← Chapters

ပြန်ရောက်ပြီ

Vol. 13 Ch. 171

ပြန်ရောက်ပြီ

Vol. 13 Ch. 171

ဟန်လိက မြေပေါ်တွင် လှဲနေသော ဂျူနီယာညီမချန် ဘေးနား၌ မုဆိုးဒူးထောက် ထိုင်ချကာ ခေါင်းငုံ့၍ သူမ၏ စွဲမက်ဖွယ် ကောက်ကြောင်းနှင့် နူးညံ့သော ခန္ဓာကိုယ်ဟန်ပန်လေးကို အသေအချာ ကြည့်သည်။

လှလိုက်သည့်ကောက်ကြောင်း။ ဟန်လိမှာ အာစေးပင် ခြောက်လာမိသည်။

သူက သူသာ ဆန္ဒရှိပါက သည်အလှလေးသည် သူ့ကို သာယာမှုအထွတ်အထိပ်ထိ ရောက်စေမှာ ကောင်းကောင်း နားလည်သည်။ ထိုအခါ သူသည် ယောက်ျားအစစ် ဖြစ်လာလိမ့်မည်။ သို့သော် အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် ဟန်လိက သူ့အကြည့်ကို သူမ၏ မျက်နှာထက်သို့ ရွှေ့၏။

သူက မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက် သူ့လက်ချောင်းထိပ်ဖြင့် သူမ၏ ဖူးသွယ်သော နှုတ်ခမ်းတစုံထံ တို့ထိ၏။ စိုရွှမ်းချောမွေ့သော အထိအတွေ့ကို ခံစားမိ၏။ သူက သူ့လက်ကို အမြန်ပြန်ရုတ်ကာ သူ၏ လက်ထိပ်ကို အနံ့ခံသည်။

“ဒါက တကယ်ပဲ ချစ်ရမ္မက်ဆေးလုံးကို။ ကြည့်ရတာ အစ်ကိုလုဆိုတဲ့သူက မလိမ်ခဲ့ဘူးပဲ…” ဟန်လိက ခပ်တိုးတိုး ရေရွတ်သည်။ တအောင့်အကြာ၌ သူသည် လုံးဝ တည်ငြိမ်သွားဟန် ပေါ်သည်။

“အလှပဂေးလေး…ကြည့်ရတာ နင့်ကံက ကောင်းတဲ့ပုံပဲ။ နင်သာ တခြား ဆေးအမျိုးအစား မိနေတာဆိုရင် ငါ့အနေနဲ့ နင့်အသက်ကို စောစောစီးစီး အဆုံးသပ်ပေးရမှာ စိုးမိတယ်။ ဒါပေမဲ့ အခု ဒီဆေးလုံးက ချစ်ရမ္မက်ဆေးလုံး ဖြစ်တဲ့အတွက် ငါ့ အဲ့လို လုပ်စရာ မလိုတော့ဘူး။ နင်ဟာ ထင်ယောင်ထင်မှား ဖြစ်နေတဲ့အတွက် ငါ့ပုံပန်းသွင်ပြင်ကို မှတ်မိနိုင်မှာ မဟုတ်ဘူး…”

ဟန်လိက ထိုအမျိုးသမီးငယ်၏ မေးစေ့ကို သူ့လက်ဖြင့် ညင်ညင်သာသာ ပင့်မြှောက်ကာ သူမ၏ လှပရွှန်းလဲ့သော မျက်လုံးများကို ကြည့်သည်။

“အမှန်တော့…ဘေးအကင်းဆုံး နည်းလမ်းဟာ နင့်ကို ဒီလောကကနေ ပျောက်ကွယ်သွားအောင် လုပ်တာပဲ။ တကယ်တော့ နင်ဟာ ထင်ယောင်ထင်မှား ဖြစ်နေရင်တောင် နင့်အနေနဲ့ ငါ ဘယ်သူဘယ်ဝါမှန်း ရေးတေးတေး မှတ်မိချင် မှတ်မိနေနိုင်တယ်။ အဲ့လို ဖြစ်နိုင်ချေက နည်းပါးလွန်းပေမယ့်ပေါ့။ နင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်တယ်။ ငါဟာ လူကောင်းတစ်ယောက် မဟုတ်ပေမယ့် အဲ့လောက် ရက်စက်တတ်တဲ့သူလည်း မဟုတ်သလို၊ သတ်ရဖြတ်ရတာကိုလည်း ခုံမင်မနေဘူး။ ပြီးတော့ ငါက အမျိုးသမီးတွေအပေါ်မှာ ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်။ တကယ်လို့ နင့်နေရာမှာသာ ယောက်ျားတစ်ယောက် ဖြစ်နေခဲ့ရင် ငါ သူ့ကို တွေဝေမနေဘဲ နှစ်ပိုင်းဖြတ်ပြီးနေပြီ…”

ဟန်လိသည် တကိုယ်တည်း ရေရွတ်နေရင်း ခါးသီးစွာ ပြုံးမိ၏။

ထိုသို့ ပြောဆိုပြီး ဟန်လိသည် ခဏ ငြိမ်သက်တိတ်ဆိတ်သွား၏။ ထိုအမျိုးသမီးငယ်၏ ခန္ဓာကိုယ်အလှအပကို စိုက်ကြည့်နေပြီးနောက် သူက ခေါင်းငုံ့ကာ သူမ၏ နူးညံ့စိုစွတ်ပြီး စွဲဆောင်မှု ရှိလှသော နှုတ်ခမ်းဖူးဖူးထံ ရုတ်တရက် နမ်းလိုက်ပေသည်။ ထိုအခါ သူမသည်လည်း စိတ်အားပါစွာ တုန့်ပြန်လာ၏။ သာယာမှုကို အချိန်အတန်ကြာ ခံစားပြီးနောက် ဟန်လိက ထိုအမျိုးသမီး၏ နှုတ်ခမ်းကနေ မခွဲချင့်ခွာချင် ပြန်ခွာလိုက်တော့သည်။

“ယောက်ျားနဲ့ မိန်းမတွေကြားက ချစ်မှုရေးရာဟာ တကယ်ပဲ အံအားသင့်ဖို့ ကောင်းလှပါလား။ ငါက အစစ်အမှန် သာယာမှုကို မလုပ်ဆောင်ခဲ့ပေမယ့် အခုလို နှုတ်ခမ်းချင်း အနမ်းဖလှယ်ခဲ့တာဟာ နင့်အသက်ကို ချမ်းသာပေးခဲ့တဲ့အတွက် ဆုလဒ်လို့ပဲ သတ်မှတ်လိုက်ပါ…”

ဟန်လိက ခပ်တိုးတိုး ရေရွတ်နေ၏။ သူ့စိတ်ထဲ၌ တခုခု ဟာနေသလို ခံစားမိနေသေးသည်။

ထိုအမျိုးသမီး၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုမူ သူက အစ်ကိုလု၏ လက်ထဲကနေ အသေအကြေ တိုက်ခိုက်၍ အရပြန်ယူခဲ့ရတာ ဖြစ်၏။ သို့ဖြစ်၍ သူသည် ၎င်းဆေးလုံးများကို ပြန်ပေးမည် မဟုတ်ပေ။

“ဟူး…။ နင့်ရဲ့ ခုလက်ရှိ အသွင်ဟန်ပန်က ယောက်ျားတွေကို တကယ်ပဲ စွဲဆောင်နိုင်လွန်းတယ်။ အဘိုးအိုမာက ယောက်ျား၊ မိန်းမတွေဟာ သူတို့ရဲ့ အပျို၊လူပျို သဘာဝ ဆုံးရှုံးသွားခဲ့ရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်မယ့် အခွင့်အရေး လျှော့ကျသွားနိုင်တယ်လို့ ပြောခဲ့တာ ငါ ကြားခဲ့ဖူးတယ်။ ဒါ့ကြောင့် အခုအချိန် ငါ့စိတ်ထဲက လိုအင်တောင့်တမှုကို အတင်းအကြပ် ဖယ်ရှားရမှာပဲ…”

ဟန်လိ၏ အမူအရာက ပြန်၍ တည်ငြိမ်အေးဆေးလာ၏။ သို့သော် သူက အနည်းငယ် ခေါင်းယမ်းမိ၏။ သူ၏ စိတ်လိုအင်မကျသော ဟန်ပန်မှာ လှစ်ဟပေါ်သည်။

တကယ်တော့ သည်ည၌ သာယာမှု ရယူခြင်းနှင့် ကျင့်ကြံခြင်းကြား မည်သည်က ပို၍ အရေးပါသနည်း။ ဟန်လိက သူ့စိတ်ထဲရှိ တောင့်တစိတ်တို့ကို ချက်ခြင်း ဖယ်ရှားပစ်ကာ သူ့စိတ်ကို ရှင်းလင်း တည်ငြိမ်စေသည်။

စီနီယာအစ်ကိုလုက သည်အမျိုးသမီးကို အတင်းအကြပ် ကာမရယူဖို့ မည်သည့်အတွက်ကြောင့် ကြိုးစားခဲ့သည်ကိုမူ ဟန်လိသည် အသေအချာ စဉ်းစားနေဖို့ မလိုတော့ပေ။ ထိုသို့သော ထူးချွန်ကာ၊ ရုပ်ရည်ရူပကာ ကောင်းသည့်ကောင်က သူ၏ လူပျိုသဘာဝကို ဆုံးရှုံးခဲ့တာ ကြာမြင့်ခဲ့လောက်ပေပြီ။ သို့ဖြစ်၍ သည်ကိစ္စများကို ပြုမူခြင်းက သူ့အတွက် အဆန်းမဟုတ်လောက်တော့ပေ။

ဟန်လိက သူ့စိတ်ကို ရှင်းလင်းစေပြီး ဆုံးဖြတ်ပြီးသည်နှင့် အချိန်ဖြုန်းနေဖို့ စိတ်ကူး မရှိတော့ပေ။

ဦးဆုံး သူက မီးလုံးများ အသုံးပြုကာ မနီးမဝေးနေရာ၌ တွင်းတခုကို ဖြစ်ပေါ်စေ၏။ ၎င်းတွင်းထဲ စီနီယာအစ်ကိုလု၏ အလောင်းကို ပစ်သွင်းသည်။ ထို့နောက် သူက ဒီအလောင်းများကို ပြာဖြစ်သည့်အထိ မီးလောင်တိုက်၏။ သည်တွင်းထဲ၌ ပြာမှုန့်၊ဖုန်မှုန့်တို့ဖြင့် ပြည့်နှက်သွားသည်။ အလောင်း၏ အကြွင်းအကျန် အရိပ်အယောင် လုံးဝ မကျန်ခဲ့တော့ပေ။

သည်တိုက်ပွဲနေရာ၌ သိသာထင်ရှားသော အမှတ်အသားအချို့ ကျန်နေသည်ဟု ခံစားမိ၏။ သို့ဖြစ်၍ သူ့ သိုလှောင်အိတ်ထဲမှ ဓားရှည်ကို ထုတ်ကာ ဒီဧရိယာကို ဝေ့ယမ်းခုတ်ပိုင်းကာ ဖျက်စီးသည်။ အနည်းငယ်မျှ မြင်သာသော တိုက်ပွဲအငွေ့အသက်ကိုပင် ချန်မထားခဲ့ပေ။ ထို့နောက် သူက ဂျူနီယာညီမချန်ပေါ် သူ၏ ကိုယ်ပိုင်ဝတ်စုံကို လွှားခြုံပေးသည်။ သူမကို ပွေ့ခေါ်ကာ ဒီနေရာကနေ အမြန် ပျံသန်းထွက်လာတော့သည်။

သူက အနောက်ဘက်အရပ် လီတစ်ရာလောက်ထိ ပျံသန်းလာပြီးနောက် တောင်ကုန်းတခုကို ရှာတွေ့၏။ ၎င်းပေါ်သို့ သူ ဆင်းသက်လိုက်သည်။

ထိုအမျိုးသမီးကို ကျောက်တုံးကြီး တစ်တုံးအောက်သို့ ချထားပေးပြီးနောက် ဟန်လိသည် ချက်ခြင်း ပျံသန်းထွက်ရန် ဟန်ပြင်သည်။ သို့သော် သူက ထိုအမျိုးသမီး၏ ကပို့ကရို့ဟန်ပန်ကို တချက် မကြည့်မိဘဲ မနေနိုင် ဖြစ်ရသေး၏။ သူ သက်ပြင်းချမိပြန်သည်။ တဖက် ပြန်လှည့်ကာ ဟန်လိက ဂျူနီယာညီမချန်အနား လျှောက်လာ၏။

သူက သူ့ရင်ဘက်ထဲမှ အဖြူရောင်ပုလင်းတခုကို ထုတ်ယူကာ သူ့လက်ဝါးပေါ်သို့ အဖြူရောင်ဆေးမှုန့်အချို့ကို သွန်းလှောင်း၏။ ထို့နောက်တွင် သူ၏ နောက်လက်တဖက်၏ လက်ချောင်းကို အသုံးပြုကာ ထိုအမှုန့်တို့ကို တို့ထိ၍ အမျိုးသမီး၏ နှုတ်ခမ်းဖူးဖူးထံ ကပ်ထိပေးသည်။ သူက သူ့ကိုယ်သူ အကူအညီမဲ့ဟန်ဖြင့် ပြောမိ၏။ “ဒီချစ်ရမ္မက်ဆေးလုံးဟာ လူတစ်ယောက်ရဲ့ အသက်ကို ယူနိုင်တဲ့ အဆိပ် မဟုတ်ပေမယ့် အချိန်ကြာတဲ့ထိ ဒီဆေးရဲ့ အာနိသင် မပြယ်ရင် လူတစ်ယောက်ရဲ့ ခွန်အားကို အပြင်းအထန် ဒဏ်ရာရစေလိမ့်မယ်။ ငါ့အနေနဲ့ ဒီလို ဘာမဟုတ်တဲ့ ကောင်းမှုလေးတော့ လုပ်ပေးလိုက်ပါ့မယ်လေ။ ဒီ သန့်စင်စိတ်ဝိညာဉ်အမှုန့်က ချစ်ရမ္မက်ဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကို ဖယ်ရှားပေးဖို့ လုံလောက်ပါတယ်…”

ဟန်လိက ထိုသို့ ပြောနေစဉ် သူက ထိုအမျိုးသမီးသည် ဆေးမှုန့်များကို အလိုလို လျှာဖြင့် သပ်နေသည်ကို မြင်၏။ သူမ၏ အသက်ရှုသံက သူ့လက်ချောင်းကို လာလာထိနေခြင်းနှင့်အတူ ဟန်လိက သူမ၏ စိတ်အားထက်သန်မှုကိုလည်း မြင်နေရသည်။

ဟန်လိသည် ဒီနေရာ၌ အချိန်ကြာကြာ ဆက်မနေဝံ့တော့ပေ။ သူက ဆေးပုလင်းကို အမြန် ပြန်သိမ်းကာ သူ၏ မှော်ပစ္စည်းကို သုံးကာ ဒီနေရာကနေ မြန်မြန် ပျံသန်းထွက်လာတော့သည်။ သူက ထိုအမျိုးသမီး ခေါင်းပြန်ကြည်သွားမှာ သိပ်ကြာမည် မဟုတ်လောက်ဟု သိထား၏။ သူသာ အခု မထွက်သွားပါက သူ့အတွက် ပြဿနာကြီး တက်ပေလိမ့်မည်။

ဟန်လိက ညသန်းခေါင်ယံအချိန်၌ အဝါရောင်မေပယ်တောင်ကြားထံ ဖြတ်လမ်းကနေ ပျံသန်းလာ၏။ ခဏတဖြုတ် အနားယူနေသေး၏။ ထို့နောက် ကောင်းကင်၌ အလင်းရောင် ထွန်းစ ပြုလာသည့်အခါ သူက တောင်ကြားထဲသို့ ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်လာကာ သူ နေထိုင်သော ဆေးပေါင်းတစ်ရာဥယျာဉ်သို့ ပြန်လာခဲ့သည်။

သူ ဥယျာဉ်ထဲ ရောက်လာပြီးနောက် သူ့ကိုယ်သူ တံခါးပိတ်ကာ နေတော့၏။ သုံးရက်သုံးညလုံး သူက သူ့ဒန်တျန်မှ အညစ်အကြေးအများစုကို ဖယ်ရှားနေခဲ့သည်။ သူ့ကို အန္တရာယ် ပေးနိုင်လောက်အောင် အညစ်အကြေးများ မကျန်တော့မှ သူ၏ ဆုံးရှုံးသွားသော အစစ်အမှန်အနှစ်သာရသည် ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ အစ်ကိုလုနှင့် အသေအကြေ တိုက်ခိုက်ခဲ့ပြီးနောက် ဟန်လိ၏ ခွန်အားမှာ များစွာ လျော့ကျခဲ့ရ၏။ သူက နှစ်လလောက် အားပြန်ဖြည့်ရမည်။ သို့မှသာ သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်လိမ့်မည် ဖြစ်၏။

အခုအချိန်၌ ဟန်လိက ခုံပေါ်တွင် ထိုင်၍ တိုက်ပွဲမှ အကျိုးအမြတ် ရလာခဲ့သော အဖိုးတန်ဆုံး ဖြစ်သည့် အခြေခံတည်ဆောက်ခြင်းဆေးလုံး နှစ်လုံးကို လေ့လာကြည့်နေ၏။ ယင်းဆေးလုံးတို့မှာ ပဲစေ့ခန့် အရွယ်ရှိပြီး အပြာရောင် ဖြစ်သည်။ သူက ယင်းတို့ကို နှစ်နာရီလောက် ဖင်တပြန်ခေါင်းတပြန် လေ့လာကြည့်ပြီးနောက် ဆေးလုံးထားသိုရာ မှော်ပစ္စည်းဖြစ်သည့် ကြေးပုလင်းထဲ ပြန်ထည့်သိမ်းသည်။ သို့မှသာ ယင်းတို့၏ စိတ်ဝိညာဉ်ချီသည် မလွင့်ပြယ်သွားမှာ ဖြစ်၏။

အဇူရာပုလင်းနှင့်သစ်သား သေတ္တာတို့ကိုမူ ဟန်လိက ဖျက်စီးပစ်ခဲ့ပြီး ဖြစ်သည်။ သူက မည်သည့်သဲလွန်စမျှ မကျန်ရလေအောင် လက်စဖျောက်ပစ်တာပင်။

ထိုသို့ဖြင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် ရက်များစွာ ရှိလာခဲ့၏။ ဟန်လိ၏ ဆုံးရှုံးခဲ့မှုမှာလည်း ပေါ့သေးသေး မဟုတ်ပေ။ ဓားပျံရတနာအဆောင် ဖျက်စီးခံခဲ့ရရုံသာမက အဆင့်မြင့် မှော်ပစ္စည်း ဖြစ်သော သံမဏိလက်စွပ်လည်း စတေးခဲ့ရသည်။ ထိုသို့တွေးမိသည့်အခါ ဟန်လိမှာ မချိတင်ကဲ ဖြစ်ရ၏။

သို့သော် သူ ရခဲ့သော အကျိုးအမြတ်မှာလည်း ကြီးမားလှ၏။ အဇူရာနဂါးအလံအပြင် ဟန်လိက စီနီယာအစ်ကိုလု၏ သိုလှောင်အိတ်ထဲမှ နောက်ထပ် ကောင်းမွန်သော မှော်ပစ္စည်းနှစ်ခုကို ထပ်တွေ့ခဲ့၏။ ယင်းတို့မှာ သူ့ကို အလစ်တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော မိုးပြာရောင်ကြိုးနှင့် ငွေဖြူရောင်ချိတ်ကောက်တို့ပင်။ ယင်းတို့မှာ အဆင့်မြင့် အရည်အသွေးရှိ မှော်ပစ္စည်းများ ဖြစ်ပုံ ရ၏။ ဤသည်တို့က သူ၏ ဆုံးရှုံးသွားသော မှော်ပစ္စည်းများအတွက် ဖြေသာစေသည်။

ကျန်သည့် အလယ်အဆင့် အဆောင်ဆယ်ခုကျော်၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ်ကျော်ကိုမူ ထည့်ပြောမနေတော့ပေ။

ကံမကောင်းသည်မှာ စဦးအဆင့်မြင့် အဆောင်များ မပါခြင်းပင်။ တိုက်ပွဲ၌ ဟန်လိ ဖျက်စီးခဲ့သော လေနံရံပညာရပ်၏ အဆောင်တစ်ခုသာ စဦးအဆင့်မြင့်အဆောင် ဖြစ်ခဲ့ပေ၏။

ဟန်လိက တိုက်ပွဲပြီးနောက် သူ ရရှိလာသော ပစ္စည်းများကို စီစဉ်နေရာချ၏။ သူ ကိုယ်တိုင်အသုံးပြုမည့် ပစ္စည်းများနှင့် တန်ဖိုးရှိ ပစ္စည်းများကလွဲ၍ ကျန်သည့် ပစ္စည်းများအားလုံးကို ဖျက်စီးပစ်သည်။ နောင်တွင် ပြဿနာ မဖြစ်အောင် ရှောင်ဖို့အတွက် ထိုသို့ ပြုလုပ်တာ ဖြစ်၏။

ထို့နောက်တွင် သူသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ပတ်သတ်သည့် ကိစ္စများကို စတွေး၏။ ဟန်လိက သည်ဆေးလုံးကို သောက်သုံးပုံနှင့် ပတ်သတ်၍ လုံးလုံး မသိပေ။

သည်ဆေးလုံးကို ဒီအတိုင်း မြိုချလိုက်ရုံပဲလား။ သို့မဟုတ် ဆေးလုံး မသောက်သုံးခင် တခြားဆေးဝါးများ ကြိုပြင်ဆင်ဖို့ လိုသေးလား။ သည်အချက်များကို သူ လုံးလုံး မသိနေပေ။ များသောအားဖြင့် ရှားပါးဆေးလုံးများ၌ အထူးတလည် အရည်အသွေးများ ရှိတတ်ကြပေ၏။

ဟန်လိက အခြေခံတည်ဆောက်ခြင်းဆေးလုံးနှင့် ပတ်သတ်၍ အစောတည်းက တင်ကြိုပြီး သိအောင် မစူးစမ်းခဲ့ခြင်းမှာ သူ့အတွက် မလိုအပ်ခဲ့သောကြောင့်ပင်။ သူက သွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်းကို ဝင်ရောက်ရန် စောင့်ဆိုင်းနေဖို့သာ စီစဉ်ထားခဲ့၏။ တကယ်တော့ ဒီစမ်းသပ်ကွင်း၌ ကျရှုံးသွားပါက အရာအားလုံးသည် အဖိုးထိုက်တန်တော့မည် မဟုတ်လေပါ။ ခုချိန်၌ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သူ ရလိမ့်မည်ဟုလည်း လုံးဝ မမျှော်လင့်ထားခဲ့မိပေ။ ထို့အပြင် အခု သူ ရရှိခဲ့သော ဆေးလုံးမှာ တစ်လုံးတည်းပင် မဟုတ်၊ နှစ်လုံး ဖြစ်နေချေ၏။

ဤသည်မှာ မထင်မှတ်သော ကိစ္စတစ်ခုသာ ဖြစ်၏။

နေ့တဝက်လောက် ကြာပြီးနောက် ဟန်လိက ကျင့်ကြံခြင်းလမ်းညွှန်ခန်းမသို့ ရောက်လာခဲ့၏။

ထို့နောက် သူက သူ့နေအိမ်သို့ ပြန်ရောက်လာ၏။ သူက စိတ်ပျက်လက်ပျက်ဖြင့် စားပွဲပေါ်တွင် တက်ထိုင်နေ၏။ နာရီအနည်းငယ်ထိ သူသည် အတွေးနစ်မြောနေပြီးမှ ရုတ်တရက် စားပွဲထောင့်ကို လက်သီးဖြင့် ထိုးချလိုက်၏။ သူ၏လက်သီးမှာ လုံးလုံး ရဲတက်သွားသည်။ သူက နာကျင်မှုကို လစ်လျူရှုထားသည်။

အစောပိုင်းတုန်းက သူသည် မှော်ပညာရပ်အသစ်များကို သင်ချင်သည်ဟူသော အကြောင်းပြချက်ဖြင့် ဝူဖန်ထံ သွားခဲ့၏။‌ မှော်ပညာရပ်အသစ်အကြောင်း ဝူဖန်ထံကနေ လမ်းညွှန်မှု ရယူနေစဉ် သူက ကွေ့ပတ်ကာ အခြေခံတည်ဆောက်ခြင်းဆေးလုံးအကြောင်း မေးမြန်းခဲ့သည်။ သည်လိုဖြင့် သူသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သုံးစွဲပုံ အကြောင်း သိလာခဲ့သည်။ သို့ပေမည့် သူ့အတွက် ရလဒ်မှာ သတင်းကောင်း မဟုတ်လှပေ။

အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ဖို့ ဟန့်တားထားသော အရံအတားကို ချိုးဖျက်ရာ၌ မည်သည့်ဆေးဝါးကိုမျှ တင်ကြို သောက်စရာမလို၊ တခြား ပြင်ပအကူအညီလည်း မလိုအပ်ပေ။ ၎င်းကို တိုက်ရိုက် သောက်သုံးရန်သာ ဖြစ်၏။

ထိုသတင်းက ဟန်လိအတွက် သတင်းဆိုးဟု ယူဆ၍ မရပေ။ သို့သော် ဝူဖန်၏ နောက်ထပ် ပြောလာခဲ့သော စကားများက ဟန်လိ၏ ခေါင်းကို ချာချာလည်သွားစေ၏။ သည်ဆေးကို သောက်ပြီးနောက် ပြဿနာအသစ်တစ်ခု ရှိလာလိမ့်မည်။ ဤသည်က ဟန်လိကို စိတ်ပျက်လက်ပျက် ဖြစ်စေခြင်းပင်။ ဟန်လိသည် နောက်ထပ် အကျပ်ရိုက်ရပြန်၏။

All Chapters