တိုက်ပွဲမှ အကျိုးအမြတ်
Vol. 13 Ch. 170
ဟန်လိက လက်ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ လက်ဟန်ဖြင့် ဆင့်ခေါ်သည်။ ထိုအခါ ကြီးမားသော ဓားကြီးသည် အစက်အပြောက်အဖြစ်သို့ ပြောင်းကာ ပြန်၍ ပျံသန်းလာသည်။ ၎င်းက ဟန်လိရှေ့သို့ ရောက်သည့်အခါ မူလအဆောင်ပုံစံ ပြန်ပြောင်း၍ သူ့လက်ပေါ် ငှက်မွှေးတောင်တစ်ခုနှယ် ကျဆင်းသည်။
ဟန်လိက လက်ဆန့်ကာ သည်အဆောင်ကို လှမ်းယူရန် ဟန်ပြင်စဉ် ခြစ်ခြစ်ဟူသော မည်သံနှင့်အတူ ၎င်းမှာ မီးတောက်ဖြစ်သွား၏။ တအောင့်အကြာတွင် အနှီအဆောင်သည် ပြာပုံဘဝ ရောက်ကာ လေနှင့်အတူ ပျောက်ကွယ်သွားချေသည်။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက ထရပ်၏။ သူ့အမူအရာမှာ ခံစားချက်မဲ့နေသည်။ တအောင့်အကြာ၌ သူက ခါးသီးစွာ ပြုံးမိ၏။
သည်အဆောင်ရတနာမှာ လုံးလုံးလျာလျာ အစအနမကျန် ပျက်စီးသွားပေပြီ။ တိုက်ပွဲစတင်တည်းက ၎င်းထံ၌ စွမ်းအား အများအပြား မကျန်တော့ပေ။ ၎င်းကို အပြင်းအထန် တိုက်ပွဲ၌ အချိန်ကြာကြာ အသုံးပြုခဲ့ရသည်ဖြစ်၍ ၎င်း၏ လက်ကျန်စွမ်းအားအားလုံး သုံးစွဲခဲ့ရသည်။ ထိုအခါ ၎င်း၏ တန်ဖိုးကို နက်နက်နဲနဲ သိသော ဟန်လိမှာ နှမြောလွန်းသဖြင့် စိတ်နှလုံး နာကျင်ရ၏။ သို့သော် ၎င်းအဆောင်နှင့် ပတ်သတ်၍ သူ တတ်နိုင်တာ ဘာမျှ မရှိပေ။
တကယ်တော့ စီနီယာအစ်ကိုလုကဲ့သို့ ရန်သူမျိုးကို သတ်နိုင်ဖို့ မည်သည့်တန်ကြေးမှ မပေးဘဲ မဖြစ်နိုင်ပေ။ ရန်သူ၏ အဇူရာနဂါးအလံမှာလည်း အမှန်တကယ် အထင်ကြီးဖို့ ကောင်းလှသော လက်နက် မဟုတ်လား။ သည်အဆောင်ရတနာကို ဆုံးရှုံးရသော်လည်း အနှီအလံကို ပြန်ရသည်မှာ ဖြေသာ၏။ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးကိုမူ ဟန်လိ ယူဆောင်မှာ ပြောနေစရာပင် မလိုပေ။
ထိုသို့တွေးမိကာ ဟန်လိသည် စိတ်ပြန်ကြည်သွား၏။ သည်ကြမ်းလှသော တိုက်ပွဲကနေ သူ့အတွက် ထိုက်ထိုက်တန်တန် ပြန်ရခဲ့ပေသည်။
သူသာ ဒီဆေးလုံးများ သောက်သုံး၍ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်နိုင်ခဲ့ပါက မီးနှင့်သွေး ခြုံလွှမ်းသော အန္တရာယ်များလှသည့် တားမြစ်နေရာထံ သွားရောက်ရန် လိုတော့မည် မဟုတ်ပေ။ တကယ်တော့ အစ်ကိုလုကဲ့သို့ သန်မာသော ကျင့်ကြံသူများသည် အများအပြား ရှိကြ၏။ သူက ထိုတားမြစ်နေရာ၌ သည့်ထက် ပိုရင်ဆိုင်ရခက်သော ကျင့်ကြံသူအချို့ကို တွေ့ကြုံရမှာ စိုးမိ၏။
တအောင့်အကြာ၌ ဟန်လိက လက်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးကို စုပ်ယူနေ၏။ သူ၏ မှော်စွမ်းအားက အဆင့်တခုထိ ပြန်ကောင်းမွန်လာပြီးနောက် သူ ထရပ်သည်။ သူက မလှမ်းမကမ်းရှိ အဇူရာအလံကို သွားယူချင်သည်။
ဟန်လိ ခါးမတ်ရုံ ရှိသေး သူ့ဒျန်တျန်ထဲမှ စူးရှသော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ အပ်အစင်းပေါင်းများစွာ ထိုးစိုက်ခြင်း ခံရသည့်အလား။ နာကျင်မှုကြောင့် သူ့မျက်နှာမှာ ဖြူရောသွား၏။
ဟန်လိသည် မလှုပ်မယှက် ရပ်နေသည်။ ဆယ့်ငါးမိနစ်ခန့် အကြာ၌ သူက အသက်ဝဝရှိုက်သွင်းသည်။ နာကျင်မှုက နည်းနည်း သက်သာသွားသလို ခံစားမိသည်။ သူ၏ အမူအရာမှာ သုန်မှုန်နေ၏။ သူ့ပါးစပ်ထောင့်မှာ မကြာခဏ တွန့်ကွေးမိသွားသည်။
ထိုသို့ ဘာကြောင့်ဖြစ်သည်မှန်း သူ ကောင်းကောင်း သိသည်။ အကြောင်းရင်းမှာ အစောပိုင်းတုန်းက သူ ဆေးပင်များစွာကို ဝါးစားခဲ့သောကြောင့်ပင်။ သူက ဆေးပင်များ၏ စိတ်ဝိညာဉ်စွမ်းအားအချို့ကို စုပ်ယူနိုင်စွမ်း ရှိသော်လည်း ၎င်းစွမ်းအား၏ အများအပြားက ပြင်ပထိုးသွင်းအားတခုနှယ် သူ၏ ဒျန်ထျန်၌ စုဝေးကုန်ခြင်း ဖြစ်၏။ သည်ဆေးပင်များထဲ၌ ဆေးပညာအားဖြင့် မသန့်စင်ရသေးသော အညစ်အကြေးများ ရောနှောနေပေသည်။ သူသာ ယင်းအညစ်အကြေးများကို အချိန်မီ မသန့်စင်နိုင်ပါက သူ့အတွက် ပြဿနာ တတ်နိုင်၏။
ဟန်လိက ထိုဆိုးကျိုးကို သိသော်လည်း သည်ဆေးပင်များကို ဝါးမြိုခဲ့ရသည်။ သို့မှသာ အစောပိုင်းတုန်းက တိုက်ပွဲ၌ သူ့အသက် မသေခဲ့မှာ မဟုတ်လား။ သူ့ထံ၌ ရွေးချယ်စရာမရှိ၍ စွန့်စားခဲ့ရတာပင်။ ဤကဲ့သို့ ဆေးပင်များ၏ စိတ်ဝိညာဉ်ချီကို အတင်းအကြပ် စုပ်ယူခဲ့ခြင်းက ပြီးခဲ့သော တိုက်ပွဲအတွင်း၌ သူ့ကို အကူအညီများစွာ ဖြစ်စေခဲ့သည်။
သို့ပေမည့် ဆေးပင်များကို ဝါးမြိုရုံ သပ်သပ်ဖြင့် သည်တိုက်ပွဲ အဆုံးသပ်၌ သူသည် အနိုင်ရသူ ဖြစ်ဖို့ မလုံလောက်သေးပေ။ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှင့် သူ့စိတ်ဝိညာဉ်စွမ်းအားကို အားပြန်ဖြည့်တင်းခဲ့ရခြင်းအပြင် သူ၏ အနိုင်ရရှိခဲ့ခြင်း၌ နောက်ထပ် အရေးကြီးသောအချက်တချက်လည်း ပါဝင်သည်။ ၎င်းမှာ သူ၏ အကာအကွယ်ဖြစ်သော ရေအရံအတား ပညာရပ်ကို ဖျက်သိမ်းခဲ့တာပင်။
လွန်ခဲ့သော နှစ်နှစ်က ဟန်လိသည် အခြေခံမှော်ပညာရပ်များကို လေ့လာလေ့ကျင့်ခဲ့ချိန်က အစ်ကိုဝူဖန်ထံကနေ အဆောင်များ အသုံးပြုခြင်းနှင့် ပတ်သတ်၍ အဆင့်နိမ့်တပည့်များ၏ နားလည်မှု လွဲနေသော အချက်တချက်ကို အမှတ်မထင် သိရှိခဲ့ဖူး၏။ အဆင့်နိမ့်တပည့်အများစုသည် အဆောင်များကို အသက်သွင်းပြီးသည်နှင့် အသုံးပြုသူ၏ စိတ်ဝိညာဉ်စွမ်းအားမှာ ထပ်မံ ကုန်ဆုံးစရာ မလိုတော့ဟု ထင်ကြ၏။ အမှန်တော့ အဆောင်ကို အသက်သွင်းသည့်အခိုက်၌ ၎င်းက အသုံးပြုသူ၏ မှော်စွမ်းအားအမျှင်တန်းကို ဆက်၍ အသုံးပြုတုန်းပင်။ သို့မှသာ အဆောင်အသုံးပြုသူသည် ၎င်း၏မှော်ပညာရပ်ကို အဆင်ပြေပြေ ထိန်းချုပ်နိုင်မှာ ဖြစ်၏။
မှော်ပညာရပ် မပျောက်ကွယ်သေးပါက အသုံးပြုသူ၏ စွမ်းအားသည် ကုန်ဆုံးနေအုံးမှာပင်။
ချီစုဆောင်းခြင်းအဆင့် တပည့်များက ဤစိတ်ဝိညာဉ်အမျှင်တန်းကို မမြင်နိုင်သည်မှာ မှော်ပညာရပ် အသုံးပြုသည့် အချိန်မှာ တိုတောင်းသဖြင့် အများစုက မျက်စိလျှမ်းကုန်သည်။ ထို့ကြောင့်လည်း သည်အပေါ် သူတို့က နားလည်မှု လွဲနေတာ ဖြစ်၏။
အမှန်ကို သိသည့် တပည့်များ ရှိသော်လည်း ထိုကိစ္စက ပမွှားဟုသာ ခံစားမိ၏။ အမှန်တကယ်လည်း မှော်စွမ်းအား ကုန်ခမ်းမှုက မပြောပလောက်ပေ။ သို့ဖြစ်၍ အဆင့်နိမ့်တပည့်များကြား၌ သည်အချက်အလက်က ကျယ်ပြန့်မှု မရှိချေ။ ဝူဖန်မှာ အမှန်ကို သိသော လူအနည်းစုထဲက တစ်ယောက် ဖြစ်၏။ သူက ဟန်လိနှင့် စကားစမြည် ပြောရင်း သည်အကြောင်းကို ပြောပြခဲ့တာ ဖြစ်ကာ ဟန်လိက စိတ်ထဲကနေ မှတ်ထားခဲ့၏။ နောက်ပိုင်း၌ သူ ကိုယ်တိုင် စမ်းသပ်ကြည့်သည့်အခါတွင်လည်း ဤအချက်မှာ မှန်နေကြောင်း တွေ့ခဲ့၏။
သို့ဖြစ်၍ ပြီးခဲ့သော တိုက်ပွဲအတွင်း အပြင်းအထန် ဖြစ်နေစဉ် ဟန်လိက ဤအချက်ကို အမှတ်ရကာ သူ၏ အကာအကွယ်မှော်ပညာရပ်ကို ဖျက်သိမ်းခဲ့တာ ဖြစ်၏။ ထိုအခါ သူ၏ မှော်စွမ်းအားကို အနည်းငယ် ချွေတာနိုင်ခဲ့သည်။ ယင်းက အစပိုင်း၌ ပြောလောက်သည့် ပမာဏ မဟုတ်သော်ငြားလည်း အချိန်ကြာလာသည့်အခါ မှော်စွမ်းအားပမာဏက အတော်အတန် များလာ၏။
ထိုသို့ဖြင့် ဟန်လိက ရန်သူ့ထက် ပိုကြာကာ မှော်စွမ်းအားကို ထိန်းသိမ်းထားနိုင်ခဲ့တာပင်။ သူသာ ထိုသို့ မပြုလုပ်ခဲ့ပါက နောက်ဆုံး အနိုင်ရသူသည် သူ ဖြစ်ချင်မှ ဖြစ်ပေတော့မည်။
သို့ဖြစ်၍ ပြီးခဲ့သော တိုက်ပွဲ၌ အနိုင်ရခဲ့မှုမှာ အန္တရာယ်များကြားကနေ ဖြစ်သည်ဟု ခံစားမိ၏။ သူ၏ ဘာမဟုတ်ဟု ထင်ရသော သိမြင်မှု၊ လုပ်ဆောင်မှုလေးများက သူ့အသက်ကို ကယ်တင်ခဲ့တာပင်။ တကယ်တော့ တဖက်ရန်သူ၏ ခွန်အားက သူ့ထက် ပိုသန်မာသည် မဟုတ်ပါလား။
သို့ပေမည့် သည်တိုက်ပွဲ၏ ဇာတ်လမ်းက မည်သို့ပင် ဖြစ်ခဲ့ပါစေ အသက်ရှင်လျက် ကျန်ခဲ့သူမှာ ဟန်လိသာ ဖြစ်၏။
ဟန်လိက သူ၏ နာကျင်မှု လျော့ပါးလာသည်ဟု ခံစားမိပြီးနောက် အားတင်းကာ ထရပ်၍ ဖြည်းဖြည်းချင်း လျှောက်လာ၏။ သူက တဖြည်းဖြည်း အဇူရာနဂါးအလံနား ရောက်လာသည်။ အားတင်းကာ ထိုမှော်ပစ္စည်းကို သူ လှမ်းကောက်သည်။ ထို့နောက် ၎င်းကို လေ့လာကြည့်ပြီး သူ၏ သိုလှောင်အိတ်ထဲ ကျေကျေနပ်နပ် ထည့်သိမ်းလိုက်တော့သည်။
ထို့နောက်တွင် သူက စီနီယာအစ်ကိုလု၏ အလောင်းထံ လျှောက်လာ၏။ သူက သွေးကွက်များကို ကြည့်ရှုပြီး သူ့အတွက် ဘာပစ္စည်းများ ကျန်ခဲ့မလဲဟု ဟိုဟိုဒီဒီ လှမ်းကြည့်သေးသည်။
ထိုအစ်ကိုလု၏ သိုလှောင်အိတ်မှာ သူ့အပေါ်ပိုင်း အလောင်းခန္ဓာပေါ်၌ လွယ်လွယ်ကူကူ ရှာတွေ့သည်။ ဟန်လိက ထိုသိုလှောင်အိတ်ထဲမှ ပစ္စည်းများကို အားနာမနေဘဲ ပြောင်သလင်းခါသည့်အထိ ယူဆောင်သည်။ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးများပါသော သေတ္တာနှင့်ပုလင်းတို့ကိုလည်း မြင်သည်။
ကျေနပ်ဝမ်းသာစွာဖြင့် သူက ၎င်းပစ္စည်းများထံ အကြည့်ရောက်နေ၏။ သူက ခန္ဓာကိုယ်ကို ကိုင်းကာ သည်ပစ္စည်းနှစ်ခုကို ကောက်ယူ၏။ ထို့နောက် ယင်းတို့ကို ဖွင့်ကြည့်သည်။ အတွင်း၌ အပြာလဲ့လဲ့ ဆေးလုံးတစ်လုံးစီ ရှိနေတာကို သူ မြင်သည်။ ထိုဆေးလုံးများ၏ ရနံ့က စူးရှသော်လည်း ၎င်းတို့၌ သိသာထင်ရှားသော စိတ်ဝိညာဉ်စွမ်းအား ပါဝင်နေသည်။
ဟန်လိ၏ မျက်နှာမှာ ပြုံးဖြီးနေ၏။ သူက ထိုဆေးလုံးများသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးများ အမှန်တကယ် ဖြစ်တာကို သေချာသွား၏။ သူသည် ခုလက်ရှိ၌ တခြားပစ္စည်းများကို ကြည့်နေဖို့ စိတ်ကူးမရှိသေးပေ။ တကယ်တော့ သည်နေရာမှာ ခုလေးတင် တိုက်ပွဲ ဖြစ်ခဲ့တာ မဟုတ်လား။ သို့ဖြစ်၍ သူက ဒီနေရာ၌ ကြာကြာ မနေဘဲ ခပ်မြန်မြန် ရှောင်ထွက်သွားတော့မည်။
ဟန်လိက ပစ္စည်းများကို ခပ်သွက်သွက် သိမ်းဆည်းပြီးနောက် စီနီယာအစ်ကိုလု၏ သိုလှောင်အိတ်ကို အသေအချာ ဝှက်ထားလိုက်၏။ သူက ခုမှ စိတ်နည်းနည်း အေးသွား၏။ သူက အားတင်း၍ ခါးကိုင်းနေရာကနေ ပြန်ဆန့်သည်။
ထိုအခိုက်၌ သူ့နောက်မှ လေတိုးသံကို ကြားရ၏။ တခုခု သူ့ထံ တိုးဝင်လာသည့်အလား။ ဟန်လိမှာ မင်သက်သွားကာ ချက်ခြင်း ထွက်ပြေးဖို့ တွေးသည်။ သို့သော် သူ့ဒျန်တန်မှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် တောင့်တင်းသွား၏။ ထို့နောက်တွင် အမျိုးသမီးတစ်ယောက်၏ မွှေးကြူသော ကိုယ်သင်းရနံ့နှင့်အတူ သူ့ကို တယောက်ယောက်က အားဖြင့် ထွေးဖက်ခြင်းကို ခံလိုက်ရ၏။ ဟန်လိမှာ ကြောင်သွား၏။ သူက ထိုဖက်ထားခြင်းကနေ လွတ်ဖို့ ရုန်းသည်။ သို့သော် သူ၏ ဒန်တျန်မှာ နာကျင်လွန်းသဖြင့် သူ၏ ခြေလက်များမှာ ခွန်အား မဲ့နေရသည်။ သူ ရုန်းမထွက်နိုင်တော့ပေ။
ထိုအခြေအနေ၌ ဟန်လိက သူ့နောက်မှ လူကို မည်သူမည်ဝါမှန်း ခန့်မှန်း မိသော်လည်း လှည့်မကြည့်မိဘဲ မနေနိုင် ဖြစ်ရသည်။ သို့သော် သူ ခေါင်းလှည့်တာ တဝက် ရောက်ရုံ ရှိသေး လှပနူးညံ့သော မျက်နှာလေးက သူ့ပါးထံ လာဖိကာ သူမ၏ ချိုမြိန်သော နှုတ်ခမ်းတစုံဖြင့် ဟန်လိကို မွှေးကြူလိုက်၏။ ဟန်လိ ခံလိုက်ရပေပြီ။ ထိုသို့ ဟန်လိကို လာဖက်သော အမျိုးသမီးမှာ မူလတုန်းက ခြေတလှမ်းပင် မလှမ်းနိုင်သော ဂျူနီယာညီမချန်ပင် ဖြစ်၏။
ဂျူနီယာညီမချန် မလှုပ်နိုင် ဖြစ်နေခြင်းမှာ အစ်ကိုလု၏ လေချည်နှောင်ခြင်း ပညာရပ်ကြောင့် ဖြစ်၏။ သို့သော် ဟန်လိနှင့် အစ်ကိုလုတို့၏ တိုက်ပွဲက သူမ ရှိနေသော နေရာနား မရောက်၍ သူမသည် မြေပေါ် လဲနေလျက်ကနေ သည်တိုက်ပွဲ၏ ဒဏ်ကနေ လွတ်သွားခဲ့သည်။ တိုက်ပွဲပြီးသည့်နောက် သူမက အမှန်တကယ်ပင် ဒဏ်ရာ လုံးဝ မရခဲ့ပေ။
တိုက်ပွဲ မစခင်တည်းက ချစ်ရမ္မက်ဆေးလုံး၏ သက်ရောက်မှုကြောင့် ဂျူနီယာညီမချန်သည် လိုအင်ဆန္ဒတို့ဖြင့် တောက်လောင်နေခဲ့ပြီး ဖြစ်၏။ သူမ၏မျက်လုံးထဲ၌ ရမ္မက်တို့ ပြည့်လျှံနေသည်။ သူမက တခြားတစ်ယောက်နှင့် အစွမ်းကုန် ပျော်မြူးချင်စိတ် ပေါက်နေသည်။ သို့သော် သူမမှာ မှော်ပညာရပ်နှင့် ချုပ်နှောင်ခံထားရသည့်အတွက် နည်းနည်းလေးမျှ မလှုပ်နိုင်ဘဲ ရှိခဲ့၏။ သူမ၏စိတ်မှာမူ ပြင်းသထက် ပြင်းလာသော ခံစားချက်ရမ္မက်တို့၏ နှိပ်စက်ကလူ ပြုခြင်းကို ခံနေခဲ့ရသည်။
သူမအပေါ် လေချုပ်နှောင်ခြင်း ပညာရပ်၏ သက်ရောက်မှု ပြေလျှော့သွားတာ ခုလေးတင်မှ ဖြစ်၏။ ထိုအခါ လွတ်လပ်မှု ပြန်ရသွားသော ဂျူနီယာညီမချန်က လိုအင်ဆန္ဒတို့ တောက်လောက်နေလျက် ရှိနေတုန်းပင်။ သို့ဖြစ်၍ သူမသည် အနီးအနားရှိ တစ်ဦးတည်း ရှိနေသော ဟန်လိထံ အတင်း ဝင်လာကာ ထွေးဖက်ပစ်ခြင်းတည်း။ ဤသို့ဖြင့် ယခုလို ချစ်ရေးချစ်ရာ မြင်ကွင်း ပေါ်လာခဲ့တာပင်။
ဟန်လိက လူပျိုစစ်စစ်တစ်ယောက် ဖြစ်သည်။ ဂျူနီယာညီမချန်ထံမှ အနမ်းမိုးများ ရွာသွန်းခံရသည့်နောက် သူ့စိတ်မှာ လှုပ်ခတ်ရ၏။ တမျိုးတမည် ခံစားချက်များ သူ့ထံ၌ လှိုက်တက်လာသည်။ ဟန်လိက သူ့ကိုယ်သူ ဂုဏ်သိက္ခာရှိသော လူကြီးလူကောင်းဟု လုံးဝ မသတ်မှတ်ထားသူ ဖြစ်သည်။ သို့ဖြစ်၍ သူ့ရင်ခွင်ထဲ အတင်းဝင်တိုးလာသော အလှပဂေးလေးနှင့် ပျော်မြူးချင်စိတ် ပေါက်လာသည်။ ဟန်လိက ယဉ်ကျေးမနေတော့ဘဲ ဂျူနီယာညီမချန်ကို ပြန်ထွေးဖက်လိုက်တော့သည်။
ဟန်လိ၏ တုန့်ပြန်မှုကို ခံစားမိသည့်အခါ ဂျူနီယာညီမချန်မှာ လိုအင်ရမ္မက်ကို ပို၍ တောင့်မခံနိုင် ဖြစ်လာ၏။ သူမက ယောက်ျားနှင့်မိန်းမကြား ချစ်မှုရေးရာကို လုံးလုံး အတွေ့အကြုံ မရှိသော်လည်း သူမ၏ ပင်ကိုယ်သဘာဝစိတ်ကြောင့် ဟန်လိ၏ အဝတ်အစားများကို ဆွဲချွတ်လာတော့သည်။
ဂျူနီယာညီမချန်၏ အပြုအမူက မိန်းမောတောက်လောင်နေပြီ ဖြစ်သော ဟန်လိကို သတိဝင်လာစေ၏။ သူက မီးနှင့် ထပ်၍ မကစားဝံ့ပေ။ သို့ဖြစ်၍ သူက ဝိညာဉ်ချိပ်ပိတ်အဆောင်ကို အလျင်အမြန် ထုတ်ကာ သူ၏ စွမ်းအားလက်ကျန် အမျှင်တန်းဖြင့် ခက်ခက်ခဲခဲ အသုံးပြု၍ ဂျူနီယာညီမချန်ကို ချုပ်နှောင်လိုက်ရတော့သည်။
ထို့နောက်တွင် သူက သူ့ကိုယ်သူ ဂျူနီယာညီမချန်၏ စွဲဆောင်မှုရှိလှသော ရင်နှစ်မွှာထံကနေ လွတ်မြောက်အောင် မနည်း ရုန်းကန်သည်။ သည်အမျိုးသမီးကိုတော့ သူက မြေကြီးပေါ် ညင်ညင်သာသာ လှဲချပေးခဲ့သည်။