သူရဲဘောကြောင်သူမဟုတ်
Vol. 7 Ch. Chapter 13
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 13 - သူရဲဘောကြောင်သူမဟုတ်
ရေနွေးငွေ့တွေ တဖြည်းဖြည်းကျဲပါးသွားချိန်မှာတော့ အိုင်ဗီရဲ့ရှေ့မှာ ဖားကြီးတစ်ကောင်ရှိနေပါပြီ။ လက်ရှိဖားလေးရဲ့ခန္ဓာကိုယ်က လူနှစ်ယောက်စာလောက်မြင့်တဲ့အတွက် အိုင်ဗီလိုမိန်းကလေးတစ်ယောက်ရဲ့အပေါ်မှာ အုပ်မိုးနေသလိုရှိတယ်။ ပုံစံကတော့ ရွှေရောင်နဲ့အဝါရောင်ကို ဆက်ထားတဲ့ ဖားမျိုးစိတ်ပါ။ ဖားaကြီးရဲ့အနက်ရောင်မျက်လုံးတွေက အိုင်ဗီကို စိုက်ကြည့်လိုက််တယ်။
"သေစမ်း၊ ငါလှုပ်လို့မရတော့ဘူး။" အိုင်ဗီတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် လှုပ်ရှားလို့မရတော့ဘူး။ ထိတ်လန့်ဖို့ကောင်းတဲ့ အစာကွင်းဆက်ထိပ်ဆုံးက မုဆိုးတစ်ကောင်ရှေ့ကိုရောက်နေတဲ့ သားကောင်လိုမျိုး ကြောက်လွန်းလို့ ဆင်ခြင်နိုင်စွမ်းက ခန္ဓာကိုယ်ကနေ စွန့်ခွာသွားတယ်။
"ငါမြင်နေရတာ အာကာသသားရဲကြီးတစ်ကောင်လား။" အိုင်ဗီရဲ့ခန္ဓာကိုယ်ထဲက ပိုးကောင်တစ်ကောင်အနေနဲ့ သူ့မှာဘိုးဘေးတွေဆီကနေ ဆင်းသက်လာတဲ့ ဗီဇဗဟုသုတတွေရှိပါတယ်။ လက်ရှိသူ့ရှေ့က ဖားကြီးက အာကာသထဲမှာ အသက်ရှင်လှုပ်ရှားနေတဲ့ ပိုးကောင်အင်ပါယာတောင်မှ အကြောင်းမရှိရင် သွားမရှုပ်ရဲတဲ့ အကောင်ကြီးတွေကို သွားသတိရစေတယ်လေ။
အုံ.... ဂွမ်.....
ဖားကြီးရဲ့ပါးစပ်က ရုတ်တရက်ဖောင်းလာပြီး ပွင့်ဟလာချိန်မှာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို အလွန်ကျယ်လောင်တဲ့ အသံကြီးတစ်သံက ဖုံးလွှမ်းသွားပါတယ်။
ဘုန်း....
နောက်ဆက်တွဲအနေနဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ အဆောက်အဦးတွေအားလုံး အချိန်မရွေးပြိုကျတော့မလိုမျိုး တုန်ခါလာပြီး လမ်းပေါ်မှာတောင်မှ အက်ကွဲကြောင်းတွေပေါ်လာတယ်။ နောက်တော့ အိုင်ဗီရဲ့နားထဲကနေ သွေးတွေစီးကျလာပြီး ဘာသံမှ ဆက်မကြားရတော့ဘူး။ သူ့ကိုယ်က အဝတ်အစားတွေလည်း ဖိအားကြောင့်စုတ်ပြဲကုန်ပြီး အရှက်ရစရာဖြစ်နေပြီ။
"ငါနင့်ကိုသတ်မယ်...." ဒေါသထွက်သွားတဲ့အိုင်ဗီက အကြီးအကျယ်အော်ဟစ်လိုက်တယ်။ ဒါပေမဲ့ သူ့အော်သံကိုသူ မကြားရဘူး။ အဲဒီအစား အကြားအာရုံက ဗလာဖြစ်နေပြီး နားစည်ပေါက်သွားပြီမှန်း သူသိနေတယ်။ ဒါပေမဲ့ အိုင်ဗီအနေနဲ့ သူ့ဒဏ်ရာကိုကုဖို့အတွက် ဇိမ်ခံနေဖို့ အချိန်မရှိသေးပါဘူး။ လက်ထဲမှာ ရှိနေသေးတဲ့ ဓားကိုင်ကိုင်ပြီး ဖားကိုစတိုက်ဖို့ကြိုးတယ်။
ဘောင်း....
ဒါပေမဲ့ ဖားက သူ့လက်ကိုတစ်ချက်ပဲမြှောက်ပြီး အိုင်ဗီရဲ့ခန္ဓာကိုယ်ကိုရိုက်ချလိုက်ပြီး ဘောလုံးလေးတစ်လုံးလိုမျိုး မြောက်တက်သွားစေတယ်။ အိုင်ဗီသတိထားမိချိန်မှာတော့ သူ့ခန္ဓာကိုယ်က လေပေါ်ကို မြောက်တက်နေပြီဖြစ်ပြီးတော့ အရှိန်က နည်းနည်းလေးမှ လျော့မသွားဘူး။ တိမ်တိုက်တွေတောင် သူနဲ့တဖြည်းဖြည်းနီးလာနေပြီ။ ပိုဆိုးတာက သူမြောက်တက်နေတုန်း မြင်နေရတဲ့ နေမင်းကြီးကို အရိပ်မည်းတစ်ခုက ဖုံးကွယ်သွားလို့ပါ။
"ဘာ...." အရိပ်မည်းကြီးနဲ့ တဖြည်းဖြည်းနီးလာမှ ဖားတစ်ကောင်ဖြစ်တဲ့အကြောင်း အိုင်ဗီသိသွားတယ်။ အဲဒီဖားက သူ့ထက်လေထုထဲကို ကြိုရောက်နေတာဖြစ်ပြီး သူ့ကိုအပေါ်ကနေ ရိုက်ချဖို့စောင့်နေတာပါ။
ဘောင်း....
ဖားရဲ့လက်ဝါးကြီးက အိုင်ဗီရဲ့ကျောပေါ်ကိုဘုန်းခနဲပြုတ်ကျလာတယ်။ အရိုးကျိုးသံတွေကို အိုင်ဗီမကြားနိုင်တော့ပေမဲ့ သူ့ခန္ဓာကိုယ်က အရိုးအများစုနေရာလွဲသွားတာကို သတိထားမိတယ်။ သူ့မျက်လုံးအမြင်တွေ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီးတဲ့နောက် တော့ လမ်းပေါ်ကိုပြန်ပြုတ်ကျလာတယ်။
ဘုန်း....
"ဝေါ့....ဝေါ...." အိုင်ဗီက သူ့ပါးစပ်ထဲကနေ သွေးတွေကို ပန်းထုတ်လိုက်မိတယ်။ သွေးတွေနဲ့အတူ အဝါရောင်အရည်ကြည်တွေပါ လိုက်ပါလာတယ်။ သူ့ဝမ်းဗိုက်နေရာကို ငုံကြည့်လိိုက်တော့ ဖားလေးရဲ့လက်က သူ့ဝမ်းဗိုက်ကို ဖောက်ဝင်နေပြီး တစ်ခုခုကို ဆုပ်ကိုင်ထားပါတယ်။
"ဂွပ်ဂွပ်..." ဖားက အသံပြုလိုက်ပြီး သူ့လက်ဖောက်ဝင်နေတဲ့ အိုင်ဗီရဲ့ဝမ်းဗိုက်ကို ငုံကြည့်လိုက်တယ်။ လူတစ်ယောက်မှာရှိသင့်တဲ့ ကျောက်ကပ်၊ အစာအိမ် ဘာတစ်ခုမှရှိမနေဘူး။ အဲဒီအစား အင်းဆက်ကလီစာတွေပဲ အစားထိုးရှိနေပါတယ်။ အိုင်ဗီက သူ့လက်တွေကိုမြှောက်ပြီး ကြည့်လိုက်တယ်။ အရည်ကြည်အဖုအပိန့်တွေက ပိုများလာပြီး သူ့လက်တွေခြေတွေလည်း ထုံကျင်လာနေပြီ။ ကြွက်သားတွေဆိုရင် ညိုပုပ်ပုပ်အရောင်ကိုပါ ပြောင်းနေတာ။ ဒါပေမဲ့ အဲဒါက သွေးဆုံးရှုံးတဲ့လက္ခဏာမဟုတ်ဘူး။ အဆိပ်ရဲ့လက္ခဏာပါ။
"နင့်... နင့်မှာပိုပြင်းတဲ့ အဆိပ်ရှိတယ်...." ဖားက အိုင်ဗီကို ကြောက်စရာကောင်းတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
ဒီအင်းဆက်မျိုးစိတ်က လူ့ဦးနောက်ကိုစားပြီးရုံနဲ့တင် မရပ်တန့်တဲ့ပုံပဲ။ အဲဒီအစား အတွင်းကလီစာတွေကိုပါ စားသုံးနေပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်အင်္ဂါတွေကို ကြီးထွားလာအောင်လုပ်နေတာ။ ဖားက သူ့လက်ကိုမြှောက်ပြီး အိုင်ဗီကို အဆုံးသတ်ဖို့ပြင်တယ်။ အိုင်ဗီကလည်း ရုတ်တရက်ပြုံးလိုက်ပြီး သူ့မျက်လုံးတွေက ပိုနီရဲသွားတယ်။
ဖောင်း...
ဖားလေးရဲ့လက်အိုင်ဗီရဲ့ခန္ဓာကိုယ်ပေါ်ကို မကျခင်မှာပဲ အိုင်ဗီရဲ့ခန္ဓာကိုယ်ပေါ်က လူသားအရေပြားတွေနဲ့ ကြွက်သားတွေ အရည်ပျော်ကျပြီး ရွံဖို့ကောင်းတဲ့
အသားနဲ့သွေးရောနှောနေတဲ့ အချွဲအကျိတွေအဖြစ် ပြောင်းလဲသွားတယ်။ အခုအိုင်ဗီက လူသားအရိုးဖွဲ့စည်းပုံရှိတဲ့ ပြာရောင်ပိုးတောင်မာအဖြစ်ပြောင်းနေပြီဖြစ်သွား ဖားလေးဆီကနေ ခုန်ထွက်လိုက်တယ်။ ဖားလေးက သူ့ဝမ်းဗိုက်ကို ထိုးဖောက်ထားတာဖြစ်လို့ ခန္ဓာကိုယ်အောက်ပိုင်းက ပြတ်ကျန်ခဲ့ပေမဲ့ အိုင်ဗီက ဂရုစိုက်ပုံမပေါ်ဘူး။
"ငါ့ရဲ့လူသားခန္ဓာကိုယ်ကို ငါတကယ်သဘောကျပေမဲ့ ကြည့်ရတာ အဲဒီခန္ဓာကိုယ်သက်သက်နဲ့တော့ နင့်ကိုနိုင်မယ့်ပုံမပေါ်ဘူး။ နောက်မှ လူအသားတွေပြန်ကောင်းလာအောင် စောင့်ရမှာပဲ။"
အိုင်ဗီရဲ့မူရင်းစွမ်းအားအဖြူဘက်ခြမ်းက အပြာရောင်ပိုးတောင်မာရဲ့ခန္ဓာကိုယ်ကို အလင်းမှုန်တွေနဲ့ ဖုံးအုပ်သွားစေပြီး ဖားလေးရှေ့မှာပဲ ပိုးကောင်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက ပြန်ပေါက်လာတယ်။ စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက် လုံးဝအကောင်းပြန်ဖြစ်နေပြီ။
"နင့်မှာ ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိတယ်၊ ငါ့မှာတော့ ဆေးပညာမြူတန့်အစွမ်းရှိတယ်။ ဘယ်သူအရင်သေမလဲ ကြည့်ကြတာပေါ့။"
အင်းဆက်ရဲ့နှုတ်သီးက လှုပ်ရှားလာပြီး စကားပြောနေတာဖြစ်ပေမဲ့ အိုင်ဗီရဲ့စကားသံကိုပဲ ဖားလေးကြားနေရတဲ့အတွက် ကျောချမ်းလာတယ်။ ကိုယ်တိုင်ကလည်း အသွင်ပြောင်းမြူတန့်ဖြစ်ပေမဲ့ ဒီပိုးကောင်တွေနဲ့နည်းလမ်းနဲ့ မယ်လီကလည်း သူတို့ထဲက တစ်ယောက်ဖြစ်နေပြီဆိုတာကို တွေးမိလာခဲ့အခါမှာတော့ သူ့ရင်ထဲမှာ မနာကျင်ဘဲ မနေနိုင်တော့ဘူး။
ပိုးကောင်ဖြစ်နေပြီဖြစ်တဲ့ အိုင်ဗီက သူ့ပခုံးမှာပေါက်နေတဲ့ ပိုးတောင်မံလက်တံတွေကို ဆွဲဖြုတ်လိုက်ပြီး ဓားတွေအဖြစ်စလုံးတယ်။ သူ့အမြန်နှုန်းကလည်း လူသားခန္ဓာကိုယ်ရဲ့ကန့်သတ်ချက်ကို ဂရုစိုက်ဖို့မလိုတဲ့အတွက် ပိုပြီးမြန်လာတယ်။ ဖားလေးကလည်း မြန်ပါတယ်။ သူတို့နှစ်ယောက်က လေထုထဲမှာပဲ အကြိမ်ကြိမ်ရင်ဆိုင်မိကြပြီး အနီးအနားက အရာဝတ္ထုတွေအကုန်လုံး လွင့်ပျံပျက်စီးကုန်ပါတယ်။
အိုင်ဗီက ဖားလေးကို ပိုးကောင်လက်တံတွေနဲ့ ဒဏ်ရာရအောင်လုပ်နိုင်သလို ဖားလေးကလည်း သူ့ရဲ့ရိုက်ချက်တွေ အဆိပ်တွေနဲ့ အိုင်ဗီကိုထိခိုက်အောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အိုင်ဗီရဲ့ဒဏ်ရာတွေက မှော်ဆန်ဆန်ပြန်ကောင်းသွားလေ့ရှိပြီး ဖားလေးကတော့ အချိန်တချို့စောင့်ဖို့လိုတဲ့အတွက် ဒဏ်ရာတွေထပ်လာပြီး ပြန်မကျနိုင်တော့တဲ့ အကန့်အသတ်ထိကို ရောက်လာပါတယ်။ နောက်ဆုံးတော့ ဖားလေးရဲ့ခန္ဓာကိုယ်ကနေ ရေနွေးငွေ့တွေထွက်လာပြီး အစိုဓာတ်စတင်နည်းလာပါတယ်။
"ဒီပုံစံက အင်အားကောင်းပေမဲ့ နင့်ခွန်အားတွေအများကြီးကို ကုန်ဆုံးစေတယ်မဟုတ်လား။"
ဖားလေးက တိုက်ခိုက်နေတာကို ရပ်လိုက်တယ်။ အခုဆိုရင် သူ့ခန္ဓာကိုယ်က အပူရှိန်လွန်ကဲနေပြီဖြစ်ပြီး ဆက်တိုက်နေရင် အသက်အန္တရာယ်ရှိပါတယ်။ သက်လုံအကန့်အသတ်မဲ့သယောင်ထင်ရတဲ့ အိုင်ဗီကို သူဆက်ပြီးတိုက်ခိုက်နေဖို့ မဖြစ်နိုင်တော့ပါဘူး။ မြန်မြန်လက်စသတ်မှဖြစ်မှာပါ။
"အုံ... ဂွမ်..."
ဖားလေးက နောက်ဆုံးတစ်ကြိမ် အော်ဟစ်လိုက်ပြီး ပြေးဝင်သွားတယ်။ အိုင်ဗီကလည်း လက်တံနှစ်ဖက်ကို ဓားလိုကိုင်လို့ အသင့်စောင့်တယ်။ ဖားက အိုင်ဗီရဲ့လက်တစ်ဖက်ကို ကိုက်ဖြတ်နိုင်ခဲ့ပေမဲ့ အိုင်ဗီက တခြားလက်တစ်ဖက်နဲ့ ဖားလေးရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်ပစ်လိုက်နိုင်တယ်။
"ဟားဟား... နင်ရှုံးသွားပြီ။" အိုင်ဗီဆီကနေ လူမဆန်တဲ့ ရယ်သံထွက်လာပြီးနောက် ဖားလေးရဲ့ခန္ဓာကိုယ်က စတင်ကျုံဝင်သွားတယ်။ တခြားတစ်ဖက်မှာတော့ အိုင်ဗီရဲ့ပြတ်သွားတဲ့လက်က ပြန်ပေါက်နေပါပြီ။ အိုင်ဗီရဲ့ညာဖက်လက်ကတော့ သူ့ခန္ဓာကိုယ်ကနေဖြုတ်လာတဲ့ ပိုးကောင်လက်တံကို ကိုင်ထားဆဲဖြစ်ပြီး လက်တံက ဖားလေးရဲ့ဝမ်းဗိုက်ကနေ ကျောအထိ ထုတ်ချင်းပေါက်နေပါတယ်။ အဆုတ်ကိုထိသွားတဲ့အတွက် ဖားလေးအသက်ရှုမရဖြစ်နေပြီး ပါးစပ်ကနေ သွေးတွေစီးကျနေတယ်။
"ကောင်မလေး... နင်မသေခင် ဘာပြောချင်သေးလဲ။" တဖြည်းဖြည်းပြိုလဲကျလာတဲ့ ဖားလေးရဲ့ခန္ဓာကိုယ်ကို အိုင်ဗီက ဖေးမထားရင်း ပိုးကောင်လက်တံကို ပြန်ဆွဲထုတ်ဖို့ ပြင်လိုက်တယ်။ ဖားလေးက တားဆီးချင်ပေမဲ့ သူ့မှာခွန်အားမကျန်တော့ဘူး။ တကယ်လို့ အိုင်ဗီသာ အဲဒီလက်တံကို ပြန်ဆွဲထုတ်လိုက်ရင် သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာက နှစ်ဆပိုဆိုးသွားလိမ့်မယ်။
"မဟုတ်မှလွဲရော နင်က သေရမှာကြောက်နေတာလား။" အိုင်ဗီက ဖားလေးနားနားကို ကပ်ပြီးပြောလိုက်တယ်။ ဖားလေးက ဒေါသထွက်လာပြီး သူ့လက်ကိုမြှောက်ကာ အိုင်ဗီရဲ့မျက်နှာကို ထိုးချတယ်။ အိုင်ဗီလည်း ဒေါသထွက်လာပြီး ဖားလေးဗိုက်ကိုစိုက်ဝင်နေတဲ့ လက်တံကိုဆုပ်ကိုင်ကာ ဖားလေးရဲ့ရင်ဝကို ဆောင့်ကန်လိုက်တယ်။
ဝုန်း....
ဖားလေးနောက်ကို မီတာဆယ်နဲ့ချီလွင့်သွားပြီး လမ်းပေါ်မှာ အရှက်ရစွာနဲ့လဲကျနေတယ်။ သူသေသင့်နေပြီဆိုပေမဲ့ စိတ်ဆန္ဒတစ်ခုက သူ့ကိုဆက်ပြီးရှင်သန်နေဖို့ ခွန်အားပေးနေတယ်။ အိုင်ဗီက သူအနားကိုဖြည်းဖြည်းချင်းလျှောက်လာပြီး ဖားလေးရဲ့ဘေးမှာရပ်လိုက်တယ်။
"နင်က သနားစရာပဲ၊ လူသားတစ်ယောက်က ဘယ်လိုပဲအစွမ်းထက်ထက် ဒီဂြိုဟ်ပေါ်က တောသားတွေပါပဲ။ ပိုးကောင်မျိုးနွယ်က တစ်စုံတစ်ယောက်ကို နိုင်ဖို့မဖြစ်နိုင်ဘူး။"
အားနည်းနေတဲ့ဖားလေးက အိုင်ဗီရဲ့စကားတွေကို ဟိုးအဝေးကြီးက စကားသံတွေလိုပဲ ကြားနိုင်တယ်။
တိတ်ကိုတိုးလွန်းပြီး ကြားနိုင်ဖို့ခဲယဥ်းတဲ့အသံမျိုး။ အဲဒီအသံနဲ့တစ်ပြိုင်နက် သူ့ဆီကိုပြေးလာနေတဲ့ ခြေသံတစ်သံကိုလည်း သူကြားနေရတယ်။ ပြီးနောက် ဟယ်ရီရဲ့ခေါ်သံကို သူပီပီသသ စကြားရတယ်။
"လူးဆီးယပ်၊ သတိထားစမ်း။"
ဝှစ်....
အနက်ရောင်သံချောင်းတစ်ချောင်းက အိုင်ဗီရဲ့ခေါင်းတည့်တည့်ကို ပြေးဝင်လာတယ်။ အိုင်ဗီလည်း မျှော်လင့်မထားတာကြောင့် ကပျာကယာရှောင်လိုက်ရတယ်။ ခေါင်းတည့်တည့်ကို ပြေးဝင်လာတဲ့ သံချွန်က သူ့ကိုထိမသွားပေမဲ့ ကပ်လျက်ပါလာတဲ့ သံချွန်က သူ့ပါးပြင်ကိုထိုးဖောက်သွားပြီး တစ်ဖက်ကနေ ပြန်ထွက်သွားတယ်။
ပိုးတောင်မာတွေရဲ့အဝါရောင်သွေးရည်ကြည်တွေက အခုဆိုရင် သူ့မေးကနေတစ်ဆင့် စီးကျနေတယ်။ မူရင်းအိုင်ဗီရဲ့ကုသနိုင်စွမ်းကြောင့် ပြန်ကောင်းလာပေမဲ့ သူ့ကိုပစ်ခတ်လိုက်တဲ့သူကို ဒေါသတကြီးနဲ့ လှည့်ကြည့်လိုက်တယ်။ ခပ်လှမ်းလှမ်းမှာတော့ ဟယ်ရီက သူ့စွမ်းအားတွေအကုန်လုံးကို ထုတ်ဖော်ရင်း ပြေးလာနေတယ်။
"စီနီယာ..." ဖားလေးက သူ့အာခံတွင်းထဲမှာရှိနေတဲ့ ချိုမြမြသွေးတချို့ကို ထွေးထုတ်လိုက်ရင်း ပြောလိုက်တယ်။ သူ့အသံက တိုးညှင်းနေတဲ့အတွက် ဟယ်ရီကြားချင်မှ ကြားမှာဆိုပေမဲ့ပေါ့။ သူရထားတဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းလို့ သေလုဆဲဆဲဆိုပေမဲ့ သူ့အသိစိတ်ကတော့ ရှိနေဆဲပါ။ ပြီးတော့ သူ့ဦးနောက်ရဲ့သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုကနေ ဒီတိုက်ပွဲမှာဝင်ပါရင် ဟယ်ရီလည်းသေလိမ့်မယ်လို့ သူသိနေတယ်။
"စီနီယာသူ့ကိုမနိုင်ဘူး...." ဖားလေးပြောလိုက်တာကို ဟယ်ရီကြားပေမဲ့ သူက ရူးရူးမိုက်မိုက်နဲ့ ရှေ့တိုးလာနေတယ်။ သူခြေလှမ်းလိုက်တိုင်းမှာ လမ်းပေါ်က ကွန်ကရစ်အပိုင်းအစတွေ ဒြပ်မှုန်တွေအဖြစ် ပြောင်းလဲသွားပြီး ဟယ်ရီကိုဥက္ကာပျံတိမ်တိုက်တွေလိုမျိုး လှည့်ပတ်နေတယ်။ ဟယ်ရီရဲ့မျက်နှာက တကယ့်ကို စိတ်ဆုံးဖြတ်ထားတဲ့ ပုံစံနဲ့ပါ။
"လူးဆီးယပ်၊ မင်းပြောတာမှန်တယ်။ ငါလည်း ငါ့အနားကလူတစ်ယောက် ဒီအတိုင်းထွက်သွားမှာကို ခွင့်မပြုနိုင်ဘူး။"
ဟယ်ရီက နောက်ထပ်သူဖန်တီးထားတဲ့ ဒြပ်စင်သတ္တုချောင်းတွေနဲ့ အိုင်ဗီကိုဆက်ပစ်နေတယ်။ အိုင်ဗီက အများစုကို သာသာလေးရိုက်ဖယ်နေပေမဲ့ ဟယ်ရီပစ်ခတ်နေတဲ့ပမာဏနဲ့မြန်နှုန်းက သာမန်ထက်အများကြီးပိုမြင့်တာကြောင့် တစ်နေရာတည်းမှာရပ်ပြီး ဆက်ခုခံဖို့မဖြစ်နိုင်တော့တာကြောင့် နောက်ကိုပြန်ဆုတ်လိုက်တယ်။ အခုဟယ်ရီက ဖားလေးဘေးမှာရောက်နေပြီ။
"ငါဟယ်ရီက သူရဲဘောကြောင်တဲ့လူမဟုတ်ဘူး။"
ဟယ်ရီက သူ့လက်တွေကို ဘောင်းဘီအိတ်ထဲကနေ ထုတ်လိုက်တယ်။ ဆေးထိုးအပ်ပြွန်လေးခုစီ ပါလာပြီး ဟယ်ရီက သူ့အသားထဲကိုသူ ထိုးစိုက်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က သွေးကြောတွေ ပေါက်ကွဲထွက်တော့မလို ဖောင်းပွလာပြီးတဲ့နောက် သူ့အနားက စွမ်းအင်စက်ကွင်းကလည်း ပိုမိုကျယ်ပြန့်လာပါတယ်။
"စီနီယာ၊ ခင်ဗျားရူးနေပြီပဲ။" အဲဒီဆေးအမျိုးအစားကို ဖားလေးသေသေချာချာသိတာပေါ့။ လူတစ်ယောက်ရဲ့ခွန်အားကို တစ်ခဏတာတိုးစေတဲ့ မြူတန့်သိပ္ပံက တီထွင်လိုက်တဲ့ဆေး။ ဒါပေမဲ့ ပမာဏများလေ အသုံးပြုသူအတွက် အန္တရာယ်များလေပဲ။ ဟယ်ရီက အဲဒီပစ္စည်းတွေကို စုံစမ်းရတဲ့ဟီးရိုးတစ်ယောက်မလို့ သက်သေအနေနဲ့ ဒီလိုပစ္စည်းတွေအများကြီး သူ့ဆီမှာရှိနေတာ သူသိပေမဲ့ အခုလိုကိုယ်တိုင်သုံးလိမ့်မယ်လို့တော့ ထင်ကိုမထားတာ။
"စီနီယာ၊ ခင်ဗျားရောက်လာတာ သိပ်နောက်ကျတယ်။" ဖားလေးက သူ့ခန္ဓာကိုယ်က လက်ကျန်အင်အားကုန်ကို စုစည်းလိုက်ရင်း ပြန်ထလိုက်ပါတယ်။ သူ့တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ဆိုပေမဲ့လည်း ဟယ်ရီနဲ့ တိုက်ပွဲထပ်ဝင်ဖို့အတွက် တက်ကြွနေပါတယ်။
"အေး၊ ငါမင်းနောက်ကို လိုက်ရင်းမျက်ခြေပြတ်သွားတာ။" ဟယ်ရီကလည်း ဖားလေးနဲ့အဆင့်တူပေမဲ့ ဖားလေးက ပိုမြန်ပါတယ်။ သူဖားပုံစံပြောင်းပြီး မယ်လီရှိနေတဲ့နေရာကို ပြေးလာတုန်းက ဟယ်ရီကျန်ခဲ့တာဖြစ်မယ်။ ဟယ်ရီက အိုင်ဗီကို လက်ညိုးထိုးပြရင်း ပြောလိုက်တယ်။
"ဒီလိုစုန်းမမျိုးကိုနိုင်ချင်ရင် တစ်ချက်တည်းနဲ့သေအောင်သတ်ဖို့လိုတယ်ကွ။" နောက်တော့ ဟယ်ရီက ခြေဆောင့်ချလိုက်တယ်။ ကြမ်းပြင် ကွန်ကရစ်သားတွေအကုန်လုံး မြောက်တက်လာပြီး လေထုထဲမှာတင် အက်တမ်ဓားတွေအဖြစ်ပြောင်းကုန်တယ်။ ပြီးတော့ ဓားတွေက ရာထောင်နဲ့ချီပြီးပွားလာတာဖြစ်ပြီး အနီးအနားက တိုက်တာအဆောက်အဦးတွေပါ ပြောင်းလဲခံရတဲ့အထဲကို ပါလာပါတယ်။
"S rank နီးပါးအစွမ်းကိုရဖို့ ငါ့အသက်ကိုရင်းရမယ်ဆိုရင်တောင် မင်းကိုကူညီဖို့အသင့်ပဲ။" ဟယ်ရီက ဖားလေးကို ပြောလိုက်တယ်။ ဖားလေးရင်ထဲမှာ အနွေးဓာတ်တစ်ခု ပေါက်ဖွားလာပြီး ခေါင်းညိတ်ပြတယ်။
"အတူလုပ်ကြတာပေါ့။"
အိုင်ဗီကတော့ အခုထိကြောက်ရွံတဲ့ပုံမပြပါဘူး။ အဲဒီအစား ပိုပြီးအထင်သေးလာတဲ့ပုံပေါ်ပါတယ်။ "နင့်ထက် ပိုအစွမ်းထက်တဲ့ နင်ဂျူနီယာတောင် ငါ့ရှေ့မှာ သေမလိုဖြစ်သွားတာ။ နင်က အဲဒီကစားစရာလေးတွေနဲ့ ငါ့ကိုသတ်ချင်နေတာလား၊ လူသား။"
ဟယ်ရီကတော့ သူ့မျက်နှာပေါ်ကို လက်နဲ့အုပ်လိုက်ပြီး ပြောလိုက်တယ်။ "ကြည့်ကြသေးတာပေါ့...."
ဝှီး... ဝှစ်... ဝှစ်....
ထောင်နဲ့ချီတဲ့ဓားတွေက လေထုကိုဖြတ်သန်းပြီး အိုင်ဗီကို စအမဲလိုက်တယ်။ အိုင်ဗီက အစပိုင်းမှာတော့ ဒီတိုက်ကွက်ကို အထင်သေးနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ထင်သလောက်မလွယ်မှန်းသတိထားမိလာတယ်။ ဓားတိုင်းက သူ့ခေါင်းကို ပခုံးနဲ့အိုးစားကွဲအောင် ဖြတ်ချဖို့အတွက် ပစ်မှတ်ထားနေကြတာဖြစ်ပြီး သူ့လိုမြန်ဆန်တဲ့ မွန်းစတားတောင်မှ လွယ်လွယ်နဲ့ရှောင်ရှားလို့မရပါဘူး။ အရေအတွက်များလွန်းတဲ့ ဓားတွေကြောင့် သူ့ကိုယ်သူဓားတွေနဲ့ဖွဲ့စည်းထားတဲ့ ဓားကမ္ဘာထဲမှာ ပိတ်မိနေပြီမှန်း သိလိုက်ပါတယ်။
"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး၊ နင်လိုလူသားတစ်ယောက်က ငါ့ကိုသတ်ဖို့မဖြစ်နိုင်ဘူး။"
ဒါပေမဲ့ ဘယ်လိုပဲအော်ဟစ်နေပါစေ ဟယ်ရီက ခံစားချက်မဲ့တဲ့အမူအရာနဲ့ ဓားတွေကိုထိန်းချုပ်ဖို့ ကြိုးစားနေဆဲပါ။ အိုင်ဗီက ပြေးနေရင်းနဲ့ သူ့ခန္ဓာကိုယ်မှာ တစ်ခုခုလစ်ဟင်းသွားတာကို သတိထားမိလိုက်တယ်။ သူ့ရဲ့ညာဖက်ခြေထောက်က သူ့ခန္ဓာကိုယ်ကနေ စွန့်ခွာသွားပြီး ပြေးနေရင်း ဟန်ချက်ပျက်သွားတယ်။ ပထမတော့ ခြေထောက်ကိုပြန်ကောင်းအောင်လုပ်ဖို့ စဥ်းစားလိုက်ပေမဲ့ နောက်ဓားတစ်လက်က ကျန်နေသေးတဲ့ခြေကိုပါ ဖြတ်ချလိုက်တဲ့အတွက် လမ်းပေါ်ပုံကျသွားတယ်။ နောက်တော့ လက်နှစ်ဖက်ကိုပါ ဓားတွေကဆွဲဖြတ်ပစ်လိုက်ပြီး မရှောင်နိုင်တော့တဲ့အချိန်ကျမှ ဓားက သူ့လည်ပင်းပေါ်ကို တိခနဲကျဆင်းလာပါတော့တယ်။
"မဟုတ်ဘူး...." အိုင်ဗီရဲ့အော်သံက လမ်းတစ်ခုလုံးကို ပြန့်နှံသွားပြီးတဲ့နောက် ခေါင်းပြတ်ကြီးက လေထဲမြောက်တက်လာတယ်။ ဒါပေမဲ့ ဟယ်ရီက ဒီလောက်နဲ့ရပ်တန့်ဖို့ မစဥ်းစားသေးပါဘူး။ နောက်ထပ်ဓားတွေက အိုင်ဗီရဲ့ခေါင်းပေါ်ကိုကျဆင်းလာပြီး ဟက်တပ်ခွဲပစ်လိုက်တယ်။ နောက်တော့ အင်းဆက်ဦးနောက်ကိုပါ တစ်စစီလုပ်ပစ်လိုက်တယ်။
"အဟွက်...." အိုင်ဗီကို ကိစ္စဖြတ်ပြီးတဲ့နောက်တော့ ဟယ်ရီသွေးချောင်းဆိုးလိုက်ပြီး ထိန်းချုပ်ထားတဲ့ ဓားတွေအကုန်လုံး ပြုတ်ကျပြီး ကွန်ကရစ်မှုန့်တွေအဖြစ်ကို ပြန်ပြောင်းသွားတယ်။
"စီနီယာ... အဆင်ပြေလား။" ဖားလေးက ဟယ်ရီကို ဖေးမလိုက်ရင်းမေးလိုက်တယ်။ ဟယ်ရီက ခေါင်းညိတ်ပြလိုက်ရင်း
"ငါအဆင်ပြေတယ်၊ ဆေးဖိအားကြောင့် ကိုယ်တွင်းဒင်္ဂါတွေ ဒဏ်ဖြစ်ကုန်ရုံပဲ။" ဟယ်ရီက ရယ်မောရင်းပြောလိုက်တယ်။ "စွမ်းအားသုံးပြီးတဲ့အထိ ငါ့တစ်ကိုယ်လုံး ပေါက်ကွဲမသွားသေးဘူးဆိုတော့ ဒီတစ်ခါတော့ ငါအသက်ရှင်သွားပြီဆိုတဲ့သဘောပဲ။ မင်းကရော...."
ဟယ်ရီက ဖားလေးရဲ့ဒဏ်ရာတွေကို ထိုးပြရင်းပြောလိုက်တယ်။ ဖားလေးရဲ့ဒဏ်ရာတွေက ဟယ်ရီထက် ပိုဆိုးဝါးပေမဲ့ တဖြည်းဖြည်းပြန်ကျက်လာနေပါပြီ။ ဖားလေးတောင်မှ သူ့ကိုယ်သူပြန်အံ့ဩနေပါတယ်။
"ကျွန်တော့်ရဲ့ဖားပုံစံသစ်ကြောင့် မြန်မြန်ပြန်ကောင်းလာတာများလား။ ဒါပေမဲ့ ခွန်အားပြန်ပြည့်ဖို့တော့ အချိန်အတော်ကြာ နားရဦးမယ်ထင်တယ်။"
နောက်တော့ ဖားလေးက တစ်ခုခုကိုသတိရလာပြီး ဟယ်ရီကို အကောင်းအတိုင်းရှိနေသေးတဲ့ နံရံတစ်ခုမှာမှီပေးကာ ထောင့်တစ်ခုအကွယ်ကိုဝင်သွားပြီး ကသိကအောင့်ဖြစ်နေတဲ့ မျက်နှာနဲ့ပြန်ထွက်လာတယ်။
"ဘယ်လိုလဲ၊ ဒီတစ်ခါရော ဘယ်လိုဖြစ်သွားလဲ။"
"အပြားရောအလုံးရော မဟုတ်တော့ဘူးဗျ၊ ပြောင်ချောကြီး။"
"....."
နောက်တော့ သူတို့နှစ်ယောက်လုံး အဲဒီကိစ္စကို ထပ်ပြီးစကားမစဖို့ ဆုံးဖြတ်လိုက်ပြီး တခြားအရေးကြီးတဲ့ကိစ္စကို တိုင်ပင်တယ်။ "ကျွန်တော်တို့ဒီကိုလာတုန်းက သုံးယောက်လာတာ။ အစ်မကြီးမယ်လီမပါဘဲ မပြန်နိုင်ဘူး။"
ဟယ်ရီလည်း ခေါင်းညိတ်လိုက်ပြီး "ငါတို့သူ့နောက်လိုက်ခေါ်ကြတာပေါ့။"