ရွေးချယ်မှုများ
Vol. 42 Ch. 580
“ဟွန့်...”
တရှန်းက အေးစင်စက် နှာခေါင်း တစ်ချက်ရှုံ့ လိုက်၏။ နာ့ရှင်းရီအား သူမ မနှစ်သက်သည်က ထင်ထင်ရှားရှားပင်။
အထူးသဖြင့်... ဝေ့ဝူယင်၏ ဇနီးလောင်း ဆိုသော အဆင့်အတန်းက နာ့ရှင်းရီနှင့် မလိုက်ဖက်ဟု တရှန်း ယူဆ မိသည်။
စတင် သတိထားမိသည့် အချိန်ကတည်းက ထိုမိန်းကလေးမှာ မဟာမင်းသား လုံချန်၏ နံဘေးတွင်သာ နေကာ တစ်ချိန်လုံး ပေးဆပ်ခဲ့သူ ဖြစ်သည်။ နောက်ဆုံး သူမ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံး စုတ်ပြတ်သတ်ကာ ဒုက္ခိတ ဘဝ ရောက်သည် အထိ။
သို့သော်လည်း အာရုဏ်ဦး အာဏာရှင် အင်ပါယာ အဖြစ် ဝေ့ဝူယင် ကျော်ကြားလာခဲ့ချိန်တွင်တော့ သူမက လုံချန်ကို စွန့်ပစ်ကာ သူ့ နံဘေးကို ပြေးကပ်ခဲ့ပြန်သည်။ အတိတ်မှ ကတိဆိုသော အရာကို အသုံးချကာ အာရုဏ်ဦး ဧကရာဇ်၏ ဇနီးလောင်း ဆိုသော ဂုဏ်ပုဒ်ကို သိမ်းပိုက်သွားခဲ့သည်။တရှန်း အတွက်တော့ နာ့ရှင်းရီက အရှက်မရှိသည့် အခွင့်အရေး သမားသာ ဖြစ်သည်။
“ငါ နင့်အကြောင်းကို မသိဘူး... ဒါပေမဲ့ ငါကတော့ ငါ့ဘဝ အတွက် အရေး အကြီးဆုံး ဆုံးဖြတ်ချက်ကို ယောက်ျား တစ်ယောက်ကို မျက်စိမှိတ် ချခိုင်းမှာ မဟုတ်ဘူး”
တရှန်း၏ စကားက သိသိသာသာ ရန်လိုနေရာ နာ့ရှင်းရီမှာ မျက်မှောင်ကြုတ် သွား၏။ သူမက ခရမ်းရောင် အသားအရေနှင့် နတ်ဆိုးမကို စူးစိုက် ကြည့်လိုက်သည်။
“အဲဒါဆို နင်ကရော ဘာလို့ သူ့နာမည်ကို ရေးနေသေးလဲ”
တရှန်းကမှာ အနည်းငယ် ကြောင်အ သွား၏။ သို့သော်လည်း သူမက အလျှော့မပေးပဲ ချက်ချင်း ခံပက်ရန် ပြင်လိုက်သည်။
“ဟုတ်တယ်... ငါ သူ့နာမည်ကို ရေးတယ်... ဘာလို့လဲ ဆိုတော့ ငါက သူ့မိန်းမ မလို့ပဲ... သူ့အမိန့်ကို မျှော်ကိုးပြီး ခိုင်းတာကို လုပ်ဖို့ စောင့်နေတဲ့ ကျွန်မဟုတ်ဘူး”
"တော်လောက်ပြီ...”
လင်းကျိရန်က မျက်မှောင်ကြုတ်ရင်း ကြားဖြတ် ပြောလိုက်၏။ ဤအချိန်က ရန်ဖြစ်နေရမည့် အချိန် မဟုတ်ပါချေ။ ဝူပိုင်ကျိုးကတော့ တရှန်းနှင့် နာ့ရှင်းရီတို့၏ တင်းမာမှုကို သတိပင် ပြုမိပုံ မရချေ။ သူမက အလေးအနက် အမူအရာဖြင့် ခေါင်းတစ်ချက်သာ ညိတ်လိုက်၏။
“စုမေ့ ပြောတာ မှန်တယ်... ငါတို့ အနေနဲ့ သုံးခုတည်းက အကောင်းဆုံး တစ်ခုကို ရွေးချယ် ရမှာပဲ... ခေါင်းဆောင် မရှိရုံနဲ့ ပြည်ပျက်မယ့် အဖြစ်မျိုး အရှင်ဝေ့လည်း လိုချင်မှာ မဟုတ်ဘူး”
နာ့ရှင်းရီမှာ ခေါင်းငုံ့ကာ စဥ်းစားနေ၏။ သူမ၏ လှပသော မီးခိုးရောင် မျက်ဝန်းများက နူးညံ့သော ခံစားချက်များဖြင့် ပြည့်နှက် နေသည်။
တရှန်း ပြောတာ မှန်သည်။ သူမက ဝေ့ဝူယင်၏ အမိန့်ကို မျှော်ကိုး နေရမည့် ကျွန် မဟုတ်ချေ။ သူမက ဝေ့ဝူယင်၏ ဇနီးလောင်း ဖြစ်သည်။ သူနှင့် တန်းတူ ညီမျှသူ ဖြစ်သည်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်များကို ကိုယ့်သဘောထားနှင့် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်သူ ဖြစ်သည်။
“ ... “
လူတိုင်းမှာ တိတ်ဆိတ်နေကာ အခြေအနေကို သုံးသပ် နေကြ၏။ ချင်းရိုင်မှာ မိန်းကလေးများ၏ အလင်း မျက်နှာပြင်များတွင် ရေးသားထားသည့် ဝေ့ဝူယင် ဆိုသော နာမည်များကို လိုက်ကြည့် နေမိသည်။ သူတို့ အားလုံးက ဝေ့ဝူယင်၏ မိန်းမများ၊ သို့မဟုတ် လက်အောက် ငယ်သားများ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်၏ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ပါက သူမမှာလည်း ထိုအထဲမှ တစ်ယောက် ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။
အားလုံး အတွေးနက် နေကြစဥ်မှာပင် ခပ်လှမ်းလှမ်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“စုမေ့လား...”
အသံက ရင်းနှီးသလိုလို ရှိနေလေရာ စုမေ့မှာ အံ့အားသင့်သွား၏။ အသံလာရာကို လှည့်ကြည့် လိုက်သော အခိုက်၌ သူမ၏ မျက်လုံးများက အံ့သြမှု၊ ဝမ်းသာမှုတို့နှင့် ပြည့်နှက်သွားခဲ့တော့သည်။
သူမကား အရပ် ငါးပေငါး လက်မခန့် မြင့်မားကာ နူးညံ့ သိမ်မွေ့သော မိန်းကလေး တစ်ယောက် ဖြစ်သည်။ ရုပ်ရည်သွင်ပြင် အရ သူမမှာ လူသားများထဲတွင်ပင် ပျမ်းမျှသာရှိသော်လည်း အခြားလူများနှင့် ကွဲထွက်နေသည့် ထူးခြားသော အငွေ့အသက် တစ်ခုကို ပိုင်ဆိုင်ထားသည်။
ရှေးယခင်က ခပ်တိုတို ဖြတ်ထားလေ့ ရှိသည့် သူမ၏ အညိုရောင် ဆံပင်တို့မှာ ယခုအခါတွင် လိမ္မော်ရောင် ဆံနွယ်ရှည်များ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်လေသည်။ လျော့ရဲစ ပြုနေသည့် သူမ၏ အသားအရည်တို့မှာလည်း ဆယ်ကျော်သက် တစ်ယောက်လို ပြန်လည် တင်းရင်းနေခဲ့ပြီ ဖြစ်၏။ သူမ၏ ရုပ်ရည် သွင်ပြင်မှာ သိသိသာသာပင် ပြောင်းလဲ သွားသည်ဟု ဆိုနိုင်ပေသည်။ တစ်ချက် ကြည့်ရုံဖြင့် သူမကို မှတ်မိရန် ခက်ခဲလှသည်။
စုမေ့၏ မျက်လုံးများက မိန်းကလေး၏ အရှေ့ရှိ အလင်း မျက်နှာပြင်ဆီ ရောက်ရှိသွား၏။ ထိုနေရာတွင် မေ့ယန်နှင့် ဝေ့ဝူယင် ဟူသော နာမည် နှစ်ခုကို ရေးသားထားကြောင်း တွေ့လိုက်ရသည်။ စုမေ့၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ခပ်ဖျော့ဖျော့ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
အခြားလူများမှာ စုမေ့၏ အမူအရာကြောင့် စိတ်ဝင်စား သွားကြ၏။ မည်ကဲ့သို့သော ပုဂ္ဂိုလ်ကက စုမေ့လို စစ်သည်တော် တစ်ဦးကို ပျော့ပြောင်းစေသနည်း။ သူတို့က စုမေ့ထံသို့ လျှောက်လာနေသည့် မိန်းမလှလေးကို လှည့်ကြည့် အကဲခတ် လိုက်ကြသည်။
မိန်းကလေး၏ နောက်တွင်တော့ နေပန်းများ ထိုးထားသည့် လှပသော အမျိုးသမီး တစ်ဦး ပါလာ၏။ သူမက ခါတိုင်းလိုပင် လှည့်စားခြင်း အရိပ်အငွေ့ အချို့ ပါဝင်နေသည့် အပြုံးတစ်ခုကို ဆင်မြန်းထားသည်။ သူမ၏ လှပသော မျက်ဝန်းများကတော့ ကောင်းကင်၏ လျှို့ဝှက်ချက်များကို သယ်ဆောင်ထားသည့် အလား တဖိတ်ဖိတ် တောက်ပနေ၏။
ထိုနှစ်ယောက်ကား မေ့မေ့နှင့် မေ့ယန်တို့ပင် ဖြစ်လေသည်။
ချင်ချူးမူ၊ ဝူပိုင်ကျိုး၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့မှာ မေ့မေ့ကို ကြည့်ကာ ရင်းနှီးနေသလို ခံစားလိုက်ရ၏။
“အဲဒါ ရှင်မလား...”
ဝူပိုင်ကျိုးမှာ ပထမဆုံး မှတ်မိသွားသည့် တစ်ယောက် ဖြစ်ပေသည်။ သူမက အတွေးများကို အတည်ပြုဟန်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ဟုတ်တယ်... ရှင်က အနန္တ ကုန်းမြေတိုက်ကြီးကပဲ...ရှင့်အတွက်ကြောင့် ဝေ့ဝူယင်က လုံချန်ကို သတ်တော့မလို ဖြစ်ခဲ့သေးတာ”
သူမ၏ စကားလုံးများက ချင်ချူးမူ၊ နာ့ရှင်းရီနှင့် လင်းကျိရန်တို့၏ မှတ်ဉာဏ်များကို အလင်းဖွင့် ပေးလိုက် သလိုပင်။
ထိုနေ့က ဝေ့ဝူယင် ဒေါသထွက်သည်ကို သူမတို့ ပထမဆုံး မြင်ဖူးကြခြင်း ဖြစ်သည်။ အခြားလူများမှာ ဝူပိုင်ကျိုး၏ စကားကြောင့် မေ့မေ့ကို ကြည့်ကာ စိတ်ဝင်စား သွားကြ၏။
“အင်း...”
စုမေ့က အသာအယာ ပြုံးကာ မေ့မေ့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ဝေ့ဝူယင် ဆယ်စုနှစ် တစ်ခုခန့် ပျောက်ဆုံးနေခဲ့သည့် အတောအတွင်းတွင် မေ့မေ့မှာ သူမအား ဂရုစိုက်ပေးခဲ့သည့် တစ်ဦးတည်းသော သူ ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ သူငယ်ချင်းကောင်းများ ဖြစ်ခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော်လည်း ဤအချိန်က ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောကာ အချိန်ဖြုန်းရမည့် အချိန် မဟုတ်ချေ။ သူမက တည်ငြိမ်စွာပင် လက်ရှိ အခြေအနေကို ပြန်လည် အာရုံစိုက်လိုက်၏။
“ငါတို့မှာ ရွေးချယ်စရာ သုံးခု ရှိတယ်... အဲဒီ သုံးခုနဲ့ ပတ်သက်တဲ့ အကောင်း အဆိုး အချို့ကို ငါ စဥ်းစားမိသလောက် ပြောပြမယ်... မူလ အဆင့်အတန်း၊ မူလ ဂိုဏ်းနဲ့ ဆက်ပြီး နေချင်တဲ့ လူတွေကတော့ ပထမ တစ်ခုကို ရွေးသင့်တယ် လို့ ငါ ထင်တယ်... ဘာလို့လဲ ဆိုတော့ အဲဒီမှာ ငါတို့ ကြယ်တာရာ နယ်မြေက လူတွေပဲ ရှိနေမှာ မလို့ပဲ...”
“ဒါပေမဲ့ တစ်ခု သတိထားစရာ ရှိတာက အဲဒီနေရာမှာ ကျင့်ကြံခြင်း ရင်းမြစ် ရှားပါးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်... နင်တို့ သိထားကြတဲ့ အတိုင်း အာဏာရှင်များ အဖွဲ့နဲ့ ဗာကီရီ အဖွဲ့အတွက် အရှင့်ဝေ့ ထားခဲ့တဲ့ ရင်းမြစ်တွေက လွန်ခဲ့တဲ့ သုံးနှစ် အတွင်း ခမ်းခြောက်စ ပြုနေပြီ... နောက်ပြီး ဒီကပ်ဘေးက ရုတ်တရက် ဖြစ်လာခဲ့တာ ဆိုတော့ ငါတို့မှာ ဘာမှ ပြင်ဆင်ချိန် မရှိခဲ့ဘူး...”
“အနန္တ ကုန်းမြေတိုက်သားတွေနဲ့ အတူ ငါ အဲဒီတစ်ခုကို ရွေးချယ်မယ်...”
ဝူပိုင်ကျိုးက လျှင်မြန်စွာပင် ဆုံးဖြတ်ချက် ချလိုက်၏။ အနန္တ ကုန်းမြေတိုက်ကြီးတွင် မွေးဖွားလာသူ တစ်ယောက်၊ မဟာ ဧကရာဇ် သွေးမျိုးဆက် တစ်ယောက် အနေဖြင့် လက်အောက်ငယ်သားများကို စွန့်ခွာကာ ကိုယ်လွတ်ရုန်းရန် သူမ ဆန္ဒ မရှိပါချေ။
စုမေ့က ဝူပိုင်ကျိုးကို တစ်ချက် ကြည့်ကာ ဆက်ပြောလိုက်၏။
“ဒီကြယ်တာရာ နယ်မြေရဲ့ အခြေအနေ၊ ဒီနေရာက လူတွေရဲ့ အကျင့်စရိုက်ကို ငါတို့ ဘာမှ သေသေချာချာ မသိရသေးဘူး... တကယ်လို့ အခြား နေရာတွေကို ရွေးချယ်လိုက်မယ် ဆိုရင် အချိန်မရွေး အနိုင်ကျင့်ခံရတာ၊ အတင်း စေခိုင်းခံရတာမျိုး ဖြစ်နိုင်တယ်... အဲဒါတွေကို ကြောက်တယ် ဆိုရင်တော့ ကိုယ့်လူတွေနဲ့ကိုယ် ဂြိုဟ်အသစ်မှာ နေတာက အလုံခြုံဆုံး ဖြစ်လိမ့်မယ်”
“ဒါပေမဲ့ အဲဒါကလည်း အာမခံချက်တော့ မရှိဘူး... ခု မဟုတ်ရင်တောင် နောင်တစ်ချိန်မှာ စူးစမ်း လေ့လာလိုတဲ့ ဒေသခံတွေဟာ အဲဒီဂြိုဟ် အသစ်ကို ကျိန်းသေ ရောက်လာမှာပဲ... အဲဒီ အခါမှာ အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်... ငါတို့ အနေနဲ့ အဲဒါကို ထည့်စဥ်းစားထားဖို့ လိုအပ်တယ်”
စုမေ့က ဝူပိုင်ကျိုးကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။ မိန်းကလေး၏ ခိုင်မာ ပြတ်သားသော မျက်လုံးများကို မြင်သော အခိုက်၌ သူမက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ထို့နောက် အခြားလူများ ဘက်သို့ ပြန်လှည့်လိုက်သည်။
“ဒုတိယ ရွေးချယ်မှုကိုတော့ ငါလည်း သိပ်မရှင်းဘူး... ဘာလို့လဲ ဆိုတော့ ဒီကြယ်တာရာ နယ်မြေရဲ့ ကျင့်ကြံခြင်း အဖွဲ့အစည်းက ဘယ်လို ရှိတယ် ဆိုတာ မသိလို့ပဲ... စောစောက မျက်နှာက နယ်မြေ သုံးခုလိုပဲ ပြောခဲ့တယ်... ငါ့အထင် အဲဒီ နယ်မြေသုံးခုက အနန္တ ဧကရာဇ် ကြယ်တာရာ ပိုင်နက်လိုမျိုး အဖွဲ့အစည်း တစ်ခုခု၊ ဒါမှမဟုတ် မျိုးနွယ် တစ်ခုခုရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတာ ဖြစ်နိုင်တယ်... သေချာတာ တစ်ခုကတော့ အဲဒီ နယ်မြေ သုံးခုကို ရွေးချယ်မယ် ဆိုရင် ကိုယ့်လမ်းကို လျှောက်ရလိမ့်မယ်”
မိန်းကလေးများမှာ ငြိမ်သက်စွာပင် သုံးသပ် နေကြ၏။
“တတိယ တစ်ခုကတော့ ငါ ရွေးချယ်မယ့် လမ်းကြောင်းပဲ... ငါက အနန္တ ဧကရာဇ်ဂိုဏ်းရဲ့ အစိတ်အပိုင်း တစ်ခု ဆိုပေမဲ့ အရှင်ဝေ့ နောက်ကို လိုက်နေတဲ့ လူတစ်ယောက်ဆိုရင် ပိုမှန်လိမ့်မယ်... ဒီပတ်ဝန်းကျင် အသစ်ကို ငါ စူးစမ်းချင်တယ်... ပိုပြီး တိုးတက်အောင် လေ့လာချင်တယ်... တကယ်လို့ ထိပ်တန်း ဂိုဏ်းကြီးတွေ မဟုတ်ရင်တောင် အဲဒီထဲမှ တစ်ခုကို ပူးပေါင်းလိုက်တာက ကိုယ့်ရဲ့ လုံခြုံရေးနဲ့ ကျင့်ကြံခြင်း ရင်းမြစ်ကို ပိုပြီး အာမခံချက် ပေးနိုင်မှာ သေချာတယ်...”
ထို့ပိဟန်က ငြင်းဆန်ခြင်း မပြုချေ။ အစောကတည်းက စုမေ့မှာ အနန္တ ဧကရာဇ်ဂိုဏ်းဝင် မဟုတ်ချေ။ ဝေ့ဝူယင်၏ လက်ထောက် တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် လက်ရှိ၌ အနန္တ ဧကရာဇ်ဂိုဏ်းမှာ ဝူပိုင်ကျိုး၏ လက်တွင် အသစ်တစ်ဖန် ပြန်လည် စတင်ရတော့မည် ဖြစ်သည်။ ပြောရလျှင် သူတို့က အခွံ သက်သက်သာ ရှိသည်။ အစကတည်းက အဆက်အစပ် မရှိသူ တစ်ယောက် အနေဖြင့် အနန္တ ဧကရာဇ်ဂိုဏ်းနှင့် ဆက်နေရန် စုမေ့ မရွေးချယ်ခြင်းက ယုတ္တိရှိပေသည်။
ဝူပိုင်ကျိုးကလည်း စုမေ့ကို ကြည့်ကာ အသိအမှတ် ပြုဟန်နှင့် ခေါင်းညိတ် ပြလိုက်၏။ ထို့နောက် သူမက ရှေ့သို့ ခြေတစ်လှမ်း တိုးရင်း အားလုံးကို အလေးအနက် အမူအရာဖြင့် ကြည့်လိုက်သည်။
“ရှင်တို့ အနေနဲ့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်... အနန္တ ဧကရာဇ်ဂိုဏ်းက ရှင်တို့ရဲ့ တက်လမ်းတွေကို ပိတ်ထားမှာ မဟုတ်ဘူး... ဒါပေမဲ့ ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းကို ရောက်ရောက် ရှင်တို့ အားလုံးက အာဏာရှင်တွေ ဆိုတာ သတိရပါ... ဘဝမှာ တစ်ခါ အာဏာရှင် ဖြစ်ဖူးရင် တစ်သက်လုံး အာဏာရှင်ပဲ... တကယ်လို့ အဲဒါကို မေ့ခဲ့မယ် ဆိုရင် ဝေ့ဝူယင်က ရှင်တို့ကို မသတ်တောင် ကျွန်မ ကိုယ်တိုင် လာသတ်ရလိမ့်မယ်”
***