ပြန်လည် ဆုံစည်းခြင်း
Vol. 42 Ch. 579
ရှင်းပြပြီးနောက် အသံပိုင်ရှင်မှာ တိတ်ဆိတ်သွား၏။ လူအုပ် အတွင်းတွင်တော့ တီးတိုး ဆွေးနွေးသံများ စတင် ထွက်ပေါ်လာသည်။ ဤနေရာတွင် သူတို့ အတွက် ဖန်တီးထားသည့် ဂြိုဟ် အသစ် တစ်ခု ရှိသည်လား။
ဝေးလံ ခေါင်သီသော ဒေသများတွင် ကြီးပြင်းလာသည့် သေမျိုး အချို့ကတော့ ဂြိုဟ်ဆိုတာ ဘာမှန်းပင် မသိကြချေ။ သို့သော်လည်း အသက်လတ်လူ၏ ပြောစကား အရ ဆိုလျှင် ထိုနေရာက သူတို အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ကြောင်းတော့ ခန့်မှန်း မိပေသည်။
ထို့ပိဟန်မှာ တိတ်တဆိတ်ပင် သုံးသပ်နေခဲ့၏။ ပထမ တစ်ခုကို ရွေးချယ်လိုက်ပါက အနည်းဆုံး အသက်ရှင် နေထိုင်စရာ ကုန်းမြေကိုတော့ ရရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း ရင်းမြစ်မရှိ။ ကုန်သွယ်ရေး လမ်းကြောင်း မရှိ။
ဒုတိယ ရွေးချယ်မှုက စိတ်ဝင်စားစရာ ကောင်းပုံ ပေါ်သော်လည်း မိမိ တစ်ကြိမ်တစ်ခါမှ မသိကျွမ်းဖူးသည့် လူမှု အဖွဲ့အစည်းထဲ ဝင်ရောက်ရန် အလွန်အမင်း ခက်ခဲမှာ သေချာသည်။ ယဥ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများ အပါအဝင် သူတို့တွင် ကွဲပြားမှု များစွာ ရှိမှာ သေချာသည်။ ထို့အပြင် မျိုးနွယ်တစ်ခုထက် ပိုမို၍ ပေါင်းစပ် ပေါက်ဖွားလာသူများအား အားမပေးလို ဆိုသည့် အချက်က ထိုနယ်မြေ သုံးခုတွင် လူမျိုးရေး ခွဲခြား သတ်မှတ်ခြင်းက အလွန် အရေးကြီးကြောင်း ညွှန်ပြနေသည်။ သို့တိုင်အောင်... ကျင့်ကြံသူများအကြားရှိ အဆင့်အတန်း ခွဲခြားမှုကို မသိရသေးချေ။
တတိယမြောက် ရွေးချယ်မှုကတော့ ထိပ်တန်း ကျင့်ကြံသူများနှင့် ပါရမီရှင်များ အတွက် သက်သက်သာ ဖြစ်သည်။ သို့ဖြစ်လေရာ အများစုမှာ ထည့်သွင်း စဥ်းစားစရာ လိုလိမ့်မည် မဟုတ်ချေ။
ထရီလျံနှင့် ချီသော လူများကို မိနစ်ပေါင်းများစွာ တိတ်ဆိတ်စေပြီးနောက် ကောင်းကင်ရှိ မျက်နှာကြီးမှာ နောက်တစ်ကြိမ် စကားပြောလာခဲ့၏။
“ခင်ဗျားတို့ အနေနဲ့ ခုချက်ချင်း ဆုံးဖြတ်စရာ မလိုပါဘူး... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို သွားနေစဥ် အတောအတွင်း ခင်ဗျားတို့ကို ပြန် နေရာချပေးမယ်... မကြာခင် ခင်ဗျားတို့ အားလုံးရဲ့ ရှေ့မှာ အလင်း မျက်နှာပြင် တစ်ခု ပေါ်လာလိမ့်မယ်... ခင်ဗျားတို့ လုပ်ဖို့ လိုအပ်သမျှက ကိုယ့်နာမည်၊ အသက်၊ ကျားမနဲ့ ကျင့်ကြံခြင်း အခြေခံတွေကို ချရေးရုံပဲ... နောက်ပြီးတာနဲ့ ခင်ဗျားတို့ တွေ့ချင်တဲ့ လူရဲ့ နာမည်၊ အသက်၊ ကျားမနဲ့ ခုနကလို ကျင့်ကြံခြင်း အဆင့်ကို ချရေးလိုက်”
“တကယ်လို့ ကိုယ်က ဂိုဏ်းတစ်ခုခု အဖွဲ့အစည်း တစ်ခုခုက ဆိုရင်တော့ လူနာမည် အစား အဲဒီ ဂိုဏ်းနာမည်ကို ရေးလို့ရတယ်... စာမရေးတတ်သေးတဲ့ ကလေးတွေ အတွက်တော့ ကျုပ်က သူတို့ရဲ့ အသက် အော်ရာနဲ့ အနီးစပ်ဆုံး တူတဲ့ လူတွေဆီ ပို့ပေးမယ်... မိဘ မဟုတ်ရင်တောင် ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေဆီ ရောက်မှာပါ”
ဝမ်... ဝမ်... ဝမ်...
ဝင်္ကပါ လည်ပတ်သံများနှင့် အတူ ထူးဆန်သော စွမ်းအင်များ ရစ်ပတ်နေသည့် အလင်း မျက်နှာပြင်များမှာ လူတိုင်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထောက်၍ ရေးစရာ တစ်ခုခု ပါမလာသော်လည်း သူတို့က လက်ချောင်းများကို သုံး၍ ထိုအပေါ်တွင် စာရေး နိုင်လိမ့်မည် ဖြစ်သည်။
အလင်း မျက်နှာပြင်များကို ကြည့်ရင်း ထရီလျံနှင့် ချီသော လူများ၏ နှလုံးသားများမှာ တဒိတ်ဒိတ် တုန်ရီ လာခဲ့၏။ စိုးရွံ့မှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ မျှော်လင့်ချက် ကင်းမဲ့မှုတို့ ပြည့်နှက်နေသော သူတို့ အတွက်တော့ ထိုအလင်း မျက်နှာပြင်က မျှော်လင့်ချက် ရောင်ခြည် ဖြစ်ပေသည်။ ထိုအလင်း မျက်နှာပြင်ပေါ်တွင် နာမည် ရေးလိုက်သည်နှင့် မကြာခင် သူတို့ ချစ်ခင်ရသည့် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် ပြန်လည် ဆုံစည်းရတော့မည် ဖြစ်သည်။
ထို့ပိဟန်က အလင်း မျက်နှာပြင်ကို ကြည့်ကာ တစ်ခဏမျှ တွေးလိုက်၏။ သူက အနန္တ ဧကရာဇ်ဂိုဏ်း၏ နာမည်ကို ချမရေးချေ။ ထို့အစား နာမည် နှစ်ခုကိုသာ ရေးလိုက်၏။
စုမေ့၊ အသက် ၄၅၊ မိန်းကလေး...
ချင်းရိုင်၊ အသက် ၆၈၂၊ မိန်းကလေး၊ ကြယ်တာရာ အမြုတေ အဆင့်ခြောက်...
ထို့နောက် ထို့ပိဟန် တိတ်တဆိတ်ပင် စောင့်ဆိုင်းနေလိုက်သည်။ နေရာကူးပြောင်းခြင်း အစီအရင် အသက် မဝင်ခင် သူ့ စိတ်ကတော့ အမျိုးမျိုးသော အတွေးများဖြင့် ပြည့်နှက်နေခဲ့လေသည်။
“ငါ လက်စွပ်တွေကို သူတို့ကို တစ်ခါတည်း ပေးလိုက်သင့်လား... ဒါမှမဟုတ် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို ရောက်တဲ့ အထိ စောင့်သင့်လား...”
ဝေ့ဝူယင်က ထိုတာဝန်မှာ အလွန် အရေးကြီးကြောင်း ပြောပြခဲ့လေရာ နည်းနည်းလေးမှ ပေါက်ကြားလို့ မရတာ သေချာသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေက မည်ကဲ့သို့ နေရာမှန်း သူ မသိသေးသော်လည်း သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်၏ ထုတ်ကုန်များကို သူ ပေါ့ပေါ့ဆဆ ထုတ်မပြဝံ့ပါချေ။ ဝေ့ဝူယင်၏ လက်စွပ်များထဲတွင် ပါဝင်နေသည့် ရတနာ တစ်ခုချင်းစီက မည်သည့် ကျင့်ကြံခြင်း အဖွဲ့အစည်းကို မဆို သွေးချောင်းစီးအောင် လုပ်နိုင်ကြောင်း သူ ခံစားမိပေသည်။
သိပ်မကြာခင်မှာပင် ထို့ပိဟန်မှာ ကောင်းကင်မှ အလင်းတန်း တစ်ခု ကျဆင်းလာသည်ကို ခံစားလိုက်ရ၏။ ထိုအလင်းတန်းက ခန္ဓာကိုယ်ကို ရစ်ပတ် လွှမ်းခြုံသွားသည်နှင့် အမြင်နှင့် ဝိညာဥ်အာရုံ နှစ်ခုစလုံးမှာ မှောင်မိုက်သွားသည်။ သို့သော်လည်း ခန္ဓာကိုယ်က အလွန် လျှင်မြန်စွာ ရွေ့လျားနေကြောင်းတော့ သူ ခံစားမိပေသည်။
မကြာခင်မှာပင် အလင်းတန်းက ပျောက်ကွယ်သွားကာ သူ့မျက်လုံးများမှာ အမြင်အာရုံကို ပြန်လည် ရရှိလာ၏။ ထို့နောက် သူ ပထမဆုံး မြင်လိုက်ရသည်က တည်ကြည် လေးနက်သည့် အနက်ရောင် မျက်ဝန်းများနှင့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမက ဖြောင့်မတ်သည့် ကိုယ်ဟန်နှင့် အနက်ရောင် လှိုင်းတွန့် ဆံပင်တိုများကို ပိုင်ဆိုင်ထားကာ ထူးခြားသည့် သူရဲကောင်း အရှိန်အဝါကို သယ်ဆောင် ထား၏။
တစ်ချိန်တည်း၌ သူမ၏ ညာဘက်လက်ကတော့ ခါးတွင် ပုဝါနှင့် ချည်နှောင်ထားသည့် ဆေဘာဓားရိုးပေါ်တွင် ကျရောက်နေ၏။ သူမ၏ ကိုယ်ဟန်က အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပုံပင်။
ထို့ပိဟန်ကို မြင်လိုက်ရသော အခိုက်၌ စုမေ့၏ အမူအရာက အနည်းငယ် ပြေလျော့ သွား၏။
“မဟာ သူတော်စင် ထို့...”
သူမက တည်ငြိမ်စွာပင် နှုတ်ဆက်လိုက်သည်။ ပတ်ဝန်းကျင်တွင်တော့ အလင်းတန်းများမှာ ဟိုမှ သည် ပေါ်လာကာ ဆက်တိုက် ဆိုသလို နေရာ ကူးပြောင်း နေကြပုံ ပေါ်လေသည်။ စုမေ့၏ မျက်လုံးများက မနားတမ်း လှုပ်ရှားနေကာ ပေါ်လာသည့် တစ်ယောက်ပြီး တစ်ယောက် လူများကို လိုက်ကြည့်နေ၏။ ရှင်းလင်းစွာပင် သူမက တစ်စုံတစ်ယောက်အား ရှာဖွေနေခြင်းပင်။
“မဟာ သူတော်စင်ထို့...”
သိပ်မကြာခင်မှာပင် အသံတစ်ခုမှာ ထို့ပိဟန်၏ အာရုံကို ဖမ်းစားသွား၏။ သူ ကြည့်လိုက်တော့ နို့နှစ်ရောင် အသားအရည်၊ ရွှေရောင် ဆံပင်၊ အပြာရောင် မျက်ဝန်းများနှင့် အလွန် လှပသော မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရ၏။
သူမက လင်းကျိရန် ဖြစ်ပေသည်။
“မဟာ သူတော်စင်ထို့...”
ထို့နောက်တွင်ကား... ဆက်တိုက်ဆိုသလိုပင် ရင်းနှီးနေသည့် ပုံရိပ်များမှာ ဆက်တိုက် ဆိုသလိုပင် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာ၏။
ချင်းရိုင်...
အနီရောင် ဆံပင်၊ သွေးရောင် မျက်လုံးများနှင့် ဟုန်ယု...
သူမနှင့် ဘေးချင်းကပ် လိုက်ပါလာသည့် ရှောင်ပင်း...
ထို့နောက် ရှန်းလင်၊ လုံထျန်းယု၊ ဝူပိုင်ကျိုး၊ တရှန်း...
မိနစ်ပိုင်းမျှ အတွင်းမှာပင် ထိုဧရိယာ တစ်ဝိုက်မှာ ထိပ်တန်း မိန်းမလှလေးများ စုဝေးရာ နေရာ တစ်ခု ဖြစ်သွားခဲ့၏။
ဘာမှန်း မသိသည့် အခြေအနေမျိုးတွင်ပင် ယင်းက ပန်းရနံ့တို့ ထုံသင်းရာ ပင်လယ်၊ မလေ့ကျင့်ရသေးသော ပုရိသတို့ တိမ်းညွှတ်သွားစေနိုင်တဲ့ မြင်ကွင်းတစ်ခု၊ စိတ်ကူးယဥ် ကောင်းကင်ဘုံနန်း တစ်ခု ဖြစ်ပေလိမ့်မည်။
“ဝေ့ဝူယင် ဘယ်မှာလဲ...”
စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ လူများက လှည့်ကြည့်လိုက်သော အသံ ပိုင်ရှင်မှာ ချင်ချူးမူ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ များမကြာခင်မှာပင် ဝိညာဥ်အာရုံ စူးစမ်းမှုများမှာ ထိုနေရာတွင် ရောယှက်သွား၏။
ထို့ပိဟန်မှာ သူ့ အလင်းမျက်နှာပြင်လိုပင် အရှေ့၌ ပေါလောပေါ်နေသည့် မိန်းကလေးများ၏ အလင်း မျက်နှာပြင်များကို လှမ်းကြည့်လိုက်မိ၏။ သူတို့ အားလုံး ရေးသားထားသည့် နာမည်များကို ဖတ်ပြီးနောက်၌ လူအိုကြီး၏ နှုတ်ခမ်းထက်တွင် ဖြူရော်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ချင်ချူးမူ ဖြစ်စေ၊ စုမေ့ ဖြစ်စေ၊ လုံထျန်းယု ဖြစ်စေ... မိန်းကလေး အားလုံးမှာ အလင်း မျက်နှာပြင်၏ တစ်နေရာတွင်တော့ ဝေ့ဝူယင်၏ နာမည်၊ အသက်နှင့် ကျားမ အမျိုးအစားတို့ကို ရေးသားထားခဲ့သည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်... ၎င်းကို သူ ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ ချွင်းချက် အနေဖြင့် လုံထျန်းယု တစ်ယောက်လောက်သာ ရှိပေလိမ့်မည်။ သူမက အဘယ်ကြောင့် ဝေ့ဝူယင်၏ နာမည်ကို ရေးခဲ့မှန်း သူ စဥ်းစား မရချေ။ လုံချန် အသတ်ခံရမှုက ထိုအရာကို ဦးတည်စေခဲ့သလားတော့ မသိသော်လည်း သတိတော့ ထားရလိမ့်မည် ဖြစ်သည်။
“ဝေ့ဝူယင် ဒီကို လိုက်မလာဘူး...”
လူအိုကြီးက ချင်ချူးမူ၏ မေးခွန်းကို အဖြေပေးလိုက်၏။ ဝေ့ဝူယင် အဘယ်ကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြောင်း သူ မသိသော်လည်း အရေးကြီးသည့် အကြောင်းပြချက် တစ်ခု ရှိမှာတော့ သေချာပေသည်။
“သူ ဒီကို လိုက်မလာဘူးလား...”
ချင်ချူးမူ အပါအဝင် မိန်းကလေးများ၏ မျက်လုံးများမှာ စိုးရိမ်မှု၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ ဝေ့ဝူယင်က အဘယ်ကြောင့် ပျက်စီးတော့မည် နေရာတွင် ကျန်ရစ်ခဲ့ရသနည်း။ သို့တည်းမဟုတ်... အန္တရာယ် တစ်ခုခုနှင့်များ...
ထို့ပိဟန်မှာ မိန်းကလေးများ၏ အတွေးများကို ရိပ်မိလိုက်ရာ ခေါင်းကို ခါယမ်းလိုက်၏။
“သူက ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်နေတုန်းပဲ... အခြေတကျ ဖြစ်ရင် ကျုပ် အားလုံးကို ရှင်းပြမယ်”
ချင်ချူးမူ အပါအဝင် မိန်းကလေး အားလုံးမှာ တိုင်ပင် မထားရပါပဲ ပင့်သက်ကိုယ်စီ ရှိုက်လိုက်မိကြ၏။ တစ်ချိန်တည်း၌ စုမေ့၏ မျက်မှောင်က အနည်းငယ် ပြေလျော့သွားသည်။ သူမက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ခေါင်းဆောင် နေရာကို ယူလိုက်၏။
“ငါတို့မှာ ရွေးချယ်စရာ သုံးခု ရှိတယ်... အခု လောလောဆယ် ဘာလုပ်သင့်တယ် ဆိုတာ အရင် ဆုံးဖြတ်ကြရင် ဘယ်လိုလဲ”
“ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဝေ့ဝူယင် မပါပဲ ဘယ်လို ဆုံးဖြတ်ကြမှာလဲ...”
တစ်ယောက်က မေးခွန်းထုတ် လိုက်၏။ သူမက မီးခိုးရောင် မျက်လုံး၊ ရွှေရောင် အသားအရေနှင့် အညိုရောင် ဆံနွယ်ရှည်တို့ကို ပိုင်ဆိုင်ထားကာ ကျက်သရေ အဖြာဖြာနှင့် ပြီးပြည့်စုံစွာ လှပသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။
သူမက ဝေ့ဝူယင်၏ ဇနီးလောင်း နာ့ရှင်းရီမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
***