စစ်မှန်သော သတင်း
Vol. 42 Ch. 578
အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေကြီးမှာ ပျက်စီး သွားခဲ့ပြီလား။ မရေမတွက်နိုင်သော လူများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြ၏။ လူတိုင်း၏ မျက်လုံးများက မယုံကြည်နိုင်ခြင်း၊ အံ့အားသင့်ခြင်း၊ ထိတ်လန့်ခြင်းများနှင့် ပြည့်နှက်နေသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”
လူသား မျိုးနွယ် လယ်သမား တစ်ယောက်က ခေါင်းခါရင်း ထအော်လိုက်၏။ သူက လယ်ကွင်းများထဲတွင် မွေးကာ လယ်ကွင်းများထဲတွင်ပင် ကြီးပြင်းခဲ့သူ ဖြစ်သည်။ ထို့နောက်... လယ်ကွင်းများကို အမှီ၍ ဆယ်စုနှစ် များစွာ အသက်ရှင်ခဲ့သူ ဖြစ်သည်။ လယ်ကွင်းများ မရှိတော့လျှင် သူက မည်ကဲ့သို့ အသက်မွေးရတော့မည်နည်း။
“ရှင်လိမ်နေတာ... ကျွန်မတို့ ဘာဖြစ်လို့ ရှင့်ကို ယုံရမှာလဲ...”
အခြား ခပ်စွာစွာ အသံ တစ်ခု ထွက်ပေါ်လာ၏။ သူမက မိန်းမငယ်လေး တစ်ယောက် ဖြစ်ကာ ဒေါသတကြီးဖြင့် ကောင်းကင်ကို လက်ညိုးထိုးထားသည်။ ကြယ်တာရာ နယ်မြေ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဆိုသော သတင်းကို လက်ခံရန် သူမ အတွက် ခက်ခဲနေသည်မှာ ထင်ထင်ရှားရှားပင်။
ဆန်းကြယ်စွာပင် ထိုအဖြူရောင် လောကသို့ ရောက်ရှိနေသည့် လူတိုင်း လူတိုင်းမှာ သူတို့ နှစ်ယောက်၏ အသံကို အသံချဲ့စက်မှ တစ်ဆင့် ပြောနေသည့် အလား ကြားလိုက်ကြရ၏။ ထိုအသံ နှစ်ခုက အဓိက စနက်တံကို ဖြုတ်လိုက်သည့် အလား ထရီလျံနှင့် ချီသော လူများ၏ သံသယများက ဆက်တိုက် ဆိုသလိုပင် ဗုံးများလို ပေါက်ကွဲထွက်သွားသည်။
“ဟုတ်တယ်... ငါတို့က ဘာလို့ မင်းကို ယုံရမှာလဲ”
“မင်းက ဘယ်ကကောင်လဲ...”
“ငါတို့ကို အိမ်ပြန်ပို့ပေးစမ်း...”
လူသား၊ အယ်ဗန်နှင့် နတ်ဆိုးတို့၏ အသံများက နာကျည်းမှု၊ ဒေါသထွက်မှု၊ လက်မခံလိုမှုတို့နှင့် ပြည့်နှက် နေလေ၏။ သူတို့ထဲမှ အများစုမှာ အသက်ရှင် ရပ်တည်မှု အတွက် နေ့စဥ်ရက်ဆက် တိုက်ခိုက်နေရသည့် ချီပျစ်ခဲခြင်းနှင့် အောက်အဆင့်များ ဖြစ်ကာ ဘဝကို ခက်ခက်ခဲခဲ ရုန်းကုန်နေရသူများ ဖြစ်သည်။
ထို့ပိဟန်မှာ တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်တော့ ဝမ်းနည်း ပူဆွေးနေခဲ့သည်။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှာ သူ့ မွေးရပ်မြေ ဖြစ်သည်။ သူ ကြီးပြင်းခဲ့ရာ၊ သူ အိုမင်းခဲ့ရာမြေလည်း ဖြစ်သည်။ ထိုကဲ့သို့ ဘဝ တစ်သက်စာ မှတ်ဉာဏ်များ ခိုလှုံရာမြေ ပျက်စီးတော့ပြီ ဆိုသော အသိက သူ့နှလုံးသားကို တစစ်စစ် နာကျင်စေ၏။
ကောင်းကင်ရှိ မျက်နှာကြီးမှာ အောက်ရှိ ရူးသွပ်စ ပြုနေသော လူများကို တည်ငြိမ်စွာပင် ကြည့်နေခဲ့၏။ အချို့ လူများမှာ သွေးရူးသွေးတန်းဖြင့် ကောင်းကင်သို့ ပျံတက်ကာ တိုက်ခိုက်ရန် ကြိုးပမ်းကြသော်လည်း သူတို့၏ ကျင့်ကြံခြင်း အခြေခံများသာ ချိပ်ပိတ်ခံလိုက်ရသည်။ မိနစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် သူတို့၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာကာ ရှိုက်ကြီး တငင်ငင် ငိုကြွေးသံများပင် ထွက်ပေါ်လာ၏။ သူတို့၏ အိမ်များက အမှန်တကယ် အဆုံးသတ် တော့မည်လော။
“ဘာလို့လဲ...”
အသက် ဆယ်နှစ် မပြည့်သေးသော်လည်း ချီပျစ်ခဲခြင်း အဆင့်ခြောက်သို့ ရောက်ရှိနေသည့် ပါရမီရှင် လူငယ်လေး တစ်ယောက်က ကောင်းကင်ကို မော့ကြည့်ရင်း မေးလိုက်၏။ သူ၏ အသံက လောကတစ်ခုလုံးကို ဒီရေလှိုင်းများ အလား အဆင့်ဆင့် ပျံ့နှံ့သွားကာ ထရီလျံနှင့် ချီသည့် လူတိုင်း၏ နားစည်များကို ရိုက်ခတ်သွားသည်။
ဘာလို့လဲ...
မေးခွန်းက တိုတိုလေးသာ ဖြစ်သော်လည်း ထရီလျံနှင့် ချီသော လူများအား ကိုယ်စားပြုရန် လုံလောက် ပေသည်။ သူတို့က ခံစားချက်များကို ဘေးဖယ်ကာ အဖြေကို ရှာဖွေရန် အတွက် ကောင်းကင်ကို တစ်ပြိုက်နက်တည်း မော့ကြည့် လိုက်ကြ၏။
မျက်နှာကြီးမှာ လူများ၏ တုန့်ပြန်မှုကို ကြည့်ကာ အနည်းငယ် ကျေနပ်သွားဟန် ရလေသည်။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း တည်ငြိမ်စွာပင် ဆက်လက် ရှင်းပြလိုက်၏။
“ခင်ဗျားတို့ရဲ့ နေကြယ် သုံးလုံးက ကြယ်ဝါးမြိုသူ တစ်ကောင်ရဲ့ အာရုံကို မထင်မှတ်ပဲ ဆွဲဆောင် ခဲ့မိတယ်... ကြယ်ဝါးမြိုသူ ဆိုတာက နေကြယ်တွေကို စားသုံးတဲ့ ဧရာမ သတ္တဝါကြီးပေါ့... ကံမကောင်းစွာနဲ့ အဲဒီ တည်ရှိမှုကြီးကို တားဆီးနိုင်တဲ့ စွမ်းရည်မျိုး ကျုပ်တို့မှာ မရှိဘူး... ကျုပ်တို့ လုပ်နိုင်တဲ့ အကောင်းဆုံး အရာက ခင်ဗျားတို့ကို အဲဒီ နေရာက ကယ်ထုတ်တာပဲ... အဲဒါက ခင်ဗျားတို့ ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းပဲ”
ထို့နောက်တွင် ကောင်းကင်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွား၏။ ခေါင်းကြီးမှာ ပျောက်ကွယ်သွားကာ ထို့အစား အခြား မြင်ကွင်း တစ်ခုနှင့် အစားထိုး သွားသည်။ သူတို့ ပထမဆုံး မြင်လိုက်ရသည်က အဆုံးမဲ့ နေများ ပါဝင်နေဟန် ရသည့် သလင်းကျောက် ကဲ့သို့ အဖြူရောင် မျက်လုံးများနှင့် မြေခွေးကြီးပင် ဖြစ်သည်။ ထိုသတ္တဝါကြီးမှာ နေကြယ်တစ်စင်း ထွန်းလောက်နေသည့် ကြယ်တာရာ နယ်မြေကြီးတစ်ခု၏ နှုတ်ခမ်းစွန်းတွင် ရပ်နေခဲ့၏။ နေတစ်စင်းတည်းကိုသာ မြင်ရသည့် ကုန်းမြေတိုက်ကြီး အချို့မှ ကျင့်ကြံသူများမှာ ထိုအရာက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေဟုပင် အထင်မှား သွားကြသည်။
သူတို့ ကြည့်နေစဥ်မှာပင် မြေခွေးကြီးမှာ ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်များ ဝန်းရံ လှည့်ပတ်နေသည့် နေကြယ်ထံသို့ တဖြည်းဖြည်း ချည်းကပ်သွား၏။ ထို့နောက် ၎င်းက ပါးစပ်ကို ဟကာ နေကြီးကို စုပ်ယူ မြိုချ ပစ်လိုက်တော့သည်။ အာမေဋိတ်သံများ၊ ကြောက်ရွံ့ ထိတ်လန့်နေသည့် အသံများမှာ ကြည့်ရှု့နေသည့် ထရီလျံနှင့် ချီသော လူများ အကြားတွင် ပျံ့နှံ့ သွား၏။
ကောင်းကင်ဆီမှ မြင်ကွင်းက ဖြည်းညင်းစွာပင် သတ္တဝါကြီးကို ကျော်လွန်ကာ ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်များတွင် မှီတင်း နေထိုင်ကြသည့် အမျိုးမျိုးသော သက်ရှိများထံသို့ ရွေ့လျား သွား၏။ အကယ်၍ သေချာ အာရုံ စိုက်၍ ကြည့်ရှုမည် ဆိုပါက အဝေး တစ်နေရာတွင် သတ္တဝါကြီး၏ အရိပ်အယောင်ကို တွေ့မြင် ရလိမ့်မည် ဖြစ်သည်။
သူတို့ ကြည့်နေကြစဥ်မှာပင် ကုန်းမြေတိုက်ကြီးများနှင့် ဂြိုဟ်များထက်မှ နေရောင်ခြည်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။ အဆုံးမဲ့ တုန်ခါမှုလှိုင်းများနှင့် အတူ ကောင်းကင်မှာ စတင် အမှောင်ကျလာ၏။ ထို့နောက် တွင်ကား...
ဘုန်း... ဘုန်း... ဘုန်း...
ကြောက်မက်ဖွယ် တော်လဲသံများနှင့် အတူ အဖြူရောင် အလင်းလှိုင်းများမှာ ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံးကို ဖြတ်သန်းကာ ရိုက်ခတ် လာ၏။ ဂြိုဟ်များ၊ ကုန်းမြေတိုက်ကြီးများမှာ မိနစ်ပိုင်း အတွင်းမှာပင် ပြိုကွဲသွားကာ သူတို့ ကဲ့သို့ လူများမှာ ယင်ကောင်များ အလား ပျောက်ကွယ် သွားကြသည်။ သနားဖို့ ကောင်းစွာပင် သူတို့မှာ အော်ဟစ် ငြီးငြူသံ တစ်ချက် ထုတ်လွှတ်ဖို့ အချိန် မရခဲ့။
လောကတစ်ခုလုံးကား လျှင်မြန်စွာပင် အဆုံးသတ် သွားခဲ့ပြီ ဖြစ်လေသည်။
ကောင်းကင်ရှိ မြင်ကွင်းမှာ ပြောင်းလဲသွားကာ အနက်ရောင် မြေခွေးကြီး တစ်ကောင်၏ ပုံရိပ်ကို ပြန်လည် ပြသလာ၏။ ၎င်းက အဆုံးမဲ့ ဟင်းလင်းပြင် အတွင်း လှဲလျောင်းနေကာ နှစ်ခြိုက်စွာ အိပ်မောကျနေဟန် ရသည်။ သူ၏ ပုံစံက အပြစ်ကင်းစင်၍ ချစ်စဖွယ် ကောင်းလှကာ ကြယ်တာရာ နယ်မြေတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့သည့် သတ္တဝါဆိုးကြီးနှင့် လားလားမျှ မတူချေ။
"…"
"…"
"…"
ထရီလျံနှင့် ချီသည့် လူတိုင်းမှာ တိတ်ဆိတ်နေ၏။ တိတ်ဆိတ်ခြင်း ဟူသော ဝေါဟာရ၏ အကန့်အသတ် ထက်ပင် ကျော်လွန်၍ တိတ်ဆိတ်နေ၏။ ထိုအရာက သူတို့၏ ကံကြမ္မာလော။
ကောင်းကင်ရှိ မြင်ကွင်းက ပြောင်းလဲသွားကာ ချောမော ခန့်ညားသော အသက်လတ် ယောက်ျား၏ မျက်နှာ ပြန်လည် ပေါ်လာခဲ့သည်။
“နောက်ရက်အနည်းငယ်လောက် ကြာရင် ခင်ဗျားတို့ရဲ့ ကြယ်တာရာ နယ်မြေဟာလည်း အဲဒီလို ကံကြမ္မာမျိုးနဲ့ ကြုံတွေ့ရတော့မှာ... ဒါပေမဲ့ အခု ခင်ဗျားတို့ လုံခြုံတဲ့ နေရာကို ရောက်နေပါပြီ... တကယ်လို့ ဆန္ဒ ရှိမယ် ဆိုရင် ဘဝကို နောက်တစ်ကြိမ် ပြန်စဖို့ ခင်ဗျားတို့မှာ အခွင့်အရေး ရှိပါသေးတယ်...”
“...”
အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ ထိပ်သီး အင်အားစုကြီးများထဲတွင်ပင် ထိပ်တန်း ပါရမီရှင် အဖြစ် သတ်မှတ်ခံရနိုင်သည့် ဆယ်နှစ်အရွယ် လူငယ်လေးက လက်သီးကို တင်းတင်းဆုပ်လိုက်၏။ မျက်ရည်များက တသွင်သွင်ဖြင့် သူ့ပါးပြင်သို့ စီးကျနေသည်။
“ကျွန်တော်ရဲ့ မိသားစုရော... သူတို့ကို ပြန်တွေ့ခွင့်ရဦးမှာလား”
လူများက ထိုမေးခွန်းကို ထောက်ခံဟန်နှင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြယ်တာရာ နယ်မြေ တစ်ခုလုံး ရွှေ့ပြောင်း ခံလိုက်ရခြင်း ဖြစ်ရာ ဤနေရာ၌ လူသန်း ထောင်ပေါင်းများစွာ ရှိနေသည်မှာ သေချာသည်။ ထိုအထဲတွင် မိမိ မိသားစုဝင်များ၊ သူငယ်ချင်းများကို ရှာဖွေရန်မှာ အလွန် ခက်ခဲလှသည်။
မျက်နှာကြီးက တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။
“ဒါပေါ့... အခု မင်းတို့က လောက ရွှေ့ပြောင်းခြင်း နယ်မြေရဲ့ ကျပန်းနေရာတွေမှာ ရောက်နေကြတာ... ဒါပေမဲ့ မင်းတို့ရဲ့ မိသားစုကို ကျိန်းသေ ပြန်တွေ့ရမှာပါ... အဲဒီလို မလုပ်ခင် အရင်ဦးဆုံး မင်းတို့ရဲ့ အခြေအနေကို ရှင်းလင်းသွားအောင် ငါ ပြောပြပါရစေ”
“သိပ်မကြာခင်မှာ လောက ရွှေ့ပြောင်းခြင်း ကွန်ယက်က မင်းတို့ အားလုံးကို အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကြီးဆီ ပို့ပေးတော့မယ်... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ ဆိုတာက ဘာလဲ ဆိုပြီး မင်းတို့မှာ မေးစရာ ရှိကောင်း ရှိနေမယ် ထင်တယ်... အရိုးရှင်းဆုံး အဖြေပေးရရင် အဲဒါက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကြီးရဲ့ ဦးဆောင်သူ ကြယ်တာရာ နယ်မြေ ဆိုပါတော့လေ... ဆိုတော့ကာ ငါ့မှာ မင်းတို့မှာ ရွေးချယ်စရာ သုံးခု ရှိတယ်”
“ပထမတစ်ခုက မင်းတို့ အတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ဂြိုဟ်အသစ်ကြီးပေါ်မှာ နေဖို့ပဲ... ငါတို့ ခုထိ နာမည် မပေးရသေးတဲ့ အဲဒီဂြိုဟ်ကြီးရဲ့ အရွယ်အစားက မင်းတို့ အားလုံး အခြေချ နေဖို့ လုံလောက်အောင် ကြီးမားတယ်... ဒါပေမဲ့ ချွင်းချက် အနေနဲ့ ကျင့်ကြံခြင်း ရင်းမြစ်တွေ လုံလောက်အောင် ရရှိမှာ မဟုတ်ဘူး... အဲဒီနေရာက ကျင့်ကြံသူတွေထက် သေမျိုးတွေ အတွက်ပဲ ပိုပြီး သင့်တော်တယ်”
“ဒုတိယ တစ်ခုက နယ်မြေသုံးခုထဲက တစ်ခုကို ဝင်ပြီး သူတို့နဲ့ ပူးပေါင်း နေထိုင်ဖို့ပဲ... ဒါပေမဲ့ အဲဒီလို လုပ်ဖို့က မင်းရဲ့ မျိုးနွယ် အပေါ်မှာ အများကြီး မူတည်နေတယ်... တကယ်လို့ မင်းက တစ်ခုထက် ပိုတဲ့ မျိုးနွယ်တွေ ပေါင်းစပ် ပေါက်ဖွားလာတဲ့လူ ဆိုရင်တော့ ဒုတိယမြောက် နည်းလမ်းကို ငါ အကြံမပြုလိုဘူး”
“နောက်ဆုံး တစ်ခုက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ ဒေသခံဂိုဏ်းတွေ အင်အားစုတွေနဲ့ ပူးပေါင်းနိုင်အောင် ကြိုးစားကြဖို့ပဲ... တကယ်လို့ မင်းတို့မှာ လုံလောက်တဲ့ ပါရမီနဲ့ အရည်အချင်းတွေ ရှိမယ် ဆိုရင် အဲဒီလို လုပ်ဖို့က ခက်ခဲမှာ မဟုတ်ဘူး... ဘာကို ရွေးချယ် မလဲ ဆိုတာကိုတော့ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်”
***