← Chapters

ညာလက်ရုံး အကြီးအကဲကြီး နှစ်ယောက်

Vol. 64 Ch. 879

ညာလက်ရုံး အကြီးအကဲကြီး နှစ်ယောက်

Vol. 64 Ch. 879

ထို အစီအစဉ်မှာ အပေါ်ယံတွင် လွယ်ကူသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုသာ ဖြစ်ပေသည်။ ယခုတွင် ဝမ်ပေါင်လဲ့၊ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အခြားသူများမှာ ထောင်ချောက်မိသွားကြသည့် ပုံပင်။ ထို့အပြင် ဝမ်ပေါင်လဲ့ကိုယ်တိုင် ‌ထိုနေရာသို့ အဖွဲ့တစ်ဖွဲ့အား ဦးဆောင်လာခဲ့သည်ဖြစ်ရာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအတွက် ရေကန်အသင့် ကြာအသင့်ဖြစ်နေတော့သည်။

သို့သော် ဟေးယွင်ကျစ်မှာ သတင်းအချက်အလက်များ မပေါက်ကြားနိုင်စေရန် အထူးဂရုပြုခဲ့၏။ သူသည် သူ၏ အစီအစဉ်များအား တော်ဝင်မိသားစုထဲက မည်သူကိုမှ ပြောပြခဲ့ခြင်းမရှိဘဲ သူတို့အား စတေးပစ်ရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်သည်။ အခြားတော်ဝင်မင်းသားနှစ်ယောက်ပင်လျှင် ထို အကြောင်းများကို မသိထားပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ထောင်ချောက်မိသွားခဲ့ရခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ဟေးယွင်ကျစ်၏ မျက်ဝန်းများထဲရှိ လောဘစိတ်များကို သတိထားမိလိုက်သောအခါ ဖြစ်ကြောင်းကုန်စင်အား အနည်းငယ်မျှ ရိပ်မိသွားသဖြင့် အံ့ဩတုန်လှုပ်သွားရ၏။

" ငါ့ကို သတ်နိုင်ဖို့က ဒုတိယအသုတ် ရောက်လာအောင် ဆင့်ခေါ်ဖို့ထက် ပိုပြီးတော့ အရေးကြီးနေတာလားဟ။ မဟုတ်သေးပါဘူး.... မဟုတ်မှလွဲရော... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး ခေါင်းထဲ၌ အတွေးမျိုးစုံပေါ်ပေါက်လာတော့သည်။

" သူတို့က ငါ့အတွက် ဒီထောင်ချောက်ကို တကူးတက ပြင်ဆင်ထားတာများလား.... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် နှလုံးသားထဲ၌ စိုးရိမ်ပူပန်သွားရသောကြောင့် သူ၏ သိုလှောင်အိတ်အား ဖွင့်နိုင်ရန် ကြိုးစားလိုက်၏။ သို့သော် သူသည် သူရောက်နေသည့် အချုပ်အနှောင်နှင့်တူသော နယ်မြေကြီးထဲတွင် သူ၏ သိုလှောင်အိတ်အား ဖွင့်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်ကို သတိထားမိလိုက်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်ပျက်သွားရပြီး တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် အကြောင်းရင်းနှစ်ခုအား ခန့်မှန်းမိသွား၏။

" ပထမအကြောင်းရင်းက.... သူတို့က ဒီလို ဖြစ်လာလိမ့်မယ်လို့ ကြိုတင်မှန်းဆခဲ့ပြီးတော့ ငါ့ရဲ့ စစ်ဆင်ရေးကို ပျက်ပြားသွားအောင်လုပ်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ထားတာပဲ ဖြစ်ရမယ်။ အဲတာမှ ငါက ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကြီးကို တားဆီးနိုင်စွမ်းမရှိမှာ "

" ဒုတိယ အကြောင်းရင်းကတော့... ငါရှိနေတဲ့ အချက်ကြောင့် ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကို ဆက်မလုပ်နိုင်ဘဲ ဖြစ်နေရတာမလို့ ငါ့ကို အရင်ဆုံး သတ်ဖို့လိုနေတာပဲ ဖြစ်ရမယ်။ ပထမအကြောင်းရင်းကြောင့် ဆိုရင်က ကိစ္စသိပ်မရှိပေမဲ့ ဒုတိယအကြောင်းရင်းကြောင့် ဆိုရင်တော့... "

ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ သူ မည်မျှပင် လျင်မြန်စွာ တုံ့ပြန်နိုင်စေကာမူ အဓိကကျသည့် အချက်အလက်များကို သိရှိထားခြင်း မရှိသောကြောင့် အမှန်အတိုင်း မသိနိုင်ဘဲ ဖြစ်နေရဆဲပင်။ သို့သော် ဟေးယွင်ကျစ်၏ အမူအရာများကို မြင်လိုက်ရရုံနှင့် ယခုကဲ့သို့ အကဲဖြတ်အသုံးသတ်နိုင်ခဲ့သည်ကိုကြည့်လျှင် ဝမ်ပေါင်လဲ့၏ ဉာဏ်ရည်မှာ တိုးတက်လာပြီဖြစ်ကြောင်း သိနိုင်ပေသည်။

ယခုတွင် သူသည် သူ၏ ခန့်မှန်းချက်များ မှန် မမှန်ကိုပင် အာရုံစိုက်နိုင်စွမ်း မရှိတော့ပေ။ လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံးမှာ ထို အကာအရံကြီးထဲမှ အမြန်ဆုံးနည်းဖြင့် ဖောက်ထွက်ကာ ထိုနေရာမှ ထွက်ခွာသွားနိုင်ရန် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူဖန်တီးထားသည့် ကိုယ်ပွားလေးခု ပြန်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားသောအခါ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် ဂြိုဟ်အဆင့်လက်ဖဝါးကြီးအား ထုတ်သုံးရန် ကြိုးစားလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်မီးတောက်မှာ ဖျတ်ခနဲ လက်သွားတော့သည်။ သို့သော် ထို လက်ဖဝါးကြီးမှာလည်း ဖိနှိပ်ချုပ်တည်းခံထားရသဖြင့် အပြင်ဘက်သို့ ထွက်မလာနိုင်ဘဲ ဖြစ်နေရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး နောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်တော့သည်။ ထိုအခါ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ဘယ်လက်ရုံး အကြီးအကဲကြီး၏ နောက်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးထဲမှ မှုန်ဝါးဝါး လူရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလူရိပ်ကြီးအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသောအခါ မျက်နှာ အမူအရာ လုံးဝပြောင်းလဲသွားရ၏။

" ခဗျား.... "

" မျိုးမစစ်ကောင်လေး။ ငါတို့တွေ ပြန်တွေ့ကြပြီပေါ့ " ဝမ်ပေါင်လဲ့တစ်ယောက် မျက်နှာအမူအရာ ပြောင်းလဲသွားစဉ်မှာပင် ဟင်းလင်းပြင်ကြီးထဲမှ ထွက်လာသည့် လူရိပ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ရုပ်လုံးပေါ်လာ၏။ သူသည် ပခုံးအထိရှည်သော ဆံပင်များကို ပိုင်ဆိုင်ထားပြီး သက်တံ့ရောင် ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသည်။ သူသည် သက်လတ်ပိုင်း လူကြီးတစ်ယောက်နှင့်တူပါသော်လည်း အနည်းငယ်ခန့် အိုမင်းရင့်ရော်နေသည့်ပုံ ပေါက်နေ၏။

ထိုအချိန်တွင် သူ၏ ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ပေါက်ကွဲထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်ကြီး တစ်ခုလုံးမှာ အပြင်းအထန်တုန်ရီသွားရ၏။ ထိုနေရာကြီးမှာ ထာဝရကြယ်၏ ပိုင်နက်ထဲတွင်သာ ရှိနေသေးသည့်တိုင်အောင် ထို ပုဂ္ဂိုလ်ကြီး၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ဖိနှိပ်ချုပ်တည်းနိုင်စွမ်း အပြည့်ရှိနေဆဲပင်။

သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတွင် ရှိနေခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့နှင့် တစ်ခဏမျှ တိုက်ခိုက်ခဲ့ဖူးပြီး ဝမ်ပေါင်လဲ့၏ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော ဓမ္မစစ်သင်္ဘောကြီးများကြောင့် ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားခဲ့ရသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီး ဖြစ်ပေသည်။

ပုံမှအတိုင်းသာဆိုပါက ညာလက်ရုံး အကြီးအကဲကြီး ပေါ်ပေါက်လာရုံလောက်နှင့် ဝမ်ပေါင်လဲ့မှာ ယခုလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစရာအကြောင်း မရှိပေ။ သို့သော် သူ ထာဝရကြယ်အပြင်ဘက်ရှိ ပင်မစစ်မြေပြင်ကြီးထဲ၌ ချန်ရစ်ထားခဲ့သော ကိုယ်ပွားမှာ ထို စစ်မြေပြင်ကြီး တစ်ခုလုံးကို မြင်နေရသည် မဟုတ်ပါလော။ ထို စစ်မြေပြင်ကြီးထဲတွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်နေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးမှာလည်း... ညာလက်ရုံး အကြီးအကဲကြီး ဖြစ်နေဆဲပင်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ရှိနေသည့် ကျင့်ကြံသူကြီးမှာ နေရာနှစ်ခုတွင် တစ်ပြိုင်နက်တည်း ရှိနေသကဲ့သို့ ဖြစ်နေတော့သည်။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချား သွားရခြင်း ဖြစ်၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ ဒုတိယခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ချက်ချင်း ရိပ်မိသွားတော့သည်။

" သူတို့က ဒီလို ထောင်ချောက်မျိုးကို ဆင်ထားခဲ့တဲ့အပြင် အခု ဘယ်လက်ရုံး အကြီးအကဲကြီးနဲ့ ညာလက်ရုံး အကြီးအကဲကြီးတို့ နှစ်ယောက်စလုံးပါ ရောက်လာကြပြီဆိုတော့ ငါ့ရဲ့ စစ်ဆင်ရေးကို တားဆီးနိုင်ရုံလောက်ပဲ ကြံရွယ်ထားကြတာ မဖြစ်နိုင်ဘူး။ သူတို့က ငါ့ကို ဒီနေရာမှာတင် သတ်နိုင်ဖို့ ကြံစည်ထားကြတာပဲ။ သူတို့တွေ အခုလို လုပ်နေရတဲ့ အကြောင်းရင်းက တစ်ခုပဲရှိတယ်... ငါ့ကို မသတ်နိုင်ရင် ထာဝရကြယ်ကြီးရဲ့ ဒုတိယမြောက် တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကို စတင်နိုင်မှာမဟုတ်လို့ပဲ "

ဝမ်ပေါင်လဲ့မှာ ဖြစ်ကြောင်းကုန်စင်အား သိရှိနားလည်သွားပြီးနောက် ယခင်တုန်းက သူ ထာဝရကြယ်မျက်လုံးအား ထိန်းချုပ်နိုင်ရန် တွေးမိခဲ့ဖူးသည်ကို ပြန်သတိရသွား၏။ သူသည် လက်ရှိ အခြေအနေကြီးတစ်ခုလုံးအား အလျင်အမြန် အကဲဖြတ်သုံးသပ်လိုက်ပြီးနောက် အဖြေအစစ်အမှန်အား ခပ်ရေးရေးမျှ ခန့်မှန်းမိသွားတော့သည်။

သူသည် ထိုအဖြေအား ခန့်မှန်းမိသွားသည်နှင့် ဟန်ဆောင်နေခြင်း မရှိဘဲ ချက်ချင်း ဆိုလိုက်၏။

"ညာလက်ရုံး အကြီးအကဲကြီးပါ ရောက်လာတာဆိုတော့ ကြည့်ရတာ ခင်ဗျားတို့က ကျုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တကယ်လိုချင်နေတဲ့ ပုံပဲ။ ဒါပေမဲ့ ကျုပ်သိချင်တာ တစ်ခုရှိတယ်။ ညာလက်ရုံး အကြီးအကဲကြီးက ဒီကိုရောက်နေတာဆိုတော့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနဲ့ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို တိုက်ခိုက်နေတဲ့ လူကြီးက ဘယ်သူလဲ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းထဲမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူ သုံးယောက်မဟုတ်ဘဲ လေးယောက် ရှိနေတာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ မေးလိုက်ပြီးနောက် သူ၏ နတ်ဘုရားစိတ်ဆန္ဒဖြင့် ထိုလူကြီးသုံးယောက်၏ အမူအရာများ ပြောင်းလဲသွားခြင်း ရှိမရှိ သေသေချာချာ စောင့်ကြည်နေလိုက်၏။

ထိုအခါ ဘယ်လက်ရုံး အကြီးအကဲကြီးမှာ မျက်လုံးများ မှေးသွားပြီး ဟေးယွင်ကျစ်မှာလည်း ထိုနည်းတူပင်။ သို့သော် ခဏအကြာတွင် ဟေးယွင်ကျစ်မှာ ဝမ်ပေါင်လဲ့ အဖြေမှန်အား ခန့်မှန်းမိသွားသည့် အချက်ကို ဂရုစိုက်နေခြင်း မရှိသည့်ပုံဖြင့် လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့အား အရိုအသေပေးကာ ဆိုလိုက်တော့သည်။

" ကျွန်တော် ဒီကိစ္စကို လူကြီးမင်းတို့ရဲ့ လက်ထဲ အပ်ခဲ့ပါ့မယ်။ ပြင်ဆင်စရာ ရှိတာလေးတွေ သွားပြီးတော့ ပြင်ဆင်လိုက်ဦးမယ်။ ဒီကောင် အသက်ပျောက်သွားတာနဲ့ ကျွန်တော် ထာဝရကြယ်ရဲ့ တည်နေရာပြောင်းရွှေ့ခြင်းအပေါက်ကို ဖွင့်ပြီး ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ စစ်တပ်ကို ဆင့်ခေါ်ထားလိုက်ပါ့မယ် " ဟေးယွင်ကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ကိုပင် တစ်ချက်မကြည့်ဘဲ ပျောက်ကွယ်သွားတော့သည်။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အစစ် မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ရပေမည်။

သူ၏ စကားများနှင့် လုပ်ရပ်များကြောင့် ဝမ်ပေါင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရတော့သည်။

" အဲတာဆိုရင် ငါ့ရဲ့ ရာထူးအဆင့်အတန်းကြောင့် ငါ ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်ခွင့် ရှိလိမ့်မယ်လို့ ခန့်မှန်းထားတာ မှန်နေတာပဲ။ ဟေးယွင်ကျစ်က တည်နေရာပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်ကို တစ်ကြိမ် လုပ်နိုင်ခဲ့တာဆိုတော့ သူလည်း တစ်ချိန်ချိန်တုန်းက ငါ့လိုမျိုး ထာဝရကြယ်မျက်လုံးကြီးကို ထိန်းချုပ်နိုင်စွမ်းရှိခဲ့မှာ သေချာတယ်။ ဒါပေမဲ့ အခု သူက ငါ့ကို သတ်ချင်နေတာဆိုတော့... သူ့ဆီမှာ အဲဒီ လုပ်ပိုင်ခွင့်အာဏာ မရှိတော့လို့ ဒါမှမဟုတ် ငါတို့နှစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေရဲ့ ကြားမှာ အားပြိုင်မှုတစ်ခုခု ပေါ်ပေါက်လာလို့ပဲ ဖြစ်မှာ "

" ငါ့ကို သတ်ပြီးသွားရင် သူက အဲဒီ လုပ်ပိုင်ခွင့်အာဏာကို ပြန်ရသွားမှာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်လုံးများ မှေးသွားပြီး ထာဝရကြယ်မျက်လုံးအား ထိန်းချုပ်နိုင်ရန် ကြိုးစားကြည့်လိုက်၏။ သို့သော် ယခင်တုန်းကအတိုင်း မည်သည့် တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

ညာလက်ရုံး အကြီးအကဲကြီးမှာမူ ဟေးယွင်ကျစ်၏ စကားများကို ကြားလိုက်ရပြီးနောက်‌ ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်သည်။

" မင်း သေခါနီးကျရင် အပြင်မှာရှိနေတဲ့လူက ဘယ်သူလဲဆိုတာ ငါ မင်းကို ပြောပြမယ် " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ရှေ့သို့ဆန့်ထုတ်လိုက်၏။ တစ်ချိန်ထဲမှာပင် သူ၏ ဘေးတွင်ရှိနေသည့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာလည်း သူနှင့်အတူ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။

ထိုအခါ ထစ်ချုန်းသံများ မြည်ဟည်းထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့ မမြင်နိုင်ခဲ့သည့် အကာအရံကြီးမှာ ရုပ်လုံးပေါ်လာ၏။ ၎င်းမှာ သက်တံ့ရောင် အလင်းရောင်များ ထုတ်လွှတ်နေသည့် ဧရာမ ပူစည်ဖောင်းကြီး တစ်လုံးကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာ ထို ပူစည်ဖောင်းထဲ၌ ပိတ်မိနေခြင်းဖြစ်၏။ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့ တိုက်ခိုက်လိုက်ကြသည်နှင့် ထို ပူစည်ဖောင်းကြီးမှာ ရုပ်လုံးပေါ်လာပြီး တဖြည်းဖြည်းနှင့် ကျုံ့ဝင်လာတော့သည်။ ထိုအခါ ထို ပူစည်ဖောင်းထဲ၌ အလွန်အင်မတန်မှ အားကောင်းသည့် ဖိနှိပ်ချုပ်တည်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။

ထို ဖိနှိပ်အားများမှာ သာမန် ဂြိုဟ်အဆင့်ထက် သာလွန်နေပြီး အလယ်အလတ် ဂြိုဟ်အဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့ဖြစ်ရာ ထို သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာ မန္တန်အစီအရင်တစ်မျိုး သို့မဟုတ် ဓမ္မရတနာတစ်ခုဖြစ်ပြီး အလွန်အင်မတန်မှ တန်ဖိုးကြီးမားရပေမည်။ ၎င်းအား မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဝှက်ဖဲဟုပင် သတ်မှတ်၍ ရနေသည်ဖြစ်ရာ သူတို့မှာ မလိုအပ်ဘဲ ၎င်းအား ထုတ်သုံးကြမည် မဟုတ်ပေ။

ယခုတွင် အကြီးအကဲကြီး နှစ်ယောက်မှာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် ၎င်းအား ပြိုင်တူထိန်းချုပ်ကာ အသုံးပြုလိုက်ရပြီ ဖြစ်သည်။

သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့သည် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်သည့်တိုင်အောင် ဂြိုဟ်အဆင့် ကျင့်ကြံသူများထက်ပင် ပို၍ ရင်ဆိုင်ရခက်သည်ဟု မှတ်ယူထားကြ၏။ သူ၏ ထောင်ပေါင်းများစွာသော ဓမ္မစစ်သင်္ဘောကြီးများနှင့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးတို့ကြောင့် သူတို့မှာ သူ့အား လုံးဝ လျှော့တွက်နိုင်ကြမည် မဟုတ်ပေ။ ပို၍ပင် အရေးကြီးသည့်အချက်မှာ သူတို့၏ တွက်ချက်မှုများအရဆိုလျှင် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် သူတို့မှာ သူ၏ ခန္ဓာအသွင်ပြောင်းပညာရပ်ကိုလည်း သိရှိထားကြ၏။

ထို့ကြောင့်လည်း သူတို့မှာ မတော်တဆမှုများ မပေါ်ပေါက်လာနိုင်စေရန်နှင့် ဝမ်ပေါင်လဲ့အား ထွက်ပြေးလွတ်မြောက်နိုင်ခွင့် အနည်းငယ်မျှပင် မပေးလိုသောကြောင့် စစ်မြေပြင်ကြီးအား ထာဝရကြယ်၏ ပိုင်နက်ထဲသို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်၏။ တစ်ချိန်ထဲမှာပင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်တွက်မနေခဲ့ဘဲ တစ်ဂိုဏ်းလုံး အနှစ်နှစ် အလလ ကြိုးပမ်းကာ ဖန်တီးတည်ဆောက်ထားခဲ့ရသည့် ဓမ္မရတနာကြီးအား အသုံးပြုခွင့်ပေးခဲ့၏။ သို့မှသာ ထို ထောင်ချောက်ဆင်မည့် အစီအစဉ်မှာ သေချာပေါက် အောင်မြင်နိုင်လိမ့်မည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။

ထို သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာလည်း အမှန်တကယ်ပင် အစွမ်းထက်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ လျင်မြန်စွာ လည်ပတ်နေရင်း စတင်တုန်ရီလာ၏။ ထိုအခါ သူသည် အလွန်အင်မတန်မှ အားကောင်း‌သည့် ဖိနှိပ်အားများ အရပ်မျက်နှာအနှံ့မှနေ၍ သူ့ဆီသို့ ဦးတည်လာနေသည်ကို အာရုံခံမိလိုက်တော့သည်။

All Chapters