ညှိနှိုင်းခြင်း
Vol. 17 Ch. 229
ထိုသစ်ပင်မိစ္ဆာများက မိစ္ဆာစွမ်းအားကို ဖြန့်ကျက်ထားပြီး သစ်သားမြားများနှင့် စွမ်းအင်အလင်းအဖြစ် ပြောင်းလဲထားသည်။ သူတို့က မိစ္ဆာသားရဲများ၏ တိုက်ခိုက်မှုကို ခုခံနေကြ၏။
“ဝူး ....”
“ဝူး ....”
ရှေ့မှာရှိနေသော အစိမ်းရောင်ဝံပုလွေတစ်ကောင်က ခေါင်းမော့အူလိုက်လျှက် ချီစွမ်းအားများ ထုတ်လိုက်သည်။
သူ့အူသံအရ သူက မဂ္ဂနိုလီယာနွယ်ပင်ကို ဒဏ်ရာအပြင်းအထန်ရစေပြီး ကောင်းကင်ဘုံအဆင့်သို့မရောက်ဘဲ ကောင်းကင်ကပ်ဘေးမဖြတ်ကျော်အောင် တားဆီးထားနိုင်လျှင် အားလုံး အခွင့်အရေးရလိမ့်မည်ဟု ဆိုလိုသည်။
မဂ္ဂနိုလီယာနွယ်ပင်ကိုသတ်ဖြတ်ပြီး ထိုနွယ်ပင်စုစည်းထားသော မဂ္ဂနိုလီယာသစ်သီးများကို ခွဲဝေပေးမည်ဟုလည်း ဝံပုလွေက ပြောသည်။ မဂ္ဂနိုလီယာသစ်သီးများကြောင့် ကျင့်ကြံဆင့်တိုးလာနိုင်သည်။
‘မဂ္ဂနိုလီယာသစ်သီးနဲ့ ကျင့်ကြံရမှာလား’ မိစ္ဆာသားရဲများ တွေးမိသည်။
‘အဲဒီလိုသစ်သီးမျိုး တကယ်ရှိနေတာလား’
ရှေးခေတ်မှတ်တမ်းများအရ တစ်စုံတစ်ယောက်ကို အလွန်ကောင်းမွန်သည့် သစ်သားစွမ်းအားရစေနိုင်သော နှစ်တစ်သောင်းသစ်သီးရှိသည်။
ပြီးပြည့်စုံသောသစ်သားစွမ်းအင်ခန္ဓာကိုယ်သည် အာခီမီပညာရှင်များ အိပ်မက်မက်လေ့ရှိသော တည်ဆောက်ပုံမျိုးဖြစ်သည်။
ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းဖြစ်စေ ဝိညာဉ်ဆေးပင်များ၏အရည်အသွေး တိုးတက်လာအောင်ပြုလုပ်ခြင်းဖြစ်စေ လွယ်ကူသွားလိမ့်မည်။
ဝိညာဉ်ဆေးပင်များရှာဖွေလျှင်ပင် သစ်သားခန္ဓာကိုယ်ကြောင့် ထိုဆေးပင်များက အလိုလျောက်ရောက်လာလိမ့်မည်။
ထိုအရာက လောက၏ ရှားပါးသောရတနာတစ်ပါးဖြစ်သည်။
ဟန်မူယဲ့ကအဝိုင်းခံနေရသောသစ်ပင်မိစ္ဆာကိုကြည့်ပြီး တုံ့ဆိုင်းနေသည်။
‘တိုက်ပွဲကိုစောင့်ကြည့်ပြီး သစ်သီးကို လုယူရမလား’
“ဟူး ....”
သစ်ပင်မိစ္ဆာ၏ရှေ့တွင် ပုံရိပ်တစ်ခုက ရှေ့သို့ပြေးတက်လာသည်။ ထိုပုံရိပ်က ဓားမော့ကိုမြှောက်ထားပြီး ခုတ်ချလိုက်သည်။
ထိုပုံရိပ်သည် မီးခိုးရောင်ဝတ်စုံနှင့် မိစ္ဆာဖြစ်သည်။ သူက သစ်ပင်မိစ္ဆာကိုသတ်ပြီး ဝိညာဉ်နယ်မြေတွင် ရှိနေသောရတနာများကို လူယူရန် ထို့နောက် သူနှင့်အတူ တောင်ပိုင်းကုန်းမြေသို့လိုက်လာရန် မိစ္ဆာသားရဲများအား ပြောနေသည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေရှိ ပြန့်ကျဲနေသော မိစ္ဆာသားရဲများကိုစုစည်းရန် တောင်ပိုင်းကုန်းမြေမှ ရောက်လာခြင်းဖြစ်သည်။
တောင်ပိုင်းကုန်းမြေတွင် အနောက်ပိုင်းသို့ပြောင်းရွှေ့သွားသော မျိုးနွယ်စုအများအပြားရှိသည်ဟု ထိုမိစ္ဆာကြီးက ဆက်ပြောသည်။ မိစ္ဆာသားရဲများက အစိမ်းရောင်ဝံပုလွေမျိုးနွယ်စုသို့ မဝင်ရောက်လျှင် အနာဂတ်မှာ တခြားမိစ္ဆာမျိုးနွယ်စုများ၏ ဖိနှိပ်မှုကို ခံရလိမ့်မည်။
‘တောင်ပိုင်းကုန်းမြေက မိစ္ဆာမျိုးနွယ်လား’
အစိမ်းရောင်ဝံပုလွေမျိုးနွယ်စုရဲ့ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ…။
“ဘုန်း ....”
ဓားမော့ရှည်က သစ်ပင်မိစ္ဆာ၏သစ်ကိုင်းကို ခုတ်ချသည်။
သစ်ကိုင်းနှစ်ကိုင်း ပြတ်တောက်သွားသည်။
မဂ္ဂနိုလီယာနွယ်ပင်၏ အငွေ့အသက်သည် ဖရိုဖရဲဖြစ်နေပြီး နွယ်ပင်များကို ထုတ်လွှတ်လိုက်သည်။ သို့ပေမဲ့ အစိမ်းရောင်ဝံပုလွေမျိုးနွယ်စု၏မိစ္ဆာကြီးက ရှောင်တိမ်းလိုက်၏။
မဂ္ဂနိုလီယာနွယ်ပင်က ခွန်အားကို ဖိနှိပ်ထားပုံရသည်။
မဂ္ဂနိုလီယာနွယ်ပင်၏ အောက်တွင် ရှိနေသော ထန်ထန်က အနက်ရောင်မိစ္ဆာကျား၏ ခုန်အုပ်ခြင်းကို ခံလိုက်ရသည်။
ကျားနက်က အစွယ်များထုတ်၍ ထန်ထန်၏ လည်ပင်းကို ကိုက်ချသည်။
“ဘုန်း ....”
မဂ္ဂနိုလီယာနွယ်ပင်ဆီမှ အစိမ်းရောင်ချီအလင်းများ ဖြာထွက်လာသည်။
အားကောင်းသောအငွေ့အသက်က လေပြင်းအဖြစ်ပြောင်းလဲပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
မိစ္ဆာကျားနက်က ဖိအားကြီးတစ်ခုကြောင့် တုန်ခါသွားပြီး အဝေးသို့လွင့်စင်သွား၏။
ပတ်ဝန်းကျင်မှာရှိနေသောမိစ္ဆာသားရဲများကလည်း လေပြင်းများကြောင့် အဝေးသို့လွင့်သွားသည်။
ထိုစွမ်းအားသည် သာမန် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူထက် ကျော်လွန်နေသည်။
မဂ္ဂနိုလီယာနွယ်ပင်က နွယ်ပင်များကို ဝှေ့ယမ်းပြီး စူးစူးရှရှအော်ဟစ်လိုက်သည်။
သို့ပေမဲ့ သူ့ရှေ့မှာရှိနေသောလူရိပ်များက နောက်ဆုတ်မသွားဘဲ ရယ်မောလိုက်သည်။
ကောင်းကင်ပေါ်တွင် တိမ်များပေါ်ထွက်လာသည်။
ကောင်းကင်ကပ်ဘေး…။
လူသားနှင့် မိစ္ဆာများသည် ကမ္ဘောမြေအဆင့်အထွတ်အထိပ်သို့ရောက်ပြီး ကောင်းကင်ဘုံအဆင့်သို့ တက်လှမ်းတော့မည်ဆိုလျှင် ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်ရမည်။
ကောင်းကင်ကပ်ဘေးသည် ကောင်းကင်နှင့်မြေကြီး၏ တာအိုစွမ်းအားများ မိုးကြိုးအဖြစ် ပြောင်းလဲသွားပြီး ဆင်းသက်လာခြင်းဖြစ်သည်။
ထိုမိုးကြိုးကို ခုခံနိုင်လျှင် ကောင်းကင်နှင့်မြေကြီး၏ အသိအမှတ်ပြုခြင်းကိုခံရပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဖြစ်လာလိမ့်မည်။
ကပ်ဘေးကိုမဖြတ်ကျော်နိုင်လျှင် သေရမည်။
မဂ္ဂနိုလီယာနွယ်ပင်သည် ကျင့်ကြံဆင့်ကိုဖိနှိပ်ထားပြီး ကပ်ဘေးဖြတ်ကျော်ရန် အခွင့်ကောင်းကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
တောင်ပိုင်းကုန်းမြေ၏ ကောင်းကင်ဘုံတစ်ဝက်အဆင့် အစိမ်းရောင်ဝံပုလွေမိစ္ဆာက မဂ္ဂနိုလီယာနွယ်ပင်ကို ကောင်းကင်ကပ်ဘေးဖြတ်ကျော်အောင် တမင်တွန်းအားပေးသည်။
မိစ္ဆာသားရဲအုပ်စုက ဖြည်းဖြည်းချင်းနောက်ဆုတ်သွားသည်။
ကောင်းကင်ကပ်ဘေး၏ ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအားကြောင့် မိစ္ဆာသားရဲများမှာ ထိတ်လန့်နေသည်။
ကောင်းကင်ကပ်ဘေးက မည်သူ့ကိုမှ မျက်နှာသာမပေးချေ။ ကပ်ဘေးဆင်းသက်လာသောအခါတွင် တိမ်ပင်လယ်နှင့် လျှပ်စီးအဖြစ်ပြောင်းလဲသွားပြီး မည်သည့်အပင်အမျိုးအစားနှင့် မိစ္ဆာသားရဲဖြစ်ပါစေ ဖျက်ဆီးခံရလိမ့်မည်။
“ဟမ် ....”
မဂ္ဂနိုလီယာနွယ်ပင်က နွယ်ပင်များကိုအသုံးပြု၍ သစ်ပင်မိစ္ဆာများကို ပေတစ်ထောင်အကွာသို့ပို့သည်။
ထို့နောက် ကြီးမားလှသောသစ်ပင်မိစ္ဆာကြီးက ဝိညာဉ်အလင်းများပေါ်ထွက်လာပြီး အသက်ငါးဆယ်အရွယ် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းသွားသည်။
ထိုအမျိုးသမီးက လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး ပတ်ဝန်းကျင်သို့တစ်ချက်ကြည့်ကာ သက်ပြင်းချသည်။
ထိုနောက် တိမ်များထဲသို့ တိုက်ရိုက်ပျံသန်းသွားသည်။
ရေပုံတစ်ပုံးအရွယ်အစားရှိသော မိုးကြိုးတစ်စင်းက အမျိုးသမီးဆီသို့ တိုးဝင်လာသည်။
အမျိုးသမီးက လက်ထဲမှာရှိသောသစ်သားတုတ်ကို ဝှေ့ယမ်းပြီး လေးနက်သောအလင်းလွှာတစ်ခုကို ဖန်တီး၍ ခုခံသည်။
“ဘုန်း ....”
မိုးကြိုးက အလင်းလွှာကိုဝင်တိုက်လိုက်ပြီး အမျိုးသမီး၏ လက်ထဲမှာရှိနေသောသစ်သားတုတ်မှာ ကျိုးပဲ့သွားသည်။
ကြွင်းကျန်နေသောလျှပ်စီးများက အမျိုးသမီးဆီသို့တိုးဝင်လာပြီး အောက်သို့ ပေဒါဇင်အထိရောက်သွားအောင် တွန်းပို့လိုက်သည်။
သိပ်မဝေးသောနေရာတွင် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာသားရဲများက မောက်မာစွာရယ်မောနေသည်။
သူမက ပြင်ဆင်ထားခြင်းမရှိဘဲ ဒဏ်ရာတချို့ရထားပြီး ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်နေရသည်။ သူမ ရှင်သန်နိုင်မှာမဟုတ်ပေ။
“ဘုန်း ....”
ပိုမိုသန်မာသောမိုးကြိုးတစ်စင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်ဆင်းသက်လာသည်။
အမျိုးသမီးက မျှော်လင့်ချက်ကင်းမဲ့နေပြီး သက်ပြင်းချကာ မိုးကြိုးနှင့် ရင်ဆိုင်လိုက်သည်။
အောက်တွင် ထန်ထန်နှင့် မိစ္ဆာသစ်ပင်များသည် ကြေကွဲစွာငိုကြွေးနေကြ၏။
လျှပ်စီးများက အမျိုးသမီး၏ ခန္ဓာကိုယ်ကို ဝိုင်းရံထားပြီး ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသည်။
အမျိုးသမီး၏ခေါင်းပေါ်မှာ အစိမ်းရောင်သစ်ပင်လေးတစ်ပင် ပေါ်ထွက်လာသည်။ လျှပ်စီးများက ထိုသစ်ပင်လေးကို ဖျက်ဆီးပစ်ချင်သကဲ့သို့ ဝိုင်းရံထားသည်။
ကောင်းကင်ဘုံအဆင့်တွင် မိစ္ဆာဝိညာဉ်သူငယ်များ ပေါ်ထွက်လာသည်။
ထိုသစ်ပင်လေးသည် အမျိုးသမီး၏ ဝိညာဉ်သူငယ် ဖြစ်သည်။
ဝိညာဉ်သူငယ် ပျက်စီးသွားလျှင် သူမ၏ဝိညာဉ်ကလည်း အလိုလျောက် ပျက်စီးသွားလိမ့်မည်။
“တာအိုရောင်းရင်း၊ ထန်ထန်နဲ့တခြားမိစ္ဆာတွေကို ဂရုစိုက်ပေးဖို့ တောင်းဆိုလို့ရမလား”
ထိုအချိန်မှာပဲ ဟန်မူယဲ့က အသံတစ်သံကြားလိုက်ရသည်။
ထိုအသံသည် မဂ္ဂနိုလီယာနွယ်ပင်၏အသံ ဖြစ်သည်။
ဟန်မူယဲ့ရောက်လာခြင်းကို ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူက လွယ်ကူစွာ အာရုံခံနိုင်သည်။
“ငါ့အမြစ်တွေရှိတဲ့နေရာမှာ ဝိညာဉ်နယ်မြေရှိတယ်။ မင်းက ထန်ထန်နဲ့တခြားမိစ္ဆာတွေကို ကယ်တင်ပေးရင် အဲဒီရတနာနယ်မြေကို ရအောင် သူတို့က ကူညီပေးလိမ့်မယ်”
“အစိမ်းရောင်ဝံပုလွေမိစ္ဆာအတွက် စိတ်ပူစရာမလိုဘူး။ ငါက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကိုရောက်နေတဲ့ စပါးစိမ်းတောင်ကုန်းရဲ့မိစ္ဆာကို ဖိတ်ခေါ်ထားတယ်။ သူက အစိမ်းရောင်ဝံပုလွေကို တားဆီးနိုင်လိမ့်မယ်”
ဝိညာဉ်နယ်မြေကို အဖိုးအခအဖြစ်ပေးအပ်ထားသောကြောင့် ထိုသဘောတူညီမှုက မဆိုးပေ။
ဟန်မူယဲ့က လျှပ်စီးများနှင့်ရုန်းကန်းနေရသော ကောင်းကင်ပေါ်ရှိပုံရိပ်ကိုကြည့်ပြီး ရုတ်တရက်မေးသည်။
“အကြီးအကဲမှာ ကောင်းကင်ဘုံတစ်ဝက်အဆင့်မိတ်ဆွေရှိနေမှတော့ သူ့ကို ဘာဖြစ်လို့အကူအညီမတောင်းတာလဲ”
ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာက အစိမ်းရောင်ဝံပုလွေကိုတားဆီးနိုင်လျှင် ထန်ထန်တို့ကိုလည်း ကာကွယ်နိုင်လိမ့်မည်။
“တာအိုရောင်းရင်း၊ သူနေတဲ့နေရာက ထန်ထန်တို့ကျင့်ကြံဖို့အတွက် မသင့်တော်ဘူး”
အမျိုးသမီးစကားပြောနေစဉ်မှာပဲ ကောင်းကင်ပေါ်မှ နောက်ထပ်မိုးကြိုးတစ်စင်း ဆင်းသက်လာသည်။
မဂ္ဂနိုလီယာနွယ်ပင်၏ အငွေ့အသက်က ကျဆင်းလာသည်။ သူမက တောင့်မခံနိုင်တော့ပေ။
အောက်မှာရှိနေသောမိစ္ဆာသားရဲများက လောဘတကြီး ရှေ့တိုးလာသည်။
မဂ္ဂနိုလီယာနွယ်ပင်သေသွားလျှင် သူတို့က မဂ္ဂနိုလီယာသစ်သီးကို လုယူလိမ့်မည်။
“အကြီးအကဲ၊ အပေးအယူတစ်ခုလောက် လုပ်ကြရအောင်။ ကျွန်တော်က ခင်ဗျားကို ကောင်းကင်ကပ်ဘေး ဖြတ်ကျော်နိုင်အောင် ကူညီပေးမယ်။ ခင်ဗျားက ကျွန်တော့ကို မဂ္ဂနိုလီယာသစ်သီးပေး။ ဘယ်လိုလဲ”
ဟန်မူယဲ့က ရုတ်တရက်ပြောသည်။
ကောင်းကင်ကပ်ဘေးကျဆင်းလာခြင်း၊ ကပ်ဘေးမှ ရှင်သန်ခြင်း၊ ကပ်ဘေးကို ဖြတ်ကျော်ခြင်း။
လျှပ်စီးများနှင့် လွှမ်းခြုံနေသောမိစ္ဆာက တုန်လှုပ်သွားသည်။
“နင်က ကပ်ဘေးကျော်ဖြတ်သွားအောင် တကယ်ကူညီနိုင်လား”
သစ်ပင်မိစ္ဆာ၏အသံက ထိတ်လန့်မှုများနှင့် အလျင်စလိုဖြစ်နေသည်။
ကပ်ဘေးကျော်ဖြတ်ခြင်းက အလွန်အန္တရာယ်များသည်။
မိုးကြိုးကပ်ဘေးက ကောင်းကင်တာအို၏ စွမ်းအားများကြောင့် ဖြစ်ပေါ်လာသည်။ တခြားလူများကို ကပ်ဘေးကျော်ဖြတ်နိုင်အောင် ကူညီပေးခြင်းက ကောင်းကင်တာအိုအား လှည့်စားခြင်းဖြစ်သည်။
ထိုအပြုအမူကြောင့် ကပ်ဘေးတစ်ခုကို ကိုယ်တိုင်ကြုံတွေ့နိုင်သည်။
ရှေးခေတ်အချိန်မှာ ကျင့်ကြံသူကြီးတစ်ယောက်က တခြားလူများကို ကပ်ဘေးကျော်ဖြတ်နိုင်အောင် ကူညီပေးသည်။ သို့ပေမဲ့ မိုးကြိုးကပ်ဘေးက သူ့ကို ရှာတွေ့သွားပြီး သတ်ဖြတ်ခဲ့သည်.
မဂ္ဂနိုလီယာနွယ်ပင်က ကပ်ဘေးကျော်ဖြတ်အောင် ကူညီပေးနိုင်သောဟန်မူယဲ့ကို မယုံကြည်နိုင်ပေ။
“အကြီးအကဲ၊ အပေးအယူလုပ်မှာလား”
ဟန်မူယဲ့က ထပ်ပြောသည်။
ကောင်းကင်တွင် လျှပ်စီးများစုစည်းလာပြန်သည်။
“လုပ်မယ်…”
အသက်ရှင်နိုင်သောအချိန်တွင် သေလိုသောသူ မရှိပေ။
ထို့အပြင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံလာသောမိစ္ဆာကြီးက သေလိုစိတ်မရှိပေ။
မဂ္ဂနိုလီယာနွယ်ပင်၏ အသံကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
“ဟင်း… သေချင်နေတာပဲ”
အဝေးမှာရှိနေသော အစိမ်းရောင်ဝံပုလွေမျိုးနွယ်စု၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်မိစ္ဆာက အေးစက်စွာနှာမှုတ်လိုက်သည်။ သူ့ကိုယ်ပေါ်တွင် အစိမ်းရောင်အလင်းတစ်ချက် လက်သွားပြီး လက်သည်းတစ်ခုအသွင်ပြောင်းကာ ဟန်မူယဲ့၏ ဦးခေါင်းကို ရိုက်ချသည်။
သူက ဟန်မူယဲ့ကို အချိန်အတော်ကြာကတည်းက သတိထားမိသော်လည်း မိစ္ဆာသစ်ပင်အတွက် ဤနေရာသို့ရောက်လာသောကြောင့် အရေးမပါသောလူသားနှင့် အချိန်မဖြုန်းချင်ခဲ့ပေ။
ဟန်မူယဲ့က သူ့အတွက်ကောင်းသောအရာကို မသိပေ။
လက်သည်းက ထင်ရှားနေပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ ဖိအားက ဟန်မူယဲ့အပေါ်သို့ ကျရောက်လာသည်။
ဟန်မူယဲ့က လက်သည်းပုံရိပ်ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုထားသည်။
“ဟမ် ....”
သူ့နောက်မှ ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။
လင်းရှန်က ဓားကိုကိုင်ထားပြီး ခုတ်ချလိုက်သည်။
မိစ္ဆာလက်သည်းနှင့် ဓားအလင်းက ထိတွေ့သွားသည်။
ခန္ဓာကိုယ်က ကောင်းကင်ဘုံအဆင့်မှာရှိနေပြီး အသင်္ချေဓားဆွဲထုတ်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားသော လေ့ကျင့်ရေးမှူးလင်းသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို တားဆီးနိုင်သည်။
မိစ္ဆာကြီးက လင်းရှန်၏ တိုက်ခိုက်နိုင်စွမ်းကြောင့် အံ့အားသင့်သွားသည်။
ထိုအချိန်မှာ ဟန်မူယဲ့က လျှပ်စီးများဝိုင်းရံနေသောအမျိုးသမီးနှင့် သိပ်မဝေးသောနေရာဆီသို့ ရောက်လာသည်။
သူက လက်မြှောက်လိုက်လျှင် အနက်ရောင်သားမွေးတစ်ခု ပေါ်ထွက်လာသည်။