လက်ဆင့်ကမ်းခြင်း
Vol. 42 Ch. 584
နောက်ထပ် တစ်ယောက်တော့ တရှန်းပင် ဖြစ်လေသည်။ ခရမ်းရောင် နတ်ဆိုးပျိုမှာ လူအိုကြီး၏ ရှေ့တွင် လေးစားသည့် အမူအရာဖြင့် ရပ်နေခဲ့၏။ အခြား မိန်းကလေးများနှင့် ခြားနားစွာပင်... သူမမှာ နှစ်ပေါင်းများစွာ အနန္တ ဧကရာဇ်ဂိုဏ်း၏ တပည့် ဖြစ်ခဲ့သူ ဖြစ်သည်။ ဝေ့ဝူယင် ရောက်မလာခင် အချိန်တုန်းက တရှန်းမှာ မဟာ အင်ပါယာ သူတော်စင်များကို စံပြသဖွယ် သဘောထားကာ ကိုးကွယ်ခဲ့ဖူးသည်။
ဂိုဏ်းတစ်ခုလုံး၌ သူမ အလေးစားဆုံး၊ အားအကျဆုံးကတော့ ယခု သူမ အရှေ့တွင် ရပ်နေသည့် လူအိုကြီး ထို့ပိဟန်ပင် ဖြစ်သည်။ ထိုအဘိုးအိုမှာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အစွမ်း အထက်ဆုံး လူသားများထဲမှ တစ်ယောက် ဖြစ်သည့် အပြင် ကြီးကျယ် ခမ်းနားလှသည့် အဆင့်ရှစ် အဂ္ဂိရတ် အင်ပါယာ တစ်ယောက်လည်း ဖြစ်သည်။
ထို့ပိဟန် လောကသခင် တစ်ယောက် ဖြစ်လာပြီး နောက်တွင် ထိုဒဏ္ဍာရီလာ ပုံရိပ် အပေါ် တရှန်း၏ လေးစားမှုများမှာ ပိုမို တိုးပွား လာခဲ့သည်။ နောက်ပိုင်းတွင် ဝေ့ဝူယင်၏ အချစ်တော် တစ်ယောက် အနေဖြင့် နေရာရလာသည့်တိုင် တရှန်း၏ ထို့ပိဟန် အပေါ် လေးစားမှုများမှာ မပျောက်မပျက် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပေသည်။
“မင်းလက်ပေး...”
ထို့ပိဟန်က သိမ်မွေ့စွာ ပြုံးရင်း ပြောလိုက်၏။ တရှန်းက တလေးတစားပင် သူမလက်ကို ကမ်းပေးလိုက်သည်။ ထို့နောက် မကြာခင်မှာပင်... သူမမှာလည်း စုမေ့နှင့် နာ့ရှင်းရီတို့လိုပင် ဝေ့ဝူယင်ထံမှ အမှာစာကို လက်ခံ ရရှိလိုက်လေတော့သည်။
“ဟူး... ဒီလက်စွပ်ကို ငါ ကိုယ်တိုင် နင့်လက်ထဲ ထည့်မပေးနိုင်တာ တကယ် ကံမကောင်းတာပဲ... နေဦး... ကံကောင်းတယ်လို့ ပြောရမလား... မဟုတ်ရင် နင်က တစ်ပတ်ကြာ စိန်ခေါ်ပွဲတွေ ထပ်လုပ်နေမှ ဒုက္ခ... ငါ နင့်ကို အနိုင်မယူရက်တော့ဘူး”
ဝေ့ဝူယင်၏ ပထမ စာကြောင်းကို ဖတ်ကာ တရှန်းမှာ အနည်းငယ် ရှက်သွေးဖြာသွား၏။ “တစ်ပတ်ကြာ စိန်ခေါ်ပွဲ” ဆိုတာက သူမနှင့် ဝေ့ဝူယင်တို့သာ သိသည့် ဟာသဆန်ဆန် အဖြစ်အပျက် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူမ နတ်ဆိုးတောင်တွင် ဝေ့ဝူယင်ကို တွေ့ကာ စိန်ခေါ်ခဲ့သည်။ သို့သော်လည်း ဆိုးဆိုးရွားရွားပင် သူမ ရှုံးနိမ့်ခဲ့သည်။ သို့သော်လည်း အရှုံးကို လက်မခံလိုရာ တစ်ပတ် အချိန်းအချက် ပြု၍ ထပ်၍ စိန်ခေါ်ခဲ့သည်။ ထပ်၍ ရှုံးခဲ့ပြန်သည်။ သူမ တစ်ပတ် ထပ်ချိန်းပြန်သည်။ သို့သော်လည်း သူမ ရရှိလိုက်သည်က အရှုံး၊ အရှုံး၊ အရှုံးသာ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ ထိုအဖြစ်အပျက်ကို ပြန်ဖော်ကာ သူမကို ဟာသ လုပ်နေခြင်း ဖြစ်သည်။ သို့သော်လည်း တရှန်းမှာ ထိုအပိုင်းဆက် ရှုံးနိမ့်မှုက သူမ အမှားဟု မတွေးပါချေ။ ဝေ့ဝူယင် ကိုယ်တိုင်က တကယ် ကြောက်ဖို့ ကောင်းလွန်းသည့် နတ်ဆိုး ဖြစ်နေခြင်းကြောင့်သာ ဖြစ်သည်။
သူမ စာကို ဆက်ဖတ်လိုက်၏။
“ငါ မကြာခင် ပြန်လာခဲ့မှာပါ... မင်း ဆန္ဒရှိရင် အဲဒီကျမှ နောက်တစ်ကြိမ် ဆက်ပြီး စမ်းကြတာပေါ့... အဲဒီ မတိုင်ခင်တော့ မင်းအတွက် ရင်းမြစ် အချို့ ငါ ချန်ထားခဲ့တယ်... ဒါပေမဲ့ အဲဒါတွေ အားလုံးကို တစ်နေ့တည်းနဲ့တော့ စားမပစ်နဲ့နော်”
တရှန်း၏ ခရမ်းရောင် မျက်နှာက နောက်တစ်ကြိမ် ရှက်သွေးဖြာ သွားရပြန်၏။ ထို့ပိဟန်မှာ စာဖတ်ရင်းပင် ပြုံးလိုက် ဖြစ်နေသည့် နတ်ဆိုး ပျိုမဒီကို ကြည့်ရင်း ဘာပြောရမှန်း မသိ ဖြစ်နေခဲ့၏။ မကြာခင် သူ စဉ်းစားမိသည့် အကောင်းဆုံး လုပ်နိုင်သော အရာကတော့ တစ်ချက် နှစ်ချက် ချောင်းဟန့်ကာ မျက်နှာလွှဲ နေလိုက်ခြင်းပင် ဖြစ်သည်။
...
နောက်တစ်ယောက်ကတော့ ရှန်းလင်ပင်။ ဝေ့ဝူယင်ထံမှ လက်စွပ်ကို လက်ခံ ရရှိပြီးနောက် သူမ၏ မျက်လုံးများမှာ ပျော်ရွှင်ခြင်းများနှင့် ပြည့်နှက် နေခဲ့၏။ သုံးနှစ်နီးပါး ကွဲကွာနေသည့်တိုင် ဝေ့ဝူယင်မှာ သူမကို မေ့သွားခြင်း မရှိခဲ့ချေ။ ထို့အပြင် သူက လုံထျန်းယု အတွက်ပင် ရည်ရွယ်၍ တစ်စိတ်တစ်ပိုင်း ထည့်ပေးလိုက်သေးသည်။
ရှန်းလင် အတွက်တော့ လုံထျန်းယုမှာ မွေးစားသမီး ကလေး သဖွယ် ဖြစ်သည်။ မပြေလည်မှု အချို့ ရှိသည့်တိုင် လုံထျန်းယုကို မပစ်ပယ်ပဲ ထည့်သွင်း စဉ်းစားပေးခဲ့ခြင်းက ဝေ့ဝူယင်ကို တာဝန်ကျေသည့် ဖခင် တစ်ယောက်လိုမျိုး ခံစားရစေသည်။ မသိပါက... သူတို့ နှစ်ယောက်မှာ ကလေး တစ်ယောက်ကို မြေတောင်မြှောက်ပေးနေသလိုပင်။
အကယ်၍ သူတို့တွင် တကယ် ကလေးလေး တစ်ယောက်သာ ရှိခဲ့သည် ဆိုပါက.... ရှန်းလင်မှာ အတွေးဖြင့်ပင် အသက်ရှူမြန်ကာ ရင်တဒိုင်းဒိုင်း တုန်ရီလာခဲ့တော့၏။
...
ထို့ပိဟန် အတွက်တော့ ဝမ်မင်ယာမှာ ထူးဆန်းသူ တစ်ယောက် ဖြစ်သည်။ သူမက ဘယ်ဆီ ဘယ်ဝယ်မှ ထွက်ပေါ်လာခဲ့မှန်း သူ မသိသလို သူတို့ကြားတွင် မည်ကဲ့သို့ ဆက်စပ်မှုမျိုး ရှိမှန်းလည်း သူ မသိချေ။ သို့သော်လည်း သူမက ဤနေရာသို့ ရောက်လာသည်။ ဝေ့ဝူယင်ထံမှ လက်စွပ်တစ်ခု လက်ဆင့်ကမ်းခြင်းကို ခံရသည်။ မိန်းကလေးကို ကြည့်ရင်း ထို့ပိဟန်မှာ လျှို့ဝှက် ဆန်းကြယ်သည့် ခံစားချက် တစ်မျိုးကို ခံစားလိုက်ရသည်။
အခြားလူများနှင့် ခြားနားစွာပင်... စာကို လက်ခံရရှိပြီးနောက် ဝမ်မင်ယာ၏ အမူအရာက အလွန်အမင်း လေးနက် သွားသည်ကို ထို့ပိဟန် တွေ့လိုက်ရ၏။ ထို့နောက် သူမက ထို့ပိဟန်ကို ခေါင်းတစ်ချက် ညိတ်ပြကာ အခြား တစ်နေရာသို့ ထွက်ခွာသွားသည်။ ကြည့်ရသည်က သူမ၏ စိတ်မှာ တစ်စုံတစ်ခုကို ရှင်းလင်းစွာ အာရုံစိုက် နေခဲ့ပုံ ရလေသည်။
...
လင်းကျိရန်မှာ လက်စွပ်ကလေးကို ကိုင်ရင်း အလွန် စိတ်လှုပ်ရှား နေခဲ့၏။ သို့သော်လည်း အမှာစာကို ဖတ်ပြီးနောက်တွင်တော့ သူမ၏ အမူအရာက တစ်စုံတစ်ရာကို အတွေးနက်သည့် အလား မျက်မှောင်ကြုတ် သွားသည်။ စာထဲတွင် မိန်းကလေး အတွက် အရေးကြီးသည့် တစ်စုံတစ်ရာ ပါဝင်နေကြာင်း ထို့ပိဟန် ခန့်မှန်း လိုက်မိ၏။
စက္ကန့် အနည်းငယ် ကြာပြီးနောက်၌ လင်းကျိရန်၏ အပြာရောင် မျက်လုံးများမှာ ပုံမှန် ပြန်လည် ဖြစ်သွားခဲ့၏။ သို့သော်လည်း လေးနက်မှု တစ်ခုကတော့ တည်ရှိနေဆဲ ဖြစ်သည်။
“အထွတ်အမြတ် အယ်ဗန် ဧကရီ...”
ခပ်တိုးတိုး ရေရွတ်လိုက်ရင်း သူမမှာ ထိုနေရာမှ ထွက်ခွာသွား၏။ အဘယ်ကြောင့် သူမ၏ စိတ်အခြေအနေက ရုတ်ချည်း ပြောင်းလဲ သွားခဲ့ရသနည်း။ စာထဲ၌ ဝေ့ဝူယင် ရေးထားသည့် စာကြောင်း တစ်ကြောင်းကြောင့်ပင်။ ၎င်းက “အထွတ်အမြတ် အယ်ဗန် ဧကရီလည်း အဲဒီနေရာမှာ ရှိနေနိုင်တယ်” ဟူ၍ပင်။
သူမ၏ ခေါင်းထဲတွင်တော့ အစီအစဉ်များမှာ အစီအရီပင် နေရာယူနေခဲ့ပြီ ဖြစ်လေသည်။ ပထမဆုံး အနေဖြင့် ကြယ်တာရာ နယ်မြေ အသစ်တွင် လင်းမျိုးနွယ်ကို ထိုမိန်းမကြီး ရှာမတွေ့ရအောင် စီမံရပေလိမ့်မည်။ ဒုတိယ အနေဖြင့် ဝေ့ဝူယင်ထံမှ အကူအညီ ရယူကာ လင်းမျိုးနွယ်၏ သွေးမျိုးဆက် စွမ်းအားကို ပြန်လည် ဖွင့်ရန် ကြိုးစားရပေလိမ့်မည်။ တတိယ... လုံလောက်သည့် ခွန်အား တစ်ခု ရရှိအောင် ကြိုးစားကာ သူမကို လက်စားချေရပေလိမ့်မည်။
...
ရှောင်ပင်းနှင့် ဟုန်ရုတို့မှာ အတူတကွပင် လက်စွပ်တစ်ခုကို လက်ခံ ရရှိကြ၏။ ဝေ့ဝူယင်ထံမှ စာကို ဖတ်ပြီးနောက် သူတို့ နှစ်ယောက်မှာ ခံစားချက် ပြည့်လျှံနေသော မျက်ဝန်းများဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ တွဲထားသည့် လက်များကို ပိုမို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်ကြတော့၏။
...
“သူက ကျွန်မ အတွက်လည်း ချန်ထားတယ်...”
ချင်းရိုင်မှာ ထို့ပိဟန်ကို ကြည့်ကာ အံ့အားသင့် နေခဲ့၏။ သူမ၏ လှပသော မျက်ဝန်းများက စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှုတို့နှင့် ပြည့်နှက်နေသည်။
ထို့ပိဟန်က နွေးထွေးစွာပင် ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ ကမ္ဘာပေါ်တွင် သူနှင့် အနီးကပ်ဆုံး လူတစ်ယောက် ရှိမည် ဆိုပါက ထိုတစ်ယောက်မှာ ချင်းရိုင် ဖြစ်သည်။ သူမမှာ ခေါင်းမာကာ ကြမ်းတမ်း ခက်ထန်သူ တစ်ယောက် ဆိုသော်လည်း တစ်ခါတစ်ရံ၌ နူးညံ့ သိမ်မွေ့ကာ ကြင်နာတတ်သူ ဖြစ်သည်။
“လက်...”
ထို့ပိဟန်က ပြောလိုက်၏။ ချင်းရိုင်မှာ သူမ၏ လက်ကို ဖြန့်ပေးလိုက်သည့်တိုင် ၎င်းက အဓိပ္ပာယ် မရှိဟု ခံစားနေရဆဲ ဖြစ်သည်။
ဝေ့ဝူယင်အား ငြင်းပယ်ခဲ့သည့် ဆုံးဖြတ်ချက် အတွက် သူမ တစ်လျှောက်လုံး ခါးသီးစွာ ခံစားခဲ့ရကာ ကျင့်ကြံခြင်း တိုးတက်မှု လမ်းကြောင်းကို ကိုယ်တိုင် ဖြတ်တောက် လိုက်မိပြီ ဖြစ်ကြောင်း သိရှိခဲ့သည်။ ယခု သူမ၏ အသက်မှာ ခုနစ်ရာ နီးနီး ရှိနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အဂ္ဂိရတ် ထုတ်ကုန်များ၊ ရတနာများ၊ နည်းလမ်းများသာ မရှိပါက သူမ၏ အခြေခံက ထာဝရ ရပ်တံ့ နေတော့မည် ဖြစ်သည်။ ဝိညာဉ်ဆင်းတု အစ ရည်ရွယ်ချက် အဆုံး တိုးတက်အောင် လုပ်နိုင်တာ တစ်ခုမှ မရှိချေ။ ငယ်ရွယ်စဉ် ဘဝက သူမ၏ မာနများမှာ လုံးဝ ကွဲကြေသွားခဲ့ရပြီ ဖြစ်လေသည်။
သုံးနှစ်... လွန်ခဲ့သည့် သုံးနှစ်လုံးလုံး သူမ ဝေ့ဝူယင်ထံမှ ခွင့်လွှတ်မှုနှင့် အာဏာရှင်များ အဖွဲ့အတွင်း ဝင်ရောက်ရန် ကမ်းလင့်မှုတို့ကို မျှော်လင့်နေခဲ့သည်။ သို့သော်လည်း... ဝေ့ဝူယင် ဘေးနားတွင် ဝိုင်းဝိုင်းလည်နေသည့် နတ်မိမယ် ကလေးများကို မြင်သော အခိုက်၌ သူမ၏ မျှော်လင့်ချက်တို့မှာ ရေစုန်သာ မျောခဲ့ရသည်။ သူမ နှစ်ပေါင်း များစွာ စောင့်ထိန်းခဲ့သည့် မူလယင် အော်ရာနှင့် ဆွဲဆောင်ရန်လား... နာ့ရှင်းရီ၏ ယင်အော်ရာပင်လျှင် သူမထက် များစွာ ပိုမို မြင့်မားလှပေသည်။ သူမတွင် ဝေ့ဝူယင် ကို ကမ်းလှမ်းစရာ တစ်ခုမှ မရှိချေ။
သို့သော်လည်း သူက သူမအတွက် လက်စွပ်တစ်ခု ချန်ထားခဲ့သည်ဟု ဆိုသည်။
ဝိညာဉ်အလင်းကို ချင်းရိုင် လက်ခံ ယူချိန်၌ ထူးဆန်းစွာပင် အမှာစာက သူမ စိတ်ထဲသို့ မသွားချေ။ ထို့အစား ထို့ပိဟန် ဆီသို့သာ ရောက်ရှိသွားသည်။ ချင်းရိုင် နားမလည်နိုင်စွာ ကြည့်နေစဉ်မှာပင် စာကို ဖတ်နေသည့် ထို့ပိဟန်၏ အမူအရာက အမျိုးမျိုး ပြောင်းလဲနေသည်ကို တွေ့မြင် နေရ၏။
အဆုံးသတ်သို့ အရောက်တွင်တော့ လူအိုကြီးက သက်ပြင်းတစ်ချက် ချကာ တောက်ပစွာ ပြုံးလိုက်သည်။
“သူက မင်း မာန ဘယ်လောက် ကြီးတယ် ဆိုတာ မမေ့ဘူးလို့ ပြောတယ်... ဘယ်တော့မှ မမေ့နိုင်ဘူးတဲ့”
ထို့ပိဟန်၏ အသံက ပျော်ရွှင်မှု အငွေ့အသက် အချို့ဖြင့် ပြည့်နှက်နေ၏။
“ ... “
ချင်းရိုင်မှာ တိတ်ဆိတ်သွား၏။ သူမ၏ နှလုံးသားကတော့ နားလည်မှုများဖြင့် တုန်လှုပ် သွားသည်။ ပေါ့ပေါ့ပါးပါး ခေါင်းတစ်ချက် ညိတ်လိုက်ရင်း သူမက လက်စွပ်ကို သိမ်းဆည်းလိုက်၏။
“ကျွန်မ နားလည်ပါတယ်”
ထို့နောက် ချင်းရိုင်မှာ ဖြည်းညင်းစွာပင် ကျောခိုင်းကာ လှည့်ထွက်ခွာလိုက်သည်။ သူမ၏ နှုတ်ခမ်းထက်တွင်တော့ ချိုမြိန်သော အပြုံးတစ်ခုက တဖြည်းဖြည်း နေရာယူလာလျှက်။
ထို့ပိဟန်မှာ ချင်းရိုင်၏ နောက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဝေ့ဝူယင်၏ နည်းလမ်းများမှာ လျှို့ဝှက် ဆန်းကြယ်လွန်းသည်ဟု သူ တွေးလိုက်မိသည်။
ယခုလည်းကြည့်... ကျိချန်ကောင်း ရာစု နှစ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့သော မိန်းကလေး၏ နှလုံးသားကို သူက စကားလုံး အနည်းငယ်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြန်သည်။ ၎င်းအား ခေတ်သစ် မိန်းမ ပိုးနည်း ဟု ခေါင်းစဉ်တပ်ရမည်လား သူလည်း မသိချေ။
လူအိုကြီးက ပေါ့ပေါးပါး ပြုံးလိုက်ရင်း ငွေရောင် သေတ္တာလေးကို စစ်ကြည့်လိုက်၏။ ဤနေရာတွင် ရှိသမျှ အားလုံး နီးပါးကို သူ လက်စွပ်များ ပေးပြီး ဖြစ်သည်။ နောက်ဆုံး တစ်ယောက်သာလျှင် ကျန်ရှိပေတော့သည်။ သူ ပင့်သက်တစ်ချက် ရှိုက်ရင်း တိတ်တဆိတ် ရေရွတ်လိုက်၏။
“အရိပ်...”
ရုတ်တရက် အနက်ရောင် ဟင်းလင်းပြင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူတစ်ဦးမှာ သူ့ အရှေ့တွင် ပေါ်လာခဲ့၏။ ထို့ပိဟန်၏ မျက်နှာက ဖြူရော်သွားကာ ချက်ချင်းပင် ထိတ်လန့် ချောက်ချားမှုများနှင့် ပြည့်နှက် သွားသည်။ “ယင်” က မည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးနည်း။ ထိုနေရာတွင် လူတစ်ယောက် တည်ရှိနေသည်ကို သူ့ကဲ့သို့ လောကသခင် တစ်ပါးပင် သတိမထားမိခဲ့ချေ။
ယင်က အနက်ရောင် အဝတ်များ ပတ်ထားသည့် သူ့လက်ကို ဆန့်ထုတ်ကာ ကမ်းလိုက်၏။ သူ့လက်ဝါးထက်တွင်တော့ သွေးစက်များ ကဲ့သို့ အနီရင့်ရောင် အစက်အပျောက်များက ပြန့်ကျဲနေပေသည်။
ထို့ပိဟန်က လက်စွပ်ကို ကမ်းပေးကာ အစီအရင်ကို အသက်သွင်းလိုက်၏။ အမှာစာကို ဖတ်ပြီးနောက် ယင်က တိတ်တဆိတ်ပင် လမ်းလျှောက်ကာ လူအုပ်ထဲသို့ ဝင်ရောက် သွားသည်။ ထို့နောက် အရိပ်များနှင့် ရောနှောကာ အစရှာမရအောင် ပျောက်ကွယ်သွား၏။ သူ ထိုနေရာ၌ တည်ရှိခဲ့သည်ကို မည်သူမှ သတိမထားမိခဲ့ကြချေ။
“သတ်ဖြတ် လုပ်ကြံသူ တစ်ယောက်... သူဌေးလေး အတွက် အလုပ်လုပ်ပေးနေတဲ့ လျှို့ဝှက် ဆန်းကြယ်တဲ့လူတွေ ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ”
ထို့ပိဟန် ခပ်တိုးတိုး ရေရွတ်ရင်း ငွေရောင် သေတ္တာလေးကို ကြည့်လိုက်၏။ ထိုနေရာ၌ လက်စွပ် ခုနစ်ကွင်း ကျန်ရှိနေသေးဆဲ ဖြစ်ပေသည်။
***