝိုင်း သဏ္ဌာန် မျက်နှာကြီး တစ်ခု ပေါ်လာနေသည်ကို တွေ့မြင်ရ၏။ ၎င်းက တိမ်ကင်းစင်သည့် လပြည့်ဝန်း ကဲ့သို့ အဖြူရောင် ကောင်းကင်တွင် ထွန်းလင်းနေသည်။

ထိုမျက်နှာမှာ ချောမော ခန့်ညားသည့် အသက်လတ် လူကြီး တစ်ဦးနှင့် တူကာ ခပ်တိုတို ဆံပင်ကို မြင်းမြီး ပုံစံ စုချည်ထား၏။ တောက်ပသော အလင်းရောင် များကြောင့် သူ၏ အသားအရောင်ကို ခန့်မှန်းရန် ခက်ခဲသော်လည်း သေချာတာ တစ်ခုက သူက လူသား တစ်ဦး ဖြစ်သည်။

“နှုတ်ဆက်ပါတယ် အပျက်အစီး ကောင်းကင် နယ်မြေသားတို့...”

လူတိုင်း၏ အာရုံများကို ဖမ်းစားပြီး နောက်တွင် လူကြီးက စတင်ကာ စကားပြောလာ၏။ သူ၏ အသံက အလွန်အမင်း ကျယ်လောင်လှသော်လည်း နို့စို့ ကလေးငယ်များ အပါအဝင် မည်သူ့ကိုမှ မသက်မသာ ခံစားမှုမျိုး မဖြစ်စေခဲ့ချေ။

သို့သော်လည်း ထိပ်တန်း ကျင့်ကြံသူများကတော့ သူ၏ စကားလုံးများကြောင့် အံ့အားသင့် သွားခဲ့၏။ အပျက်အစီး ကောင်းကင် နယ်မြေသား... ဘာကြီးတုံး...။

“ခင်ဗျားတို့မှာ မေးခွန်းတွေ အများကြီး ရှိမယ် ဆိုတာ သိပါတယ်... ဒါပေမဲ့ လောလောဆယ်တော့ စိတ်ထဲမှာ ခဏ သိမ်းထားပါဦး... အခု လောလောဆယ် အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု ကျုပ် ပြောပြစရာ ရှိပါတယ်... ခင်ဗျားတို့ ဘာကြောင့် ဒီကို ရောက်လာရတဲ့ အကြောင်းရင်း ဆိုလည်း ဟုတ်တယ်...”

လူကြီးက ခဏမျှ ရပ်ကာ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။

“ခင်ဗျားတို့ရဲ့ ကြယ်တာရာ နယ်မြေ၊ ခင်ဗျားတို့ရဲ့ ဂြိုဟ်၊ ခင်ဗျားတို့ရဲ့ ကုန်းမြေတိုက်ကြီး၊ ခင်ဗျားတို့ရဲ့ အိမ်မှာ အခါ အဆုံးသတ်ကို ရောက်ရှိသွားခဲ့ပါပြီ”

“ ... “

ထရီလျံနှင့် ချီသည့် လူများမှာ ဖြူရော် သွားကြ၏။

***

All Chapters