← Chapters

Felonia

Vol. 7 Ch. 99

Felonia

Vol. 7 Ch. 99

အခန်း (၉၉) Felonia

လုအိုချင်းနှင့် သူမအဖွဲ့တို့ သဲကန္တာရ‌ပေါ်တွင် ကျန်ရစ်ခဲ့သော ဘီးရာများမှာ စက္ကူဖြူပေါ်ရှိ ခေါက်ရိုးရာများကဲ့သို့ပင် အလွန်ပင် သိသာမြင်သာ ရှိလှ၏။ ဟန်ရှောင်းက ထို‌လမ်းကြောင်းနောက်သို့ မရပ်မနား လိုက်နေသည်။

သူ၏နေရာမှာ ရေဒါတွင် တောက်လျှောက်ပေါ်နေပြီး ကျယ်ပြန့်လှသော သဲကန္တာရကြီးထဲတွင် လမ်းကြောင်းလွဲမသွားအောင် ပြသပေးနေသည်။ သူက ယခု ဆိုမာ သဲကန္တာရ၏ အပြင်ဘက်ပိုင်းသို့ ဦးတည်နေ၏။ မိုးလေဝသခန့်မှန်းမှု အချက်အလက်များက ထိုနေရာတွင် သဲမုန်တိုင်းတစ်ခု ယခုလေးတင် တိုက်ခတ်သွားကြောင်း ပြသနေသည်။

သဲကန္တာရ၏ ရိုးရှင်းပြီး မပြောင်းလဲသော မြင်ကွင်းများက ဟန်ရှောင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု ဖြစ်ပေါ်စေသည်။ တစ်နာရီကြာ လိုက်လာခဲ့ပြီးနောက်၊ ဂျစ်ကားတစ်စီးက မြင်ကွင်းထဲ ပေါ်လာတော့သည်။

ငါနောက်ဆုံးတော့ လိုက်လို့မှီသွားပြီ။ ဟန်ရှောင်း ချက်ချင်းပင် စိတ်ထဲ တက်ကြွသွားတော့သည်။

ဟန်ရှောင်းလည်း ဂျစ်ကားကို မြင်သလို၊ ဂျစ်ကားပေါ်ရှိ နှင်းဆီစစ်သွေးကြွ အဖွဲ့ဝင်များကလည်း ဟန်ရှောင်းကို တွေ့သွားသည်။

အဲဒါ Thorns ပဲ။ ဆုလီက အော်လိုက်သည်။

လုအိုချင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး အကဲခတ်လိုက်ရာ သူတို့နောက် လိုက်လာသည့်ယာဉ်မှာ တစ်စီးတည်းသာဖြစ်ကြောင်း သဘောပေါက်သွားသည်။ သူမ ချက်ချင်းပင် ဒေါသတကြီးဖြစ်သွား၏။

မင်းက ဘယ်လိုဖြစ်ပြီး ငါတို့နောက်ကို တစ်ယောက်တည်း လိုက်လာရဲတာလဲ။ ငါတို့ကို အနိုင်ယူရတာ အဲဒီလောက်လွယ်တယ်ထင်နေတာလား။

"ဂငယ်ကွေ့ ပြန်ကွေ့..."

ဟွမ်း....

Thorns က အမြင့်ဆုံးပစ်အားဖြင့် ပစ်ခတ်နေသည်။ လက်ပစ်ဗုံးများနှင့် ဒုံးကျည်များက လုအိုချင်း၏ ကားနောက်ကို ဗုံးမိုးရွာသလို လိုက်လာနေ၏။

လုအိုချင်း မှာ ခြိမ်းခြောက်ခံလိုက်ရသလို ဖြစ်သွား၏။ "အဟွတ် အဟွတ်၊ သူကျည်ကုန်တဲ့အထိ ထွက်ပြေးကြတာပေါ့။"

သူမ နည်းနည်းတော့ အရှက်ရနေသည်။

ကားနှစ်စီးမှာ အရှိန်ပြင်းပြင်းဖြင့် လိုက်တမ်းပြေးတမ်း လုပ်နေရင်း သဲသောင်ပို့များ တစ်ခုပြီး တစ်ခု ကျော်ဖြတ်သွားသည်။ လမ်းကြောင်းတစ်လျှောက် မီးလောင်ရာများ ကျန်ရစ်ခဲ့၏။

…

သဲကန္တာရကို ဖြတ်၍ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လှည့်လည်သွားလာသူများသည် အလွန်ပင်ပန်းစွာ လမ်းလျှောက်နေကြသည်ကို မြင်ရ၏။ ထိုအဖွဲ့ခေါင်းဆောင်ဖြစ်သည့် အသက်ကြီးသော ခရီးသွားမှာ အလွန်အမင်း မောပန်းနေပြီး သူ၏ အဝတ်များမှာ ချွေးများဖြင့် ရွှဲနစ်နေသည်။ သူက ကုန်တင်ထားသော မြင်းဆီမှ ရေဘူးကို ယူလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် ရေတစ်ကျိုက် မော့ချလိုက်သည်။ သို့သော်လည်း မောပန်းခြင်းနှင့် ရေငတ်ခြင်းတို့က မပြေပျောက်သွားပေ။

ခရီးသွားအဘိုးအိုက တစ်ဖက်လှည့်ပြီး အဖွဲ့ကို ကြည့်လိုက်သည်။ လူတိုင်း စိတ်ဓါတ်ကျနေကြ၏။ ထို့နောက် သူငယ်ငယ်တုန်းက အချိန်ကို ပြန်စဉ်းစားမိသည်။ တစ်ချိန်တုန်းက ကျူးကျော်ခံရသည့် နိုင်ငံတစ်နိုင်ငံမှ လွတ်မြောက်လာကြသော တစ်ပြည်တည်းသား ထောင်ပေါင်းများစွာ ရှိခဲ့ကြပြီး၊ ဤခရီးစဉ်ကို အတူတစ်ကွ စတင်ခဲ့ကြသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ အခက်အခဲများ ကြုံတွေ့ခဲ့ပြီးနောက်၊ လူနှစ်ဒါဇင်ခန့်သာ ကျန်ရစ်တော့သည်။ တစ်ချို့လူများက ခရီးစဉ်အတွင်း ဆုံးပါးသွားကြပြီး၊ တစ်ချို့က လမ်းတစ်ဝက်တွင် အရှုံးပေးလက်လျှော့သွားကြသည်။ ဤအဖွဲ့ငယ်လေးက နောက်ဆုံးကျန်ရစ်သည့် ခရီးသွားများပင်။

ဤအချိန်တွင် ခရီးသွားအဘိုးအိုမှာ Felonia၏ တည်ရှိမှုအပေါ် သံသယရှိလာသည်။ သို့သော်၊ သူအရှုံးပေးလိုက်ပါက၊ သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုက အလဟဿဖြစ်သွားပေလိမ့်မည်။

အဝေးမှ ကားစက်သံကို ကြားနေရ၏။ ဟန်ရှောင်းနှင့် နှင်းဆီစစ်သွေးကြွတို့၏ ကားများ သူတို့မြင်ကွင်းထဲ ပေါ်လာသည်။ ကားများကြောင့် သဲများအစုလိုက် လေထဲလွင့်ပျံနေသည်။

ဤသို့သောမြင်ကွင်းက ပုံမှန်ဖြစ်ပျက်နေကြဖြစ်သဖြင့် ခရီးသွားများက ထိတ်လန့်မသွားကြပေ။ အရှိန်ဖြင့်မောင်းနှင်လာသောကားများက သူတို့ဆီသို့ ဦးတည်မနေမှန်း သေချာသွားသောအခါ စိုးရိမ်ခြင်း မရှိကြတော့ပေ။ သူတို့နေရာ၌သာ မတ်တပ်ရပ်နေရင်း ကားများထွက်သွားသည်ကို စောင့်ဆိုင်းနေကြ၏။

ထိုအခိုက်အတန့်တွင်၊ ဒုံးကျည်အသေးတစ်ခုက ကောင်းကင်သို့ပျံတက်သွားပြီး သဲသောင်ပြင်ပေါ်သို့ ကျရောက်သွားသည်။

ရုတ်တရက်၊ မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်လာတော့သည်။

မြေပြင်က ရုတ်ချည်းတုန်ခါလာပြီး ဒုံးကျည်ထိမှန်သည့်နေရာတွင် သဲများအောက်သို့ ကျွံကျသွားသည်။ သဲများစွာကျဆင်းသွားပြီးနောက်၊ ကျင်းနက်ကြီးတစ်ခုက လူတိုင်း၏ရှေ့၌ ပေါ်ထွက်လာ၏။ ကျင်းကြီးက ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်လိုက်သကဲ့သို့ တစ်ဖြည်းဖြည်း ကျယ်ပြန့်လာသည်။

ပျောက်ကွယ်သွားသော သဲများကို ကြည့်ခြင်းဖြင့် သဲကန္တာရ၏အောက်ခြေတွင် ကြီးမားကျယ်ပြန့်သော နေရာလွတ်တစ်ခုရှိနေကြောင်း ဖော်ပြနေသည်။

...

_____________________

သင် ဖုံးကွယ်ထားသော နေရာ [Felonia – 08] ကို ရှာတွေ့ခဲ့ပါသည်။ စူးစမ်းရှာဖွေခြင်း အတွေ့အကြုံအမှတ် ၁,၀၀၀ ရရှိပါသည်။

ဆုကြေးမုဆိုး (နှင်းဆီစစ်သွေးကြွ) - ဖုံးကွယ်ထားသော လိုအပ်ချက် ပြည့်စုံသွားပါပြီ။

——————————————————————

အမ်... ဟန်ရှောင်းမှာ အံ့ဩပြီး ကားမှောက်တော့မလိုပင် ဖြစ်သွားသည်။

ဘာလဲဟ

ငါက မစ်ရှင်ကို မတော်တဆ ပြီးမြောက်သွားတာလား။ ငါဒီလောက် ကံကောင်းတယ်‌ပေါ့။

ဒါပေမယ့် ဒီနေရာမှာ ကံကောင်းတာ ဘာသုံးလို့ရမှာလဲ။ နှမြောစရာပဲ။

သဲကျင်းကြီးက ဆက်ပြီး ကျယ်ပြန့်လာဆဲပင်။ လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပေါ်ခဲ့သည့် သဲမုန်တိုင်းက ဤနေရာရှိ အပေါ်ယံသဲအလွှာပုံစံကို ပြောင်းလဲစေခဲ့ခြင်းဖြစ်ကြောင်း ဟန်ရှောင်း စဉ်းစားမိသည်။ ထို့နောက်တွင်တော့၊ သူ၏ ပစ်ခတ်မှုက ဤကဲ့သို့ သဲကျင်းကြီး ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။

သူက Feloniaက ဘာလဲဆိုတာကို သေသေချာချာ သိချင်နေသော်လည်း၊ ဒီအဆင့်မှာတော့ နှင်းဆီစစ်သွေးကြွ တွေကို အမဲလိုက်ခြင်းက ပိုအရေးကြီးနေသည်။

ဤနေရာကို ရေဒါတွင် မှတ်သားလိုက်ပြီးနောက်၊ နှင်းဆီစစ်သွေးကြွများနောက်သို့ ဆက်လိုက်သွားတော့သည်။

ကားနှစ်စီးက သိပ်မကြာခင် အဝေးသို့ မောင်းထွက်သွားတော့သည်။

ခရီးသွားအဘိုးအို၏ လက်များမှာ အဆက်မပြတ် တုန်လှုပ်နေ၏။ သူက ပျော်ရွှင်စွာဖြင့် ကြည့်လိုက်ရင်း နောက်တွင် ကြက်သေသေနေကြသည့် လူငယ်လေးများကို အော်ပြောလိုက်သည်။

"ဒါက... ဒါက Felonia ပဲဖြစ်လိမ့်မယ်။ ငါတို့ အဲဒီကို မြန်မြန်သွားရမယ်။"

ခရီးသွားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ သူတို့သည် စိုးရိမ်တကြီးဖြင့် တွင်းပေါက်ကြီးရှိရာသို့ အပြေးသွားလိုက်ကြ၏။

"Felonia ရဲ့ ရတနာတွေ... Felonia ရဲ့ ရတနာတွေ..." ခရီးသွားအဘိုးအိုမှာ တစ်ယောက်တည်း မရပ်မနား ရေရွတ်နေ၏။ နှစ်ပေါင်းများစွာ သန္နိဋ္ဌာန်ခိုင်မာခြင်းနှင့် ကြိုးစားအားထုတ်ခဲ့ခြင်းတို့အတွက် နောက်ဆုံးတွင် ဆုလာဘ်ရရှိတော့မည်ဟူသော ယုံကြည်ချက်ကြောင့် မျက်ရည်များက သူ၏ပါးပြင်ပေါ် စီးကျလာတော့သည်။

…

ကီလိုမီတာအနည်းငယ် လိုက်လံပစ်ခတ်ပြီးနောက်၊ Thornsမှာ ပစ်ခတ်အား ဘယ်လောက်ပင်ကောင်းကောင်း မလွှဲသာမရှောင်သာ ကျည်ကုန်သွားလေသည်။ ဟန်ရှောင်းလည်း စိတ်သက်သာပြီး သက်ပြင်းချလိုက်တော့သည်။ ဤသို့ ပင်ပန်းလှသော လိုက်လံပစ်ခတ်ရမှုက နောက်ဆုံးတော့ ပြီးဆုံးတော့မည်ဖြစ်သည်။

ဒီအခြောက်တစ်ဖွဲ့က ထွက်ပြေးနေတာကို ရပ်သင့်ပြီ။ သူတို့ရပ်ပြီး ပြန်မတိုက်ရင်တော့ တကယ်ကို ငကြောက်တွေပဲ။

"ဒီကောင် နောက်ဆုံးတော့ ကျည်ကုန်သွားပြီ။"

ဆုလီက Thorns ၏ ပုံမှန်မဟုတ်သော အခြေအနေကို အရင်ဆုံး သတိပြုမိလိုက်သည်။ သူမက Thorns ကို ဖန်တီးခဲ့သည် မဟုတ်လား။

လုအိုချင်း ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ ထို့နောက် ပြတ်ပြတ်သားသားပင် အမိန့်ပေးလိုက်၏။ "ကားပြန်လှည့်။"

ကားနှစ်စီးမှာ မီတာ၄၀၀ခန့် အကွာတွင် ရှိနေသည်။ ဟန်ရှောင်းက ကားကို ရပ်တန့်ထားပြီးဖြစ်၏။ ဂျစ်ကားက ပြတ်ပြတ်သားသားပင် ပြန်လှည့်လာသည်ကို မြင်သောအခါ ကြိတ်ပြုံးလိုက်ပြီး စနိုက်ပါဖြင့် စတင်ပစ်ခတ်တော့သည်။

သူ့အတွက် မီတာ‌၄၀၀ အကွာအဝေးက ၈ချက်မှ ၁၀ချက်အထိ ပစ်ခတ်နိုင်သည်။

ကျည်ကာနိုင်သော လေကာမှန်ကို ဖောက်ထွင်းရန် လွန်းဆံကျည်ဆန် ၄တောင့် ကုန်သွား၏။ ငါးချက်မြောက်ကျည်ဆံက ယာဉ်မောင်းထံသို့ ဦးတည်သွားနေသည်။

ရှေ့ခန်းတွင်ထိုင်နေသည့် လုအိုချင်းက သူမ၏လက်ကို မြောက်ကာ ယာဉ်မောင်းကို အကာအကွယ် လုပ်ပေးလိုက်သည်။ ကျည်ဆံသည် မမြင်နိုင်သောနံရံတစ်ခုကို ထိမှန်လိုက်သကဲ့သို့ ရောင်ပြန်အလင်းတစ်ခု ပေါ်ထွက်လာကာ ပြန်ကန်အားကြောင့် ကိတ်မုန့်တစ်လုံးလို ပျက်စီးသွားပြီး လေထဲ၌ လွင့်မျောနေသည်။

အားစက်ဝန်း အမျိုးအစားစွမ်းရည်နဲ့ 'အက်စ်ပါ'။ ဟန်ရှောင်း မျက်လုံးမှေးသွား၏။ အခြေအနေက ထိန်းချုပ်ရပို၍ ခက်လာပြီဟု ခံစားလိုက်ရသည်။

'အက်စ်ပါ'များတွင် စွမ်းရည်များစွာ ရှိကြသည်။ သို့သော် အချို့က ဆင်တူယိုးမှား သို့မဟုတ် ထပ်တူကျသည့် စွမ်းရည်များ နိုးထလာကြသည်။ အားစက်ဝန်းမှာ 'အက်စ်ပါ'များအတွက် အဓိကအမျိုးအစား စွမ်းရည်တစ်ခုဖြစ်သည်။ အခြား သာမန်အမျိုးအစားများမှာ မော်လီကျူးထိန်းချုပ်ခြင်း၊ ကိုယ်ခန္ဓာအားဖြည့်သန်မာစေခြင်းနှင့် ရုပ်ပြောင်းရုပ်လွှဲတို့ ဖြစ်ကြသည်။

အားစက်ဝန်းနှင့် ဆက်စပ်သည့် စွမ်းရည်များတွင် အရာဝတ္ထုများကို ထိန်းချုပ်ခြင်း၊ မမြင်နိုင်သော နံရံ၊ မမြင်နိုင်သော တိုက်ခိုက်မှုတို့ ပါဝင်သည်။ ဤစွမ်းရည်က သေနတ်‌ပစ်ခတ်ခြင်း၏ သဘာဝရန်သူပင်။

တွေးပြီးသည်နှင့် ဟန်ရှောင်းသည် အဆိပ်ပြင်းကျည်ဆန်ကို သေနတ်ထဲသို့ အလျှင်အမြန် ထည့်လိုက်ပြီး ထပ်ပစ်လိုက်သည်။ လုအိုချင်းက သူမ၏ အားစက်ဝန်းဖြင့် ကျည်ဆံကို ကာလိုက်ပြန်သည်။ သို့သော်လည်း၊ ကျည်ဆံက ဖိနှိပ်ခံလိုက်ရသည်နှင့် အစိမ်းရောင်အဆိပ်ငွေ့များ ထုတ်လွှတ်လိုက်သည်။ ကားထဲရှိ လူအားလုံး ချက်ချင်းအဆိပ်မိသွား၏။ သူတို့ စတင်၍ မူးဝေလာပြီး ရင်ဘတ်ထဲ မွန်းကျပ်လာကာ သွေးအမှတ်များ ဆက်တိုက်လျော့ကျလာသည်။

တိုက်ပွဲ‌အချက်အလက်မှတစ်ဆင့် လုအိုချင်းက သူနှင့် အဆင့်အတူတူ အဆင့်၃၀ပင် ဖြစ်ကြောင်း သိလိုက်သည်။ ထို‌ကြောင့် သူမက အငွေ့များကို ထိန်းချုပ်ရန် မကျွမ်းကျင်သေးပေ။

ထို့နောက် ဟန်ရှောင်းက ပေါက်ကွဲအားပြင်း ကျည်ဆံများ ထပ်ပစ်လိုက်သည်။ ဂျစ်ကားအတွင်း၌ မီးများ လောင်ကျွမ်းလာ၏။ သို့သော်လည်း၊ မီးသတ်ဆေးဘူးများဖြင့် မီးကို အလျှင်အမြန် ငြိမ်းသတ်လိုက်ကြသည်။ ဤယာဉ်က ထွက်ပြေးလွတ်မြောက်ရန် အဓိက အသုံးပြုခြင်းဖြစ်ရာ မီးလောင်ခြင်းမှ ကာကွယ်ရန် မီးသတ်ဆေးဘူးများ ထည့်ထားကြသည်။

ဟန်ရှောင်းမှာ ရွေးစရာမရှိတော့ဘဲ သူ၏ ကနဦးအစီအစဉ်ဖြစ်သော ရန်သူ့ယာဉ်ကို စွန့်ခွာရန် အတင်းအကြပ် တွန်းအားပေးခြင်းကို စွန့်လွှတ်လိုက်ရသည်။ သို့တိုင် သူသည် စိတ်ဓာတ်ကျသည့် အရိပ်အယောင် မပြခဲ့ပေ။ သူက အဆိပ်ပြင်းကျည်ဆန်နှစ်တောင့်ကို ထပ်မံပစ်ခတ်ခဲ့ပြီး၊ ယခုအခါ ကပ်ဆိုးကြီးက ဝါးမြိုလိုက်သလို ဂျစ်ကားကို အစိမ်းရောင် အဆိပ်ဓာတ်ငွေ့များဖြင့် လွှမ်းခြုံသွားတော့သည်။

အချက်အနည်းငယ် ပစ်ခတ်ပြီးနောက်၊ ရန်သူနှင့် အကွာအဝေးမှာ မီတာ၁၀၀သာ ရှိတော့သည်။

ဟန်ရှောင်းက စနိုက်ပါရိုင်ဖယ်ကို ဘေးဖယ်လိုက်ပြီး လီဗာကို ဖိနင်းလိုက်သည်။ သူက မကြောက်မရွံ့ပင် ဂျစ်ကားနှင့် ခေါင်းချင်းဆိုင်တိုက်ရန် ကြိုးစားနေ၏။

ဆုလီ မျက်နှာပျက်သွားပြီး စိုးရိမ်တကြီးဖြင့် ယာဉ်မောင်းကို ညွှန်ကြားလိုက်သည်။ "မြန်မြန်ရှောင်လိုက်၊ Thorns ရဲ့ အပြင်ဘက်ကျည်ကာက အရမ်းထူတယ်။ ငါတို့ မနိုင်နိုင်ဘူး။"

ယာဉ်မောင်းက ညွှန်ကြားချက်ကို ကြားသည်နှင့် အလျှင်အမြန်ပင် စတီယာရင်ကို ဆွဲလှည့်လိုက်ပြီး Thorns ကို ကပ်ရှောင်ချင်‌နေသည်။ သတိပြုမိသွားသော ဟန်ရှောင်းကလည်း သူ၏ကားကို တူညီသော ဦးတည်ချက်သို့ ကွေ့လိုက်သည်။ သို့သော်လည်း သူက အလွှန်နှေးသွား၏။ ဂျစ်ကား၏ နောက်ဘက်မှသာ ကပ်ကျော်သွား‌တော့သည်။ သူက ရန်သူ၏ ဂျစ်ကားကို တိုက်ချပြီး ဖျက်စီးချင်နေသည်။ သူသာ အောင်မြင်ခဲ့ပါက Thorns ကိုသုံးကာ ရန်သူကို တိုက်ချပြီး ပြန်သွားလို့ရသည်။ သို့သော်ငြားလည်း၊ နှင်းဆီစစ်သွေးကြွများက အလွန်လျှင်မြန်စွာ တုန့်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သွားသည်။

Thorns က ကျည်ကုန်သွားလျှင်တောင်မှ အလွယ်တကူ ရင်ဆိုင်နိုင်သည့်ယာဉ်တစ်စီး မဟုတ်မှန်း လုအိုချင်း သတိပြုမိသွားသည်။ ရင်ထဲက ဒေါသများကို မြိုသိပ်လိုက်ရုံမှအပ ရွေးစရာမရှိပေ။ "ကိစ္စမရှိဘူး၊ သူ့ကို အနားကပ်မခံနဲ့။"

ဂျစ်ကားက ၁၀မီတာခန့် မောင်းပြီးနောက် Thorns က လိုက်မလာမှန်း လုအိုချင်း သတိပြုမိသွားသည်။ ထိုအချုက်အတန့်တွင် ဟန်ရှောင်းလက်လျှော့သွားပြီဟု ယုံကြည်သွားပြီး စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်တော့သည်။ သူမက ဒေါသတကြီးဖြင့် အံကြိတ်နေသည်။

ငါမင်းကို အခုတော့ လွှတ်ပေးလိုက်ဦးမယ်။ ငါတို့စစ်ကူတွေရောက်လာတာနဲ့ နင်တော့အသေပဲ။

သူမအတွေး မဆုံးသေးခင်မှာပင် Thorns ဆီမှ မမြင်ရသော လှိုင်းတစ်ခုက စက်ဝိုင်းသဏ္ဍာန် ပြန့်နှံ့လာသည်။ သူတို့၏ ဂျစ်ကားမှာ ရုတ်တရက် စက်ရပ်သွားသည်။ ထို့နောက် သွားနေသည့် အရှိန်ကြောင့် လည်ထွက်သွားကာ ရပ်တန့်သွားတော့သည်။ ကားပေါ်ရှိလူများသည်လည်း ထိုင်ခုံမှ လွင့်စင်ကျကုန်၏။

Thorns ၏ နောက်ခန်းတွင် ဟန်ရှောင်းက EMP စက်ကို ဖွင့်လိုက်သည်။ သဘောမှာ Thorns လည်း စက်ရပ်သွားပြီဖြစ်၏။

ဟန်ရှောင်း သက်ပြင်းချလိုက်သည်။ ဒါက ရန်သူများ ထွက်ပြေးမသွားရန် နောက်ဆုံးအားထားရာပင် ဖြစ်သည်။ သူက ဒါကို မသုံးချင်သော်လည်း လုအိုချင်း မှာ သူနှင့်ရင်ဆိုင်ရန် သတ္တိမရှိကြောင်း သတိပြုမိသွားသည်။ ထို့ကြောင့်၊ သူက နှစ်ဖက်လုံးပျက်စီးရသည့် နည်းလမ်းကို အတင်းအကျပ် သုံးလိုက်ရတော့သည်။ သူက Thorns ကို ပြန်၍ ပြင်ဆင်လျှင်တောင် ၁၀မိနစ်ကျော် အချိန်ယူရလိမ့်မည်။

နောက်တစ်ဆင့်က၊ လူလူချင်း တိုက်ပွဲပင်။

"EMP လှိုင်း‌ပဲ။ ကားက ပျက်စီးသွားပြီ။" လုအိုချင်းမှာ အံ့အားသင့်သွား၏။ အကြိမ်ကြိမ် အကွက်ဆင်ခံရပြီးနောက်၊ သူမ၏ ဒေါသကို ထိန်းမထားနိုင်တော့ချေ။ ဂျစ်ကားထဲမှ ထွက်လာပြီး အားစက်ဝန်းကို ခြေထောက်အောက်၌ အသက်သွင်းလိုက်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ခြေတစ်လှမ်းတည်းဖြင့် မီတာအနည်းငယ် ရွေ့လျားစေနိုင်၏။ သူမက ဒုံးကျည်တစ်ခုလို ဟန်ရှောင်းဆီသို့ လျှင်မြန်စွာ ပြေးဝင်သွားသည်။ သူမပတ်လည်ရှိ အားစက်ဝန်းမှာ တည်ငြိမ်လျက်ရှိ၏။

"နင်က အရမ်းကို သေချင်နေတာလား။"

လုအိုချင်း က ဟန်ရှောင်းအနီးသို့ မရောက်မီမှာပင် သူမ၏ အော်သံက ဟန်ရှောင်း၏နားထဲတွင် မိုးခြိမ်းသလို မြည်ဟီးလာတော့သည်။

အခန်း (၉၉) ပြီး၏။

လင်းဆက်

+++++

All Chapters