← Chapters

အကြမ်းပတမ်းတိုက်ပွဲ(၃)

Vol. 13 Ch. 169

အကြမ်းပတမ်းတိုက်ပွဲ(၃)

Vol. 13 Ch. 169

ဟန်လိက သူ၏ မှော်စွမ်းအားကို ဓားအဆောင်ပေါ်၌ မှန်မှန် ဖြည့်တင်းနေ၏။ စီနီယာအစ်ကိုလုမှာလည်း ထိုနည်းတူပင်။ သူလည်း သူ၏ အဇူရာနဂါးအလံအား စွမ်းအား ဖြည့်တင်းနေသည်။ သူတို့နှစ်ယောက်လုံးက ကိုယ်ကော စိတ်ပါ အာရုံစူးစိုက်ထားရ၏။ သူတို့သည် အနည်းငယ်မျှ မပေါ့ဆဝံ့ပေ။

နှစ်ယောက်လုံးက အာရုံအပြည့် စိုက်ကာ တဖက်သူ အနိုင်မရသွားအောင် ရုန်းကန်နေ၏။ သူတို့နှစ်ယောက်လုံးသည် တဖက်က ပေါ့ဆမိသည်နှင့် ထိုသူမှာ သူ၏ရတနာ ပျက်စီးခြင်းနှင့်အတူ မရဏလမ်းထံ မြန်းရမှာ ကောင်းကောင်း သဘောပေါက်သည်။ သူတို့နှစ်ယောက်လုံးအတွက် နောက်ပြန်ဆုတ်စရာ လမ်းမရှိတော့ပေ။

သို့ဖြစ်၍ အဇူရာနဂါးနှင့် ဓားကြီးတို့ကြား တိုက်ခိုက်ရုန်းကန်မှုက မထင်မှတ်စွာဖြင့် မည်သူ၏ မှော်စွမ်းအားက အရင်ကုန်ခမ်းမလဲအပေါ် တဖြည်းဖြည်း မူတည်လာတော့သည်။

ထိုနှစ်ယောက်လုံးက တိုက်ပွဲ၏ သေရေးရှင်ရေး အနေအထားကို ကောင်းကောင်း သိ၍ သူတို့၏ မှော်စွမ်းအားများ ပြန်အားပြည့်အောင် ပြိုင်တူလုပ်ဆောင်သည်။ သူတို့က စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ လက်ထဲ၌ ကိုင်၍ ယင်းကျောက်တုံး၏ မှော်စွမ်းအားကို စုပ်ယူသည်။

သို့သော် စီနီယာအစ်ကိုလုက အဆင့်နိမ့်လေဓာတ်စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ထား၏။ ဟန်လိကမူ အလယ်အဆင့် မြေဓာတ်စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ထားသည်။ ဤသည်ကို မြင်သည့်အခါ စီနီယာအစ်ကိုလုမှာ မျက်နှာပျက်သွား၏။ သူက ထိတ်လန့်လာ၏။ ပို သတိထားလာ၏။

ချီစုဆောင်းခြင်း တပည့်တစ်ယောက်က မထင်မှတ်စွာဖြင့် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး ပိုင်ဆိုင်နေပေသည်။ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ၎င်းအထက်အဆင့် ကျင့်ကြံသူများကသာ အများအားဖြင့် ပိုင်ဆိုင်တတ်ကြပေသည်။ လူတိုင်းက အလယ်အဆင့် ကျောက်တုံး၏ စိတ်ဝိညာဉ်စွမ်းအားကို အားပြန်ဖြည့်တင်းနှုန်းသည် အဆင့်နိမ့်ကျောက်တုံးထက် များစွာ သာလွန်မြန်ဆန်သည်ကို ကောင်းကောင်း သိပေ၏။ စွမ်းအား ပြန်ဖြည့်တင်းရာ၌ အစ်ကိုလုမှာ ခံဘက်က ဖြစ်နေပေပြီ။

သို့သော် အစ်ကိုလု၏ မှော်စွမ်းအားက ဟန်လိထက် ပို၍ နက်နဲ၏။ သူ၏ ရန်သူက သူ့ထက်ပိုမြန်မြန် စွမ်းအား ဖြည့်တင်းနိုင်ခဲ့လျှင်ပင် အချိန်အတန်ကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုသို့တွေးကာ အစ်ကိုလုသည် ပြန်၍ တည်ငြိမ်လာ၏။ အာရုံသေချာ ပြန်စိုက်သည်။

သို့သော် အစ်ကိုလုသည် ဟန်လိ၏ နောက်ထပ် အပြုအမူကို မြင်သည့်အခါ သူ့အမူအရာမှာ ထပ်မံ ပျက်ယွင်းသွားပြန်၏။ သူ့ထံ၌ မယုံကြည်နိုင်ဖြစ်မှု၊ အံ့အားသင့်မှုပင် ဖြစ်ပေါ်လာသည်။

ဟန်လိက သူ့ရှေ့ရှိ အပြာရောင်အရံအတားကို ဖယ်ရှားလိုက်၏။ ထိုအခါ သူ၏ ပကတိခန္ဓာကိုယ်သည် လှစ်ဟပေါ်လာသည်။ အစ်ကိုလုက ဉာဏ်ရည်ဉာဏ်သွေး ကောင်းလှသူ ဖြစ်သော်လည်း တဖက်ရန်သူ၏ အပြုအမူက သူ့ကို စိတ်ရှုပ်ထွေးသွားစေ၏။ သူက ဟန်လိ မည်သို့တွေးနေသည်ကို မသိဘဲ ရှိသည်။

ဟန်လိသည် လေဓားသွားများက သူ့အသက်ကို နှုတ်ယူသွားမည့်အပေါ် မပူပန်တော့၍လား။

စီနီယာအစ်ကိုလု၏ စိတ်ထဲ၌ အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ သို့သော် သူက အချိန်ကြာကြာ တွေဝေမနေပေ။ သူက သူ့ဘယ်လက်ကို ကောင်းကင်ထက်သို့ ပြတ်ပြတ်သားသား ဆန့်ထုတ်၏။ လေဓားသွားကို ဖွဲ့စည်းစေသည်။ အဇူရာအလင်းဖျော့ဖျော့ ပေါ်လာသည်။

သို့သော် ဟန်လိက ထိုသူ၏ လေဓားသွားး ဖွဲ့စည်းပြီးသည့်အချိန်ထိ စောင့်မနေပေ။ သူ့ လက်ကို ရန်သူ့ထံ ဝေ့ယမ်း၏။ ထိုအခါ အဇူရာနဂါးနှင့် လုံးထွေးတိုက်ခိုက်နေသော ဓားကြီးက ရုတ်တရက် ဟိန်းမြည်ကာ လင်းထင်းသွားသည်။ တဖက်သူ စိတ်ရှုပ်သွားသော အခိုက်အတန့်ကို ဟန်လိက လက်ဦးမှုယူ၏။ သူ၏ ဓားကြီးသည် အဇူရာနဂါးကို ရုတ်ချည်း ခါထုတ်၍ အစ်ကိုလုထံ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။

ထိုအခါ အစ်ကိုလုမှာ မင်သက်ကာ အင်မတန် ထိတ်လန့်သွား၏။ သူက လေဓားသွားကို ဖွဲ့စည်းကာ ပစ်သွင်းပါက ဟန်လိ၏ အသက်ကို ယူနိုင်စွမ်း ရှိနိုင်သည်။ အလားတူပင် ဓားကြီးမှာလည်း သူ့အပေါ် ခုတ်ပိုင်းကျလာမည်သာ။ သူလည်း အသက်ဆုံးရှုံး ရနိုင်သည်။ ထိုအခါ နှစ်ဦးနှစ်ဖက် ပျက်စီးခြင်း ဆိုက်ကာ အဆုံးသပ်လိမ့်မည်။

သူ၏ အကာအကွယ် ဖြစ်သော လေနံရံက ခုထိ မပျောက်ကွယ်သေးသော်လည်း သည်ဓားကြီးက သူ၏ အကောင်းဆုံးသော အဇူရာနဂါးအလံ၏ အသွင်ပြောင်းခြင်းကိုပင် နင်လားငါလား ယှဉ်တိုက်ခိုက်နိုင်စွမ်း ရှိခဲ့သည် မဟုတ်လား။ ထိုအခါ သူ၏ လေနံရံသည် ဓား၏ ဖျက်စီးခြင်းကို ကျိန်းသေပေါက် ခံရလိမ့်မည်။ ၎င်းကို ဟန့်တားနိုင်လိမ့်မည် မဟုတ်ပေ။

အစ်ကိုလုက ထိုသို့သော ရလဒ်မျိုး ဖြစ်ပေါ်လာမှာကို လက်သင့်မခံနိုင်ပေ။ သူ့ထံ၌ တောက်ပသော အနာဂတ်များ ရှိသေးသည် မဟုတ်လား။ သူက ခုလို မည်သူမည်ဝါမှန်း မသိရသော လူတစ်ယောက်နှင့် အသက်ချင်းရင်းကာ မတိုက်ခိုက်ချင်ပေ။

သို့ဖြစ်၍ သူက လေဓားသွားကို ဖွဲ့စည်းနေတာအား ရပ်လိုက်၏။ သူ၏ မှော်စွမ်းအား အားလုံးကို အဇူရာနဂါးထံ သွန်းလောင်းကာ ၎င်းကို သူ့ထံ ပြန်ဆင့်ခေါ်သည်။

အဇူရာနဂါးအလံက အမှန်တကယ် အံ့အားသင့်ဖို့ ကောင်းသော လေဓာတ်မှော်ပစ္စည်းတည်း။ စီနီယာအစ်ကိုလု၏ ဆင့်ခေါ်မှုကြောင့် ၎င်းက ဟန်လိ၏ ဓားကြီးနှင့် လမ်းတဝက်တွင် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်ကြပြန်သည်။

ထိုသည်ကိုမြင်မှ အစ်ကိုလုသည် စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်တော့၏။ သူ့တကိုယ်လုံးမှာလည်း ချွေးများ ရွှဲနစ်နေသည်။

သို့ဖြစ်၍ စီနီယာအစ်ကိုလုက သူ၏ မှော်ပညာရပ်များကို အကြိမ်ကြိမ် ဖော်ထုတ်၍ ဟန်လိကို ထပ်မံ တိုက်ခိုက်ချင်နေ၏။

သို့သော် ဟန်လိက အကြိမ်တိုင်း တူညီသော နည်းလမ်းကို အသုံးပြုနေ၏။ သူ မန္တာန်ထုတ်ဖော်ကာ ဟန်လိကို တိုက်ခိုက်ရန် ကြံတိုင်း ဟန်လိက ဓားကြီးကို သူ့ထံ ဦးတည်စေ၏။ သို့ဖြစ်၍ အကာအကွယ်အရံအတား လုံးလုံး မချန်ထားသော ဟန်လိကို သူ ဘာမျှ လုပ်၍ မရ ဖြစ်နေ၏။ အစ်ကိုလုမှာ ဒေါသပုန်ထကာ ရှုးသိုးသိုးဖြစ်လာ၏။ သူက သူ၏ နက်ရှိုင်းသော မှော်စွမ်းအားကိုသာ မှီခိုရတော့သည်။ သို့ဖြစ်၍ သူ့ မှော်စွမ်းအားကို အဆက်မပြတ် အားပြန်ဖြည့်နေ၏။

ထိုအခိုက်တွင် ဟန်လိကလည်း အမျိုးမျိုးသော ဆေးပင်ငယ်များကို သူ့သိုလှောင်အိတ်ထဲကနေ ထုတ်၍ ပါးစပ်ထဲသို့ အမြန်ပစ်ထည့်သည်။ သူက ထိုဆေးပင်များကို ပလုတ်ပလောင်း ဝါးသည်။ ဟန်လိ၏ အပြုအမူက အစ်ကိုလုကို ကြောင်သွားစေသည်။ သူသည် ရန်သူက မည်သို့ မကောင်းကြံနေသည်ကို မသိဘဲ ဖြစ်သွားသည်။

သူ ခန့်မှန်း၍လည်း မကြည့်နိုင်တော့ပေ။ ထိုအခါ အစ်ကိုလုသည် စိတ်ထင့်လာ၏။ သို့သော် သူက သူ့အသက်ကို များစွာ တန်ဖိုးထားသူလည်း ဖြစ်၏။ သာမန်သူများထက် သူက ပို၍ ဉာဏ်များကောက်ကျစ်သော်လည်း ထိုခဏ၌ သူ၏ စဉ်းစားဉာဏ် လွတ်ထွက်သွားမိသည်။

အချိန်ပိုကြာလာသည်နှင့် အစ်ကိုလု၏ စိတ်နှလုံးမှာ ပိုမို လေးလံလာသည်။

အဆုံးသပ်၌ အဇူရာနဂါး၏ အလင်းက စတင် မှိန်ဖျော့လာ၏။ ကြီးမားသော မီးခိုးရောင်ဓားအလင်းတန်းကမူ မူလတုန်းကကဲ့သို့ တောက်ပနေတုန်းပင်။ အစ်ကိုလုမှာ မထိတ်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူက အာခေါင်ခြစ်၍ အော်လိုက်၏။ “မဖြစ်နိုင်ဘူး။ ငါ့မှော်စွမ်းအားက မင်းထက် အများကြီး ပိုသာတယ်။ မင်းမှာ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်ထားရင်တောင် ခုလက်ရှိ စွမ်းအားအတိုင်း ကျန်ရှိနေဖို့ မဖြစ်နိုင်ဘူး။ ငါ့ စွမ်းအား မကုန်ခင် မင်းရဲ့ စွမ်းအားကသာ အရင်ကုန်ခမ်းသွားသင့်တာ…”

အဇူရာနဂါးမှာ ပျက်စီးခါနီး ဖြစ်လာပေပြီ။ အစ်ကိုလုမှာ အသည်းအသန် အော်ဟစ်၏။ သူ၏ သွေးပျက်ကာ အော်ဟစ်သံသည် ရေတွင်းထဲ ကျသွားသော ခွေးတစ်ကောင်၏ အော်သံနှင့်ပင် တူသေးသည်။

ဟန်လိက သူ့အစီအစဉ် အောင်မြင်သည်ကို မြင်သည့်အခါ မပြုံးမိဘဲ မနေနိုင် ဖြစ်မိ၏။ သူက ရန်သူ၏ စကားများကို ကြား၏။ ထိုအခါ သူ၏အပြုံးမှာ လှောင်ပြုံး ဖြစ်လာ၏။

သူ့ထံ၌ တဖက်သူကို ရှင်းပြမနေအားပေ။ သူကိုယ်တိုင်၏ မှော်စွမ်းအားမှာလည်း ကုန်ခမ်းလုနီးနီး ဖြစ်နေလေပြီ။ သို့ဖြစ်၍ သူက ရန်သူနှင့် အဘယ်သို့ အချိန်ဖြန်းနေပါ့မည်နည်း။

ထိုသို့တွေးကာ ဟန်လိက တဖက်သူ၏ စကားများကို အရေးမစိုက်တော့ချေ။ သူက သူ့လက်ကို ဧရာမဓားထံ ညွှန်၏။ ၎င်း၏ အလင်းဖြာထွက်မှုက ပို၍ ထည်ဝါအားကောင်းလာ၏။ ၎င်းသည် အဇူရာနဂါးကို တဖြည်းဖြည်း တိုက်စားပစ်သည်။ အဇူရာနဂါး၏အလင်းမှာ ဆက်၍ မမြင်ရလုနီးပါးထိ အရောင်ဖျော့လာ၏။

အစ်ကိုလုက ထိုသည်ကို မြင်သည့်အခါ လုံးဝ မျှော်လင့်ချက်မဲ့လာ၏။ ထို့ကြောင့် သူ့စိတ်ထဲ၌ အလောင်းအစား လုပ်လိုစိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာ၏။ သူ၏မျက်လုံးမှာ ရူးသွပ်မှုကြောင့် တောက်ပလာ၏။

စကားတခွန်းမှ မဆိုဘဲ သူက အဇူရာနဂါးအလံထံမှ လက်ကျန်မှော်စွမ်းအား အနည်းငယ်ကို ပြန်ရုတ်သိမ်း၏။ ထိုအခါ ၎င်းနဂါးသည် မူလအသွင်သို့ ပြန်ပြောင်းကာ ကောင်းကင်ထက်မှ ချက်ခြင်း ပြုတ်ကျသွား၏။ ထို့နောက်တွင် သူ့ထံ တိုးဝင်လာသော ဓားကြီးကို လုံးလုံး လစ်လျူရှုကာ အစ်ကိုလုက သူ၏ လက်ကျန်စွမ်းအားဖြင့် လေဓားသွားတလက်ကို ဖန်တီး၏။ သူက ၎င်းဓားသွားကို ဟန်ထိထံ ချက်ခြင်း စေလွှတ်သည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ စိတ်မှာ ချောက်ခြားသွားမိ၏။ ရန်သူက လေဓားသွားကို ပစ်လွှတ်လာစဉ် သူ၏ ဓားကြီးမှာလည်း ရန်သူ၏ ဦးခေါင်းကို ဖြတ်ပိုင်းတော့ပေမည်။ ရလဒ်ကို ကြည့်မနေဘဲ ဟန်လိက တိမ်မီးခိုးခြေလှမ်းကို သုံးကာ အမြန် ပြေးထွက်၏။ သူက မီတာတော်တော်ဝေးဝေးထိ တဟုန်ထိုး ပြေးသည်။

လေဓားသွားများ၏ အစွမ်းကို ဟန်လိက မြင်ထားပြီး ဖြစ်၏။ ၎င်းတို့၏ အမြန်နှုန်းမှာ လန့်စရာ ကောင်းလွန်းသည်။ သူသာ တိမ်မီးခိုးခြေလှမ်းကို ချက်ခြင်း အသုံးမပြုပါက သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပေ။ လေဓားသွားကြောင့် သူ၏ခန္ဓာကိုယ် နှစ်ပိုင်း ပြတ်သွားနိုင်၏။ ထိုအခါ သူသည် ငြိမ်းငြိမ်းချမ်းချမ်းဖြင့် သေနိုင်မည် မဟုတ်၊ ရန်ငြှိုးကြီးကြီးဖြင့် သေလျှင်ပင် မျက်လုံး မမှိတ်နိုင်သည့်ဘဝသို့ ရောက်ရလိမ့်မည်။

လေဓားသွားက ထူးကဲစွာ မြန်လှ၏။ ၎င်းသည် ဟန်လိ ရှောင်တိမ်းပြေးရုံရှိသေး သူ့မူလနေရာထံ ချက်ခြင်း ရောက်လာ၏။ သို့ပေမည့် မထင်မှတ်စွာပင် ၎င်းဓားသွားက ရှောင်တိမ်းသွားသော ဟန်လိနောက် ကပ်ပါလာသည်။

ဟန်လိက စဉ်းပင် မစဉ်းနိုင်ဘဲ နောက်ထပ် တိမ်မီးခိုးခြေလှမ်းကို အမြန်ဆုံး အသုံးချ၏။ သည်ကျဉ်းမြောင်းသော ဧရိယာ၌ သူက ဘယ်ကနေညာ၊ ညာကနေဘယ် အဆက်မပြတ် ယိမ်းထိုးကာ ခြေလှမ်း၏။ လှုပ်ရှား၏။ သူ၏ ပုံရိပ်ယောင်များပင် ကျန်ခဲ့သည်။ ထိုအခါ သူ့နောက် ထပ်မံ ကပ်ပါလာသော လေဓားသွားမှာ သူ့ကို မမှီနိုင် ဖြစ်သွားတော့သည်။

ဟန်လိက သူသည် ဖြောင့်ဖြောင့်ကြီး ပြေးထွက်ပါက ထိုဓားသွား၏ ခုတ်ပိုင်းခြင်းကို ကျိန်းသေပေါက် ခံရမည်ဆိုတာ သိ၏။ ခုကဲ့သို့ မြွေလိမ်မြွေကောက် လှုပ်ရှား၍သာ သူက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိသွားတာပင်။ သို့ဖြစ်၍လည်း ဟန်လိက သူ၏ အကာအကွယ် မှော်ပညာရပ်ကို စွန့်ပယ်ကာ အခုကဲ့သို့ တိုက်ခိုက်ဝံ့ခဲ့တာပင်။

ဖက်။ လေဓားသွားက ရုတ်တရက် ထိန်းချုပ်မှု လွတ်သွား၏။ ၎င်းက နက်ရှိုင်းသော ချိုင့်ခွက်တခုအား ချန်ထားခဲ့ကာ မြေပြင်ထက်၌ ပျောက်ကွယ်သွားသည်။

ဟန်လိသည် သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိတော့၏။ အခုကျမျှ သူ၏ ထိတ်ပျာနေသော စိတ်နှလုံးကို ပြန်တည်ငြိမ်အောင် လုပ်နိုင်တော့သည်။ သေမျိုးသိုင်းလောက၏ လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုကာ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရခြင်းမှာ အမှန်တကယ် ထိတ်လန့်စရာ ကောင်းသော လုပ်ရပ်တစ်ခုပင်။

ဟန်လိက မြေပေါ်တွင် ထိုင်ချ၏။ ထို့နောက် သူ့ရှေ့ မျက်နှာချင်းဆိုင်ထံ လှမ်းကြည့်သည်။

သူက လေနံရံအကာအကွယ် ပျောက်ကွယ်ပြီး ၎င်းနောက်၌ ပုန်းကွယ်နေသော စီနီယာအစ်ကိုလုသည် နှစ်ပိုင်းပြတ်နေပြီကို မြင်သည်။ နှစ်ပိုင်းပြတ်သွားသော အလောင်းခန္ဓာကိုယ်တခုက မလှုပ်မယှက် ရှိနေပေပြီ။ ၎င်း၏ ဘေး၌ အရောင်အဝါ မှိန်ဖျော့သွားသော ဓားကြီးတလက် ရှိနေ၏။

All Chapters