← Chapters

စုဝေးခြင်း

Vol. 13 Ch. 173

စုဝေးခြင်း

Vol. 13 Ch. 173

ဟန်လိက သူ၏ ကျင့်ကြံမှု အမြန်နှုန်း၊ တိုးတက်လာရသည့်အကြောင်းရင်းအတွက် ဇာတ်လမ်းတစ်ခု ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ အနှီဇာတ်လမ်းမှာ သူ ငယ်စဉ်တုန်းက မှော်သစ်သီးတစ်လုံးကို စားခဲ့မိသည်ဟူ၍ပင်။ သူက အကြီးအကဲဝမ်ကို ထိုဇာတ်လမ်း ပြောပြခဲ့၏။ သူ၏ ကျင့်ကြံမှု မြန်ဆန်တိုးတက်ရသည့် အကြောင်းရင်းကို ဒီသစ်သီးပေါ်၌ လွှဲချခဲ့ပေသည်။ သူက ခုလို အခြေအနေကို ကိုင်တွယ်နိုင်ဖို့ ဆင်ခြေတစ်ခု ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။

ဟန်လိက ယုံကြည်ဖွယ်ကောင်းသော မုသားမှာ အမှန်ခုနစ်ဆယ်ရာခိုင်နှုန်း၊ အမှားသုံးဆယ်ရာခိုင်နှုန်း ပါရမည်ကို သိ၏။ သို့ဖြစ်၍ ဒီသစ်သီးအကြောင်း ဖော်ပြရာ၌ သူ့ စိတ်ကူးထဲရှိသလို မပြောပြခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက အင်မောတယ်ဂိုဏ်းတစ်ခု၏ နဂါးကြေးခွံသစ်သီး၏ ပုံပန်းအသွင်ကို ယူကာ ပြောပြခဲ့တာ ဖြစ်၏။ ထိုသစ်သီးကို စားသုံးပါက လူအများသည် ပြန်လည်မွေးဖွားကာ မိုးထိ မြင့်မားနိုင်သည်ဟူသော ကောလဟာလ စကားများ ရှိထား၏။ ၎င်းသစ်သီးက အမှန်တကယ် တည်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ကိစ္စ မဟုတ်ပေ။ သို့ပေမည့် မည်သူကမျှ သည်သစ်သီးကို အမှန်တကယ် မစားမိခဲ့ဖူးသေးပါ။

စာအုပ်များစွာ ဖတ်ဖူးထားသော အကြီးအကဲဝမ်က ဟန်လိ၏ မှော်သစ်သီးအကြောင်း ဖော်ပြချက်ကို ကြားသည့်အခါ သူ့မျက်လုံးက အရောင်တောက်လာခဲ့၏။ သူက ရှေးဟောင်းစာအုပ်တစ်အုပ်၌ နဂါးကြေးခွံ သစ်သီးအကြောင်း ဖော်ပြထားသည်ကို ပြန်အမှတ်ရမိသည်။ ထိုအချက်ကို ပြောပြသည့်အခါ ဟန်လိကလည်း လွယ်လွယ် ဝန်ခံသည်။ အကြီးအကဲဝမ်မှာ အံ့အားတသင့် ဖြစ်မိသွား၏။

ဟန်လိက ထိုသစ်သီးကို ခူးယူပြီးသည်နှင့် အပူ၏ အမြစ်များမှာ ချက်ခြင်း သွေ့ခြောက်ကာ သေဆုံးသွားသည့်အကြောင်းကိုလည်း အကြီးအကဲဝမ်ကို ပြောပြခဲ့၏။ ထိုနည်းလမ်းဖြင့် သူတို့က သစ်သီး တွေ့ခဲ့သော နေရာထံ သွားခဲ့လျှင်ပင် မည်သည့် သစ်သီးကိုမျှ ထပ်တွေ့ရတော့မည် မဟုတ်ပေ။ သူက ဒီစကားဖြင့် သူ့ဇာတ်လမ်းကို အဆုံးသပ်သည်။

တဖက်သူက လောဘကြီး၍ သူ့ဇာတ်လမ်းကို တကယ်ယုံသည် ဖြစ်စေ၊ သို့မဟုတ် နောက်ထပ် ထိုသို့သော သစ်သီးကို သွားရှာဖို့ တနေရာရာသို့ သွားသည်ဖြစ်စေ အလုပ်ရှုပ်ပလေ့စေ။ ဤသည်တို့မှာ သူ့ကိစ္စမဟုတ်ပေ။

ဟန်လိက အကြီးအကဲဝမ်သည် သူ့ကို လုံးဝ ယုံကြည်ဟန် ဆောင်နေတာကို သိ၏။ ဟန်လိက သူ၏ မေးခွန်းအားလုံးကို ဖြေဆိုခဲ့လျှင်ပင် ထိုသူက သူ့အပေါ် အမှန်တကယ် မည်ရွှေ့မည်မျှ ယုံသည်ကိုမူ သိနိုင်ဖို့ နည်းလမ်း မရှိပေ။

တဖက်သူက ယုံတဝက်၊မယုံတဝက် ဖြစ်နေလောက်၏။ သို့ဖြစ်၍ သည်အကြီးအကဲဝမ်ကို ဟန်လိက နောင်တွင် တတ်နိုင်သမျှ မတွေ့အောင် ရှောင်ရလိမ့်မည်။ သို့မှသာ အကြီးအကဲဝမ်က သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းနှင့် ပတ်သတ်သည့် ကိစ္စကို အာရုံမစိုက်မိမှာ ဖြစ်၏။

သို့သော် ဟန်လိက သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သ၍ သူ၏ အဆင့်အတန်းမှာ အခုနှင့် လုံးလုံး ကွာခြားသွားမှာကို ယုံကြည်ထား၏။ အကြီးအကဲဝမ်၏ စိတ်ထဲ၌ သံသယရှိနေခဲ့လျှင်ပင် သူ့ကို လွယ်လွယ်နှင့် လာရန်စနိုင်တော့မည် မဟုတ်ပေ။ တကယ်တော့ ကျင့်ကြံခြင်းလောက၌ ခွန်အားကသာ စကားပြောသည် မဟုတ်လား။

နောက်ဆုံး၌ ဟန်လိက သူ၏ ကျင့်ကြံမှုနှင့် ပတ်သတ်သည့် မေးခွန်းများကို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်၏။ အကြီးအကဲဝမ်က ဟန်လိ၏ ကျင့်ကြံမှုနှင့် ပတ်သတ်၍ သံသယ ရှိနေလျှင်ပင် သူ့ရှေ့၌ ကောင်းကောင်းမွန်မွန်သာ မေးလိမ့်မည်။ အတင်းအကြပ် လုပ်တော့မည် မဟုတ်ပေ။

အကြီးအကဲဝမ်က သူ သိချင်သမျှကို မေးမြန်းပြီးနောက် ဟန်လိကို တားမြစ်ဧရိယာထဲ မဝင်ခင် ကြိုပြင်ဆင်ရမည်ဟု သတိပေးစကား ဆိုခဲ့၏။

ဟန်လိကလည်း ကျေးဇူးတင်စကား ပြောကာ နှုတ်ဆက်စကားပြော၍ ထွက်လာခဲ့ပေသည်။

သူ ပြန်ရောက်လာသည့်နောက် သူက အဘိုးအိုမာကို နှုတ်ဆက်၏။ ဆေးဥယျာဉ်နှင့် ပတ်သတ်သည့် အလုပ်များကိုလည်း ယာယီရပ်နားထားမည့်အကြောင်းကို ပြောပြသည်။ ထိုမှသာ သူက လာမည့် သွေးနှင့်မီးခြုံလွှမ်းသော စမ်းသပ်ကွင်း(ဝါ) တားမြစ်ဧရိယာသို့ ဝင်ရောက်ဖို့အတွက် အဖုအထစ်မရှိ ပြင်ဆင်နိုင်လိမ့်မည် ဖြစ်၏။

ဟန်လိ၏ စကားကို ကြားသည့်အခါ အဘိုးအိုမာက တအောင့် စဉ်းစား၏။ သူက “မင်းကတော့ သေလူ ဖြစ်ပြီ” ဟူသော ဟန်အမူအရာဖြင့် ဟန်လိကို စူးစိုက်ကြည့်နေသည်။ ဤသည်က ဟန်လိကို အချိန်ကြသည့်အထိ စိတ်မသက်မသာဖြစ်မှုကို ခံစားစေသည်။

သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ဒီအကြီးအကဲမာက မထွက်သွားခင် ဟန်လိကို ဆေးပုလင်းနှစ်ပုလင်းကို တွန့်တိုခြင်းမရှိ ပေးခဲ့တာပင်။ သူက အေးတိအေးစက်လည်း ပြောလိုက်သေး၏။ “တပုလင်းက အတွင်းဒဏ်ရာအတွက်၊ နောက်တပုလင်းက အပြင်ဒဏ်ရာအတွက်…”

ထိုသို့ ပြောပြီးနောက် သူက သူ၏ မှော်ပစ္စည်းကို သုံးကာ မထူခြားနားဟန်ဖြင့် ပျံသန်းထွက်သွားတော့သည်။

ထိုအပြုအမူက ဟန်လိ၏ စိတ်နှလုံးကို နွေးထွေးသွားစေ၏။

လွန်ခဲ့သော နှစ်နှစ်လုံး အတူတူ ရှိခဲ့ပြီးနောက် ဟန်လိက သည်အဘိုးအိုလေးမှာ အပြင်ပိုင်း ဆိုးဟန် ပေါက်သော်လည်း ကြင်နာတတ်သော စိတ်ရှိသူမှန်း သိလာခဲ့ပြီး ဖြစ်၏။ ထိုအဘိုးအိုမာက သူ့ကိုယ်သူ ဆေးလုံးဖန်တီးခြင်း၌ နစ်မြုပ်ထားသူလည်း ဟုတ်သည်။ အဘိုးအိုမာက သူ့အပေါ် အခုလိုမျိုး ဆက်ဆံခဲ့တာသည် ဟန်လိကို သူ့တူသားအဖြစ် အသိအမှတ်ပြုသည်ဟု ဆိုလိုပေသည်။ ဟန်လိမှာ ခံစားချက် ဖြစ်မိရ၏။

တားမြစ်နေရာသို့ မဝင်ရောက်ခင် သုံးရက်၌ အကြီးအကဲဝမ်က ဟန်လိထံ စာတစ်စောင် ပို့လာခဲ့၏။ သူ့ကို စုဝေးပွဲခန်းမ၌ အမြန်လာဖို့ အသင့်ပြင်ထားကြောင်း ပြောသည့်စာပင်။

ဟန်လိ ရောက်လာသည့်အခါ၌ သွေးနှင့်မီးစမ်းသပ်ကွင်းသို့ ဝင်မည်ဟု စာရင်းပေးထားသော တပည့်များအားလုံးလည်း ရောက်နေကြပေပြီ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အကဲဖြတ်နေကြသည်။

အဝါရောင်မေပယ်တောင်ကြား၌ ချီစုဆောင်းခြင်းအဆင့် တပည့်အရေအတွက်မှာ တစ်သောင်းမျှ ရှိ၏။ ဟန်လိသည် သူတို့အားလုံးကို မသိတာ သဘာဝပင်။ သို့သော် ဟန်လိ သိနေသော အမျိုးသမီးတစ်ယောက်တော့ ဒီအုပ်စုထဲ၌ ပါနေသည်။ ဟန်လိက သည်အမျိုးသမီးကို သိရုံသာမက သူမ၏ခန္ဓာကိုယ်ကိုပင် တို့ထိကိုင် ဖူးပေသည်။ သူမမှာ ဂျူနီယာညီမချန်ပင်။

ဂျူနီယာညီမချန်ကို ကာမ ရယူရန် ကြံစည်ခဲ့သော အစ်ကိုလုကို ဟန်လိက သတ်ခဲ့ပေ၏။ အစ်ကိုလု ပျောက်သွားသည့်အကြောင်းက အဝါရောင်တောင်ကြား၌ လှုပ်ခတ်မှု အသေးစား ဖြစ်ခဲ့သေးသည်။ ထိုသူက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မရောက်သေးသော်လည်း ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ရှင် ဖြစ်၏။ ထိပ်တန်းပုဂ္ဂိုလ်များ၏ အာရုံစိုက်ခြင်းကို ခံရသော အဆင့်နိမ့်တပည့်များထဲမှ တစ်ယောက် ဖြစ်သည်။

ဂျူနီယာညီမချန်က တောင်ကြားသို့ ပြန်ရောက်လာပြီးနောက် ထိုညက ဖြစ်ပျက်ခဲ့သမျှ ကိစ္စကို မည်သူနှင့်မျှ မပြောဆိုခဲ့ပေ။ သည်ကိစ္စကို ပြောပြဖို့လည်း ငြင်းဆန်ခဲ့သည်။

သို့ဖြစ်၍ အစ်ကိုလုမှာ ပျောက်သွားသောသူအဖြစ် သတ်မှတ်ခဲ့ကြသည်။ သူနှင့် ပတ်သတ်မှု ရှိသော တပည့်များက ဂိုဏ်းပိုင်နက်၌ သူ့ကို ရှာခဲ့သေးသည်။ သို့သော် မည်သည့်ရလဒ်မျှ မထွက်ပေါ်ခဲ့ပေ။ ထိုသို့ဖြင့် အစ်ကိုလု၏အကြောင်းမှာ တဖြည်းဖြည်း တိမ်မြုပ်သွားတော့သည်။

တောင်ကြား၌ သည်လိုမျိုး ပျောက်သွားသူများမှာ ရှိတတ်သည်ပင်။ အစ်ကိုလုက ပထမဆုံး မဟုတ်ပေ။ သူက နောက်ဆုံး မဟုတ်မှာလည်း ကျိန်းသေ၏။

အစပိုင်း၌ သည်ကိစ္စကို ပြောဆိုနေကြသော်လည်း နောက်ပိုင်းတွင်မူ အဝါရောင်တောင်ကြားရှိ မည်သူကမျှ အစ်ကိုလုအကြောင်း ထပ်မပြောကြတော့ပေ။ ထိုသူက လုံးလုံး မတည်ရှိသူ ဖြစ်ခဲ့သည့်အလား။ ထိုအခြေအနေက ဟန်လိကို စိတ်အေးစေခဲ့၏။ သို့သော် သူက အေးစက်မှုကိုလည်း ခံစားမိခဲ့ရသည်။

ကျင့်ကြံသူအများစုက သူတို့၏ ဆန္ဒနှင့်ကိုယ်ကျိုးကိုသာ ကြည့်သူများ ဖြစ်ကြောင်း ဒီကိစ္စက ဖော်ပြနေသည်မဟုတ်လား။ တနေ့၌ ဟန်လိ ပျောက်ကွယ်သွားခဲ့လျှင်လည်း ဂိုဏ်း၏ တုန့်ပြန်မှုက အလားတူ ဖြစ်ပေလိမ့်မည်။ မည်သူကမျှ အချိန်ကုန်ခံ၊ ခွန်အားအကုန်ခံပြီး သူ မည်သည့်နေရာသို့ ရောက်သွားသည့်အပေါ် ရှာဖွေကြလိမ့်မည် မဟုတ်ပေ။

ဟန်လိက ဂိုဏ်းထဲသို့ ဝင်လာခဲ့ချိန်မှစ၍ နှိမ့်ချနေခဲ့၏။ သတိထားနေခဲ့ပေ၏။ သူ၏ ထိုအပြုအမူက မှန်ပေသည်။

တကယ်တော့ ကျင့်ကြံခြင်းလမ်းမှာ ရှည်လျားလွန်းသည်။ သို့ဖြစ်၍ မတော်တဆ ဖြစ်နိုင်ချေ များစွာ ရှိသည်။ ဟန်လိက သူ့ကိုယ်သူ လူအာရုံစိုက်အောင် နေ၍ ဉာဏ်နည်းသော အပြုအမူများလုပ်မိပါက သူကဲ့သို့ နောက်ခံ မရှိသော အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်မှာ အချိန်မရွေး အသတ်ခံလိုက်ရနိုင်သည်။ နောင်ဘဝ၌ ကျင့်ကြံခြင်းလမ်းအပေါ် ပြန်ခြေချနိုင်ဖို့မှာ မဖြစ်နိုင်သလောက်ပင်။

အစတုန်းက ဟန်လိသည် ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သတ်ပြီး များများစားစား ယုံကြည်မှု မရှိခဲ့ပေ။ သို့သော် သူက ကျင့်ကြံခြင်းလောကနှင့် ပတ်သတ်မှု ရှိလာခဲ့သည့် အချိန်မှစ၍ ပြန်လည်မွေးဖွားခြင်းနှင့် ပတ်သတ်ပြီး သံသယ လျော့နည်းလာခဲ့ပေသည်။

ဂျူနီယာညီမချန်၏ စိတ်နေစိတ်ထားမှာ အရင်နှင့် သိသိသာသာ ကွဲပြားသွား၏။ ထိုသို့ဖြစ်ရခြင်းမှာ သူမက ချစ်သူ၏ သစ္စာဖောက်ခံခဲ့ရခြင်းကြောင့်လားတော့ ဟန်လိလည်း သေချာ မသိနေပေ။ သူမ၏ အခုပုံစံသည် အေးစက်စက် ရှိ၏။ သို့သော် ကျော့ရှင်းလှပမှုကတော့ ပျောက်မသွားပေ။ သူမထံမှ တစိမ်းတရံများကို အဝေးသို့ မောင်းထုတ်ချင်သော အရှိန်အဝါ ထွက်နေပေ၏။ သူမ၏ အလှကို မက်မောမိသောကြောင့် သူမနား ကပ်လာခဲ့သော လူငယ်အချို့သည်ပင် အလျှော့ပေး၍ လှည့်ပြန်သွားခဲ့ရပေသည်။

ထိုအမျိုးသမီး၏ အေးစက်မောက်မာသော အသွင်ဟန်ပန်က သူမ၏ အလှကို မလျော့ပါးစေသည့်အပြင် တမျိုးတမည်ပင် ပို၍ စွဲဆောင်မှု ရှိသလို ဖြစ်စေခဲ့၏။ ထိုအခါ အမျိုးသားတပည့်များက သူမကို ရဖို့ ကြိုးစားကြသည်။ သူမ၏ ခုလိုပုံစံသည် အရင်က အစ်ကိုလုနှင့် ချစ်ကြိုးသွယ်ခဲ့စဉ် ရိုးရိုးယဉ်ယဉ်ပုံစံထက် ပို၍ စွဲညှို့နိုင်စွမ်း ရှိလာ၏။

သို့သော် ဟန်လိက သူမကို မြင်သည့်အခါ စိတ်ကသိကအောက် ဖြစ်မိသည်။

ဒီလောက၌ ယောက်ျားသားများကို ထီမထင်ဟန် ရှိသော နောက်ထပ် အမျိုးသမီးတစ်ယောက် မွေးဖွားလာခဲ့ပေပြီ။ သူမချစ်သူ၏ သစ္စာဖောက်၊ မကောင်းကြံမှုက ထိုအမျိုးသမီးချန်၏ နှလုံးသားကို နောက်ထပ် ယောက်ျားတစ်ယောက်အတွက် ဖွင့်ထုတ်ဖို့ လွယ်လေတော့မည် မဟုတ်ပါ။ သူမက အိုမင်းသည့်အထိ တကိုယ်တည်းနေကာ သေဆုံးသွားမည်ဟုပင် ဆုံးဖြတ်ထားနိုင်၏။

ဂျူနီယာညီမချန်က ဟန်လိကို မမှတ်မိပေ။ ဟန်လိက သူမရှေ့သို့ အကြိမ်အနည်းငယ် ဖြတ်လျှောက်ကြည့်၏။ သို့သော် သူက အေးစက်စက်တုန့်ပြန်မှုကိုသာ သူမထံမှ ရသည်။ သူမက သူ့ကို သူမအား ပိုပန်းသော လူများထဲမှ တစ်ယောက်ကဲ့သို့ ထင်မြင်နေတာ သိသာသည်။

ဟန်လိက စိတ်အေးမိသွား၏။ ချစ်ရမ္မက်ဆေးလုံး၏ စိတ်ကယောင်ကချား ဖြစ်နိုင်စွမ်းက အမှန်ပင် အားကောင်းလှပေ၏။ သည်အမျိုးသမီးက သူ့ကို လုံးလုံး မမှတ်မိခဲ့ပေ။ ထို့ကြောင့် ဟန်လိ၏ နောက်ဆုံးအနေဖြင့် စိတ်ပူပန်မှုမှာ လုံးလုံး ကွယ်ပျောက်သွားတော့သည်။

သို့သော် ထိုညက သူမ၏ လှပကျော့ရှင်း၊ နူးအိသော ခန္ဓာကိုယ်နှင့် တောက်လောင်နေသော ဟန်ပန်တို့အကြောင်း ပြန်တွေးမိချိန်၊ ထို့နောက် သူမ၏ အခု အေးစက်စက်ဟန်ပန်ကို မြင်နေရသည့်အခါ ဟန်လိ၏စိတ်ထဲ၌ လိုအင်ဆန္ဒများနှင့် နောင်တရမှုများ ပြည့်သွားပေသည်။

သူမက ဒီသွေးနှင့်မီး စမ်းသပ်ကွင်းသို့ ဝင်ပါမည့် အကြောင်းရင်းက ဟန်လိကြောင့်ဟု ပြော၍ ရ၏။ သူမ၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးကို ဆုံးရှုံးခဲ့ရသည့်နောက် သူမက ၎င်းဆေးလုံးကို ရဖို့အတွက် သူကဲ့သို့ အလောင်းအစား လုပ်သည့်ပုံ ရသည်။ တကယ်တော့ ဒီတားမြစ်ဧရိယာသို့ သွားသည့် ခရီးက အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးကိုရဖို့ အမြန်ဆုံးနည်း မဟုတ်လား။

သည်တားမြစ်ဧရိယာသို့ သွားမည့်ခရီး၌ ပါဝင်မည့် တပည့်များသည် ဂိုဏ်း၏ထိပ်တန်းများ ဖြစ်ကြ၏။ သူတို့အားလုံးက သန်မာကြံ့ခိုင်သည်။ ချီစုဆောင်းခြင်းအဆင့် ဆယ့်သုံးထိ ရောက်နေသူများပင် ဒီအုပ်စုထဲ၌ ငါးယောက်၊ ခြောက်ယောက်လောက် ရှိနေ၏။

တခြား တပည့်အများစုမှာ ဂျူနီယာညီမချန်ခဲ့သို့ အဆယ့်ဆယ့်နှစ်၏ အလယ်၌ ရှိနေသူများပင်။

ကျန်သည့် တပည့်များက အဆင့်ဆယ့်တစ်တွင် ရှိ၏။ သူတို့က သုံးယောက်တည်းသာ။ ဟန်လိအပြင် ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်၊ အသက်ဆယ့်ခြောက်လောက် ရှိမည်ဟု ထင်ရသော လူငယ်လေးတစ်ယောက်တို့ပင်။ ထိုသည်ကို မြင်၍ ဟန်လိ၏ စိတ်ထဲ၌ မလွယ်ကူမှုကို ခံစားမိ၏။ သူတို့သုံးယောက် အဆင့်နိမ့်ဆုံး ဖြစ်နေသည် မဟုတ်လား။

ကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်း၌ တားမြစ်ဧရိယာသို့ ဝင်ရောက်နိုင်မည့် တပည့်အရေအတွက်မှာ နှစ်ဆယ့်ငါးယောက်ထက် ပို၍ မရဟု ဓလေ့ရှိ၏။ ပြီးခဲ့သော အချိန်များက ထိုအရေအတွက်ပင် လုံလောက်အောင် မပြည့်မှီခဲ့ပေ။ များသောအားဖြင့် သည်စမ်းသပ်ကွင်းသို့ ဝင်ရောက်သူများမှာ ဆယ်ယောက်လောက်သာ ရှိ၏။

သို့သော် ခုတကြိမ်၌ အများဆုံး သတ်မှတ်ထားသော အရည်အတွက် ပြည့်မှီရုံသာမက ဂိုဏ်း၏ ထိပ်တန်းတပည့်အများစုလည်း ဒီမှာ ရောက်နေကြသည်။ ဤသည်မှာ ဆေးပင်များ စုဆောင်းရန် တားမြစ်ဧရိယာသို့ ခရီးစဉ်သည် အတိတ်က ပုံမှန်စံနှုန်းများထက် ပိုလွန်နေပြီကို ပြသနေသည်။ အသက်ရှင်နိုင်မည့် လူအရေအတွက်မှာလည်း ပိုနည်းသွားမှာ သေချာသည်။

ထိုသို့ ဖြစ်နိုင်ချေကို မြင်သည့်အခါ ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲရုံကလွဲ၍ ဘာမျှ မတတ်နိုင်ပေ။ သူက ကူရာကယ်ရာမဲ့စွာ ခံစားမိ၏။ သည်ထိပ်တန်းတပည့်များကို ဂိုဏ်းအတွင်းရှိ အစွမ်းထက်သူများက မက်လုံးများ ပိုပေးထားမှာ သေချာသည်။ မဟုတ်ပါက သည်လူများသည် ဒီနေရာတွင် ပေါ်လာကြလိမ့်မည် မဟုတ်ပေ။

All Chapters