← Chapters

ရွေးချယ်မှုများ

Vol. 42 Ch. 588

ရွေးချယ်မှုများ

Vol. 42 Ch. 588

အသံပိုင်ရှင်မှာ အရပ် ခုနစ်ပေခန့် မြင့်မားကာ ကျယ်ပြန့်သော ပခုံးများနှင့် သံချွန်ကဲ့သို့ ဆံပင်များကို ပိုင်ဆိုင်ထားသည့် လူညိုထွားကြီး တစ်ယောက်ပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အလွန် လွှမ်းမိုးနိုင်စွမ်း ရှိကာ ပေါ့ပေါ့ပါးပါး အသက်ရှူခြင်းကပင်လျှင် ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။

စန်းယုလော့က တည်ငြိမ်စွာပင် လူညိုထွားကြီးကို လှည့်ကြည့်လိုက်၏။

“မဟာ နှလုံးသား... သူတို့ရဲ့ အခြေအနေကို နားလည်စမ်းပါ”

ရေတွင်းထဲမှ ထွက်လာသည့် ဖားသူငယ်များ အနေဖြင့် အနက်ရှိုင်းဆုံးသော ပင်လယ်ကို ကူးခပ်လိုသည်က သဘာဝပင် ဖြစ်သည်။ သူတို့က ကိုယ့်အကန့်အသတ်ကို သိရှိရန် အတွေ့အကြုံများစွာ လိုအပ်နေဆဲပင်။

“ဟမ့်...”

မဟာ နှလုံးသားက မကျေမနပ် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း များစွာသော လူငယ်များကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။

“ဒီနေရာမှာ ငါ့မျက်လုံးကို ဖမ်းစားနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး... ဒါပေမဲ့ သဘောတူညီမှု အရ ငါ ဟိုဝက်ကလေးကို ရွေးလိုက်မယ်”

ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မဟာ နှလုံးသား၏ လက်များက ရှည်ထွက်သွားကာ လူအုပ်ကြားထဲရှိ လူငယ် တစ်ယောက်ထံ ရောက်ရှိသွားသည်။

“အမလေးဗျ...”

ထင်မှတ် မထားပဲ ဖမ်းဆုပ်ခံလိုက်ရမှုကြောင့် ဝတုတ်တုတ် လူငယ်လေးမှာ လန့်ဖျန့်ကာ အော်ဟစ်လိုက်၏။ သူက အလွန်ပင် ကြောက်လန့်နေဟန် ရကာ မျက်နှာထက်ရှိ အဆီများပင် တုန်ခါနေ၏။

“လုဖန်း...”

“လုကလေး...”

ချင်ချူးမူနှင့် နာ့ရှင်းရီတို့မှာ အံ့သြမှင်သက် သွားကြ၏။ ထိုဝတုတ်လေးမှာ အနန္တ ဧကရာဇ်ဂိုဏ်း အစနေ့ရက်များတွင် လုံချန်နှင့် အတူ သူတို့နောက်သို့ လိုက်ခဲ့သည့် သူငယ်ချင်း တစ်ယောက်ပင် ဖြစ်သည်။ သူ့ကို ယခုလိုမျိုး ပြန်တွေ့ရလိမ့်မည် ဟု သူမတို့ မျှော်လင့် မထားခဲ့ကြချ။

“ပျိုးပင်ကောင်းပဲ...”

စန်းလော့ယုက မှတ်ချက် ချလိုက်၏။ မဟာ နှလုံးသားက ပြုံးရုံသာ ပြုံးလိုက်သည်။ ထွားကြိုင်းလှသည့် ခန္ဓာကိုယ်ထုထည်ကြီး ရှိသည့်တိုင် ထိုအပြုံးက အတော်လေး ဆွဲဆောင်မှု ရှိကာ သူ၏ ခန့်ညားမှုကို ပေါ်လွင်စေ၏။

ဝှစ်... ဝှစ်...

လုဖန်းမှာ ယက်ကန်ယက်ကန်ဖြင့် လူကြီး၏ အရှေ့သို့ ရောက်ရှိသွား၏။ သူ၏ မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေဆဲ ဖြစ်ပေသည်။

“ခင်... ခင်ဗျား ကျွန်တော့်ကို ဘာလုပ်မလို့လဲ”

ဘီလူးအလား လူညိုထွားကြီး၏ မျက်နှာထက်ရှိ မထီတရီ အပြုံးကို ကြည့်ရင်း သူက လက်များဖြင့် ရင်ဘတ်ကို ဖုံးအုပ်ကာ ပေါင်နှစ်လုံးကို တင်းတင်းစေ့ မေးလိုက်၏။ သူ၏ ပုံစံက မဒိန်းကျင့် ခံရမည်ကို အလွန်အမင်း ကြောက်လန့်နေသည့် မိန်းမပျိုကလေး အလားပင်။

စန်းလော့ယု အပါအဝင် အခြားလူများမှာ သူ့ကို ကြည့်ကာ တဟားဟား ရယ်မော လိုက်မိကြ၏။

“မဟာ နှလုံးသား... ကြည့်ရတာ မင်းတော့ တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ ဝက်ကလေးကို ရသွားတာပဲ... သက်တောင့်သက်သာ လုပ်နော်...သူ့ရဲ့ ခန္ဓာကိုယ်လေးက ခံနိုင်ဖို့ သိပ်မလွယ်ဘူး... မင်းရဲ့... ဟိုဟာ အဲလေ... ကောင်းတဲ့ ရည်ရွယ်ချက်တွေကိုပေါ့ကွာ ဟားဟား...”

ခပ်ဖျော့ဖျော့ အသားအရေနှင့် အဝါရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထားသည့် ယောက်ျားကြီးက ဘေးနားမှ စနောက်ရင်း ရယ်မောလိုက်သည်။ သူ၏ မျက်လုံး တစ်ဖက်တစ်ချက် အတွင်းတွင်တော့ ဆေဘာ ပုံရိပ်များ ရှိနေကာ သူ၏ တည်ရှိမှုကို အလွန်အမင်း ထက်ရှစေ၏။ သူက လုံးဝ သက်ရှိ ဆေဘာတစ်စင်း အလားပင်။

“ဟွန့်...”

မဟာ နှလုံးသား၏ မျက်နှာထက်ရှိ အပြုံးက ရှုံ့မဲ့ကာ ပျောက်ကွယ်သွားသည်။ သူက အယောင်ယောင် အယမ်းယမ်းဖြင့် လက်များကို ပိုမို ရှည်လျားအောင် ဆန့်ထုတ်ကာ လုဖန်း၏ ခန္ဓာကိုယ်ကိုအား ဝေးနိုင်သမျှ ဝေးအောင်ခွာလိုက်၏။

ပြီးသည်နှင့် လုဖန်းနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့တော့၏။

စန်းယုလောက ပြုံးရယ်လိုက်ရင်း လူငယ်များဘက်သို့ လှည့်ကြည့်လိုက်သည်။

“အစက ဆယ့်နှစ်ယောက်... အခု ဆယ်ယောက်ပဲ ကျန်တော့တယ်... ငါ့နံဘေးက ကျင့်ကြံသူတွေဟာ ရွှေအဆင့် အင်အားစုကြီးတွေက ခေါင်းဆောင်ကြီးတွေပဲ... ဟိုးထိုင်ခုံတွေကနေ မင်းတို့ကို ကြည့်နေတဲ့ လူတွေကတော့ ငွေအဆင့်ဂိုဏ်းက ကိုယ်စားလှယ်တွေပေါ့လေ... မင်းတို့ အနေနဲ့ အတင်းအကြပ် ရွေးချယ် ခံရမှာကို ဘာမှ ကြောက်စရာ မလိုဘူး...”

“တကယ်လို့ ဟိုမိန်းကလေးရော ဝတုတ်ကလေးပါ သူတို့ကို ရွေးချယ်သွားတဲ့ အင်အားစုတွေကို ဝင်ဖို့ ဆန္ဒ မရှိဘူး ဆိုရင် ထာဝရ အစည်းအရုံးက သူတို့ကို နယ်မြေသုံးခုထဲက တစ်ခုဆီ လုံလုံခြုံခြုံနဲ့ ပို့ပေးမှာပါ... သူတို့ အနေနဲ့ အခြား အင်အားစုတွေကို ပူးပေါင်းဖို့ ထပ်ကြိုးစားလို့ ရတယ်...”

“ဒါပေမဲ့ သူတို့သာ လက်ခံဖို့ ဆန္ဒရှိတယ်တော့ အနာဂတ်မှာ ခေါင်းဆောင်ကြီးတွေနဲ့ ပံ့ပိုးမှုနဲ့ အတူ နောက်ခံ အင်အားစုတွေက လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူတွေရဲ့ ရွေးချယ်မှုကိုတောင် ခံရကောင်း ခံရနိုင်တယ်... ဒါပေမဲ့ လုံလောက်တဲ့ ပါရမီမျိုးကိုတော့ ပြသဖို့ လိုတာပေါ့လေ”

စန်းယုလောက တစ်ခဏမျှ ရပ်ကာ ဆက်လက် ပြောလိုက်၏။

“အခု မင်းတို့ အားလုံး ပုရပိုက် တစ်ခုဆီကို လက်ခံ ရရှိလိမ့်မယ်... အဲဒီ အထဲမှာ ဒီနေရာကို ရောက်နေတဲ့ အင်အားစုတွေရဲ့ အချက်အလက်တွေပါတယ်... မင်းတို့ ကိုယ်တိုင် ရွေးချယ်ပြီး စမ်းသပ်မှုကို အောင်မြင်မလား ကြိုးစားကြည့်ကြပေါ့... နောက်ပြီး တစ်ခုကို သတိထားပါ... ဒါက မင်းတို့ရဲ့ ဘဝ အစ ခရီးလမ်းပဲ... အဆုံးသတ် မဟုတ်ဘူး”

ထို့နောက် ပရပိုက် တစ်ခုချင်းစီမှာ စုမေ့ အပါအဝင် လူတိုင်း၏ အရှေ့၌ ပေါ်လာခဲ့၏။ လူငယ်များမှာ တုန့်ဆိုင်းစွာဖြင့် ထိုပုရပိုက်များကို ဆွဲယူကာ အထဲရှိ အကြောင်းအရာများကို ဖတ်လိုက်ကြသည်။ ထိုအထဲတွင် ငွေအဆင့် အင်အားစု နာမည် ထောင်နှင့်ချီ ပါဝင်နေသည့်တိုင် ရွှေအဆင့် အင်အားစုကတော့ စုစုပေါင်း ဆယ်ခုသာ ပါဝင်ပေသည်။

စုမေ့မှာ ငွေအဆင့် အင်အားစုများကို ဖတ်ရှုခြင်းဖြင့် အချိန်ကုန် မခံပါချေ။ သူ ရှာဖွေနေသည်က များပြားလှသော ရင်းမြစ်များနှင့် အတူ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်သည်။ တန်ခိုးရှင် အဆင့် မဟုတ်လျှင် ရွှေအဆင့်က သူမအတွက် အသင့်တော်ဆုံး ဖြစ်သည်။

ပုရပိုက်ကို လှန်လှောရင်း ရွှေအဆင့် အင်အားစုများ အကြောင်း အသေးစိတ် အချက်အလက်များကို စုမေ့ စတင် ဖတ်ရှုလိုက်၏။ ထိုအထဲ၌ ဂိုဏ်းနှစ်ဂိုဏ်း၊ နန်းတော်တစ်ခု၊ ကလန် နှစ်ခုနှင့် အစည်းအရုံး ငါးခု ပါဝင်နေပေသည်။ အစည်းအရုံးများ၏ အကြောင်းကို ပထမဆုံး ဖတ်ရှုရင်း စုမေ့၏ မျက်လုံးများမှာ အံ့အားသင့်ခြင်းများနှင့် ပြည့်နှက် လာ၏။

ထိုအစည်းအရုံး ငါးခုမှာ အဆောင်၊ သားရဲ ထိန်းကြောင်းခြင်း၊ ‌ကြေးစား၊ ဆေးပင် စိုက်ပျိုးခြင်းနှင့် ကျင့်စဥ်၊ အစီအရင် နည်းလမ်း သုတေသတ တို့ကို ကွဲပြားခြားနားစွာပင် အထူးပြုကြသည်။

အခြား အစည်းအရုံးများ အကြောင်းကို ကြားဖူးနားဝ ရှိသော်လည်း ကြေးစား အစည်းအရုံးနှင့် ဆေးပင် အစည်းအရုံးတို့ကိုတော့ ယခုမှ စတင် ကြားဖူးခြင်း ဖြစ်သည်။ သူမက စိတ်ဝင်တစားဖြင့် အသေးစိတ် လှန်လှောကာ ဖတ်ရှု့လိုက်၏။

ကြေးစား အစည်းအရုံး...

ကြေးစား အစည်းအရုံးမှာ ကုန်သည်များ၊ သူဌေးကြီးများနှင့် အမျိုးမျိုးသော အဖွဲ့အစည်းများ အတွက် သက်တော်စောင့်များကိုမွေးထုတ်ပေးနေသည့် အဖွဲ့အစည်းကြီးပင် ဖြစ်သည်။ လုံလောာက်သည့် နှုန်းထားဖြင့် ဆိုပါက သူတို့မှာ စစ်ပွဲများ အတွင်း ပါဝင်ရန်ပင် နောက်မတွန့်ကြချေ။ သူတို့ထဲတွင် လုပ်ကြံ သတ်ဖြတ်သူများလည်း ပါဝင်နေသည်ဟု ဆိုသည်။ သို့သော်လည်း အသေးစိတ်တော့ ဖော်ပြမထားပါချေ။

ဆေးပင် အစည်းအရုံးကလည်း စုမေ့၏ အာရုံကို ဖမ်းစားနိုင်စွမ်း ရှိ၏။ ထိုအထဲ၌ ရေးသားထားသည့် အတိုင်း ဆိုလျှင် ထိုအဖွဲ့ကို ဝင်ရန် အတွက် ရေ၊ သစ်သား၊ သို့မဟုတ် အလင်း လမ်းစဥ် တစ်မျိုးမျိုးကို လျှောက်လှမ်းနေသည့် ကျင့်ကြံသူ ဖြစ်ဖို့ လိုအပ်သည်။ သူတို့၏ အလုပ်က အဂ္ဂိရတ် တာအို အတွက် လိုအပ်သည့် ဆေးပင်များကို ကျနာစွာ ပြုစု ပျိုးထောင်ကာ ကြီးထွားအောင် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။

သူတို့တွင် အသေးစိတ် ရည်ရွယ်ချက် လိုအပ်ချက် အချို့ပင် ရှိ၏။ ထိုအထဲမှ တစ်ခုက အသက်မြက် ရည်ရွယ်ချက်ကို နားလည်ထားသည့် မည်သူမဆို အည်းအရုံး၏ အဓိက အဖွဲ့ဝင် ဖြစ်နိုင်ခြင်း ဖြစ်သည်။ စုမေ့၏ မျက်လုံးထဲ တန်းပေါ်လာသည့် လူကတော့ ချင်ချူးမူပင် ဖြစ်သည်။ သူမက အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ လူငယ်မျိုးဆက်၏ အထူးချွန်ဆုံးသော သစ်သား ကျင့်ကြံသူ မဟုတ်ပါလား။

စုမေ့ ပုရပိုက်ကို ဆက်လက် လှန်လှောလိုက်၏။ အစည်းအရုံး ငါးခုထဲတွင် တရားအလင်း ကြေးစား အစည်းအရုံးမှ လွဲ၍ မည်သည့် အစည်းအရုံးမှ သူမ၏ ရည်ရွယ်ချက်နှင့် ကိုက်ညီခြင်း မရှိပါချေ။

ရွှေအဆင့် အင်အားစု ဆယ်စုထဲတွင် ပါဝင်နေသည့် တစ်ခုတည်းသော နန်းတော်ကတော့ အရှေ့ပိုင်း ဒေသ၊ ဒြပ်စင် နယ်မြေတွင် အခြေစိုက်သည့် ရေကြည် နန်းတော်ဟု ခေါ်သည့် နေရာ တစ်ခုပင် ဖြစ်လေသည်။

“အရှေ့ပိုင်း ဒေသက ဒြပ်စင် နယ်မြေ...”

စုမေ့၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွား၏။ နယ်မြေများမှာ ရွေးချယ်မှု သုံးခုတွင် ပါဝင်နေသည့် ဒုတိယမြောက် ရွေးချယ်မှု မဟုတ်ပါလား။

ပုရပိုက်၏ တစ်နေရာတွင် ပါရှိသည့် နယ်မြေများ အကြောင်း အသေးစိတ် ရှင်းလင်းချက်များလည်း သူမ ဖတ်ရှုပြီး ဖြစ်သည်။ အရိုးရှင်းဆုံး ပြောရလျှင် နယ်မြေများမှာ တန်ခိုးရှင် အင်အားစုကြီး ဆယ့်ခြောက်ခုထဲမှ တစ်ခုခု လွှမ်းမိုးထားသည့် ဒေသများပင် ဖြစ်သည်။ သူတို့က အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေမှ ကြယ်တာရာ ပိုင်နက်များနှင့် ဆင်တူပေသည်။

စာထဲ၌ ရေးစားထားသလောက် ဆိုလျှင် ငွေအဆင့် အင်အားစုများနှင့် ရွှေအဆင့် အင်အားစုများ အတွက် နယ်မြေ သုံးခုသာ ရှိပေသည်။ ၎င်းတို့မှာ ထာဝရ နယ်မြေ၊ ဒြပ်စင် နယ်မြေနှင့် ကောင်းကင်အင်အား နယ်မြေတို့ပင် ဖြစ်သည်။

ထာဝရ နယ်မြေမှာ ထာဝရ အစည်းအရုံး၏ ပိုင်ဆိုင်မှုအောက်၌ တည်ရှိကာ နယ်မြေကြီး ဆယ့်ခြောက်ခုထဲတွင် အကြီးမားဆုံး ဖြစ်သည်။ ဒြပ်စင်နယ်မြေကတော့ အစစ်အမှန် ကောင်းကင် ဒြပ်စင်ဂိုဏ်း ပိုင်ဆိုင်သည့် နယ်မြေ ဖြစ်ကာ ရှစ်ခုမြောက် အကျယ်ဆုံးလည်း ဖြစ်သည်။ သို့သော်လည်း လောကဂိုဏ်းကြီး သုံးခုထဲတွင်တော့ အသေးဆုံး ဖြစ်ပေသည်။

ကောင်းကင်အင်အား နယ်မြေကတော့ နိုဘယ်ကလန် ရှစ်ခုထဲမှ တစ်ခု ဖြစ်သည့် လျူကလန် ပိုင်ဆိုင်သည့် နယ်မြေ ဖြစ်သည်။ အရွယ်အစား အားဖြင့် ၎င်းက ဆယ့်တစ်ခုမြောက် ဖြစ်ပေသည်။

နယ်မြေနှင့် နယ်နိမိတ်မျာ အကြောင်းကို ဖတ်ရင်း ဆေးပင် အစည်းအရုံးကို နိုဘယ်ကလန် ရှစ်ခု အနက် တစ်ခုဖြစ်သည့် ကျန်းကလန်က ကျောထောက်နောက်ခံ ပြုထား‌ကြောင်း သူမ သတိထားမိလိုက်သည်။ ထိုမှတစ်ပါး အစည်းအရုံးမှာ လျူကလန် အုပ်စိုးသည့် ကောင်းကင်အင်အား နယ်မြေအတွင်းတွင်ပင် တည်ရှိနေပေသည်။

ပုရပိုက်ကို ဖတ်ရင်း နယ်မြေ ပိုင်နက် သတ်မှတ်ချက်များက အတော်လေး ရှုပ်ထွေးကြောင်း စုမေ့ သတိထားမိလိုက်သည်။

စော‌စောက ဖတ်လက်စကို ပြန်ဆက်ရလျှင် ရေကြည် နန်းတော်မှာ ကျင့်ကြံခြင်း အတွက် လိုအပ်သည့် ရှားပါး အရည်များကို ထောက်ပံ့ပေးသည့် ကုန်သည် အင်အားစု တစ်ခုသာ ဖြစ်သည်။ စုမေ့က ချက်ချင်းပင် ထိုရွေးချယ်မှုကို ပယ်ချလိုက်၏။ ဘယ်လောက်ကြီးပဲ ချမ်းသာ ချမ်းသာ သူမက စျေးသည်မ တစ်ယောက် မဖြစ်ချင်ပေ။

မျိုးနွယ်များကို ရွေးချယ်ရန်လား... သူမ နည်းနည်းမျှ စိတ်မဝင်စားချေ။ ကိုယ်နှင့် တစ်ခါမှ မပတ်သက်ဖူးသည့် မျိုးနွယ်စု တစ်ခုကို ဝင်ရောက်ပြီး အသက်နှင့်ရင်း၍ ကာကွယ်ရန် သူမ ဝါသနာ မပါချေ။

သို့ဖြစ်လေရာ ရွေးချယ်စရာ တစ်ခုသာ ရှိပေတော့သည်။ ဂိုဏ်းပင်။ ထို့အပြင် ဂိုဏ်းနှစ်ဂိုဏ်းထဲတွင် သူမနှင့် သင့်တော်သည့် ဂိုဏ်းတစ်ဂိုဏ်းသာ ရှိပေသည်။

နာမည်က တစ်ကိုယ်တော် ဆေဘာဂိုဏ်း... ဟူ၍။

***

All Chapters