အမှာစာ
Vol. 42 Ch. 581
ထို့ပိဟန်မှာ မိန်းကလေးများ ရွေးချယ်မှု ပြုလုပ်သည်ကို စောင့်ဆိုင်းရင်း တိတ်တဆိတ် တွေးတော နေခဲ့၏။ ဝူပိုင်ကျိုးနှင့် စုမေ့တို့၏ ရွေးချယ်မှုများ မတူညီသည်ကို မြင်တွေ့ရပြီး နောက်တွင် သူ သက်ပြင်းချလိုက်သည်။
"ကြည့်ရတာ လက်စွပ်တွေကို ဒီနေရာမှာပဲ ပေးရတော့မယ် ထင်တယ်… ဒီဆုံးဖြတ်ချက်က မှန်ကန်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"
ရွေးချယ်မှုများ ပြီးဆုံးသည်နှင့် သူတို့ အားလုံးမှာ မတူညီသော နေရာများကို ရောက်ရှိ သွားတော့မည် ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ပြန်လည် ဆုံတွေ့ရန် လွယ်ကူတော့မည် မဟုတ်ချေ။ လက်စွပ်များထဲတွင် ရင်းမြစ်များသာ မကပဲ သူတို့ကို ကာကွယ်ရန် အတွက် နည်းလမ်းများလည်း ပါဝင်နေသည်။
ဝူပိုင်ကျိုးမှာ ရွေးချယ်မှု ပြုလုပ်ပြီးပြီ ဖြစ်ရာ ထိုနေရာ၌ ဆက်လက် နေထိုင်ရန် မလိုအပ်တော့ချေ။ သူမက ဝိညာဉ် အာရုံကို အသုံးပြုကာ ရှာဖွေ လိုက်ရာ အနီးအနား၌ အနန္တ ဧကရာဇ်ဂိုဏ်းဝင် သန်းနှင့်ချီ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ အားလုံးကို နှုတ်ဆက်ပြီးနောက် သူမမှာ အုပ်စုမှ ထွက်ခွာ သွားတော့၏။
ဝူပိုင်ကျိုးမှာ ဂြိုဟ်အသစ် ပေါ်တွင် အနန္တ ဧကရာဇ်ဂိုဏ်းအား ပြန်တည် တည်ဆောက်ရန် အတွက် စဉ်းစားထားပြီး ဖြစ်သည်။ ပြဿနာက ထိုဂြိုဟ်ပေါ်ကို ကုန်းမြေတိုက်ကြီး အသစ်မှ လူများပါ လာရောက် နေထိုင်နိုင်ခြင်း ဖြစ်သည်။ သူမတို့ ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော လောကသခင်က ထို့ပိဟန် ဖြစ်သည်။ သို့သော်လည်း ထို့ပိဟန်မှာ အနန္တ ဧကရာဇ်ဂိုဏ်းထက် ဝေ့ဝူယင်ကိုသာ ပိုမို၍ သစ္စာ စောင့်သိသူ ဖြစ်သည်။
သို့သော်လည်း ထိုကိစ္စ အတွက် လူအိုကြီးကို အပြစ်တင်၍ မရပါချေ။ မည်သို့ပင် ဆိုစေ… သူမလည်း အတူတူပင် မဟုတ်ပါလား။
ထို့အပြင် ဂြိုဟ်အသစ်တွင် မည်ကဲ့သို့သော ပြဿနာများနှင့် ရင်ဆိုင်ရဦးမည်မှန်း မသိချေ။ သေချာတာ တစ်ခုက အဆောက်အဦမှ အစ အားလုံးကို အစမှ ပြန်၍ တည်ဆောက် ရလိမ့်မည် ဖြစ်သည်။ ထို့အပြင် ရင်းမြစ် ရှားပါးမှု ပြဿနာနှင့်လည်း သူတို့ ကျိန်းသေ ရင်ဆိုင်ရပေလိမ့်မည်။
နေရာ ကူးပြောင်းမှုက ရုတ်တရက် ဖြစ်ပေါ်လာခြင်း ဖြစ်လေရာ သူတို့တွင် ပြင်ဆင်ချိန် မရှိခဲ့ချေ။ သို့ဖြစ်လေရာ လတ်တလောတွင် ဂိုဏ်းသားများအား ထောက်ပံ့ပေးရန် ဘာရင်းမြစ်မှ မရှိချေ။ အကျိုးဆက် အနေဖြင့် ဂိုဏ်းအတွင်းရှိ ပါရမီနှင့် ကျင့်ကြံခြင်း အခြေခံ မြင့်မားသော ကျင့်ကြံသူများမှာ အခြား နေရာများကို ရွေးချယ် သွားနိုင်ပေသည်။
ဘယ်လိုပဲဖြစ်ဖြစ်… အနန္တ ဧကရာဇ်ဂိုဏ်းကို အသစ်တစ်ဖန် ပြန်လည် တည်ဆောက်ရန် ရည်ရွယ်ထားပြီး ဖြစ်လေရာ မည်သည့် ပြဿနာကို မဆို ကြံ့ကြံ့ခံ ရင်ဆိုင် ရတော့မည် ဖြစ်လေသည်။
"မဟာ မင်းသမီးဝူ…"
အမျိုးမျိုးသော အတွေးများဖြင့် အနန္တ ဧကရာဇ် ဂိုဏ်းသားများထံ လျှောက်လှမ်း သွား နေစဉ်မှာပင် နောက်မှ ခေါ်သံ တစ်ခုကို ဝူပိုင်ကျိုး ကြားလိုက်ရ၏။
သူမ လှည့်ကြည့်လိုက်သော ထို့ပိဟန်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက အနည်းငယ် ရှုပ်ထွေးနေကာ ဒွိဟများနှင့် ပြည့်နှက်နေဟန် ရ၏။
"ဘာလို့လဲ မဟာ သူတော်စင်ထို့…"
ဝူပိုင်ကျိုးက ထို့ပိဟန်၏ မူလ ဂုဏ်ပုဒ်ကို တပ်ကာ လေးစားစွာပင် တုန့်ပြန်လိုက်သည်။ အကယ်၍ ထို့ပိဟန်က ဂြိုဟ်အသစ်တွင် ဆက်နေကာ အနန္တ ဧကရာဇ်ဂိုဏ်း ပြန်လည် တည်ဆောက်ရာတွင် ကူညီဖို့ ဆုံးဖြတ်ခဲ့လျှင် သူမ ဝမ်းသာမိမည် ဖြစ်သည်။
"မဟာ ဧကရာဇ်ပါ ရှိနေတာလား…"
ထို့ပိဟန်က ဝူပိုင်ကျိုး၏ ရင်ဘတ်တွင် လွဲလောင်း ကျနေသည့် အနက်ရောင် လက်စွပ်ကို ကြည့်ရင်း မေးလိုက်၏။
ဝူပိုင်ကျိုးက တိတ်တဆိတ်ပင် ခေါင်းညိတ် ပြလိုက်သည်။ ထို့ပိဟန်က နောက်ထပ် ဘာမှ ထပ်မမေးတော့ချေ။
သူက ရင်ဘတ်တွင် စည်းထားသည့် အဝတ်စကိုသာ ဖြေ၍ သေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်၏။
ဝူပိုင်ကျိုးမှာ ထို့ပိဟန်၏ အပြုအမူကို ကြည့်ကာ ရင်တဒိန်းဒိန်း ခုန်လာခဲ့၏။ ထို့ပိဟန်မှာ ဝေ့ဝူယင်နှင့် နောက်ဆုံး တွေ့ဆုံခဲ့သည့် ပုဂ္ဂိုလ် ဖြစ်သည်။ ထို့မတိုင်ခင် အချိန်က သူ့လက်ထဲတွင် သေတ္တာ မရှိသေးချေ။
ထို့အပြင် သေတ္တာကို သိုလှောင် လက်စွပ် အတွင်း မထည့်ပဲ ကိုယ်နှင့် မကွာ သိမ်းဆည်းထားသည့် အချက်က ၎င်းမှာ အလွန် အရေးကြီးကြောင်း ဖော်ပြနေသည်။
"အဲဒီ သေတ္တာကို ဝေ့ဝူယင်က ပေးထားတာလား…"
ဝူပိုင်ကျိုးက မေးလိုက်၏။ သူမ၏ အသက်ရှူသံက အနည်းငယ် လေးပင် နေသည်။
မိန်းကလေး၏ မျှော်လင့်ချက် တလက်လက် တောက်ပနေသော မျက်ဝန်းများကို ကြည့်ကာ ထို့ပိဟန်က အနည်းငယ် ပြုံးလိုက်၏။
"မင်း လက်ကို ဖြန့်လိုက်…"
သူက အသာအယာပင် ပြောလိုက်သည်။ ဝူပိုင်ကျိူးက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း သူမ၏ သွယ်လျသော လက်ချောင်းများကို ထုတ်ဖော် ပြသလိုက်သည်။ ထို့ပိဟန်က သူမ၏ လက်ကို ကိုင်ကာ ဝိညာဉ် ချိပ်တံဆိပ် တစ်ခုကို လွှဲပြောင်း ပေးအပ်လိုက်၏။
ဝူပိုင်ကျိုး ကြည့်နေစဉ်မှာပင် ဝိညာဉ် အလင်း တစ်ခုမှာ သူမ၏ အရေပြားကို ဖြတ်သန်းကာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
"မဟာ ဧကရာဇ်… ကျေးဇူးပြုပြီး…"
ထို့ပိဟန်က အနက်ရောင် လက်စွပ်လေးကို ကြည့်ရင်း ပြောလိုက်သည်။
ဝူပိုင်ကျိုးမှာ တစ်ခဏမျှ တုန့်ဆိုင်း သွားသော်လည်း လည်ပင်းမှ ကြိုးကို ဖြုတ်ကာ ထို့ပိဟန်၏ လက်ဝါးပေါ် တင်ပေး လိုက်၏။ အခြား ဝိညာဉ်အလင်း တစ်ခု လင်းလက်လာကာ လက်စွပ်အတွင်း ဝင်ရောက် ပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ထို့ပိဟန်က တုန့်ဆိုင်းခြင်း မပြုပဲ ငွေရောင် သေတ္တာထဲမှ လက်စွပ် နှစ်ကွင်းကို ဆွဲထုတ် လိုက်၏။ သေတ္တာလမှာ အပြင်ပန်း အသွင် သဏ္ဌာန် အားဖြင့် သိုလှောင် ရတနာ တစ်ခုဟု မထင်ရသော်လည်း အတွင်းပိုင်း၌ အမှန်တယ် နေရာလွတ် တစ်ခု ရှိနေချေသည်။ လက်စွပ်နှစ်ခုကို ဆွဲထုတ်သည့် ခံစားချက်က သိုလှောင် လက်စွပ် အတွင်းမှ ပစ္စည်းတစ်ခုခုအား ထုတ်ယူရသည်နှင့် အတူတူပင် ဖြစ်သည်။
ထို့ပိဟန်က အနက်ရောင် လက်စွပ်လေးကို ဝူပိုင်ကျိူးထံသို့ ပြန်ပေးလိုက်ကာ ဟင်းလင်းပြင် လက်စွပ် နှစ်ကွင်းကိုပါ ပေးအပ်လိုက်၏။
"လက်စွပ်တစ်ခုချင်းစီမှာ စာတွေပါတယ်… အခု ဖတ်ကြည့်လိုက်ပါ"
ဝူပိုင်ကျိုးက ခေါင်းညိတ်ရင်း လက်စွပ်ကို လက်ခံ လိုက်၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် သူမ လက်အတွင်း ပုန်းကွယ်နေသည့် အလင်းတန်းမှာ ပြန်လည် ထွက်ပေါ်လာကာ လက်စွပ်တစ်ကွင်းထဲ ဝင်ရောက် သွားသည်။ တစ်ခဏ ကြာပြီးနောက် အလင်းတန်း တစ်ခု ထွက်ပေါ်လာကာ သူမ၏ စိတ်အတွင်း ဝင်ရောက် သွား၏။
ဝူပိုင်ကျိုးမှာ ပထမ၌ ထိုဝိညာဉ် အလင်းတန်းကို ခုခံရန် ဟန်ပြင် လိုက်သေးသော်လည်း ထို့ပိဟန်၏ စကားကို ပြန်လည် ကြားမိသော အခိုက်၌ အသာတကြည်ပင် လက်ခံ လိုက်၏။
ထို့ပိဟန်ကတော့ ထိုမြင်ကွင်းကို ကြည့်ကာ အနည်းသယ် အံ့အားသင့်သွားသည်။ စာက ရိုးရိုးစာမျိုး မဟုတ်သည်လား။
သို့သော်လည်း… ရိုးရိုးစာသာ ဆိုပါက သူ့ကို တကူးတက စောင့်ဆိုင်းကာ သတိပေးခိုင်းမှာ မဟုတ်ကြောင်း ထို့ပိဟန် ခပ်မြန်မြန် သဘောပေါက် လိုက်၏။ ကြည့်ရသည်က သူဌေးလေးမှာ လက်ခံသူက ဝိညာဉ်စာကို သတိမမူမိပဲ အထင် မှားယွင်း၍ ဖျက်ဆီးမိမှာ စိုးရိမ်ခဲ့ပုံ ရသည်။
တစ်ချိန်တည်း၌ ကြိုးဖြင့် ချည်ထားသည့် အနက်ရောင် လက်စွပ် ကလေးမှာလည်း ရွေ့လျားလာကာ ဝူပိုင်ကျိုး၏ လက်ထဲမှ အခြား လက်စွပ် တစ်ကွင်းထံ ချည်းကပ် သွား၏။ ပထမ တစ်ခါ တုန်းကလိုပင် ဝူယု၏ လက်စွပ်အတွင်းမှ ဝိညာဉ်အလင်းတန်း တစ်ခု စီးထွက်လာကာ သိုလှောင် လက်စွပ်ထဲ ဝင်ရောက် သွားသည်။ ပြီးနောက်… ထိုအလင်းတန်းမှာ ဝိညာဉ်စာကို သယ်ဆောင်ကာ ဝူယု၏ လက်စွပ် အတွင်း ပြန်လည် ဝင်ရောက် သွား၏။
ဝူပိုင်ကျိုးက မျက်လုံးများကို မှိတ်လိုက်ကာ သူ၏ အသိစိတ် ပင်လယ် အတွင်း ရောက်ရှိနေသည့် စာကို ဖတ်လိုက်လေ၏။
"ငါ ထွက်သွားတဲ့ နောက်ပိုင်း မင်း စွမ်းဆောင်ခဲ့တဲ့ အထင်ကြီးစရာ သတင်းတွေကို ကြားပြီးပါပြီ… ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ တကယ် သဘောကျမိတယ်… မင်းက ငါ မျှော်လင့်ထားတာ ထက်တောင် အများကြီး ပိုလုပ်နိုင်ခဲ့တယ်… ငါ့အတွက်တော့ မင်းက မဟာ ဧကရာဇ် ပလ္လင် အတွက် စစ်မှန်တဲ့ ဆက်ခံသူပဲ… အနန္တ ကုန်းမြေတိုက်ကြီးမှာ စမြင်ဖူးတဲ့ အချိန်တည်းက မင်းက သဘာဝ အတိုင်း မွေးဖွားလာတဲ့ ခေါင်းဆောင်ဆိုတာ ငါ သိခဲ့တယ်"
"အဲဒီ လက်စွပ်ထဲမှာ မင်းရဲ့ ကျင့်ကြံခြင်း အတွက် ငါ သေချာရွေးထားတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ ကျင့်ကြံခြင်း ရင်းမြစ်တွေ ပါတယ်… နောက်ပြီး အနန္တ ဧကရာဇ်ဂိုဏ်းနဲ့ ငါတို့ ဂိုဏ်းဝင်တွေ အတွက်ရောပေါ့… မင်း အပေါ် ငါ ဘယ်လောက် မျှော်လင့်ထားဝယ် ဆိုတာ သိပြီးသားပဲ ဆိုတော့ အများကြီး ထပ်မပြောတော့ဘူး… မဟာ မင်းသမီး ဝူပိုင်ကျိုး… မင်း ဘယ်လောက် ဝေးဝေး သွားနိုင်မလဲ ဆိုတာ မြင်ရဖို့ ငါ မစောင့်နိုင်တော့ဘူး"
"တကယ်လို့ ဝူယုက မင်းနဲ့ ဆက်ပြီး ရှိနေမယ် ဆိုရင် သူ့အတွက်လည်း လက်စွပ်တစ်ကွင်း ရလိမ့်မယ်… အဲဒီအထဲမှာ သူ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးနိုင်တဲ့ အဆင့်ကိုး ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးနဲ့ သူ့ကို ထောက်ပံ့ပေးနိုင်တဲ့ အခြား ရင်းမြစ်တွေ ပါတယ်… သူ့ရဲ့ အကူအညီနဲ့ ဆိုရင် အနန္တ ဧကရာဇ်ဂိုဏ်းကို ပြန် ထူထောင်ဖို့ မင်းအတွက် ပိုလွယ်လိမ့်မယ်”
“ကံကောင်းပါစေ... နောက်ပြီး တစ်ခုကို မှတ်ထားပါ... တစ်ခါ အာဏာရှင် ဖြစ်ဖူးရင် တစ်သက်လုံး အာဏာရှင်ပဲ”
တစ်ချိန်တည်း၌ အနက်ရောင် လက်စွပ် အတွင်းတွင် ဝူယုမှာလည်း အလားတူ ဝိညာဥ်စာတစ်စောင်ကို လက်ခံ ရရှိခဲ့၏။
“စကားကို ကျုပ် ရှည်ရှည်ဝေးဝေး မပြောတော့ဘူး... လက်စွပ်ထဲမှာ ခင်ဗျား အတွက် အထွတ်အထိပ် အရည်အသွေး ရှိတဲ့ ထာဝရ ပြန်လည် မွေးဖွားခြင်းဆေးလုံး ပါတယ်... နောက်ပြီးတော့ ခင်ဗျားကို အမြန်ဆုံး ပြန် ကျန်းမာလာစေမယ့် ထုတ်ကုန် အချို့ရောပေါ့... ကျုပ်ဆီမှာ ခင်ဗျား အတွက် အလုပ်တစ်ခု ရှိတယ်... အဲဒါက ကျုပ် ပြန်မလာခင် အချိန်အထိ အားလုံးကို ကာကွယ်ပေးဖို့ပဲ... တကယ်လို့ အဲဒီလို လုပ်ဖို့ ပျက်ကွက်ခဲ့မယ် ဆိုရင် ကျုပ် ပြန်လာတဲ့ အခါ ခင်ဗျားကို ပေးထားသမျှ အားလုံး ပြန်ယူမယ်”
"အထူးသဖြင့် နာ့ရှင်းရီကို ပိုပြီး ဂရုစိုက် ကာကွယ်ပေးပါ... သူ့အသက်ကို ခင်ဗျား အသက်နဲ့ တန်ဖိုးခြင်း ထပ်တူ ထားပါ... ဒါပေမဲ့ သူ့ တိုးတက်မှုကို တစ်စုံတစ်ရာ အနှောက်အယှက် မဖြစ်ပါစေနဲ့... ကျုပ် ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကို ခင်ဗျား နားလည်တယ် မလား... ရှင်းရှင်း ပြောရရင်ဗျာ လုံးဝ မလိုအပ်ပဲ ခင်ဗျား သူ့ရှေ့ကို လူလုံးထွက်မပြပါနဲ့”
ဝေ့ဝူယင်၏ စာက အနည်းငယ် အမိန့်ပေးမှု ဆန်နေ၏။ သို့သော်လည်း ထိုအရာက ဝူယု အတွက် ပြဿနာ မရှိချေ။ ဝေ့ဝူယင်လိုမျိုး ပါရမီရှင် တစ်ယောက်ထံတွင် အမှုထမ်းခွင့် ရမည် ဆိုလျှင် ယင်းက ဂုဏ်ယူစရာ ဖြစ်သည်။
ဝူပိုင်ကျိုးမှာ လက်စွပ်ထဲမှ ဝူယု၏ စိတ်လှုပ်ရှားမှု အငွေ့အသက် အချို့ကို ခံစားလိုက်ရ၏။ ဝေ့ဝူယင်၏ ပုံရိပ်ကို မြင်ယောင်မိရင်း သူမ စိတ်ထဲမှ ချိုသာစွာ ပြုံးလိုက်မိသည်။
ထိုလူငယ်လေးက သူမတို့ကို မေ့မထားခဲ့ချေ။
***