ဓားအလင်းတန်းများ
Vol. 64 Ch. 880
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီ ဖြစ်သည်။ သူသည် မည်မျှပင် ကြိုးစားနေစေကာမူ ထိုဖိနှိပ်အားများကို အပြည့်အဝ တောင့်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ အမှန်အတိုင်းဆိုရလျှင် သူ၏ ခန္ဓာကိုယ်ကြီးမှာ တွန့်လိမ်ပုံပျက်လာရပြီ ဖြစ်သည်။ ခန္ဓာကိုယ် အပြင်ဘက်ရှိ ဖိနှိပ်အားများမှာ အလွန်အင်မတန်မှ အားကောင်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီလာရ၏။ ကံကောင်းသည့်အချက်မှာ သူသည် သူ၏ ခန္ဓာကိုယ်အစစ်ထဲ၌ ရှိမနေခြင်းပင်။ ၎င်းအား သူ၏ ဝိညာဉ်ဖြင့် ဖန်တီးထားသည်သာဖြစ်ရာ ၎င်းမှာ တွန့်လိမ်ပုံပျက်သွားရုံမှလွဲ၍ ပေါက်ကွဲပျက်စီးသွားခြင်း မရှိပေ။
သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံနေရသည်ဟု ခံစားနေရဆဲပင်။ သူသည် ထို ဖိနှိပ်အားများ၏ အောက်မှ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိပါက အများဆုံး ဆယ်မိနစ်ခန့်သာ ဆက်၍ တောင့်ခံနိုင်တော့မည်ဖြစ်ကြောင်း နားလည်ထားသည်။ ဆယ်မိနစ်ခန့် ကုန်ဆုံးသွားပြီးလျှင် သူ၏ ကိုယ်ပွားမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရမည်သာ ဖြစ်သည်။
" သိုလှောင်အိတ်ကိုလည်း ဖွင့်လို့မရ၊ ဂြိုဟ်အဆင့်လက်ဖဝါးကိုလည်း သုံးလို့မရပါလား... တောက်ကွာ... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာသည့်တိုင်အောင် စိုးရိမ်တုန်လှုပ်နေခြင်း မရှိပေ။ သူသည် ဤ တိုက်ပွဲကြီးမှာ လုပ်ပိုင်ခွင့်အာဏာများအတွက် အားပြိုင်မှုတစ်ခုသာဖြစ်ကြောင်း နားလည်ထားသဖြင့် သူ့ဆီတွင် ရွေးချယ်စရာနည်းလမ်း အမျိုးမျိုးရှိကြောင်း သိထားပေသည်။
" ထာဝရကြယ်မီးတောက်ကို ဖောက်ခွဲပစ်ပြီးတော့.... ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ ပြန်လာရမလား။ အဲဒီလို လုပ်လို့ရပေမဲ့ နည်းနည်းလေးတော့ ပြဿနာရှိတယ်။ ဒီ နေရာက ထာဝရကြယ် အပြင်ဘက်ခြမ်းရဲ့ အပြင်ပိုင်းမှာ ရှိနေတာ မဟုတ်ဘူးလေ။ အဲတာဆိုရင် ဒီနေရာကို လိုက်ရှာနေရင်း အချိန်ဖြုန်းမိသလို ဖြစ်နေမှာ။ ပြီးရင် ကြုံတွေ့ရနိုင်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း တော်တော်လေးကို ကြီးတယ်... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ အလျင်အမြန် စဉ်းစားတွေးတောလိုက်ပြီးနောက် အခြား နည်းလမ်းတစ်ခုအား အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။
" ဉာဏ်အလင်းပွင့်စေသော်... " ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ရုတ်တရက်ဆိုသလို ထုတ်လွှတ်လိုက်ပြီး အရပ်မျက်နှာအနှံ့မှ ဖိနှိပ်အားများကို ခုခံတွန်းလှန်ရင်း စိတ်ထဲတွင် တာအိုဂါထာတော်အား စတင်ရေရွတ်လိုက်၏။ သူသည် အရဲစွန့်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အကယ်၍ ထိုနည်းလမ်းမှာ အလုပ်မဖြစ်လျှင်တောင် သူ၏ ခန္ဓာကိုယ်အား ဖောက်ခွဲပစ်ရန် အချိန်ရဦးမည် ဖြစ်သည်။
သူ ရင်ဆိုင်ကြုံတွေ့နေရသည့် အန္တရာယ်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ သူသည် ဝှက်ဖဲတစ်ချပ် ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ ကိုယ်ပွား သေဆုံးသွားလျှင်တောင် သူ၏ ခန္ဓာကိုယ်အစစ်ပေါ်သို့ အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။
သို့သော် ဖြစ်နိုင်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သူ၏ ကိုယ်ပွား ပျက်စီးသွားရခြင်းကြောင့် ပေါ်ပေါက်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို အတတ်နိုင်ဆုံး ရှောင်လွှဲလိုပေသည်။ သူ၏ ကိုယ်ပွား ပျက်စီးသွားသည်နှင့် သူ၏ ခန္ဓာကိုယ်အစစ်မှာ ဒဏ်ရာမရနိုင်သည့်တိုင်အောင် သူသည် ရေရှည်တွင် ထိခိုက်နစ်နာမှုများကို ခံစားလိုက်ရမည်သာ ဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများကိုလည်း မဆုံးရှုံးချင်ပေ။
ကျောက်ယမုန့်၊ ဝူလေးနှင့် မြည်းလေးတို့မှာ ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်ထဲရှိ ဓမ္မစစ်သင်္ဘောကြီးထဲ၌ ရောက်နေကြသည်ဖြစ်ရာ သူသည် သူ၏ ခန္ဓာကိုယ်အစစ် အချိန်မီ နိုးထလာသည်နှင့် သူတို့အား ပေါက်ကွဲမှု၏ အပြင်ဘက်သို့ ရောက်သွားအောင် ထုတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
သို့သော် ထိုသို့ဆောင်ရွက်နိုင်ရန် သူ၏ ခန္ဓာကိုယ်အစစ်မှာ အချိန်မီနိုးထလာရန် လိုအပ်သလို ထာဝရကြယ် အပြင်ဘက်ခြမ်းပေါ်တွင် ဟာကွက်ရှိနေသည့် နေရာတစ်ခုခုအား အောင်မြင်စွာရှာတွေ့နိုင်ရန်လည်း လိုအပ်ပေသည်။ ထို့နောက် သူသည် ထာဝရကြယ်၏ အပြင်ဘက်ခြမ်းပေါ်ရှိ ဥပဒေသစွမ်းအားများကို ကျော်ဖြတ်လာပြီးနောက် သူ၏ကိုယ်ပွားကို တွေ့အောင် ရှာဖွေကာ ကူညီပေးရမည် ဖြစ်သည်။
" အဲဒီလို လုပ်ရမယ့် အခြေအနေအထိ မရောက်သေးပါဘူး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တာအိုဂါထာတော်အား ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူ၏ ဝှက်ဖဲများထဲတွင် ထာဝရကြယ်မီးတောက်အပြင် မီးတောက်ခေါင်းဆောင်ကြီးဆီမှ ရရှိထားသည့် ကျိန်စာကျောက်စိမ်းပေလွှာလည်း ရှိနေသေးသည် မဟုတ်ပါလော။
သို့ဖြစ်ရာ သူသည် ယခုတွင် သက်တံ့ရောင် ပူစည်ဖောင်းကြီး၏ ဖိနှိပ်ချုပ်တီးခြင်းကို ခံထားရသဖြင့် လှုပ်ရှားနိုင်စွမ်း မရှိသေးသည့်တိုင်အောင် သူ၏ သိုလှောင်အိတ်အား ဖွင့်ကာ သူ၏ ဂြိုဟ်အဆင့်လက်ဖဝါးကြီးအား ထုတ်သုံးနိုင်မည်ဆိုပါက ဤ အန္တရာယ်ကြီးအား ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
အရာအားလုံး၏ အဓိကသော့ချက်မှာ လက်ရှိတွင် သူ အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာ ဖြစ်သည့် တာအိုဂါထာတော်ကြီး အချုပ်အနှောင်ကြီးကို ပြေလျော့သွားအောင်လုပ်ကာ သူ့အား ပညာရပ်များ ထုတ်သုံးခွင့်ရအောင် ကူညီပေးနိုင်ရန်ပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ သက်တံ့ရောင် ပူစည်ဖောင်းကြီး အလျင်အမြန် ကျုံ့ဝင်လာသည်နှင့် သူ၏ ခေါင်းထဲ၌ ထိုအတွေးများ ချက်ချင်းပေါ်ပေါက်လာခြင်း ဖြစ်၏။ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲတို့ နှစ်ယောက်စလုံးမှာ အစွမ်းကုန် ထုတ်လွှတ်၍ ထို ပူစည်ဖောင်းကြီးအား အားဖြည့်ကာ ထိန်းချုပ်ထားကြသည်ဖြစ်ရာ ၎င်း၏ အတွင်းပိုင်းထဲရှိ ဖိနှိပ်အားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား တွန့်လိမ်ပုံပျက်သွားစေနိုင်လောက်သည့်အထိ အားကောင်းလာတော့သည်။
ဘယ်လက်ရုံး အကြီးအကဲကြီး၏ မျက်ဝန်းများထဲတွင်ဆိုလျှင် စိတ်လက်ပေါ့ပါးနေသည့် အရိပ်အယောင်များကိုပင် မြင်နိုင်ပေသည်။ သူသည် ညာလက်ရုံး အကြီးအကဲကြီးထက် ဝမ်ပေါင်လဲ့အား ပို၍မုန်းတီးနေ၏။ ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ပါက သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား ဆုံးရှုံးခဲ့ရမည်မဟုတ်သလို သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဂြိုဟ်အဆင့်အောက်သို့ ကျဆင်းသွားခဲ့မည် မဟုတ်ပေ။ ထို့အပြင် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့်လည်း သူသည် အနာဂတ်တွင် ဘယ်သောအခါမှ ထပ်၍ ဖောက်ထွက်နိုင်တော့မည် မဟုတ်ပေ။
" သေပေတော့ " ဘယ်လက်ရုံး အကြီးအကဲကြီးမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကြိမ်းဝါးကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီး တဆတ်ဆတ် တုန်ရီလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းတစ်ခု ကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်လာချိန်တွင် ထာဝရကြယ်ကြီး တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် အဝေးတစ်နေရာရှိ စကြဝဠာကြီးထဲမှ ရောက်ရှိလာသည့်ပုံပေါ်သော စွမ်းအင်လှိုင်းတစ်မျိုးမှာ ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့သည်။
ထို စွမ်းအင်လှိုင်းကြီးမှာ အလွန်အင်မတန်မှ အားကောင်းပါသော်လည်း ထူးဆန်းသည်မှာ ဝမ်ပေါင်လဲ့နှင့် အကြီးအကဲကြီးနှစ်ယောက်မှ လွဲ၍ ထာဝရကြယ် အပြင်ဘက်ရှိ မည်သူကမှ ၎င်းအား သတိမထားမိခဲ့ခြင်းပင်။ သူတို့မှာ ... ထာဝရကြယ်၏ အလင်းရောင်များ အနည်းငယ်ခန့် မှိန်သွားသည်ကိုသာ မြင်လိုက်ရ၏။
ထိုမြင်ကွင်းကြောင့် အပြင်ဘက်တွင် တိုက်ခိုက်နေကြသည့် တပ်ဖွဲ့များမှာ ဆွံ့အမှင်တက်သွားကြပါသော်လည်း ထာဝရကြယ်ကြီးထဲတွင် ရှိနေသော ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့မှာမူ မျက်နှာအမူအရာများ လုံးဝပြောင်းလဲသွားတော့သည်။
ညာလက်ရုံး အကြီးအကဲကြီးမှာဆိုလျှင် မျက်လုံးများပြူးသွားပြီး တစ်ခေါင်းလုံး ထူပူသွား၏။ သူသည် သာမန်လူသားတစ်ယောက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအားများကို ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ ခံစားနေရတော့သည်။
ဘယ်လက်ရုံး အကြီးအကဲကြီးမှာလည်း ထိုနည်းတူပင်။ ထို့အပြင် သူသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်ဖြစ်ရာ ထို စွမ်းအင်လှိုင်းကြီး၏ ပြင်းအားများကို ပိုမိုခံစားလိုက်ရသဖြင့် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရ၏။
သူတို့မှာ စိတ်ရောကိုယ်ပါ တုန်လှုပ်ချောက်ချားသွားရသည် ဖြစ်ရာ အချုပ်အနှောင်ကြီးပေါ်၌ အများကြီး အကျိုးသက်ရောက်မှု ရှိပေသည်။ ထိုစဉ်တွင် တာအိုဂါထာတော်၏ စွမ်းအားများကြောင့် အချုပ်အနှောင်ကြီးမှာ အားပျော့လာရ၏။ အကယ်၍ ထိုစွမ်းအားကြီးသာ ဆက်ရှိနေဦးမည်ဆိုပါက ထို အချုပ်အနှောင်ကြီးမှာ လုံးဝပျက်စီးသွားမည် ဖြစ်ကြောင်း သိနိုင်ပေသည်။
သို့သော်... ထို တာအိုဂါထာတော်ကြီး၏ စွမ်းအားများမှာ ရောက်ရှိလာပြီးနောက် ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားမည်သာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားပြီး ဖြစ်သည်။ ၎င်း၏ ရောက်ရှိလာမှုကြောင့် အချုပ်အနှောင်ကြီးမှာ ပြေလျော့သွားရပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း သူ၏ ခန္ဓာကိုယ်ကြီး ဖိနှိပ်အားများ၏ အောက်မှ စတင်လွတ်မြောက်လာသည်ကို အာရုံခံမိလိုက်၏။ သူသည် လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း မရှိသေးသည့်တိုင်အောင် သူ၏ နတ်ဘုရားအာရုံဖြင့် သိုလှောင်အိတ်အား ဖွင့်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။ ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဂြိုဟ်အဆင့် လက်ဖဝါးကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်း ရှိသွားပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို သတိထားမိလိုက်သည်နှင့် မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် ဆတ်ခနဲ ခေါင်းမော့လာပြီး တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ဂြိုဟ်အဆင့်လက်ဖဝါးကြီးအား ထုတ်ယူလိုက်တော့သည်။
ထို့နောက် သူသည် ကြိုးစားရုန်းကန်၍ သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ ပတ်ပတ်လည်၌ အလင်းရောင်များ ချက်ချင်း တောက်ပလာတော့သည်။ ထို့နောက် လက်နှစ်ချောင်း ကျန်သေးသည့် ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာလည်း သူ၏ ဦးခေါင်းအထက်တွင် အလျင်အမြန် ပေါ်ပေါက်လာ၏။ ထို လက်ဖဝါးကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ၎င်းအား ထိန်းချုပ်လိုက်သည်။ ထို့ကြောင့် ထိုလက်ဖဝါးကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး သူ၏ခန္ဓာကိုယ် အပြင်ဘက်ရှိ သက်တံ့ရောင် ပူစည်ဖောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
ထို အဖြစ်အပျက်များ အားလုံးမှာ မြန်ဆန်လွန်းနေ၏။ အကြီးအကဲကြီး နှစ်ယောက်အတွက် အရာအားလုံးမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့နှစ်ယောက် အံ့ဩတုန်လှုပ်နေကြစဉ်မှာပင် ဝမ်ပေါင်လဲ့၏ ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်ရှိ ပြေလျော့စ ပြုနေပြီဖြစ်သော သက်တံ့ရောင် ပူစည်ဖောင်းကြီးအား ထိသွားတော့သည်။
" ပေါက်ကွဲစေ " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး အမိန့်ပေးလိုက်၏။ သူသည် နှမြောတသ ဖြစ်နေခြင်းမရှိဘဲ ဂြိုဟ်အဆင့် လက်ဖဝါးကြီး၏ လက်ချောင်းတစ်ချောင်းအား စိတ်ဓာတ်ပြတ်သားစွာ ဖောက်ခွဲပစ်လိုက်တော့သည်။
သူ၏ အမိန့်ပေးသံကြီး ထွက်ပေါ်လာသည်နှင့် ဂြိုဟ်အဆင့်လက်ချောင်းထဲမှ ဝင်းလက်တောက်ပသည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး တစ်အောင့်ခန့် အကြာတွင် ၎င်းမှာ ပေါက်ကွဲသွားတော့သည်။ ထို့နောက် ဂြိုဟ်အဆင့် တိုက်ကွက်တစ်ကွက်၏ ပြင်းအားများမှာ သက်တံ့ရောင် ပူစည်ဖောင်းကြီးအား ရိုက်ခတ်သွားကြ၏။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဂြိုဟ်အဆင့် လက်ချောင်းကြီးမှာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်ရန် ဆန္ဒပြင်းပြနေသည့် အသွားထက် ဓားတစ်လက်နှင့် တူနေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို လက်ချောင်းထဲမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုပြင်းအားများ၏ ဦးတည်ရာအား ထိန်းချုပ်နိုင်စွမ်း ရှိနေသည့်တိုင်အောင် သူသည် သက်တံ့ရောင် ပူစည်ဖောင်းကြီးထဲတွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည်လည်း ထို ပြင်းအားများကို အတိုင်းအတာတစ်ခုအထိ ခံစားလိုက်ရ၏။ သူသည် နတ်ဘုရားတရားမျှတမှုဒိုင်းကာအား ပိုင်ဆိုင်ထားသည့်တိုင်အောင် တစ်ကိုယ်လုံး တုန်ရီသွားရပြီး သွေးများ အန်ထွက်လာရဆဲပင်။
သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်ပေသည်။ သူသည် ဂြိုဟ်အဆင့် လက်ချောင်းကြီး၏ ပေါက်ကွဲမှုစွမ်းအားများဖြင့် သက်တံ့ရောင် ပူစည်ဖောင်းကြီးအား ထိခိုက်ပျက်စီးသွားအောင် လုပ်ခဲ့ရုံသာမက ထိုပေါက်ကွဲမှုကြောင့် ပေါ်ပေါက်လာရသည့် တုန်ခါမှုလှိုင်းများကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်အား ရိုက်ခတ်သွားစေလိုက်၏။ ထို ရိုက်ခတ်မှုကြောင့်လည်း သူသည် သက်တံ့ရောင် ပူစည်ဖောင်းကြီး၏ ဖိနှိပ်အားများအောက်မှ လွတ်မြောက်သွားပြီး လှုပ်ရှားနိုင်စွမ်း ရှိသွားတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို တုန်ခါမှုလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်နှင့် တစ်ကိုယ်လုံးတုန်ရီသွားကာ သွေးများ အန်ထွက်လာရပါသော်လည်း မျက်ဝန်းများ အေးစက်စွာ တောက်ပသွားဆဲပင်။ ထို့နောက် သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး လက်ချောင်းကြီး၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် သက်တံ့ရောင် ပူစည်ဖောင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
သို့သော် ဂြိုဟ်အဆင့်လက်ချောင်းကြီး၏ ပေါက်ကွဲမှုပြင်းအားမှာ အားပြင်းသည့်တိုင်အောင် သက်တံ့ရောင် ပူစည်ဖောင်းကြီးမှာလည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း အများကြီးပေးဆပ်ကာ ဖန်တီးထားရသည့် ရတနာတစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံများ ထွက်ပေါ်လာသည့်တိုင်အောင် ၎င်းမှာ ပြိုလဲပျက်စီးသွားခြင်းမရှိဘဲ အက်ကွဲကြောင်းတစ်ခုသာ ပေါ်ပေါက်လာ၏။
ထို အက်ကွဲကြောင်းမှာလည်း ပေါ်ပေါက်လာပြီးနောက် ချက်ချင်း ပြန်ပိတ်သွားတော့မည့်ပုံပင်။ ထို အခိုက်အတန့်တွင် တာအိုဂါထာတော်၏ စွမ်းအားများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်စပြုလာပြီ ဖြစ်သည်။ ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုအခြင်းအရာကို သတိထားမိလိုက်သဖြင့် ချက်ချင်း လှုပ်ရှားလိုက်၏။ သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား ထပ်၍ ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
" အထဲပြန်ဝင်စမ်း " ညာလက်ရုံး အကြီးအကဲကြီး ထိုသို့အော်ဟစ်လိုက်သည်နှင့် သူ၏ရှေ့တွင် ဧရာမ လက်ဖဝါးရာကြီးတစ်ခု ပေါ်ပေါက်လာပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။
သို့သော် ညာလက်ရုံး အကြီးအကဲကြီး အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ပြီး အချုပ်အနှောင်ကြီးပေါ်တွင်လည်း အက်ကွဲကြောင်းတစ်ခုသာ ရှိနေသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ အခွင့်အရေးတစ်ခု ရသွားဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်စွန့်ရန် အဆင်သင့်ဖြစ်နေသည့် မျက်ဝန်းများဖြင့် ရှေ့သို့ ပြေးထွက်လာပြီး ညာလက်ရုံး အကြီးအကဲကြီးနှင့် ပြိုင်တူ တိုက်ခိုက်လိုက်တော့သည်။ သူတို့ နှစ်ယောက်၏ ကြားတွင် သက်တံ့ရောင် ပူစည်ဖောင်းကြီး၏ အက်ကွဲကြောင်းကြီးတစ်ခုသာ ရှိနေ၏။
ထိုအခါ ထစ်ချုန်းသံများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ထပ်၍ ပျံ့နှံ့သွားပြန်သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများမှာ တမူထူးခြားသည့်တိုင်အောင် သူသည် ဂြိုဟ်အဆင့်တွင် ရှိမနေသေးပေ။ ထို့အပြင် သူသည် သက်တံ့ရောင် ပူစည်ဖောင်းကြီးထဲ၌ ရှိနေဆဲ မဟုတ်ပါလော။ သို့ဖြစ်ရာ ညာလက်ရုံး အကြီးအကဲကြီး၏ အားဖြည့်မှုများကြောင့် သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီလာရပြီး သွေးတစ်ပွက် အန်ထွက်လာရပြန်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း နောက်သို့လွင့်ထွက်သွား၏။ သို့သော် သူ၏ မျက်နှာပေါ်တွင်မူ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ပွင့် ပေါ်ပေါက်လာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ညာလက်ရုံး အကြီးအကဲကြီး သူ့အား ဖိနှိပ်ချုပ်တည်းနိုင်ရန် တိုက်ခိုက်လိုက်ချိန်တွင် ဂြိုဟ်အဆင့် လက်ဖဝါးကြီး၏ နောက်ထပ် လက်ချောင်းတစ်ချောင်းမှာ ပေါက်ကွဲပျက်စီးသွားသောကြောင့်ပင်။
၎င်း၏ ပစ်မှတ်မှာ ညာလက်ရုံး အကြီးအကဲကြီး မဟုတ်ဘဲ... ဘယ်လက်ရုံး အကြီးအကဲကြီး ဖြစ်ပေသည်။