စန်းလော့ယု
Vol. 42 Ch. 586
“ဘယ်လို...”
“ဒီနေရာက ဘယ်နေရာလဲ...”
“ဟမ်...”
များစွာသော တုန့်ပြန်သံများမှာ ဘေးနားမှ ထွက်ပေါ်လာသည်။ စုမေ့ တည်ငြိမ်စွာပင် ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်၏။
သူမ သတိထားမိသည့် ပထမဆုံး အရာက အမိုးပွင့် ခန်းမကြီး အလယ်ရှိ ကွင်းပြင်ထဲတွင် သူမ ကဲ့သို့ အလွန့်အလွန် များပြားလှသည့် လူများ ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း လောက ရွှေ့ပြောင်းခြင်း နယ်မြေ အတွင်းရှိ ထရီလျံနှင့် ချီသည့် လူများနှင့် နှိုင်းယှဉ်ပါလျှင်မူ သေးငယ်လှကာ တစ်သိန်းအောက်လောက်သာ ရှိပေလိမ့်မည်။
ဒုတိယမြောက် သူမ သတိထားမိသည့် အရာကတော့ အမျိုးမျိုးသော ဝတ်စုံများ ဝတ်ဆင်ထားသည့် ယောက်ျားများ၊ မိန်းမများ (အများစုက လူသားများ) မှာ ပရိသတ် ထိုင်ခုံများတွင် ထိုင်ကာ သူတို့ကို လေ့လာ နေကြခြင်း ဖြစ်သည်။ သူတို့၏ မျက်လုံးများက စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်နေသည်ကို သူမ သတိထားမိ၏။
အမြင့်ဆုံး ဗဟိုစင်မြင့်ထက်တွင်တော့ စကားပြောသူ အပါအဝင် စုစုပေါင်း လူဆယ့်သုံးယောက် ရှိနေသည်ကို တွေ့ရ၏။ ထိုပုဂ္ဂိုလ်များမှာ သာမန် သေမျိုးများ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေကာ လုံးဝ ခြားနားသည့် နယ်မြေအသစ် တစ်ခုကို ရောက်ရှိနေသလို စုမေ့ ခံစားလိုက်ရသည်။ ချက်ချင်း ဆိုသလိုပင် သူမ၏ နှလုံးသားက အချက်ပေးသံများဖြင့် တဒိန်းဒိန်း တုန်ခါလာကာ မျက်လုံးများမှာ အပ်ပေါက်များလို ကျဉ်းမြောင်း သွား၏။
“လျှို့ဝှက် အာဏာရှင် အဆင့်တွေ...”
စုမေ့၏ အတွေးများက လျှင်မြန်စွာ လှည့်ပတ် ရွေ့လျားသွားသည်။ ကြယ်တာရာ နယ်မြေ၏ အခြေခံ လိုအပ်ချက်ကို ပြည့်မှီကြောင်း ကြေညာလိုက်သည့် အလယ်ရှိ လူကြီး၏ ရုပ်ရည်သွင်ပြင်မှာ ရင်းနှီးပြီးသား လူတစ်ယောက် ဖြစ်နေကြောင်း သူမ တွေ့လိုက်ရ၏။
“သူက အဲဒီ မျက်နှာကြီးပဲ...”
လူငယ် တစ်ယောက်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။ မှန်ပေသည်။ သူကား ချောမော ခန့်ညားကာ ဆံပင်ကို နောက်သို့ စု၍ စည်းထားသည့် အသက်လတ် လူကြီးပင် ဖြစ်သည်။ သူ၏ သနပ်ခါးရောင် ဝတ်စုံက လှပလှကာ ညာဘက် ရင်ဘတ်တွင် ထူးဆန်းသည့် သင်္ကေတ တစ်ခု ရှိနေကြောင်း တွေ့ရ၏။ ထိုသင်္ကေတက ခုနစ်ရောင်ခြယ် စိန်တစ်ခု ပုံသဏ္ဌာန် ရှိကာ အဖြူရောင် မျဉ်းလေးကြောင်းဖြင့် အရောင်များကို အထက်အောက် ပိုင်းခြားထားသည်။
ထိုသင်္ကေတ တစ်ခုလုံးကို သက်ဝင် လှုပ်ရှားနေသည့် အမှတ်အသားများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားကာ ထိပ်ဆုံးမှ အောက်ခြေအထိကို ဆေးလုံး ပုံစံ စက်ဝိုင်းတစ်ခုဖြင့် ဝန်းရံထား၏။ သင်္ကေတ၏ အထက်တွင်တော့ ထာဝရ ဆိုသည့် စကားလုံး တစ်ခု ရှိနေခဲ့သည်။
“အခြားလူတွေရော... သူတို့ကို ရှင်တို့ ဘာလုပ်လိုက်တာလဲ...”
ရှေ့ဆုံး၌ ရပ်နေသည့် သတ္တိကောင်းသော မိန်းကလေး တစ်ဦးက အော်ဟစ်လိုက်၏။ သူမနှင့် သူမ၏ အကိုကြီး နှစ်ဦးစလုံးမှာ တူညီစွာပင် “စစ်သည်” ဆိုသော စကားလုံးကို ရေးခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤနေရာတွင် အကိုကြီး၏ အော်ရာကို သူမ ရှာမတွေ့ပါချေ။
အခြားသော လူများမှာလည်း သူတို့’ အခြေအနေကို သဘောပေါက်ကြ၏။ လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကပင် သူတို့ အနားတွင် လူပေါင်း ထရီလျံနှင့် ချီ၍ ရှိခဲ့သေးသည်။ သို့သော်လည်း ယခုတွင်တော့ တစ်သိန်းပင် မပြည့်တော့ချေ။ ထိုလူများမှာ အခြားတစ်နေရာရာသို့ ရွှေ့ပြောင်းခြင်း ခံလိုက်ရသည်လား။ ဘာမှန်း မသိရသေးသည့်တိုင် အဆိုးဆုံး အခြေအနေ အထိ သူတို့တွေးထားပြီး ဖြစ်သည်။
“သိချင်တယ်ပေါ့...”
လှောင်ပြောင်မှုများ ပြည့်နှက်နေသည့် မိန်းမသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းက အသတ်လတ် လူကြီး၏ ညာဘက်တွင် ရပ်နေသည့် လူခြောက်ယောက်ထဲမှ တတိယမြောက် တစ်ယောက်ထံမှပင် ဖြစ်သည်။ သူမကလည်း သက်လတ်ပိုင်းလောက်ပင် ဖြစ်ကာ အနက်ရောင် ဆံပင်များနှင့် ရင့်ကျက် တည်ငြိမ်သည့် အလှကို ပိုင်ဆိုင်ထား၏။
သို့သော်လည်း မိန်းမကြီး၏ မျက်လုံးများကတော့ ကြောက်မက်ဖွယ် ကောင်းလှသည့် အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ ထိုအမျိုးသမီးမှာ လူပေါင်း များစွာကို မျက်တောင်တစ်ချက် မခတ် သတ်ဖြတ်ရဲသူ ဖြစ်ကြောင်း မည်သူ မဆို ခန့်မှန်းနိုင်ပေသည်။
မိန်းကလေးမှာ အမျိုးသမီးကြီး၏ အကြည့်ကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစား လိုက်ရ၏။ သို့သော်လည်း သူမက ခိုင်မာစွာပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
“ဟုတ်တယ်... ကျွန်မ အကိုကြီး ဘယ်မှာလဲ”
မိန်းမကြီး၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ အေးစက်မှုက ကျဆင်းသွားခြင်း မရှိပဲ နှင်းမုန်တိုင်း တစ်ခု တိုက်ခတ်သလို တစ်လောကလုံးကို လွှမ်းခြုံသွားသည်။
“သူ သေပြီ...”
သူမ၏ လေသံက ထူးမခြားနားချေ။ အသက်တစ်သက်က ဘာဆိုဘာမှ အရေးမကြီးသည့် ပုံပင်။ သို့သော်လည်း ၎င်းက မိန်းကလေး အတွက်တော့ ကမ္ဘာတစ်ခုလုံး ပြိုကျသွားသလိုပင်။ သူမ၏ ခြေလှမ်းများက နောက်သို့ ယိမ်းယိုင်သွားကာ ပြင်းထန်သော ခံစားချက်များမှာ စိတ်တစ်ခုလုံးကို လောင်ကြွမ်းသွား၏။
“အား...”
ရူးသွပ်မှု၊ လွတ်ထွက်သွားမှုတို့နှင့် အတူ မိန်းကလေးမှာ အော်ဟစ်လိုက်မိ၏။ သူမ၏ ကောင်းကင် အုပ်စိုးသူ အဆင့် ကျင့်ကြံခြင်း အခြေခံက ပွင့်ထွက်လာကာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အင်အားများက လက်သီးတွင် စုစည်းသွားကာ ပေါက်ကွဲ သွားသည်။
ဘေးနားရှိ လူငယ်များမှာ ကြယ်တာရာ အလွှာများကို ဖန်တီးကာ ကိုယ့်ကိုယ်ကို ကာကွယ် လိုက်ကြ၏။ ထိုမိန်းကလေးက ရူးနေသည်လား။ ကောင်းကင် အုပ်စိုးသူအဆင့်ဖြင့် ထိုကျင့်ကြံသူကြီးများကို ယှဉ်နိုင်မည်ဟု သူက ထင်နေသည်လား။
သို့သော်လည်း မိန်းကလေးကတော့ လုံးဝကို စိတ်လွတ်နေခဲ့ပြီ ဖြစ်လေသည်။ သူမ၏ အညိုရင့်ရောင် မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်မှ လွဲ၍ ဘာမှ မရှိတော့ချေ။ သူမ၏ လက်သီးချက်မှာ စင်မြင့်ထံသို့ ဦးတည် ဝင်ရောက်ကာ ပုံရိပ် ဆယ့်သုံးခုထံ တိုးဝင်သွား၏။
စုမေ့မှာ ရူးသွပ်နေသည့် မိန်းကလေးကို ကြည့်ကာ သက်ပြင်တစ်ချက် ချလိုက်မိသည်။ သူမက အာဏာရှင် အဖွဲ့ဝင် တစ်ယောက်ပင် ဖြစ်ကာ ရွှယ်ရီဖေး ကိုယ်တိုင် ရွေးချယ်၍ မြေတောင်မြှောက်ထားသူ တစ်ယောက် ဖြစ်သည်။
“နင့်ရဲ့ နည်းလမ်းက ပြောင်မြောက်ပါပေတယ်...”
အသက်လတ် လူကြီးက မိန်းမကြီးကို ကြည့်ရင်း ပြုံးလိုက်သည်။ သို့သော်လည်း မိန်းမကြီးကတော့ ဘာမှ မတုန့်ပြန်ပါချေ။ သူမက တည်ငြိမ်စွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းပင် ဒေါသတကြီး တိုက်ခိုက်နေသည့် မိန်းကလေးမှာ ပျော့ခွေကာ သတိလစ်သွား၏။ ပြီးသည်နှင့် သူမ၏ ခန္ဓာကိုယ်မှာ တစ်ခါမှ မရှိခဲ့ဖူးသည့် အလား ပျောက်ကွယ်သွားတော့သည်။
မိန်းမကြီးက အခြားလူများကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ မကျေနပ်သည့် အရိပ်အယောင်များက သူမ မျက်လုံးထဲတွင် ပေါ်လာကာ ဟင်းလင်းပြင်ထဲကို ခြေလှမ်း တိုးဝင်လိုက်သည့် အလား ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် လူဆယ့်နှစ်ယောက်သာ ကျန်ရစ်ခဲ့၏။
အသက်လတ် လူကြီးမှာ မိန်းမကြီး၏ အပြုအမူကို စိတ်ရှိဟန် မရပါချေ။ ထို့အစား သူက အောက်ရှိ လူများကိုသာ ထက်ရှသော အကြည့်များဖြင့် ကြည့်လိုက်၏။
“ဘယ်သူမှ မသတ်မခံရဘူး... အဲဒါက အစစ်အမှန် သတ်ဖြတ်ခြင်း စစ်ဆေးမှု သက်သက်ပဲ... မင်းတို့ရဲ့ ရင်ထဲက မေးခွန်းကို ဖြေရရင် ဒီကြယ်တာရာ နယ်မြေရဲ့ ကျင့်ကြံခြင်း လောကမှာ အသက်နဲ့ ခွန်အားအလိုက် အခြေခံ စံချိန် စံနှုန်းတွေ ရှိတယ်... အတိုချုပ် ပြောရရင် မင်းတို့ ၉၃၄၅၂ နှစ်ယောက်ပဲ သတ်မှတ်ချက်ကို ပြည့်မှီတယ်... အခြားလူတွေကိုတော့ နယ်မြေသုံးခုထဲက တစ်ခုကို ပို့လိုက်ပြီ... တကယ်လို့ ဂိုဏ်းတစ်ခုခုကို ပူးပေါင်းဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ သူတို့မှာ အခွင့်အရေး ရှိနေတုန်းပဲ... ဒါပေမဲ့ စမ်းသပ်မှုတွေကတော့ ပိုပြီး ခက်လိမ့်မယ်”
“ဒီနေရာကို ရောက်နေတဲ့ မင်းတို့ကတော့ ဆန္ဒ ရှိသမျှ ကာလပတ်လုံး ကိုယ့် ပါရမီ၊ စွမ်းရည်နဲ့ သင့်တော်မယ် ထင်တဲ့ အဖွဲ့အစည်း တစ်ခုကို ဝင်ဖို့ ကြိုးစားလို့ ရတယ်... ခုနက အားလုံး သေသွားပြီ ဆိုတာကလည်း သူတို့ ကိုယ်ပိုင် စမ်းသပ်မှု တစ်ခု ဆိုပါတော့လေ”
နောက်ဆုံး၌ အားလုံးမှာ နားလည်သွားကြပြီ ဖြစ်လေသည်။ အချို့ကတော့ ပုဂ္ဂိုလ်ကြီးများကို ကြောက်လန့်ကာ မေးခွန်း မထုတ်ရဲခဲ့ခြင်း အပေါ် နောင်တရသလို ခံစားနေရ၏။ အကယ်၍ သူတို့သာ သတ္တိရှိခဲ့ပါက စင်မြင့်ထက်ရှိ တစ်စုံတစ်ယောက်က သတိထားမိကာ ခေါ်ဆောင်ကောင်း ခေါ်ဆောင် သွားနိုင်ပေသည်။
စုမေ့မှာ တစ်သိန်းနီးပါး ရှိသည့် လူအုပ်ထဲတွင် ရင်းနှီးနေသည့် အော်ရာ အချို့ ရှိနေသည်ကို သတိထားလိုက်မိ၏။ ထိုအထဲတွင် ချင်ချူးမူ၊ နာ့ရှင်းရီ၊ လုံထျန်းယု၊ လင်းကျိန်ရန်၊ မေ့မေ့ တို့ပါ ပါဝင်နေပေသည်။ သို့သော်လည်း တရှန်း၊ ဟုန်ယု၊နှင့် ရှောင်ပင်းတို့ကိုတော့ မတွေ့ရချေ။
နောက်ထပ် တစ်ခု ထပ်၍ သတိထားမိသည်က ဤနေရာ၌ ရှိနေသည့် လူအားလုံးမှာ အသက် တစ်ရာ့ ရှစ်နှစ်ထက် ပိုမကြီးကြခြင်းပင် ဖြစ်သည်။ တရှန်း၊ ရှောင်ပင်းနှင့် ဟုန်ယုတို့မှာ ထိုထက် ပိုမို၍ ကြာမြင့်စွာ ကျင့်ကြံထားခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
စုမေ့ ငြိမ်သက်စွာ တွေးတောနေစဉ်မှာပင် အသက်လတ် လူကြီးက စကားဆက်လိုက်၏။
“ငါ့နာမည်ကတော့ စန်းလော့ယန်လို့ ခေါ်တယ်... ထာဝရ အစည်းအရုံးရဲ့ အကြီးအကဲ တစ်ယောက် ဆိုပါတော့လေ... အခု ငါတို့ရဲ့ အစည်းအရုံးဟာ မင်းတို့ကို ကပ်ဘေးကနေ ကယ်ထုတ်ပြီး ကြယ်တာရာ နယ်မြေမှာ ဘဝသစ် စနိုင်အောင် ကူညီပေးနေတယ် ဆိုပါတော့လေ... အတိုချုပ် ပြောရရင် ဒါက မင်းတို့တွေ ထိုက်တန်တယ် ဆိုတာကို သက်သေပြဖို့ အခွင့်အရေးပဲ”
“ ... “
လူငယ်များမှာ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်မိကြ၏။ ထာဝရ အစည်းအရုံး... ထာဝရ ဧကရာဇ်က ဤနေရာတွင် ရှိနေသည်လား။
အခြားလူငယ်များလိုပင် စုမေ့၏ နှလုံးသားမှာ တုန်လှုပ်သွား၏။ ထာဝရ ဧကရာဇ်မှာ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် အထင်ရှားဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ နှစ်ပေါင်း ရှစ်ထောင်ကျော် ကြာမြင့်သည့် ခေတ်တစ်ခုလုံးကို အုတ်မြစ်ချခဲ့သူ ဖြစ်သည်။ အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေသားတို့၏ နှလုံးသားတွင် သူက ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက် သဖွယ်ပင်။
ကြံ့ခိုင် တောင့်တင်းသော ခန္ဓာကိုယ်၊ ခိုင်မာသော မျက်လုံးများနှင့် လူငယ် တစ်ယောက်က သူ၏ ကတုံး ပြောင်ပြောင်ကို ပွတ်သပ်ရင်း မေးလိုက်၏။
“ထာဝရ ဧကရာဇ်က ဒီကြယ်တာရာ နယ်မြေမှာ ရှိနေတာလား...”
ထိုမေးခွန်းက လူငယ်များကို တိတ်ဆိတ်နေသွားစေ၏။ သူတို့က ဗဟုသုတ ရှာဖွေနေသည့် နာခံတတ်သော ကျောင်းတော်သားများ အလား တလက်လက် တောက်ပသော မျက်လုံးများဖြင့် အသက်လတ် လူကြီးကို ကြည့်လိုက်ကြသည်။
စန်းလော့ယုမှာ လူငယ်များ၏ မျက်လုံးများထဲမှ ဆန္ဒများကို တွေ့မြင်လိုက်ရရာ သဘောကျစွာ ပြုံးလိုက်မိ၏။ ထိုအရာက သူ့ကဲ့သို့ လူတစ်ယောက်ထံမှ ရှားတောင့်ရှားခဲ အပြုံးမျိုးပင်။
“တကယ်လို့ မင်းတို့ ထာဝရ ဧကရာဇ် အကြောင်း သိချင်တယ် ဆိုရင် ပထမဆုံး စမ်းသပ်မှုတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြပါ... အဲဒါက မင်းတို့ရဲ့ အနာဂတ် မင်းတို့ရဲ့ အကန့်အသတ်ကိုရော ဆုံးဖြတ်ပေးလိမ့်မယ်... ဒီအခိုက်အတန့်က ဘယ်လောက် အရေးပါသလဲ ဆိုတာ မမေ့ပါနဲ့”
စန်းလော့ယု၏ စကားကို နားထောင်ရင်း လူငယ်များ၏ အမူအရာက ပိုမို၍ လေးနက်သွား၏။ တစ်ချိန်တည်း၌ စိတ်လှုပ်ရှားမှုများက သူတို့ရင်ထဲ နေရာယူနေသည်။ ထာဝရ ဧကရာဇ်... ထိုပုဂ္ဂိုလ်ကြီးမှာ ယခုအထိ သက်ရှိထင်ရှား ရှိနေသေးသလော။
ဤလောကတွင် မည်သူက ထာဝရ ဧကရာဇ်၏ မျက်နှာသာ ပေးမှုကို မလိုချင်ပဲ နေပါမည်နည်း။ မည်သူက မဟာ ဧကရာဇ် ဝူယု၊ ဆန်းကြယ် ဧကရာဇ် ဟန်ရှဲ့၊ အထွတ်အမြတ် အယ်ဗန် ဧကရီ၊ အသူရာ နတ်ဆိုး သခင်တို့လို ပုဂ္ဂိုလ်မျိုး မဖြစ်ပဲ နေချင်မည်နည်။ ထာဝရ ဧကရာဇ်၏ စကားတစ်ခွန်းက သူတို့၏ ကံကြမ္မာ တစ်ခုလုံးကို ပြောင်းလဲ ပစ်နိုင်စွမ်း ရှိပေသည်။
လက်ရှိခေတွင် ထာဝရ နတ်မိမယ်လေး ချင်ကူးယဉ်နှင့် အာရုဏ်ဦး ဧကရာဇ် ဝေ့ဝူယင်တို့ ထွန်းတောက်လာသည့်တိုင် သူတို့က ထာဝရ ဧကရာဇ်၏ ပုံရိပ်ကို မှီရန် များစွာ အလှမ်း ကွာဝေး နေသေးဆဲ ဖြစ်သည်။ ထာဝရ ဧကရာဇ်မှာ ကြယ်တာရာ အမြုတေ အဆင့်ကို ကျော်လွန်နေသည့် သက်ရှိများကိုပင် မွေးထုတ် ပေးခဲ့သူ ဖြစ်သည်။ ဝေ့ဝူယင်၏ အမြင့်မားဆုံး အောင်မြင်မှုက လောကသခင် တစ်ပါးကိုသာ မွေးထုတ်ဖူးခြင်းသာ ဖြစ်သည်။
ထိုကွာခြားချက်က ကြီးမားလွန်းလှပေသည်။
***