စုမေ့နှင့် နာ့ရှင်းရီ အတွက် ချန်ထားခဲ့သည့် စာ
Vol. 42 Ch. 583
မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ အနန္တ ဧကရာဇ်ဂိုဏ်းသားများနှင့် ဝေးကွာသည့် သီးသန့် နေရာတစ်ခုကို ရောက်လာခဲ့၏။ စုမေ့မှာ ဝေ့ဝူယင်ကို အကြွင်းမဲ့ ယုံကြည်သည့်တိုင် သူမ၏ နှလုံးသားက အမည်မသိ စိုးရိမ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
ထို့ပိဟန်က ငွေရောင် သေတ္တာလေးထဲမှ စုမေ့ နာမည် မှတ်သားထားသော လက်စွပ်ကလေးကို ထုတ်ယူလိုက်၏။
“မိန်းကလေးရဲ့ လက်ပေးပါ...”
စုမေ့က တန်ပြန် မေးခွန်းထုတ်ခြင်း မပြုပဲ လက်ကိုသာ ဆန့်ထုတ်လိုက်၏။ ချိပ်တံဆိပ်နှင့် လက်စွပ်ကို လက်ခံ ပြီးနောက်တွင် ထို့ပိဟန်၏ ညွှန်ကြားမှုနှင့် အတူ ဝေ့ဝူယင်ထံမှ ဝိညာဥ် မှာတမ်းစာကို သူမ လက်ခံ ရရှိလိုက်လေသည်။
“ငါ ကျန်ခဲ့တဲ့ အတွက် နင် အတော်လေး စိုးရိမ်နေတယ် မလား... မစိုးရိမ်ပါနဲ့... ငါ လောလောဆယ် လိုက်မလာသေးတာ ပိုင်လင်ကြောင့်ပါ... အဲဒီ ကောင်မလေး နိဗာန အသွင်ပြောင်းခြင်းကို အဆုံးသတ်တာနဲ့ နင် ဘယ်နေရာမှာ ရောက်နေနေ ငါတို့ ကျိန်းသေ လာရှာမယ်... သူလည်း နင့်ကို လွမ်းနေမယ်လို့ ငါထင်တယ်... ငါ့မှာ နင့်အတွက် တာဝန် တစ်ခု ရှိတယ်... အရမ်းကို အရေးကြီးတဲ့ တာဝန်... ဘယ်လို ပြဿနာပဲ ကြုံကြုံ အောင်ကို အောင်မြင်ရမယ့် တာဝန်”
စာကို ဖတ်ရင်း စုမေ့၏ နှလုံးသားက အနည်းငယ် စိတ်သက်သာရာ ရသွား၏။ ထိုအထဲ၌ ရေးသားထားသလောက် ဆိုလျှင် ဝေ့ဝူယင်တွင် ဘာအန္တရာယ်မှ ရှိမနေချေ။ သူက ပိုင်လင်ကို စောင့်ဆိုင်းရန် အတွက် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေတွင် ကျန်ရစ်ခဲ့ခြင်းသာ ဖြစ်သည်။
ထို့အပြင် သူက သူမကို အလွန်အရေးကြီးသည့် တာဝန်တစ်ခု ပေးမည်ဟု ဆိုသည်။ မည်ကဲ့သို့သော တာဝန်မျိုးနည်း။ စုမေ့ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ရင်း ဆက်ဖတ်လိုက်၏။
"တာဝန်က ရိုးရိုးလေးပဲ… ကိုယ့် အတွက် ကိုယ် အသက်ရှင် နေထိုင်ပါ… ငါ ပြန်မလာခင် အချိန် အထိ အဲဒါက နင့်ရဲ့ တစ်ခုတည်းသော တာဝန်ပဲ… ဘယ်အရာကို မဆို နင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ရမယ်… ငါ ပြောတာ သဘောပေါက်တယ် မလား… တကယ်လို့ အခြားဂိုဏ်း၊ အဖွဲ့ တစ်ခုခုကို ဝင်ချင်တယ် ဆိုရင်တောင် နင့် ဆန္ဒအတိုင်း ဆောင်ရွက်နိုင်တယ်… ငါ့ကို ဖြစ်ဖြစ်၊ အာဏာရှင် အဖွဲ့ကို ဖြစ်ဖြစ် ထည့်စဉ်းစားစရာ မလိုဘူး…"
ဝေ့ဝူယင်၏ စာကို ဖတ်ရင်း စုမေ့၏ အနက်ရောင် မျက်ဝန်းများမှာ ပြင်းထန်သော ခံစားချက်များနှင့် ပြည့်နှက် လာခဲ့၏။ ပထမ၌ ဝေ့ဝူယင်က သူမအား အာဏာရှင် အဖွဲ့ကို ယာယီ ထိန်းသိမ်းထားရန် တာဝန် ပေးအပ်လိမ့်မည်ဟု စုမေ့ ထင်မှတ် ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း… ထို့အစား ဆန္ဒအတိုင်း ပြုမူရန်သာ သူက သူမကို တိုက်တွန်း ခဲ့သည်။
တတိယမြောက် တစ်ခုအား ရွေးခြယ်မည်ဟု ပြောခဲ့ခြင်းမှာ သူမ လိမ်ခဲ့ခြင်းသာ ဖြစ်သည်။ သူမ၏ ဆန္ဒအမှန်က မိန်းကလေးများကို လုံခြုံမှု အပြည့်အဝ ပေးနိုင်မည့် ဂိုဏ်းများသို့သာ ဝင်စေလိုခဲ့ခြင်း ဖြစ်သာည်။ သူမ၏ ရည်ရွယ်ချက်က အရိပ်ထဲတွင်ပင် နေထိုင်ကာ ဝေ့ဝူယင် ချစ်မြတ်နိုးသည့် လူများနှင့် အနန္တ ဧကရာဇ်ဂိုဏ်းကို တတ်သမျှ ကာကွယ်ပေးရန် ဖြစ်သည်။
ဝေ့ဝူယင် နောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်သည့် အချိန်ကတည်းက စုမေ့မှာ သူမ၏ နှလုံးသား တစ်ခုလုံးကို ဝေ့ဝူယင်အား ပေးဆပ်ရန်သာ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျင့်ကြံခြင်း တာအိုကို လျှောက်လှမ်းနေသူ တစ်ယောက် အနေဖြင့် သူမတွင် မည်ကဲ့သို့ ကျင့်ကြံခြင်း နှလုံးသား မရှိပဲ နေပါမည်နည်း။ ခွန်အား၏ နောက်ကို မည်ကဲ့သို့ မလိုက်ချင်ပဲ နေနိုင်မည်နည်း။
သို့သော်လည်း ထိုဆန္ဒများကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက သူမ သိမ်းဆည်းခဲ့ပြီး ဖြစ်သည်။ သူမ၏ ပြိုင်ဆိုင်လိုစိတ် သဘာဝနှင့် ကိုယ်ပိုင် ရည်ရွယ်ချက်တို့ကို ဝေ့ဝူယင် မသိနိုင် ဟုလည်း သူမ ယုံကြည်ခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသည်က ဝေ့ဝူယင်ထံတွင် ဖုံးကွယ်နိုင်သည့် လျှို့ဝှက်ချက် မရှိပုံ ပေါ်သည်။
စုမေ့မှာ တွေးတောရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများ အောက်၌ ကိုယ်တုံးလုံး ဖြစ်နေသလိုပင် ခံစားလိုက်ရ၏။ သို့သော်လည်း မည်သည့် သက်တောင့် သက်သာ မရှိမှုကိုမှ သူမ မခံစားရပါချေ။ ထို့အစား ပျော်ရွှင်မှု တစ်ခုသာလျှင် သူမ နှလုံးသား၌ နေရာယူလာသည်။
"ဒီလက်စွပ်ထဲမှာ နင့်ရဲ့ ကျင့်ကြံခြင်း အတွက် သင့်တော်တဲ့ ရင်းမြစ်တွေနဲ့ ရတနာတွေ ထည့်သွင်းထားတယ်… နင့်မှာ ငါ့ထက် အများကြီး သာလွန်တဲ့ ကျင့်ကြံခြင်း ပါရမီတွေ ရှိတယ်… အဲဒီ ပါရမီကို တန်ဖိုးထားပြီး မြှင့်တင်ပါ… ဪ… မေ့တော့မလို့… ငါ မပြန်လာမချင်း လျှို့ဝှက် အာဏာရှင် အဆင့်ကို မတက်လှမ်းနဲ့ဦး… အဲဒါကို လုံးဝ မမေ့နဲ့"
စာအဆုံးသတ်သွားပြီး နောက်၌ စုမေ့က ထို့ပိဟန်ကို ခေါင်းတစ်ချက် ညိတ်လိုက်ရင်း သိုလှောင် လက်စွပ်ကလေးကို သိမ်းလိုက်၏။
နောက်ထပ်တစ်ယောက်ကတော့ နာ့ရှင်းရီပင် ဖြစ်လေသည်။
နာ့ရှင်းရီမှာ ဝေ့ဝူယင်၏ စာကို ဖတ်ရန် အနည်းငယ် စိတ်လှုပ်ရှား နေခဲ့၏။ ရွှယ်ရီဖေးနှင့် မတူညီစွာပင် သူမနှင့် ဝေ့ဝူယင်၏ စေ့စပ်မှုကို အခြားလူများက တရားဝင် အသိအမှတ် မပြုကြသေးချေ။ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် ကတိကို အသက်သွင်းရန် ဆုံးဖြတ်ခဲ့သည့် နေ့တွင်ပင် သူမမှာ အမှောင် ဟင်းလင်းပြင် အအေးဓာတ်၏ တိုက်ခိုက်မှုကို ခံရကာ သတိလစ် သွားခဲ့ခြင်း ဖြစ်သည်။
သူမ အပြည့်အဝ နေပြန်ကောင်းလာခဲ့သော အချိန်တွင်တော့ ဝေ့ဝူယင်မှာ ဂိတ်တံခါးကို ဖြတ်သန်းကာ လောက နယ်မြေအတွင်း ဝင်ရောက်သွားခဲ့ပြီ ဖြစ်လေသည်။ သို့ဖြစ်လေရာ ယခု အချိန်ထိ ဝေ့ဝူယင်၏ အတည်ပြုမှုကို မရသေးဟု ဆိုနိုင်ပေသည်။ ထို့အပြင် လုံချန်၏ ဆက်ဆံရေးကလည်း သူမ၏ သမိုင်းတွင် အမည်းစက် တစ်ခု တစ်ခု အဖြစ်ကျန်ရှိနေဆဲ ဖြစ်သည်။ ထိုအမည်းစက် ကြောင့်ပင် ဝေ့ဝူယင်က သူမ အပေါ် အထင်သေးမည်လား၊ သို့မဟုတ် ခွဲခြား ဆက်ဆံမည်လား သူမ စိုးရိမ်နေမိသည်။
"လုံချန် သေသွားပြီ…"
ထိုအရာက ဝေ့ဝူယင် ရေးထားသည့် ပထမဆုံး စာကြောင်း ဖြစ်သည်။ နာ့ရှင်းရီ၏ နှလုံးသားမှာ အဆုံးမဲ့စွာ တုန်ရီသွား၏။
"ငါ သူ့ကို သတ်လိုက်တာ… အဲဒီ ကိစ္စကို ငါ ကိုယ်တိုင် မင်းကို ပြောပြချင်လို့… ဒါပေမဲ့ ငါ သူ့ကို သတ်လိုက်တာက မင်းကြောင့် မဟုတ်ဘူး… ငါတို့ ကြားမှာ ရှိတဲ့ ရှောင်လွှဲလို့ မရတဲ့ ကံကြမ္မာကြောင့်ပဲ… တကယ်လို့ ဒီကမ္ဘာမှာ နင် မရှိခဲ့ဘူး ဆိုရင်တောင် ငါတို့ နှစ်ယောက်တည်းက တစ်ယောက်က အခြား တစ်ယောက်လက်ချက်နဲ့ သေကို သေရမှာ… ဆိုတော့ အဲဒီ ကိစ္စကို အမှားတစ်ခုလိုမျိုး ခံစား မနေပါနဲ့…"
"တကယ့် အမှာစာက အခုမှ လာမှာ… ငါ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ အပေါ် ငါ တကယ် ဝမ်းသာပါတယ်… နင့်ဘက်က ငါ့ရဲ့ တောင်းဆိုမှုကို စောင့်ထိန်းခဲ့တဲ့ အတွက် ငါ့ဘက်ကလည်း ကိုယ့်စကား ကိုယ်တာဝန်ယူ မှာပါ… နင့်ကို ဇနီးမယား အဖြစ် ငါ လက်ထပ် ယူမယ်… ပြီးတော့ ငါ့မှာ ရှိသမျှ အရာ အားလုံးနဲ့ နင့်ကို ထောက်ပံ့ပေးမယ်… နင့်ရဲ့ ပျော်ရွှင်မှု နင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော် ပေးမယ်"
"ဒါပေမဲ့ ထောက်ပံ့ပေးမယ် ဆိုတာက မင်း အတွက် တိုက်ခိုက်ပေးမယ်လို့ ပြောတာ မဟုတ်ဘူးနော်… မင်းအနေနဲ့ ကိုယ့်အသက်ကို ကာကွယ်ဖို့ ကိုယ်တိုင် တိုက်ခိုက်ရမယ်… တိုးတက်မှုနဲ့ လမ်းစဉ်ကို ကိုယ်တိုင် ရှာဖွေ ရမယ်… စိတ်ဆန္ဒအတိုင်း လျှောက်လှမ်းရမယ်… နာ့ရှင်းရီ… ငါပြောတာကို နားလည်တယ်မလား…"
"ဒီလက်စွပ်ထဲမှာ မင်းကို ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေ ပါတယ်… အဲဒါတွေကို အကောင်းဆုံး အသုံးပြုပါ… နာမည် တစ်ခုကို ကိုယ်တိုင် တည်ဆောက်ပါ… လူတွေက မင်း အကြောင်း ပြောကြတဲ့ အခါ မင်းနာမည်က အဓိက ခေါင်းစဉ် ဖြစ်ပါစေ… အချိန်ကျတဲ့ တစ်နေ့ကျရင် မင်း ဘယ်နေရာမှာပဲ ရောက်နေ ရောက်နေ ငါ လာရှာလှည့်မယ်… ပြီးရင် မင်းရဲ့ တရားဝင် ယောက်ျား ဖြစ်ပေးမယ်… အဲဒီ မတိုင်ခင်တော့…"
ဝေ့ဝူယင်၏ အမှာစာမှာ ထိုနေရာတွင် ဆုံးသွား၏။
နာ့ရှင်းရှီမှာ နေရာတွင်ပင် ရပ်ကာ လက်သီးကို တင်းတင်းဆုပ် ထားမိသည်။ သူမ၏ မျက်လုံးများက ခံစားချက် မျက်ရည်များနှင့် ပြည့်နှက်နေ၏။
စာကို ဖတ်ပြီးနောက်၌ ဝေ့ဝူယင်မှာ သူမအပေါ် အနားလည်ဆုံး လူတစ်ယောက်ဟု နာ့ရှင်းရီ ခံစားလိုက်ရ၏။ သူမ ဝေ့ဝူယင်၏ ဇနီး မဖြစ်ချင်ပေ။ တစ်စုံတစ်ယောက်၏ ဇနီး ဆိုသော ဂုဏ်ပုဒ်ကြောင့် ဖြစ်ပေါ်လာသည့် လေးစားမှုမျိုးကို သူမ မခံယူလိုချေ။ ဝေ့ဝူယင်၏ ကတော် ဆိုသည့် ဂုဏ်ပုဒ်လွဲ၍ ဘာမှ အသုံးမကျသူမျိုး သူမ မဖြစ်လိုချေ။
သူမ၏ ဆန္ဒက ရိုးရှင်းပေသည်။ ဝေ့ဝူယင်၏ ဇနီးမယား ဖြစ်ရန် ထိုက်တန်သူ တစ်ယောက် သူမ ဖြစ်ချင်သည်။ ကိုယ်ပိုင် လမ်းစဉ်တစ်ခုကို သူမ ဖောက်ချင်သည်။ သူမ၏ နာမည်ကို မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ ထာဝရ ဧကရာဇ်၊ အယ်ဗန် ဧကရီတို့လို အဓိက ခေါင်းစဉ် တစ်ခု ဖြစ်ချင်သည်။ ယခုတွင် ဝေ့ဝူယင်မှာ လင်ယောက်ျား တစ်ယောက် အနေဖြင့် သူမကို ထိုကဲ့သို့သော အခွင့်အရေးမျိုးကို ပေးအပ်နေခဲ့ပြီ ဖြစ်လေသည်။
လုံချန် အသတ်ခံခဲ့ရသည့် အပေါ်တွင်လား... သူမ ဘာမှ ထွေထွေထူးထူး မခံစားရပါချေ။ အကောင်းဆုံးသော အရာများဖြင့် သေလုမြောပါး အထိ ပေးဆပ်ခဲ့သည့်တိုင် လုံချန်ထံမှ နောက်ဆုံး ပြန်လည် ရရှိလိုက်သော ကျေးဇူးဆပ်မှုက ဥပေက္ခာသာ ဖြစ်သည်။ အကယ်၍ ထိုနေ့တွင် ဝေ့ဝူယင်သာ မကယ်ခဲ့ပါက အမှောင် ဟင်းလင်းပြင် အအေးဓာတ်အောက်တွင် သူမ သေဆုံးနေလောက်ပြီ ဖြစ်သည်။
လက်စွပ်အတွင်း ပါဝင်နေသည့် ရင်းမြစ်များကို နာ့ရှင်းရီ စစ်မကြည့်တော့ချေ။ ဝေ့ဝူယင်မှာ သူမ အတွက် အကောင်းဆုံးသော အရာများကိုသာ ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း သူမ သိပေသည်။ နာ့ရှင်းရီ လက်စွပ်ကလေးကို ဂရုတစိုက်ပင် သိမ်းဆည်းလိုက်၏။
“ကျေးဇူးတင်ပါတယ်...”
နာ့ရှင်းရီက ထို့ပိဟန်ကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်၏။ သို့သော်လည်း ထိုအရာက ဝေ့ဝူယင်ကို ပြောသည်လား၊ သူ့ကို ပြောခဲ့သည်လား ထို့ပိဟန်ကတော့ ဝေခွဲ မရခဲ့ပါချေ။
***