လျှို့ဝှက်လမ်းကြောင်း
Vol. 7 Ch. 98
အခန်း (၉၈) လျှို့ဝှက်လမ်းကြောင်း
အလျှင်အမြန် ချဉ်းကပ်လာသော Thorns ကို ရင်ဆိုင်ရန်အတွက် စခန်းရှိ စက်သေနတ်များနှင့် လောင်ချာများအားလုံးကို ချိန်ညှိလိုက်ကြသည်။
ကူတုန်က သူတို့၏ တုန့်ပြန်ပုံကိုကြည့်၍ Thorns က သူတို့၏ မဟာမိတ်ဖြစ်ကြောင်း သဘောပေါက်သွားသည်။ "တောင်ပံက ယာဉ်တွေအကုန်လုံး၊ မမျှော်လင့်ဘဲရောက်လာတဲ့ဧည့်သည်အတွက် လမ်းဖယ်ပေးလိုက်ကြ။" သူက အော်ဟစ်၍ အမိန့်ပေးလိုက်သည်။
ကူတိုနီယန်ယာဉ်တန်းက သူတို့၏ ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ကြပြီး နောင်ပံတွင် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်။ Thorns အနေဖြင့် ထိုလမ်းကြောင်းမှတစ်ဆင့် စခန်း၏ အရှေ့ဂိတ်တံခါးဆီသို့ အေးအေးဆေးဆေး ချီတက်သွားနိုင်သည်။
Thorns ၏ အတွင်းဘက်တွင် ဟန်ရှောင်းက တစ်ယောက်တည်းဖြစ်သည်။ သူတို့ မြေခွေးတစ္ဆေ၏ အဖွဲ့ကို သတ်ဖြတ်ပြီးနောက် ဖေဘီယန်စခန်းသို့ပြန်ကာ Thornsကို ပြင်ဆင်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူက တစ်ယောက်တည်းသာ ချီတက်လာ၏။ ဆိုမာသဲကန္တာရအတွင်းရှိ အခြားအဖွဲ့များက ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ နှင်းဆီစစ်သွေးကြွအဖွဲ့၏ အဓိကအင်အားမှာ ရှင်းလင်းခံခဲ့ရသည်။ ဟန်ရှောင်းက ထိုသတင်းကို သူတို့ဆီသို့ ဖြန့်ပေးလိုက်၏။ သူ့အနေဖြင့် ပွဲလန့်တုန်း ဖျာဝင်ခင်းနိုင်လိမ့်မည်။
လက်ပစ်ဗုံးပစ်လောင်ချာများ၊ အကြီးစားစက်သေနတ်များနှင့် အသေးစားဒုံးကျည်ပစ်လွှတ်မှုများကို အမြန်နှုန်းပြကိရိယာဘေးရှိ ချိန်ရွယ်သည့်စနစ်ကို အသုံးပြု၍ ကိုယ်တိုင်ထိန်းချုပ်ရမည်ဖြစ်သည်။ ယာဉ်တွင် အလိုအလျောက် ပစ်ခတ်သည့်စနစ် တပ်ဆင်မထားပေ။
ပစ်ခတ်မှု အများအပြား တိုးဝင်လာ၏။ ဟန်ရှောင်းက အချို့တစ်ဝက်ကို တိမ်းရှောင်နိုင်ခဲ့ပြီး၊ ယာဉ်၏ အပြင်ဘက်ကျည်ကာကလည်း ပေါက်ကွဲမှုမှ ရိုက်ခတ်မှုများကို ထိန်းထားပေးနိုင်၏။ သူက နံရံပေါ်ရှိ အမြောက်တစ်လက်ကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ ယာဉ်က တုန်ခါသွားပြီး၊ အသေးစားဒုံးကျည်တစ်ချို့နှင့် လက်ပစ်ဗုံးများ နံရံပေါ်တွင် ပေါက်ကွဲသွားသည်။ မီးတောက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
အမြောက်သည်လည်း အစိတ်စိတ်အပိုင်းပိုင်း ပေါက်ကွဲထွက်သွားပြီး လေထဲသို့ လွင့်စင်သွားတော့သည်။
စခန်းထဲတွင်၊ လုအိုချင်းမှာ ဒေါသပြင်းစွာ ထွက်နေသည်/ မျက်နှာကြီး မည်းမှောင်နေသည်။ သူတို့ စခန်းကို မကာကွယ်နိုင်တော့ဘူးလို့ ခံစားနေရ၏။ ဆုလီကို ခေါ်လိုက်ပြီး အမိန့်တစ်ခုကို ညင်ညင်သာသာလေး ပေးလိုက်သည်။ "ငါတို့ စခန်းကို စွန့်ခွါပြီး၊ လျှို့ဝှက်လမ်းကြောင်းကနေ ထွက်သွားကြမယ်။ ငါတို့နဲ့အတူ လူ၅ယောက်ခေါ်လာခဲ့။"
ဆုလီကခေါင်းညိတ်ပြီး အစီအစဉ်ကို သဘောတူလိုက်သည်။
သူတို့က လျှို့ဝှက်လမ်းကြောင်းကိုသုံး၍ စခန်းမှ တိတ်တဆိတ် စွန့်ခွါသွားစဉ် စခန်းကို ကာကွယ်နေကြသည့် ကြေးစားစစ်သားများကတော့ စတေးခံများ ဖြစ်သွားကြပေမည်။ သူတို့သာ အသက်ရှင်နေသရွေ့၊ သူတို့၏ လျှို့ဝှက်စပွန်ဆာဆီမှ ကြေးစားစစ်သားများကို လိုသလောက် ရရှိနိုင်သည်။
တိုက်ခိုက်မှုများကို ကာကွယ်နေကြသည့် နှင်းဆီစစ်သွေးကြွ ကြေးစားများမှာ သူတို့စွန့်ပယ်ခံလိုက်ရပြီဖြစ်ကြောင်း မသိကြသေးပေ။ သူတိုက ဇွဲကောင်းကောင်းနှင့် အမြောက်များကို အသုံးပြုကာ ကူတိုနီယန် နှင့် Thorns တို့ကို တိုက်ခိုက်နေသည်။ အမြောက်များ၏ ပေါက်ကွဲသံက သူတို့နားထဲ ကျယ်လောင်နေပြီး မီးတောက်များကလည်း သူတို့၏ မြင်ကွင်းကို ဖုံးလွှမ်းနေသည်။ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေသံများကိုပင် မကြားရတော့ပေ။ လူတိုင်းက ပင်လယ်လှိုင်းလုံးကြီးများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသော ကျောက်ဆောင်တစ်ခုကဲ့သို့ တစ်ယောက်တည်း တိုက်ခိုက်နေသည်။
ဝုန်း
ဒုံးကျည်များက ဂိတ်တံခါးကို ၁၀ခါခန့် ပစ်ခတ်ပြီးသည့်နောက်တွင် ဂိတ်တံခါးက မခံနိုင်တော့ဘဲ ပေါက်ကွဲသွားတော့သည်။
"ချီတက်" ကူတုန် အလွန်ပျော်ရွှင်သွား၏။
မော်တော်ယာဉ်တန်းက တန်းစီ၍ ဝင်ရောက်လာသည်။ နောက်မှလိုက်လာသော ကူတိုနီယန်များက အော်တိုရိုင်ဖယ်များဖြင့် စခန်းတစ်ခုလုံးကို ရှင်းလင်းကြ၏။ နှင်းဆီစစ်သွေးကြွမှ ကြေးစားများသည် ရန်သူများ စခန်းတွင်းသို့ ဝင်ရောက်လာသောအခါ ထိရောက်သော တန်ပြန်တိုက်ခိုက်မှုကို မလုပ်နိုင်ကြတော့ပေ။ အမြောက်ကြီးများ ဆင်ထားသောနေရာမှ ထွက်ပြေးရန်ကြိုးစားကြသောအခါ တစ်ကိုယ်လုံး ဇကာပေါက်များဖြစ်အောင် ပစ်ခတ်ခြင်းခံလိုက်ရသည်။
ဟန်ရှောင်းက Thorns ကို မောင်းဝင်လာသည်။ သူ၏ Berserk Eagles ၂လက်ကို ဆွဲထုတ်ကာ သီးသန့်လှုပ်ရှားတော့သည်။ ကူတိုနီယန်များက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဟန့်တားခြင်း မပြုကြပေ။
ဟန်ရှောင်း၏ လှုပ်ရှားမှုများသည် အလွန်လျှင်မြန်လှပြီး သူ၏ လေကာအင်္ကျီမှာ ကော်ဇောပျံကဲ့သို့ လွင့်ပျံနေသည်။ သူက အနက်ရောင်တစ္ဆေတစ်ကောင်ကဲ့သို့ စစ်မြေပြင်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖွေနေ၏။ သိပ်မကြာခင် စခန်းတစ်ခုလုံး ရှာဖွေ၍ပြီးသွားသည်။ ရှာဖွေနေစဉ်အတွင်း၊ နှင်းဆီစစ်သွေးကြွမှ ကြေးစား၂ယောက်နှင့် ထိပ်တိုက်တိုးခဲ့ပြီး၊ နှစ်ယောက်လုံး၏ ဦးခေါင်းကို ပစ်ခတ်ခဲ့သည်။ ထိုအထဲမှ တစ်ယောက်မှာ အတော်ပင် ချောမောလှပြီး၊ သူမသာ ကမ်းခြေတွင် ဘီကီနီဝတ်၍ လမ်းလျှောက်သွားပါက လူအတော်များများ လည်ပြန်ငေးကြရလောက်သည်။ ဟန်ရှောင်းမှာ သူမ၏ ခေါင်းကို ပစ်ခတ်ခဲ့မိ၍ တိတ်တဆိတ် နောင်တရနေသည်။
တစ်ပတ်ပြည့်အောင် ရှာပြီးနောက် ဟန်ရှောင်းသည် နှင်းဆီစစ်သွေးကြွ ခေါင်းဆောင်ကို ရှာမတွေ့ပေ။ အခြေအနေတစ်ခုလုံးက ဒီလောက်ရိုးရှင်းမနေမှန်းသိ၍ ဟန်ရှောင်း မျက်မှောင်ကြုတ်သွားသည်။
ဒီမှာ လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိရမယ်။
ဆိုမာသဲကန္တာရတွင် စစ်ပွဲများသည် နေ့စဉ်ဖြစ်ပွားနေ၏။ နှင်းဆီစစ်သွေးကြွက သူတို့ထွက်ပြေးရန်အတွက် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိထားသည်မှာ အံ့ဩစရာမဟုတ်ပေ။
ဟန်ရှောင်းက သိပ်မကြာခင် သူတို့ကို ခြေရာခံနိုင်သွားသည်။ လုအိုချင်းနှင့် သူမ၏အဖွဲ့မှာ အလျှင်စလို ထွက်ခွါသွားကြ၍ ခြေရာများ ကျန်ရစ်ခဲ့သည်။ သူက ခြေရာများနောက်ကိုလိုက်ရင်း မြေအောက်ရှိ လျှို့ဝှက်အခန်းကျဉ်းလေးထဲ ရောက်ရှိသွား၏။ မြေအောက်ခန်းမှာ မဲမှောင်လျက်ရှိပြီး စိုစွတ်စွတ်စွတ် အနံ့နှင့် ပြည့်နေသည်။
မြေအောက်မြစ်လား
ဟန်ရှောင်းက မီးတုတ်တစ်ခုကို မီးညှိပြီး ပစ်ချလိုက်သည်။ အနက် ၅မီတာခန့်သာ ရှိသည်။ လုံခြုံမှုရှိမရှိ သေချာစစ်ဆေးပြီးနောက် ခုန်ဆင်းလိုက်၏။
စခန်း၏ အောက်ခြေတွင် ကျောက်ဆောင်တောင်ကြီးတစ်ခု ရှိပြီး အမှန်တကယ်တော့ မြေအောက်ခန်းမှာ တူးထားသော လမ်းဖြစ်သည်။ ပုံမှန်မိုင်းတွင်းရှိ လမ်းကြောင်းများကဲ့သို့ပင် လမ်း၏နံရံများကို သစ်သားဘောင်များဖြင့် ထောက်ကန်ထားသည်။ အလင်းရောင်တစ်ခုမှမရှိသောကြောင့် လမ်း၏အရှေ့ဘက်တွင် လုံးဝမှောင်မဲနေ၏။ မြေကြီးပေါ်တွင် ခြေရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဟန်ရှောင်းသည် သူ့လက်ကို မြှောက်လိုက်ကာ ကျောက်ဆောင်နံရံများကို ထိကြည့်လိုက်ရာ စိုစွတ်နေမှုကို ခံစားလိုက်ရသည်။ အနီးနားတွင် လျှို့ဝှက်မြေအောက်မြစ်တစ်စင်း ရှိနိုင်သည်ဟု သူသံသယရှိနေ၏။
လမ်းကြောင်း၏ ရှေ့မှာရှိနေသော အခြေအနေက သေချာမှုမရှိပေ။ ဟန်ရှောင်း ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ ထောက်လှမ်းရေးစပိုင်ဒါကို ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်ချလိုက်သည်။ ဟန်ရှောင်းက တက်ဘလက်မှ စတင်၍ ထိန်းချုပ်လိုက်သောအခါ စက်ရုပ်စပိုင်ဒါလေးသည် အမိန့်ကို စောင့်ဆိုင်းနေသော စစ်သားတစ်ယောက်ကဲ့သို့ သတိစွဲရင်း ရပ်နေသည်။
မင်းကို စပိုင်ဒါ ၁ လို့ခေါ်မယ်။
သူ၏ ထုံးစံအတိုင်း လန်ထွက်နေသော နာမည်ပေးပြီးနောက်၊ ဟန်ရှောင်းက စပိုင်ဒါ ၁ကို ထိန်းချုပ်ပြီး လမ်းကြောင်း၏ အတွင်းဘက်သို့ ဝင်သွားစေသည်။ ၎င်း၏ ကင်မရာမှ မြင်ကွင်းမှာ တက်ဘလက်ပေါ်တွင် ပြသနေသည်။ စပိုင်ဒါ ၁တွင် ညကြည့် ကင်မရာ တပ်ဆင်ထားသည် မဟုတ်လား။
တစ်ခဏမျှ သွားပြီးနောက် စပိုင်ဒါ ၁သည် ကျောက်နံရံကြီးတစ်ခုကို ဝင်တိုက်သွားသည်။ လမ်းအဆုံးရောက်သွား၏။
လမ်းကြောင်းက အန္တရာယ်မရှိသည့်အတွက် ဟန်ရှောင်းသည် ဓါတ်မီးကို ထုတ်လိုက်ပြီး လမ်းကြောင်းအတိုင်း သွက်လက်စွာ လျှောက်သွားလိုက်သည်။ ထင်ထားသလိုပင်၊ မျက်နှာကျက်တွင်ရှိသော လျှို့ဝှက်တံခါးတစ်ခုကို တွေ့သွား၏။ တံခါးကို ဖွင့်လိုက်သောအခါ သဲများအပုံလိုက် ကျလာ၏။
ဟန်ရှောင်းက တံခါးပေါက်မှ ခေါင်းလေးထုတ်ပြီး ကြည့်လိုက်သည်။ နေရာက ဂူပေါက်ကျဉ်းကျဉ်းလေး တစ်ခုဖြစ်သည်။ ဂူပေါက်ဝမှ နေရောင်က လင်းလက်နေပြီး မြေပြင်ပေါ်တွင် ကားဘီးရာများကို မြင်ရသည်။
ဟန်ရှောင်းက ဂူပေါက်ထဲမှ အလျှင်အမြန်ထွက်လိုက်သည်။ ထိုနေရာက ကျောက်ဆောင်ကျောက်ခဲများ ပြည့်နှက်နေသည်။ စခန်းသည် အဝေးတစ်နေရာတွင်ရှိနေပြီး ဝိုးတဝါး မြင်နေရသည်။ ကားဘီးရာများသည် စခန်းမှ ဝေးရာဘက်သို့ ဦးတည်ပြီး ကန္တာရထဲသို့ မောင်းထွက်သွားသည်။
နှင်းဆီစစ်သွေးကြွက ကျန်သေးတဲ့ အဖွဲ့ဝင်တွေ ကားနဲ့ထွက်ပြေးသွားပြီ။ ငါမြန်မြန်လိုက်မှရမယ်။
ဟန်ရှောင်းက စပိုင်ဒါ ၁ကို ပြန်သိမ်းပြီး စခန်းသို့ အလျှင်စလို ပြန်သွား၏။ သူက Thorns ကို သုံး၍ သူတို့နောက်သို့လိုက်ရန် ပြင်ဆင်ထားသည်။
ကူတိုနီယန် များ စခန်းတွင်းရှိ နှင်းဆီစစ်သွေးကြွ များကို သုတ်သင်ရှင်းလင်းနေသည်။ စခန်းထဲရှိ ကုန်ပစ္စည်းများကို သယ်ဆောင်ရန် ပြင်ဆင်နေကြ၏။ ဟန်ရှောင်းထွက်လာသောအခါ သူတို့၏ လှုပ်ရှားမှုများကို အရှိန်လျှော့လိုက်ပြီး သူ့ကို အာရုံစိုက်နေကြသည်။ သူတို့က သတိထားပြီး ကြည့်နေကြသည်။ ဟန်ရှောင်း စိတ်ပျက်သွား၏။
ကူတုန်က ကြေးစားတစ်ဖွဲ့ကို ခေါ်လာပြီး Thorns ကို ဝန်းရံထားသည်။ ဟန်ရှောင်းက သူ့သေနတ်ကို တိတ်တဆိတ်ကိုင်လိုက်ပြီး သူတို့ဆီသို့ လမ်းလျှောက်သွားကာ ပြောလိုက်သည်။ "ဘေးဖယ်လိုက်။"
"မင်းက ဘယ်သူလဲ။" ကူတုန်က ဟန်ရှောင်းကို ခြေအစခေါင်းအဆုံးကြည့်ပြီး တစ်ခုခုကို စဉ်းစားနေသည်။
"အဲဒါအရေးမကြီးဘူး။" ငါ့ကားဘေးက ဖယ်လိုက်။"
"မင်းကားလား...။"
ကူတုန်က Thornsကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာသည်။ သူက သူ့လူများကို အချက်ပြလိုက်ရာ သူတို့က ဟန်ရှောင်းကို တိတ်တဆိတ်ဝိုင်းလိုက်ပြီး သေနတ်ကို အချိန်မရွေးဆွဲထုတ်ရန် အသင့်ပြင်ထားကြသည်။
"ဒါက မင်းကားဆိုတာ သေချာလို့လား။" ကူတုန်က ဟန်ရှောင်းကို စိုက်ကြည့်ပြီး ရယ်လိုက်သည်။
သူက သိသိသာသာပင် ဟန်ရှောင်းကို ခြိမ်းခြောက်နေ၏။
ဟန်ရှောင်း၏ အဖြေကို မကြိုက်ပါက၊ သူ့လူများဖြင့် ဟန်ရှောင်းကို ရိုက်နှက်ပစ်မည်ဖြစ်သည်။
ဝူး
ဟန်ရှောင်းက စကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်လိုက်သည်။ အရှေ့ ၃မီတာသို့ လျှင်မြန်စွာ ပြေးဝင်သွားကာ သူ၏ Berserk Eagles ၂လက်မှာ ကူတုန်၏ နဖူးကို ချိန်ထားပြီးဖြစ်သည်။ သူ၏ ရွေ့လျားမှုမှာ မြေခွေးတစ်ကောင်ကဲ့သို့ လျှင်မြန်လှပြီး သေနတ်များက လျပ်စီးလက်သလို ရွေ့လျားသွားသည်။
"ဒါက သောက်ရမ်းမြန်လွန်းတယ်။" ဝိုင်းထားသော ကြေးစားများ ထိတ်လန့်သွားကြသည်။ သူတို့၏ သေနတ်များကို မြှောက်ပြီး ဟန်ရှောင်းကို ချိန်လိုက်ကြသည်။ ဟန်ရှောင်း၏ တစ္ဆေတစ်ကောင်လို လှုပ်ရှားမှုက သူတို့ကို စိတ်ဖိစီးစေ၏။ ထို့အပြင်၊ ဟန်ရှောင်း၏ ပစ္စတိုက သူတို့ဘော့စ်၏ နဖူးကို ထောက်ထားရာ သူတို့ မပစ်ခတ်ရဲပေ။ နှစ်ဖက်လုံး မဆုတ်သာမတိုးသာ ဖြစ်နေကြသည်။
နဖူးတွင် သေနတ်ဖြင့် အထောက်ခံထားရသော်လည်း ကူတုန်သည် အံ့ဩဖို့ကောင်းလောက်အောင် မကြောက်မရွံ့ဖြင့် တည်ငြိမ်နေသည်။ သူက အမြဲတမ်း သေမင်းနှုတ်ခမ်းမှာ နေထိုင်ခဲ့သည် မဟုတ်လော။
"မင်းက ငါ့လူတွေ လက်နက်ချအောင် ခြိမ်းခြောက်ချင်တယ်ဆိုရင် အားကုန်မခံနဲ့တော့။" သူက အေးစက်စက်ပြုံးလိုက်သည်။
"ငါဘယ်သူလဲ မင်းသိလား။ မင်းရဲ့သခင်က သူ့လူတွေအချင်းချင်း ချနေတာကို ကြိုက်မှာ မဟုတ်လောက်ဘူး။" ဟန်ရှောင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။ သူက သူ့ကိုချိန်ထားသည့် သေနတ်တွေကို သတိထားသည့်ပုံပင် မပေါ်ပေ။
ကူတုန်၏ မျက်နှာမှာ မည်းမှောင်သွားသည်။ မျက်မှောင်ကြုတ်ကာ တစ်မိနစ်ခန့် စဉ်းစားနေ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ဖိအားများ တိုးလာနေသည်။ ရုတ်တရက်သူက လက်ကိုမြှောက်ကာ သူ့လူတွေကို သေနတ်များ ချခိုင်းလိုက်သည်။ သူက စိတ်မပါသလို ပြုံးပြပြီး ပြောလိုက်သည်။ "ဒါက တကယ်ကို မင်းရဲ့ကားပဲ ထင်ပါတယ်။"
ဟန်ရှောင်းက သူ၏ သေနတ်ကို ဆက်ချိန်ထားပြီး မလှုပ်ရှားသေးပေ။
ကူတုန်က တစ်ဖက်သို့ ရွှေ့လိုက်ပြီး ဟန်ရှောင်းကို လမ်းဖွင့်ပေးလိုက်သည်။
ထိုအချိန်ကျမှ ဟန်ရှောင်းက စ၍ လှုပ်ရှားတော့သည်။ ကူတုန်ဘေးမှ ဖြတ်သွားပြီး Thorns ပေါ်သို့မတက်မီ ရန်လိုစွာဖြင့် ပြောသွားသေးသည်။ "ကြိုးစားတာ ကောင်းပါတယ်။
ထို့နောက် သူက လီဗာကိုနင်းကာ မောင်းထွက်သွားတော့သည်။
"မင်းတို့ ဘာကြည့်နေတာလဲ။ ပစ္စည်းတွေ မြန်မြန်သယ်ကြစမ်း။" သူက အသံမာမာနှင့် အော်လိုက်သည်။
သူက Thorns ကို မျက်စိကျနေသော်သော်လည်း သူ၏သခင်ကို ဒေါသထွက်အောင် မလုပ်ရဲပေ။ ကူတုန်က သူ့သခင်ငှားထားသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်မှန်း သတိပြုမိသည်။ သဘောမှာ သူတို့က တစ်ဘက်တည်းဖြစ်၏။ ထို့ကြောင့် ဟန်ရှောင်းက ထိုအချက်ကို ထောက်ပြသည့်အချိန်တွင် သူက ထပ်၍ ရန်မစရဲတော့ပေ။ သူကသာ သခင်၏ အစီအစဉ်ကို သွားရှုပ်မိပါက သူသည် ဆိုးရွားသောအကျိုးဆက်များကို ခံစားရလိမ့်မည်။
ထို့အပြင်၊ ဟန်ရှောင်းသည်လည်း မည်သည့်နောက်ခံရှိမှန်းမသိသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် သေချာစဉ်းစားပြီးနောက်၊ လောဘကိုသတ်ကာ ဟန်ရှောင်းနှင့် ငြိမ်းချမ်းရေးယူလိုက်ရန် ဆုံးဖြတ်ခဲ့သည်။
အခန်း (၉၈) ပြီး၏။
လင်းဆက်
+++++