အမှာစာ (၂)
Vol. 42 Ch. 582
ဝူပိုင်ကျိုးက ချက်ချင်းပင် ဝိညာဥ် အာရုံကို လက်စွပ် အတွင်း ပို့လွှတ်ကာ အထဲရှိ နေရာလွတ် တစ်ခုလုံးကို လွှမ်းခြုံ လိုက်၏။ ဝေ့ဝူယင် မည်ကဲ့သို့သော ပစ္စည်းများ ချန်ထားခဲ့သည်ကို သူမ မကြည့်ရ မနေနိုင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လက်စွပ်အတွင်းရှိ နေရာလွတ်ထဲတွင် နာမည် ရေးထိုးထားသည့် ပုလင်းများ မရေမတွက်နိုင်သည့် ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအထဲမှ ပုလင်း အချို့တွင် ကဒ်ပြားလေးများပင် ပါကာ နာမည်၊ အဆင့်၊ အသုံးပြုပုံနှင့် အကျိုးသက်ရောက်မှုတို့ကို ရေးသားထားသည်။
ထို့အပြင် သေတ္တာနှင့် ဗူး အတော်များများလည်း ပါဝင်နေသည်ကို သူမ မြင်ရ၏။ သေတ္တာများထဲမှ တစ်ခုကို စစ်ဆေး ကြည့်လိုက်တော့ ကြယ်တာရာ သမုဒ္ဒရာ ဆေးလုံးပေါင်း ပါးရာခန့် ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသေတ္တာကို ကြည့်ရင်း ဝူပိုင်ကျိုး၏ နှလုံးသားမှာ တဒိတ်ဒိတ် ခုန်လာခဲ့၏။
တဖြည်းဖြည်းနှင့် လည်ချောင်းများပင် ခြောက်ကပ်လာကာ ဝူပိုင်ကျိုးမှာ တံတွေး မြိုချလိုက်ရသည်။ ကြယ်တာရာ သမုဒ္ဒရာ ဆေးလုံးများမှာ အဆင့်ရှစ် အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန်များ ဖြစ်ကာ ကြယ်တာရာ ပင်လယ် ဆေးလုံး၏ အဆင့်မြင့် ပုံစံ တစ်မျိုး ဖြစ်သည်။ ၎င်းတို့မှာ ကြယ်တာရာ အမြုတေကို မွမ်းမံ ပေးနိုင်သည့် ဆေးလုံး အဖြစ် ကျော်ကြားကာ အထူးသဖြင့် လောကပင်လယ်၏ အရွယ်အစားနှင့် အရည်အသွေးကို များစွာ တိုးတက်စေနိုင်သည်။
အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေတွင် ကြယ်တာရာ သမုဒ္ဒရာဆေး တစ်လုံးကပင်လျှင် ဂြိုဟ်တစ်ဂြိုဟ်ကို ဝယ်ယူရန် လုံလောက်သည်။ ထိုဆေးတစ်လုံးကြောင့် စစ်ပွဲကြီးများပင် ဖြစ်ပွားနိုင်သည်။ အဂ္ဂိရတ် အစည်းအရုံး သခင် ဖြစ်သည့် ချင်ကူးယွင် ပင်လျှင် သူ့ဘဝ တစ်လျှောက်လုံးတွင် ထိုဆေးလုံးကို အကြိမ် အနည်းငယ်သာ ဖော်စပ်ခဲ့ဖူးသည်။
ယခုတွင်တော့ သေတ္တာ တစ်ခုထဲတွင်ပင် ကြယ်တာရာ သမုဒ္ဒရာ ဆေးလုံး ငါးရာ ပါဝင်နေကာ အခြား သေတ္တာများလည်း ကျန်ရှိပေသေးသည်။ သေချာစွာ ရေတွက်ကြည့်လိုက်တော့ သေတ္တာ စုစုပေါင်း ဆယ့်သုံးခု အထိ ရှိနေသည်ကို တွေ့ရ၏။ ဗူး အရေအတွက်က ပိုမို၍ပင် များပြားပေသေးသည်။
ထိုပစ္စည်းများ အပြင် ရေရောင် သတ္တုရိုင်း တစ်စုံကိုလည်း သူမ တွေ့ရ၏။
“ရေသံ သတ္တု...”
ဝူပိုင်ကျိုး၏ မျက်လုံးများမှာ တောက်ပသွား၏။ ထိုအရာက ရေကျင့်ကြံသူများ အတွက် ကြယ်တာရာ လက်နက်များ ဖန်တီးရာတွင် အသုံးပြုသည့် ကြယ်အဆင့် ရတနာ တစ်ခု ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သော လက်နက်မျိုးကိုသာ ပိုင်ဆိုင်နိုင်ပါက သူမ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အဆင့်များစွာ ခုန်ပေါက် တက်သွားလိမ့်မည် ဖြစ်သည်။
များလှစွာသော ရတနာ ရင်းမြစ်များကို ကြည့်ရင်း ဝူပိုင်ကျိုးမှာ ကျေနပ်စွာ ပြုံးလိုက်မိ၏။ ၎င်းတို့မှာ အနန္တ ဧကရာဇ်ဂိုဏ်းကို ပြန်လည် ထူထောင်ရန် လုံလောက်ရုံမျှသာ မက ပိုလျှံ၍ပင် နေပေသေးသည်။ ဝေ့ဝူယင်က ထိုရင်းမြစ်များကို အနန္တ ဧကရာဇ်ဂိုဏ်း အတွက် သူမအား စီမံရန် ပေးခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းတွင် မဟာ အင်ပါယာ သူတော်စင်ထို့နှင့် ချင်းရိုင်တို့လို အဆင့်မြင့် ပုဂ္ဂိုလ်များကို ရှိသည့်တိုင် သူက သူမကိုသာ ယုံကြည်စွာ လုပ်ပိုင်ခွင့် ပေးခဲ့သည်။ နွေးထွေးသည့် ခံစားချက် တစ်ခုမှာ ဝူပိုင်ကျိုး၏ နှလုံးသား အတွင်း ဖြစ်ပေါ်လာ၏။
ထိုရင်းမြစ်များအား မည်ကဲ့သို့ စီမံ ခန့်ခွဲသင့်သည်ကို တွေးနေမိစဥ်မှာပင် ကျောက်စိမ်း ပုလင်း တစ်လုံးမှာ ဝူပိုင်ကျိုး၏ အာရုံကို ဆွဲဆောင်သွား၏။ ငွေရောင် အလင်းများ ထွက်ပေါ်နေသည့် ထိုပုလင်းမှာ အခြားသော ကျောက်စိမ်း ပုလင်းများနှင့် ကွဲပြားသည်ဟု သူမ ခံစားရကာ အထဲမှ ဆေးလုံးကလေးမှာ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများနှင့် တူနေသလိုပင် သူမ တွေးလိုက်မိသည်။
“အာရုဏ်ဦး နေမီးတောက် ဆေးလုံး...”
ဆေးလုံး၏ နာမည်ကို တွေ့သော အခိုက်၌ သူမ၏ စိတ်ဝင်စားမှုမှာ ပိုမို၍ တိုးလာ၏။ ထိုအရာက အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဆိုသည့် နာမည်နှင့် ဆင်တူနေသည် မဟုတ်ပါလား။ သူမက စိတ်လှုပ်ရှားစွာပင် ဘေးနားရှိ ကဒ်လေးကို ကြည့်လိုက်၏။
ပထမ စာကြောင်းအား ဖတ်လိုက်သည်နှင့်...
ဒိတ်... ဒိတ်...
ဒုတိယ စာကြောင်း...
ဒိန်း... ဒိန်း...
တတိယနှင့် နောက်ဆုံး စာကြောင်း...
ဒုန်း... ဒုန်း... ဒုန်း...
ဝူပိုင်ကျိုး၏ ရင်ခုန်သံများကား မိုးကြိုးပစ်သံ အလား ထိန်းမရအောင် ကျယ်လောင် နေခဲ့ပြီ ဖြစ်လေသည်။ သူမ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုဖြင့် ဝိုင်းစက်နေ၏။ သူမ၏ နှုတ်ခမ်းများက တဆတ်ဆတ် တုန်ရီနေကာ “မဖြစ်နိုင်တာ” ဆိုသည့် စကားကိုပင် ရေရွတ်မိ မတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ထိုအရာက အမှန်တကယ် မဖြစ်နိုင်ချေ။ အမှန်တကယ် မဖြစ်သင့်ချေ။ လက်စွပ်အား ကိုင်ထားသည့် ဝူပိုင်ကျိုး၏ လက်များမှာ ထိန်းချုပ် မရအောင် တုန်ရီလာ၏။
ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း သူမ သိသည်။ သူ မည်မျှ ပါရမီ ပါကာ ထူးချွန်ကြောင်းလည်း သိသည်။ သို့သော်လည်း သည်တစ်ခုကတော့ လွန်လွန်းအား ကြီးသည်ဟု သူမ ခံစားရသည်။
ဝူယုမှာ ဝူပိုင်ကျိုး၏ ပြင်းထန်သော တုန့်ပြန်ပုံကို သတိထားမိလိုက်ရာ ဝိညာဥ်အာရုံဖြင့် ဆက်သွယ်၍ မေးမြန်း လိုက်၏။
“ဘာဖြစ်လို့လဲ...”
လူအိုကြီး၏ အသံက ဝူပိုင်ကျိုးကို အတွေးအာရုံမှ ပြန်လည် လှုပ်နှိုးလိုက် သကဲ့သို့ပင်။ အသက် ခပ်ပြင်းပြင်း လေးငါးကြိမ် ရှူသွင်းပြီးနောက် သူမ၏ အမူအရာက ပြန်လည် တည်ငြိမ်လာ၏။
“ဘာမှ မဖြစ်ပါဘူး...”
သူမက တိတ်တဆိတ်ပင် ခေါင်းခါလိုက်၏။ ထို့နောက် အနက်ရောင် လက်စွပ် ကလေးကို သူမ၏ လည်ပင်းထံ နေရာပြန်လည် ချလိုက်သည်။ ဝူယု အတွက် ဝေ့ဝူယင် ချန်ထားခဲ့သော ဟင်းလင်းပြင် လက်စွပ်ကတော့ အနက်ရောင် လက်စွပ် အတွင်း စုပ်ယူခံရကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
ထို့နောက်... ဝူပိုင်ကျိုးမှာ သန်းပေါင်းများစွာသော အနန္တ ဧကရာဇ် ဂိုဏ်းဝင်များထံသို့ သွားကာ အနာဂတ် ရေးရာ ကိစ္စများကို စတင် ဆွေးနွေးလိုက်၏။ ဂိုဏ်းမှ ထွက်ခွာလိုသူများကို သူမ ခွင့်ပြုမည် ဖြစ်သလို ကိုယ်ပိုင် မိသားစု၊ မျိုးနွယ်တို့နှင့် အတူတူ နေထိုင်လိုသူများမှာလည်း စိတ်ကြိုက် ရွေးချယ်နိုင်ပေသည်။ သူမ၏ ရည်ရွယ်ချက်က ကျန်ရစ်သူများနှင့် အနန္တ ဧကရာဇ်ဂိုဏ်းဟောင်း ပြန်လည် တည်ဆောက်ကာ အနာဂတ် အစီအစဥ်ကို စတင်ရန် ဖြစ်သည်။
တစ်နာရီခန့် ကြာအောင် ခွဲရေး တွဲရေး အပါအဝင် ကိစ္စ အရပ်ရပ်ကို အပြီးသတ် နောက်တွင်တော့ သူမမှာ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ သူမက လက်စွပ်အတွင်းရှိ ဝူယုကို ဝိညာဥ်အာရုံနှင့် ဆက်သွယ်ကာ မေးမြန်းလိုက်လေတော့၏။
“ဝိညာဥ်ဆင်းတု အဆင့်မှာပဲ ရှိသေးတဲ့ ကျင့်ကြံသူ တစ်ယောက်က လောကနယ်မြေ မျိုးစေ့ကို ဖွံ့ဖြိုးဖို့ ဖြစ်နိုင်လား”
ထိုအချိန်၌ ဝူယုမှာ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ကာ အထွတ်အထိပ် အချိန်ကို ပြန်လည် ရရှိစေဖို့ အစီအစဥ်များ ချမှတ်နေချိန် ဖြစ်သည်။ သို့သော်လည်း ဝူပိုင်ကျိုး၏ မေးခွန်းက သူ့ကို အာရုံများမှ နိုးထ လာစေခဲ့၏။
“နယ်မြေမျိုးစေ့ကိုလား...”
သူက အတန်ကြာ တိတ်ဆိတ်ကာ စဥ်းစားနေ၏။
“ငါတော့ အဲဒီလို လုပ်နိုင်မယ်လို့ မထင်ဘူး... ဒါပေမဲ့ ငါတို့ စကြဝဠာကြီးက အရမ်းကို ကျယ်ပြန့်ပြီး ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာ... ဘယ်အရာကိုမှ အကန့်အသတ်ထဲ ထည့်ထားလို့ရမယ် မထင်ဘူး”
ကြယ်တာရာ အမြုတေ အဆင့်ကို ရွက်လွှင့်နေစဥ် ကာလက အထွတ်အမြတ် အယ်ဗန် ဧကရီမှာ ကျင့်ကြံခြင်း လမ်းဟောင်းများကို ချိုးဖျက်ကာ ဝိညာဥ် သုံးခု ပိုင်ဆိုင်သူ အဖြစ် ကျော်ကြားခဲ့ဖူးသည်။
ထို့နည်းတူစွာပင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားသည့် ဝေ့ဝူယင်မှာလည်း ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်က ကျင့်ကြံခြင်း လောကတွင် မည်သည့် အရာကိုမှ ပုံသေ ယူဆထား၍ မရချေ။
ဝူပိုင်ကျိုးက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ တည်ငြိမ်စွာ ပြန်မှုတ်ထုတ်လိုက်၏။ မဟာဧကရာဇ် ပြောတာ မှန်သည်။
ထို့အပြင် သမိုင်း အဆက်ဆက်၌ အဂ္ဂိရတ် တာအိုမှာ ကျင့်ကြံခြင်း၏ အကန့်အသတ်များကို တစ်ခါပြီး တစ်ခါ ချိုးဖျက်ခဲ့ဖူးသည်။ အကယ်၍ ဝေ့ဝူယင်က အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ထိုကဲ့သို့ စွမ်းဆောင်နိုင်သည်ဟု ဆိုလျှင် အမှန်တကယ် စွမ်းဆောင်နိုင်၍ ဖြစ်ပေလိမ့်မည်။
စိတ်လှုပ်ရှားမှု တစ်ခုမှာ သူမ နှလုံးသား အတွင်း တဖြည်းဖြည်း မွေးဖွားလာခဲ့လေ၏။
...
ထို့ပိဟန်မှာ ဝူပိုင်ကျိုးထံမှ ထွက်ခွာကာ မိန်းကလေး အုပ်စုထံ ပြန်လာခဲ့၏။ သူ့တွင် လက်ဆင့်ကမ်းစရာ လက်စွပ် ဆယ့်ငါးကွင်း ကျန်ရှိနေပေသေးသည်။ ထို့အပြင်... သူတို့ထဲမှ အများစုက ဤနေရာတွင် ဖြစ်သည်။ သူ ပြန်လည် ရောက်ရှိချိန်၌ မိန်းကလေးများမှာ ရွေးချယ်မှု အသီးသီး ပြုလုပ်ပြီးနှင့်ကြပြီး ဖြစ်သည်။
တရှန်းက ပြတ်သားစွာပင် ကြေညာလိုက်၏။
“ငါကတော့ တတိယ တစ်ခုကို ရွေးချယ်မယ်... ဒီကြယ်တာရာ နယ်မြေရဲ့ ပါရမီရှင် ဆိုတဲ့ လူတွေကို ငါ စမ်းသပ်ချင်တယ်... သူတို့က အရမ်းကြီး အံ့အားသင့်စရာ ကောင်းလိမ့်မယ်လို့ ငါ မယုံဘူး”
စုမေ့က တရှန်းကို ကြည့်လိုက်၏။ နတ်ဆိုးတောင်ထွတ်မှ ထိုအမျိုးသမီးမှာ လွန်ခဲ့သည့် နှစ်ပေါင်း များစွာက ဝေ့ဝူယင်ကိုပင် ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲပေါင်း များစွာ ယှဥ်တိုက်နိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင်... မဟာ ဝိညာဥ် စမ်းသပ်ပွဲတွင်လည်း စိန်ခေါ်မှုပေါင်းများစွာကို ဖြတ်ကျော်ကာ ထူးချွန်မှုကို ပြသနိုင်ခဲ့သည်။ စုမေ့က သူမကို အသိအမှတ်ပြုဟန်နှင့် ခေါင်းညိတ်ပြလိုက်၏။
“ငါလည်း ထပ်တူပဲ...”
သိပ်မကြာခင်မှာပင် စိတ်အား ထက်သန်မှုတို့ ပြည့်နှက်နေသည့် အခြား အသံ တစ်ခု ထွက်ပေါ်လာသည်။ သူမက မီးတောက် မျက်လုံးများနှင့် ဟုန်ယုပင် ဖြစ်ပေသည်။
ဟုန်ယုက သူမ၏ ဆုံးဖြတ်ချက်ကို ကြေညာပြီးနောက် ဘေးနားရှိ ရှောင်ပင်းကို သဘောထား မေးသည့် အနေဖြင့် လှည့်ကြည့်လိုက်၏။ ရေခဲ မျက်လုံး၊ အဖြူရောင် ဆံနွယ်များနှင့် လှပနေသည့် မိန်းကလေးက သူမ၏ လက်ကို ကိုင်ကာ လှပစွာ ပြုံးပြလိုက်သည်။ အဓိပ္ပာယ်က ရှင်းလင်းလှပေသည်။ “နင် ဘယ်သွားသွား ငါ လိုက်မယ်” ဆိုသည့် သဘောပင်။
“တတိယ ရွေးချယ်မှုက ငါတို့ရဲ့ အခြေခံ အခြေခံ အုတ်မြစ်ကို ထူထောင်ဖို့၊ အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ... အနန္တ ဧကရာဇ်ဂိုဏ်းကို သံယောဇဥ် ရှိပေမဲ့ အာဏာရှင်တွေ အနေနဲ့ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဂိုဏ်းထဲမှာ ပုန်းအောင်းနေဖို့ မဟုတ်ဘူး... ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ဖို့ပဲ”
ရုတ်တရက် ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်နေသည့် အသံတစ်ခုက တရှန်း အပါအဝင် မိန်းကလေး အားလုံး၏ အာရုံကို ဖမ်းစားသွား၏။
သူတို့က လှည့်ကြည့်လိုက်ကြရာ လျှို့ဝှက် ဆန်းကြယ်သည့် မျက်လုံးများနှင့် မိန်းကလေးကို တွေ့လိုက်ကြရသည်။ သူမ၏ အလင်း မျက်နှာပြင်တွင် နာမည် နှစ်ခုကို ရေးသားထား၏။ ဝေ့ဝူယင်နှင့် စုမေ့ ဟူ၍ပင်။
ထိုမိန်းကလေးကား ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် ဝမ်မင်ယာပင် ဖြစ်သည်။ သို့သော်လည်း... သူမမှာ အမြဲတမ်း လျှို့ဝှက် ဆန်းကြယ်စွာ နေတတ်သူ ဖြစ်လေရာ နာမည်မှ လွဲ၍ ကျင့်ကြံခြင်း အဆင့်နှင့် စွမ်းရည် တို့ကို မည်သူမှ မသိကြချေ။
အားလုံး သတိထားမိတာ တစ်ခုကတော့ ဝမ်မင်ယာမှာ ဝေ့ဝူယင် ကဲ့သို့ပင် အနန္တ ကုန်းမြေတိုက်ကြီးသား တစ်ယောက် ဖြစ်သည်။
“ငါ သဘောတူတယ်...”
ထို့ပိဟန်က ဝင်ရောက် ပြောဆိုလိုက်၏။ အားလုံး၏ မျက်လုံးများက သူ့ဘက်သို့ ပြန်လည် လှည့်လာကြသည်။
“ဝေ့ဝူယင် ကိုယ်တိုင်လည်း အဲဒီလို တွေးမှာပဲ... နောက်ပြီး ငါ့ဆီမှာ သူဌေးလေး မင်းတို့ အတွက် ချန်ထားခဲ့တဲ့ သတင်းစကား အချို့ ရှိတယ်...”
ထို့နောက် သူက နာမည် အချို့ကို ထုတ်ဖော် ရေရွတ်လိုက်၏။
“စုမေ့ နာ့ရှင်းရီ တရှန်း ရှန်းလင် ဝမ်မင်ယာ လင်းကျိရန် ရှောင်ပင်းနဲ့ ဟုန်ယု... နောက်ပြီး ချင်းရိုင်... ငါ မင်းတို့နဲ့ သီးသန့် စကားပြောဖို့ လိုအပ်တယ်”
“ ... “
မိန်းကလေးများမှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်ထံမှ သတင်းစကား... သူတို့ အားလုံး၏ နှလုံးသားများက စိတ်လှုပ်ရှားစွာ ခုန်ပေါက် လာခဲ့သည်။
“ဝေ့ဝူယင်က ဘယ်နေရာမှာလဲ...”
မေ့မေ့က တိတ်ဆိတ်မှုကို ချိုးဖျက်ရင်း မေးလိုက်၏။ ထို့ပိဟန်က သူမအား တစ်ချက် လှမ်းကြည့် လိုက်သည်။ ဝေ့ဝူယင် ချန်ထားခဲ့သည့် လက်စွက်များထဲတွင် “မေ့မေ့” ဆိုသော နာမည် အတွက် မပါလေရာ သူတို့ အကြားတွင် ဆက်စပ်မှု သိပ်မရှိလောက်ချေ။
“ယင်” ဆိုသည့် တစ်စုံတစ်ယောက် အတွက်တော့ တစ်ခုတော့ ရှိသည်။ သို့သော်လည်း ဝေ့ဝူယင်က “ယင်” ဆိုသော လူ၏ နာမည်ကို ထုတ်ဖော် မကြေညာရန် မှာထားသည်။ အကယ်၍ သူ့ကို လက်စွပ်ပေးရန် အချိန် ကျရောက်ပါက “အရိပ်” ဟု ခေါ်လိုက်ရန်သာ ပြောထား၏။
စုမေ့က မေ့မေ့ဘက်သို့ လှည့်ကာ နွေးထွေးစွာ ပြုံးပြလိုက်၏။
“အများကြီး မစိုးရိမ်ပါနဲ့... သူ အဆင်ပြေပြေ ရှိနေပါတယ်”
ထို့နောက် သူမက ထို့ပိဟန်ဘက်ကို လှည့်လိုက်သည်။
“နေရာတစ်ခု ရှာပြီး စကားပြောရအောင်...”
***