ရွေးချယ်မှုများ
Vol. 42 Ch. 585
ချင်းရိုင် ပြန်လာပြီးနောက်တွင် သီးသန့် တွေ့ဆုံမှုနှင့် ဖလှယ်မှုများမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ပိဟန်၏ ဆင့်ခေါ်ခြင်း မခံရသူများမှာ ဝေ့ဝူယင်က မည်သည့် အရာများ မှာကြားခဲ့သည်၊ မည်ကဲ့သို့သော ပစ္စည်းများ ချန်ထားခဲ့သည်တို့ကို သိလိုနေကြသည်။
လုံထျန်းယုမှာ နှုတ်ခမ်းကို အနည်းငယ် စူကာ ချင်ချူးမူ၏ နံဘေးတွင် ရပ်နခဲ့၏။ သူမမှာ ရင်တွင်း ခံစားချက်ကို ဘယ်တော့မှ ဖုံးကွယ်မထားသည့် မိန်းကလေး ဖြစ်သည်။
“မဟာ သူတော်စင်ထို့က မမ နာမည်ကို ခေါ်တောင် မခေါ်ဘူး... ဝေ့ဝူယင်က မမ အတွက် တစ်ခုခု ချန်ထားမယ်လို့ သမီး တွေးထားတာ”
သူမက မကျေမနပ် ပြောလိုက်၏။ ချင်ချူးမူက ဘာမှန်ပြန်မပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူမ၏ မြစိမ်းရောင် မျက်လုံးများထဲ၌ မည်သည့် မကျေနပ်မှုမှ ရှိမနေခဲ့ပါချေ။ ဝေ့ဝူယင် ခေါ်ခဲ့သည့် မိန်းကလေး တစ်ယောက်ချင်း စီမှာ သူ့ မိန်းမ ဖြစ်လျှင်ဖြစ်၊ မဖြစ်လျှင် အာဏာရှင် အဖွဲ့သား တစ်ယောက်သာ ဖြစ်သည်။ လက်ရှိအချိန်၌ သူမက ဘယ်အဖွဲ့တွင်မှ မပါဝင်ချေ။ တစ်နေ့တစ်ချိန်တွင် ဖြစ်လာလေမည်လားတော့ သူမလည်း မသိပါချေ။
လုံထျန်းယုက ဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရှန်းလင်မှာ နံဘေးသို့ ရောက်ရှိလာ၏။ မိန်းကလေးမှာ ဝေ့ဝူယင် မည်သည့် အရာများ မှာကြားခဲ့သည်ကို သိချင်လာကာ မေးရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်တွင်ပင် ရှန်းလင်၏ လက်ထဲ၌ လက်စွပ် တစ်ကွင်း ရှိနေသည်ကို မြင်လိုက်ရသည်။ ချက်ချင်းပင် လုံထျန်ယု တစ်စုံတစ်ရာကို သဘောပေါက်သွား၏။
“အဲဒါက ဝေ့ဝူယင် ထားခဲ့တာလား ဆရာ...”
“အဲဒီ အကြောင်း နောက်မှပဲ ပြောကြမယ်”
ရှန်းလင်က ကြိုတင်ကာ ပိတ်ထားလိုက်၏။ ဤနေရာတွင် ကြယ်တာရာ နယ်မြေတစ်ခုလုံးမှ လူများ ရှိနေသည်။ သို့ဖြစ်ရာ အတွင်းရေး ကိစ္စများကို ထုတ်ဖော် ဆွေးနွေးရန် ကောင်းသော နေရာ တစ်ခုမဟုတ်ချေ။
ထို့ပိဟန်က ကျန်လက်စွပ်များတွင် ရေးထားသည့် နာမည်များကို ကြည့်လိုက်၏။ ထို့နောက် ချင်ချူးမူကို မကြည့်ရ မနေနိုင် ကြည့်လိုက်မိသည်။ ဝေ့ဝူယင်က သူမ အတွက် လက်စွပ်တစ်ခု ချန်မထားခဲ့သည်လား။ တစ်ခဏမျှ တွေးတောပြီးနောက် သူက ခေါင်းကို ခါရင်း အတွေးများကို ငြင်းဆန်လိုက်၏။ ဝေ့ဝူယင်၏ သယ်ယူ ပို့ဆောင်မှု ကြားခံ ပစ္စည်းက သူ့လို အဘိုးကြီး တစ်ယောက်တည်း ဖြစ်ချင်မှ ဖြစ်ပေလိမ့်မည်။ သူ့တွင် အခြားနည်းလမ်းများ ရှိနိုင်ပေသေးသည်။
လောက ရွှေ့ပြောင်းခြင်း နယ်မြေ အတွင်းရှိ ထရီလျံနှင့် ချီသည့် လူသားများ၊ အယ်ဗန်များ၊ နတ်ဆိုးများမှာ သူတို့၏ ရွေးချယ်မှုများကို ဆွေးနွေးနေကြ၏။ အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့် သူတို့ထဲရှိ အများစုကတော့ ထိပ်တန်း အင်အားစုများ၊ ဂိုဏ်းများကို ဝင်ရောက်ရန် အခွင့်အရေး ရကြလိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ငယ်ရွယ်သော ပါရမီရှင်များကတော့ တက်ကြွပြီးရင်း တက်ကြွ နေကြသည်။ ကြယ်တာရာ နယ်မြေ အသစ်မှာ သံသယ ရှိစရာ မလိုအောင်ပင် သူတို့ ကြယ်တာရာ နယ်မြေထက် အဆင့်အတန်း ပိုမို မြင့်မားမှာ သေချာသည်။
သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ထာဝရ ဧကရာဇ် တစ်ခေတ်တွင် ထွန်းတောက်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်ထောင်ခန့် အတောအတွင်း ကြယ်တာရာ သခင်၊ အချိန်သခင်နှင့် လောကသခင်ခေတ် အထိ အဆင့်ဆင့် နိမ့်ကျလာခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များကဆိုလျှင် ကြယ်တာရာ နယ်မြေတစ်ခုတည်းတွင် အတုအယောင် လောကသခင် နှစ်ယောက်သာ ကျန်ရစ်သည် အထိ အခြေအနေ ဆိုးရွားလာခဲ့သည်။
ဝေ့ဝူယင်၏ တစ်ခေတ်သို့ ရောက်မှသာ အနည်းငယ် ပြန်လည် မြင့်တက်လာကာ လောကသခင် အသစ် တစ်ပါး မွေးဖွားလာခြင်း ဖြစ်သည်။
ဤကပ်ဘေးကြီးမှာ ကြောက်စရာ ကောင်းလှသော်လည်း သူတို့၏ ဘဝကို ဒုတိယ အကြိမ်မြောက် ပြန်လည် မွေးဖွားပေးမည့် အခွင့်အရေး ဖြစ်သည့် အပြင် ပိုမို ကြီးကျယ် ခမ်းနားသည့် ကမ္ဘာသစ် အတွက် လမ်းစလည်း ဖြစ်ပေသည်။
သို့သော်လည်း သူတို့ အားလုံးမှာ ရေတွင်းထဲမှ ဖားသူငယ်များ ဖြစ်ကြလေရာ ချက်ချင်း အံဝင်ဖို့တော့ ခက်ခဲလိမ့်မည် ဖြစ်သည်။ ဤယဉ်ကျေးမှု အသစ်တွင် ဝေ့ဝူယင် ကဲ့သို့သော လူပင်လျှင် အထင်ကြီး ခံရမည်လား သံသယ သူတို့ ဖြစ်နေကြသည်။
အချိန်များမှာ တရွေ့ရွေ့ ဖြတ်ကျော်သွား၏။ တစ်ရက်ကျော်ခန့် ကြာမြင့်ပြီးနောက် လူအချို့မှာ ဤထူးဆန်းသော နယ်မြေတွင် သူတို့ ဆာလောင်ခြင်း မရှိကြောင်း စတင် သတိထားမိလာကြသည်။ ပထမ၌ နေရာ ဥတု အပြောင်းအလဲကြောင့်ဟု ထင်လိုက်မိကြသေးသော်လည်း နှစ်ရက် ကြာမြင့်သည့်တိုင် သူတို့ ခန္ဓာနှင့် အလို ဆန္ဒများက ပြောင်းလဲခြင်း မရှိခဲ့ချေ။
ဤသို့ဖြင့် အချိန်ငါးရက် ကုန်လွန်သွား၏။ လူတိုင်းမှာ သူတို့ ရွေးချယ်ရန် အချိန်စေ့ပြီ ဖြစ်ကြောင်း သိလိုက်ကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ချောမောသော အသတ်လတ် လူကြီး၏ မျက်နှာက ကောင်းကင်တွင် ပြန်လည် ပေါ်လာခဲ့၏။
“စဉ်းစားဖို့ အချိန် ပြည့်သွားပြီ... နောက်ပြီး ငါ့ဆီမှာ မင်းတို့ အတွက် သတင်းဆိုး တစ်ခု ပါလာတယ်... မင်းတို့ရဲ့ ကြယ်တာရာ နယ်မြေကြီးက ပျက်စီးသွားပါပြီ”
ထို့နောက် သူ့မျက်နှာက ပျောက်ကွယ်သွားကာ အလင်း မျက်နှာပြင်မှာ ကြယ်တာရာများ ပြည့်နှက်နေသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် ထန်ဂူ ရောက်ရှိလာမှု၊ နေကြယ် သုံးစင်း စားသုံးခံလိုက်ရမှု၊ အလုံးစုံ အမှောင်ကျသွားမှုတို့ကို ဆက်တိုက် ဆိုသလိုပင် ပြသသွားခဲ့သည်။
မိမိ၏ မွေးရပ် ချက်ကြွေ ပျက်စီးသွားမှုကို ကြည့်ရင်း ထို့ပိဟန် အပါအဝင် ထရီလျံနှင့် ချီသည့် လူများမှာ မျက်ရည်များ ဝဲလာကာ လက်သီးများကို တင်းတင်း ဆုပ်လိုက်မိကြ၏။ အချို့ကတော့ ဒေါသများပင် ထွက်နေကြကာ သူတို့၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေခဲ့သည်။ တစ်နေ့... သူတို့ လုံလောက်အောင် သန်မာလာသည့် တစ်နေ့တွင်... ထိုသတ္တဝါကြီးကို ပြန်လည် ရှာဖွေကာ လက်စားချေဖို့ ကြိုးစားမည် ဖြစ်သည်။
“အခု မင်းတို့ရှေ့က အလင်း မျက်နှာပြင်တွေပေါ်မှာ ကိုယ် ဘယ်လမ်းကြောင်းကို ရွေးချယ်ချင်သလဲ ဆိုတာ ရေးပါ... ပထမ တစ်ခုအတွက် ဂြိုဟ်၊ ဒုတိယ တစ်ခု အတွက် နေထိုင်နဲ့ တတိယ တစ်ခု အတွက် စစ်သည် ဆိုပြီး သင်္ကေတ သတ်မှတ်ထားတယ်... တကယ်လို့ တတိယ တစ်ခုကို ရွေးချယ်ပြီး အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ ဂိုဏ်းတစ်ခုခု၊ အင်အားစု တစ်ခုခုကို ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘူး ဆိုရင် မင်းတို့ကို ဒုတိယ ရွေးချယ်မှုထဲ ထည့်ပေးလိမ့်မယ်”
စုမေ့က အလင်းမျက်နှာပြင်ကို တစ်ခဏမျှ ကြည့်လိုက်၏။ ထို့နောက် “စစ်သည်” ဆိုသည့် စကားလုံးကို ရေးသားလိုက်သည်။ ထိုအရာက ဝေ့ဝူယင်၏ အမှာစာထဲမှ သူမ၏ စစ်မှန်သော ဆန္ဒ ဖြစ်သည်။ လောလောဆယ်တွင် တာဝန် ဆိုသည့် အလေးချိန်များကို နှလုံးသားထဲက သူမ လျှော့ချထားလိုက်ပြီ ဖြစ်သည်။
ချင်ချူးမူကလည်း စစ်သည် ကိုပင် ရေးလိုက်၏။ သူမက ဝေ့ဝူယင် ကဲ့သို့ပင် ကျင့်ကြံခြင်းနှင့် လောက၏ လျှို့ဝှက်ချက်များကို ရှာဖွေလိုသူ ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက် ခွန်အားနှင့် မောင်းနှင်မှု လိုအပ်လိမ့်မည် ဖြစ်သည်။
ဝူပိုင်ကျိုးမှ လွဲ၍ အာဏာရှင်နှင့် ဗာကီရီ အဖွဲ့ဝင်များမှာ စစ်သည် ကိုသာ ရေးရန် ရွေးချယ်ကြ၏။ သူတို့၏ ခံယူချက်များက ရိုးရှင်းကာ ကိုယ့်ကိုယ်ကို ကြယ်တာရာ နယ်မြေ အသစ်၏ ပါရမီရှင်များနှင့် ယှဉ်ကာ တိုက်ခိုက်နိုင်သည်ဟု ယုံကြည်ထားကြသည်။
ထရီလျံနှင့် ချီသော လူများ ရွေးချယ်မှု ကိုယ်စီကို ချရေးကြပြီးနောက် မျက်နှာကြီး၏ မျက်လုံးများက မျက်စိ ကျိန်းလောက်အောင် တောက်ပလာခဲ့၏။ ထို့နောက် တစ်လောကလုံးမှာ ငလျင် လှုပ်ခတ်သည့် အလား တုန်ရီလာကာ မြူမှုန်များမှာ နေရာတိုင်းကို ဖုံးလွှမ်းသွားခဲ့တော့၏။
မကြာခင်မှာပင် အားလုံးက ပုံမှန် ပြန်ဖြစ်သွားကာ စုမေ့မှာ အမြင်အာရုံကို ပြန်လည် ရရှိလာခဲ့သည်။ သူမက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ လုံးဝ ခြားနားသည့် နေရာတစ်ခုကို ရောက်နေကြောင်း တွေ့လိုက်ရ၏။ သူမ၏ ခြေအစုံကတော့ ခိုင်မာသည့် မြေပြင်တစ်ခုထက်၌ ရပ်နေကာ ထိုနေရာ၌ ဖုံမှုန့်များပင် ရှိနေကြောင်း သတိထားမိလိုက်သည်။
စုမေ့ ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် သူမ၏ မျက်လုံးများက အံ့အားသင့်ခြင်းများနှင့် ပြူးကျယ်သွားခဲ့တော့သည်။
ရုတ်တရက် ဘေးနားမှ ရင်းနှီးနေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။
“အဲဒါက နေကြယ်လား...”
သူတို့ အထက် ကောင်းကင်တွင်တော့ နီဝါရောင် နေကြယ်တစ်စင်း ရှိနေခဲ့၏။ သို့သော်လည်း ထွက်ပေါ်နေသည့် ရောင်စဉ်များကတော့ နီဝါရောင် မဟုတ်ပဲ အဖြူရောင်ပင် ဖြစ်သည်။ ထိုနေကြယ်မှာ အလွန်ပင် ကြီးမားလှကာ မိုးကုပ်စက်ဝိုင်း အစွန်းနားတွင် ဂြိုဟ်တစ်စင်း လွင့်မြောနေသည့် အလားပင်။
ထိုနေကြယ်၏ အထင်ရှားဆုံး လက္ခဏာရပ်ကတော့ ပတ်လည်ရှိ အဖြူရောင် ကွင်းကြီးပင် ဖြစ်သည်။ ထိုကွင်ကြီးမှာ နှေးကွေးစွာဖြင့် အဆက်မပြတ် ရွေ့လျားနေလေရာ နေကြယ်မှာ လည်ပတ်နေသယောင်ပင် ထင်ရ၏။ လောကဆီသို့ ကျရောက်နေသည့် နေရောင်မှာ အဖြူရောင် ဖြစ်လေရာ နီဝါရောင် နေကြယ်ထက် ၎င်း၏ ကွင်းကြီးဆီမှပင် ရောက်လာသလို ခံစားရသည်။
“ကြိုဆိုပါတယ်...”
ရုတ်တရက် အလွန် ကျယ်လောင်လှသော အသံတစ်ခု ထွက်ပေါ်လာကာ လူများ၏ အာရုံကို ဆွဲဆောင်သွား၏။ နောက်ဆုံး၌ စုမေ့မှာ သူမတို့ ရောက်ရှိနေသည့် နေရာက အလွန် ကြီးမားလှသော စက်ဝိုင်း ပုံသဏ္ဌာန် အမိုးပွင့် ခန်းမ အတွင်းတွင် ဖြစ်ကြောင်း သတိထားမိသွားသည်။ အသံ ထွက်ပေါ်လာရာ အရပ်မျက်နှာတွင်တော့ သနပ်ခါးရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူကြီး တစ်ဦးကို တွေ့ရ၏။ သူက အမိုးပွင့် ခမ်းမကြီး၏ အမြင့်မားဆုံးသော စင်မြင့်ထက်တွင် ရပ်နေခဲ့ကာ အားလုံးကို စီးမိုး ကြည့်နေခဲ့သည်။ သူ၏ အနားတွင်တော့ စုစုပေါင်း လူဆယ့်နှစ်ယောက်စီကာ ခြောက်ယောက်ချင်းစီမှာ လူကြီးကို ခြံရံကာ ဘယ်တစ်ဖက် ညာတစ်ဖက် ရပ်နေကြ၏။
အမိုးပွင့် ခန်းမကြီး အတွင်း၌ ထိုလူ ဆယ့်သုံးယောက် အပြင် အပြင် ထောင်ပေါင်းများစွာသော ပုံရိပ်များ ရှိနေသေးကာ ထိုင်ခုံများတွင် ထိုင်၍ သူတို့ကို စိတ်ဝင်တစား လေ့လာနေကြောင်း စုမေ့ သတိထားမိလိုက်သည်။
“မင်းတို့ အားလုံးက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေရဲ့ အခြေခံ လိုအပ်ချက်ကို အောင်မြင်ထားတဲ့ လူတွေပဲ... တစ်နည်း ဆိုရမယ် ဆိုရင် ထိပ်သီးဂိုဏ်းကြီးတွေက အစ ဒေသခံ ဂိုဏ်းအဖွဲ့တွေ အဆုံး ဝင်ရောက်နိုင်ဖို့ အခွင့်အလမ်း ရှိတဲ့လူတွေပေါ့... အခု မင်းတို့ကို စစ်ဆေးပြီး အခွင့်အရေးတွေ ပေးအပ်မယ်... ကိုယ့် အနာဂတ်ကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ ကြိုးစားကြပါ”
***