← Chapters

ဘိုးဘေးလီ

Vol. 13 Ch. 174

ဘိုးဘေးလီ

Vol. 13 Ch. 174

တားမြစ်နေရာထံဝင်ရောက်သူများက ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်၏ အားပေးစကားများကို ကြားရပြီးနောက် ဂုဏ်ထူးဆောင်တပည့်နှစ်ယောက်သည် ခန်းမအတွင်း ဝင်လာကြ၏။ သူတို့၏ လက်ထဲ၌ လင်ဗန်းများကို ကိုင်ထားသည်။

လင်ဗန်းတစ်ခု၌ ရွှေရောင်ချည်မျှင်ဖြင့် ယက်လုပ်ထားသော သိုလှောင်အိတ်တစ်ခု၊ တခြား လင်းဗန်းတခု၌ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပါလာသည်။ စမ်းသပ်ကွင်းသို့ မဝင်ရောက်ခင် ဂိုဏ်းမှ ပေးအပ်မည့် အမယ်ပစ္စည်းများကို လာပေးတာ ဖြစ်၏။ ဤသည်က တိုက်ပွဲဝင်ဖို့ အားပေးခြင်းလည်း ဟုတ်သည်။

အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လူတိုင်းက စိတ်ကြိုက် ရွေးချယ်နိုင်သည်။ ဟန်လိက မြေဓာတ်နှင့်မီးဓာတ် အလယ်အဆင့် ကျောက်တုံး ရှိထားပြီး ဖြစ်၍ သူက ရေဓာတ်စိတ်ဝိညာဉ်ကျောက်တုံးကို ရွေးယူ၏။ ၎င်းမှာ အပြာရောင် ရှိသည်။ မည်သူကမျှ ဒီစိတ်ဝိညာဉ်ကျောက်တုံးအတွက် သူနှင့် ယှဉ်မလုကြပေ။

သို့ပေမည့် သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်ပစ္စည်းများ ထုတ်ယူသည့်အခါတွင်မူ တပည့်များက သတိထားနေသော အကြည့်များ ရှိလာသည်။

သည်သိုလှောင်အိတ်မှာ တွေ့နေမြင်နေကျ သိုလှောင်အိတ်များ မဟုတ်ပေ။ ၎င်းကို ဖွင့်လှစ်အသုံးပြုဖို့ စိတ်ဝိညာဉ်စွမ်းအားအစား စိတ်ဝိညာဉ်အာရုံသာ လို၏။ ထို့အပြင် သည်အိတ်က ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်အာရုံ ထောက်လှမ်းမှုကိုလည်း အနှောက်အယှက် ပေးနိုင်စွမ်း ရှိသည်။ လူတစ်ယောက်က လက်ဆန့်ထုတ်ရုံဖြင့် သည်သိုလှောင်အိတ်ထဲမှ ပစ္စည်းအမယ်များကို ထုတ်ယူနိုင်စွမ်း ရှိ၏။ သူတို့ မည်သည့်ပစ္စည်းကို ထုတ်ယူနိုင်ဖို့အတွက်တော့ ပြောဖို့ခက်၏။ သူတို့က သူတို့လက်ဖြင့် ခံစားမိခြင်းဖြင့်သာ ၎င်းကို ဆုံးဖြတ်နိုင်၏။ စိတ်ဝိညာဉ်အာရုံ သုံး၍ သိုလှောင်အိတ်ထဲရှိ ပစ္စည်းကို ထောက်လှမ်း၍ မရပေ။

၎င်းသိုလှောင်အိတ်ထဲ၌ အဆင့်မြင့် မှော်ပစ္စည်းများ ရှိနေသော်လည်း အကာအကွယ်မှော်ပစ္စည်းများကမူ တိုက်ခိုက်ရေး မှော်ပစ္စည်းများထက် ပို၍ ရှားသည်။ ထို့အပြင် အဆင့်မြင့် အကာအကွယ်နှင့် တိုက်ခိုက်ရေးမှော်ပစ္စည်းများ၏ စွမ်းဆောင်ရည်က သိသိသာသာ ကွဲပြား၏။

လူတစ်ယောက်က သူနှင့် သင့်တော်သော မှော်ပစ္စည်းကို ထုတ်ယူနိုင်ပါက စမ်းသပ်ကွင်း၌ အသက်ရှင်နိုင်မည့် အခွင့်အရေး အနည်းငယ် တိုးလာနိုင်မည် ဖြစ်၏။ မှော်ပစ္စည်းများ ကင်းမဲ့သော တပည့်များကတော့ ပို၍ ဂနာမငြိမ် ဖြစ်လာသည်။

သို့ပေမည့် ဟန်လိကမူ အရေးမစိုက်ချေ။

ဈေးမြို့သို့ သွားခဲ့သော ခရီး၌ ဟန်လိက ရတနာတစ်သောင်းခန်းမ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ရတနာအားလုံးကို သိမ်းပိုက်ခဲ့သည် မဟုတ်လား။ သူက အကောင်းဆုံး အရည်အသွေးရှိသည့် မှော်ပစ္စည်းနှစ်ခုကိုပင် အရယူလာနိုင်ခဲ့၏။ ထို့အပြင် သူ့ထံ၌ အဇူရာနဂါးအလံနှင့် တခြား အဆင့်မြင့် မှော်ပစ္စည်းများလည်း ရှိထားသေး၏။

နောက်ထပ် အဆင့်မြင့် မှော်ပစ္စည်းတစ်ခုကို ထပ်မံ လက်ခံရခြင်းက သူ့ကို စိတ်မလှုပ်ရှားစေတော့ပေ။

ဟန်လိရှေ့၌ လူအများစုက သိုလှောင်အိတ်ထဲမှ မှော်ပစ္စည်းတခုကို ယူခဲ့ပြီး ဖြစ်၏။ သူတို့ မည်သည့် မှော်ပစ္စည်းကို ယူခဲ့မိသည်ကိုတော့ မည်သူကမျှ မပြောကြပေ။ သူတို့က ဒီပစ္စည်းကို ဘေးလူများ မမြင်အောင် ထုတ်ယူခဲ့သည်။

ဟန်လိက သိုလှောင်အိတ်ထံ လက်ဆန့်တန်းကာ ကြုံရာ တခုကို ဆွဲယူ၏။ ထိုအခါ သူက တမူထူးသော ပစ္စည်းတခုကို ယူမိသွား၏။ သူ့စိတ်၌ လှုပ်ရှားမှု ရှိလာ၏။ သူက ၎င်းကို ချက်ခြင်းပင် သူ၏ သိုလှောင်အိတ်ထဲ ထည့်သိမ်းသည်။

ထိုအခိုက်၌ သူ၏နောက်မှ လူက စိတ်မရှည် ဖြစ်နေပေပြီ။ ထိုသူက ရှေ့တိုးလာ၏။ ဟန်လိက ဤသည်ကို မြင်သည့်အခါ ဘေးသို့ ဖယ်ပေးကာ သူ့မူလနေရာသို့ ပြန်လာပြီး ရပ်နေ၏။

ခန်းမ၏အပြင်ဘက်၌လည်း လူအချို့ ရှိနေ၏။ ဟန်လိ ဂိုဏ်းသို့ ဝင်လာခဲ့သည့်အချိန်၌ မြင်ခဲ့ဖူး‌သော အကြီးအကဲများလည်း ရှိနေသည်။ ထိုသူတို့၌ ဦးလေးဝမ်၊ ဟန်လိ၏ အခြေခံတည်ဆောက်ခြင်ဆေးလုံးကို လဲလှယ်ယူခဲ့သော ခန်းမသခင်ယဲ့တို့လည်း ပါ၏။ ခန်းမသခင်ယဲ့သည် အခုထိ ဟန်လိကို ပေးမည်ဟု ပေးထားပစ္စည်းများကို ကတိအတိုင်း အကုန်အစင် မပေးရသေးပေ။

ထိုသူများက လေးလေးနက်နက် အမူအရာဖြင့် ရှိနေ၏။ သူတို့၏ အလယ်၌ မျက်နှာလေးထောင့်စပ်စပ်နှင့် အဘိုးအိုတစ်ယောက် ရှိနေသည်။ ထိုအဘိုးအိုအပေါ် သူတို့အားလုံးက လေးစားဟန် ပေါ်သည်။ မည်သူ တစ်ဦးတလေကမျှ တစ်ယောက်နှင့်တစ်ယောက် စကားတီးတိုး မဆိုဝံ့ကြပေ။

ယင်းအဘိုးအိုသည် အသက်ငါးဆယ်၊ ခြောက်ဆယ် ဝန်းကျင် ရှိလေမည်။ သူ၏ဆံပင်တို့မှာ မီးခိုးရောင်သန်းနေ၏။ သို့ပေမည့် သူက ကျမ်းမာရွှင်လန်းသော နီစပ်စပ် မျက်နှာ၊ ကျားရဲကဲ့သို့ မျက်လုံးတစုံတို့ကို ပိုင်ဆိုင်ထားသည်။

သူ၏အကြည့်က တပည့်များထံ ဝေ့ခတ်ကျရောက်လာသည့်အခါ ဟန်လိက ထိုသူ၏ ထွင်းဖောက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားမိ၏။ သူ့ကို အတော်လေး အံ့အားသင့်သွားစေသည်။

ထိုသူ လှမ်းဝင်လာသည်ကို မြင်သည့်အခါ ဂိုဏ်းခေါင်းဆောင်ကျုံးက အလျင်အမြန် ကြိုဆို၏။ “အကြီးအကဲဦးလေးလီကို နှုတ်ဆက်ပါတယ်…” သူ့လေသံ၌ ကပ်ဖားယပ်ဖားအငွေ့အသက်ပါ ပါနေသေး၏။ ထိုသည်ကို မြင်သည့်အခါ တပည့်များသည် အကြီးအကျယ် မင်သက်သွား၏။

သို့သော် တခြားအကြီးအကဲများကမူ ပုံမှန်ဟန်ပန်သာ ရှိ၏။ သူတို့က ထိုအကြီးအကဲကို မြင်သည့်အခါ ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်၏ အမူဟန်ပန်အပေါ် အထင်သေးဟန် မပြပေ။ “အကြီးအကဲဦးလေးလီ”ဟု ကျုံးလင်းတောက်က သုံးနှုန်းခေါ်ဝေါ်ခွင့် ရသည့်အပေါ်တွင်ပင် သူတို့က မနာလို ဖြစ်နေပုံ ပေါ်သည်။

ဟန်လိနှင့် တခြား မသိသော တပည့်ငယ်များကမူ သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် အံ့ဩတကြီး ဖြစ်နေ၏။ ဂိုဏ်းခေါင်းဆောင်ကျုံးက ဒီအကြီးအကဲကို တပည့်များနှင့် မိတ်ဆက်ပေးသည်။ ထိုပုဂ္ဂိုလ်၏ အကြီးအကဲဦးလေးလီဟူသော အမည်ကို ဟန်လိနှင့် တခြားတပည့်များသည် ကြားမိခဲ့ဖူးတာ ကြာခဲ့ပေပြီ။ သည်ပုဂ္ဂိုလ်မှာ သူတို့ လုံးဝ မမြင်ဖူးသော ဂိုဏ်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့် ဘိုးဘေးများထဲမှ တစ်ယောက်ပင်။ သူကား ဘိုးဘေးလီ ဖြစ်၏။

တားမြစ်ဒေသသို့ သွားမည့် ခရီးကို ဘိုးဘေးလီက ဦးဆောင်မည် ဖြစ်သည်။ သူနှင့်အတူ တခြား အကြီးအကဲများလည်း လိုက်ပါလာကြမည်။ ထိုအထဲ၌ အကြီးအကဲဝမ်လည်း ပါ၏။

ဂိုဏ်းခေါင်းဆောင် ကျုံး၏ မိတ်ဆက်စကား ပြောကြားပြီးနောက် ဘိုးဘေးလီက စကားနှစ်ခွန်းကိုသာ ဆို၏။ “သွားကြမယ်…”

ထိုသို့ဆိုကာ သူက ဦးဆောင်၍ ခန်းမထဲကနေ ထွက်လာခဲ့သည်။

ဟန်လိနှင့် တခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။ သို့သော် သူတို့က အကြီးအကဲများ၏ နောက်သို့ အလျင်စလို လိုက်ပါလာခဲ့သည်။ ခန်းမထဲကနေ တပည့်များအားလုံး ထွက်လာခဲ့ကြပြီးနောက် သူတို့က ပင့်သက်ရှိုက်မိကုန်၏။

ထိုခန်းမထဲကနေ ထွက်လာရုံ ရှိသေး သူတို့က မီတာခြောက်ဆယ်လောက် ရှည်လျားသည့် မွန်းစတားကြီး တစ်ကောင်ကို မြင်လိုက်ရသည် မဟုတ်လား။ ၎င်းမွန်းစတားမှာ ငွေရောင်တောက်တောက် အဆင်းရှိ၏။ လေထဲ၌ ရပ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်ထံမှ ဖိနှိပ်နိုင်သော အရှိန်အဝါကို ပေးစွမ်းနေသည်။ ဘိုးဘေးလီက ထိုမွန်းစတား၏ ဦးခေါင်းထိပ်၌ ရပ်ကာ သူတို့ကို မထူးခြားနားဟန်ဖြင့် လှမ်းကြည့်နေသည်။

ဟန်လိက သူ့မျက်လုံးကို ပွတ်၍ သည်မွန်းစတားကြီးကို အသေအချာ ကြည့်နေမိသည်။ သူ့စိတ်နှလုံးမှာ ဆက်တိုက် ခုန်ပေါက်နေ၏။ သူ တွေ့မြင်နေသည့် မွန်းစတားမှာ မြင်ရခဲသော ငွေရောင်စပါးအုံးပင်။ သည်စပါးအုံးက သာမန်ထက် ထူးကဲသည်။ ၎င်း၏ ဦးခေါင်းထက်၌ ဦးချိုနက်တစ်ချောင်း ပေါက်နေသည်။ ဤသည်က ၎င်းမွန်းစတားကို ပို၍ ကြောက်မက်ဖွယ် ကောင်းသွားစေသည်။

“ဒါက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ခွန်အားပေါ့။ သူက ဒီနတ်ဆိုးသားရဲကိုတောင့် နာခံအောင် လုပ်နိုင်စွမ်း ရှိတယ်။ သူ့ စိတ်ကြိုက် အမိန့်ပေးနိုင်တယ်။ ဒါက တကယ့်ကို အထင်ကြီးစရာပဲ…”

ဟန်လိသည် ဘိုးဘေးလီ၏ နည်းလမ်းကို အားကျနေ၏။

အကယ်၍ သူသာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်ခဲ့ပါက သူ့ထံ၌လည်း ထိုသို့သော ကြီးမားသည့် မှော်စွမ်းအားမျိုး ပိုင်ဆိုင်လာနိုင်မည် မဟုတ်လား။ ထိုအတွေးဖြင့် ဟန်လိမှာ စိတ်လှုပ်ရှားလွန်းပြီး သွေးများပင် ဆူပွက်ကုန်သည်။

သူက ဘိုးဘေးလီကို မမြင်ခင်တုန်းက ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် သူ၏ အထင်အမြင် အသိသညာမှာ ရေးတေးတေး ဖြစ်ကာ မရှင်းလင်းသေးဟု ခံစားမိခဲ့ဖူး၏။

သို့ပေမည့် သူက ဘိုးဘေးလီ၏ အံ့မခန်းစွမ်းပကားကို မြင်သည့်အခါ ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် လျှောက်လှမ်းနိုင်သော ပုံရိပ်တခုကို ရှင်းရှင်းလင်းလင်း မြင်မိရသည်။ ထိုအခါ အင်မောတယ်ဖြစ်ရန် လျှောက်လှမ်းမည့် သူ၏ ဆုံးဖြတ်ချက်မှာ ပိုခိုင်မာလာသည်။

“လူတိုင်းပဲ။ အပေါ်တက်လာပြီး ခိုင်ခိုင်မြဲမြဲ ရပ်နေကြ။ ငါ့ရဲ့ ငွေရောင်စပါးအုံး ပျံသန်းနှုန်းက မင်းတို့ရဲ့ မှော်ပစ္စည်းတွေထက် အများကြီး ပိုမြန်တယ်။ ငါတို့ ခရီးစဉ်က နှစ်ရက်လောက် ကြာလိမ့်မယ်…”

ဘိုးဘေးလီက အောက်ဘက်မှ အံ့အားတသင့်ဖြစ်နေသော ဟန်ပန်အမူအရာများကို မမြင်လေသည့်အလား။ သူက ငွေရောင်စပါးအုံး၏ ဦးချိုကို ခပ်ဖွဖွ ပုတ်၏။ ထို့နောက် သူက ညွှန်ကြားချက် ပေးသည်။

ထိုသို့ဖြင့် ဟန်လိနှင့် တခြားသူများသည် ကြောက်ကြောက်လန့်လန့်ဖြင့် ဒီစပါးအုံးပေါ် တက်လာကြသည်။ သူတို့၏ နှစ်ညနှင့်နှစ်ည ခရီးစဉ်သည် စတင်လေပြီ။ သူတို့သည် တဖြည်းဖြည်းဖြင့် အမည်မသိရသော လူသူကင်းမဲ့သည့် တောင်တန်းအချို့ထိ ရောက်လာသည်။

ဘိုးဘေးလီ ပြောခဲ့တာက မမှားပေ။ ဒီစပါးအုံး၏ အမြန်နှုန်းက ကြောက်မက်ဖွယ်တည်း။ သူတို့ တပည့်များ၏ မှော်ပစ္စည်းများထက် အပြတ်အသက် သာသည်။ ထိုသည်မှာ သဘာဝပင်။ သူတို့ထဲ၌ မည်သူကမျှ ပျံသန်းခြင်း မှော်ပစ္စည်းကောင်းတခုကို မပိုင်ဆိုင်ထားကြပေ။

သူတို့ ရောက်လာသည့်အခါ တပည့်အုပ်စုက အကြီးအကဲများထံမှ သတင်းအချက်အလက်အချို့ကို လက်ခံရကြ၏။ ဤသည်မှာ ဂိုဏ်းများ တွေ့ဆုံဖို့ သဘောတူထားသော နေရာပင်။ မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းက ဒီနေရာတွင် စုဝေးကာ တားမြစ်ဧရိယာကို ပူးပေါင်း၍ ဖွင့်လှစ်မည် ဖြစ်၏။ တဂိုဏ်းတည်း၏ အင်အားဖြင့် တားမြစ်ဧရိယာကို ဝင်ရောက်ရန် အတားအဆီးကို ဖွင့်လှစ်ရာ၌ မလုံလောက်ပေ။

သူတို့ ချိန်းဆိုထားသော အချိန်မှာ မနက်ဖြန် မနက်ပိုင်း ဖြစ်၏။ သို့ပေမည့် တားမြစ်ဧရိယာက ကျင်းစီရင်စု၏ နယ်စပ်တွင် ရှိ၍ အဝါရောင်မေပယ်တောင်ကြားနှင့် ပို၍ နီးသည်။ သို့ဖြစ်၍ အဝါရောင်မေပယ်တောင်ကြားက တနေ့ ကြိုစော၍ ရောက်နေခဲ့တာ ဖြစ်၏။ သူတို့က ဒီတောင်သို့ တခြားဂိုဏ်းမှ လူများ ရောက်လာမည်ကို စောင့်နေသည်။

ခုချိန်၌ တပည့်အုပ်စုသည် လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပြီ။ မနက်ဖြန်၌ သူတို့သည် အတူတကွ တွေ့ဆုံကာ အမိန့်အတိုင်း တူညီဝတ်စုံများဖြင့် လှုပ်ရှားကြရမည် ဖြစ်၏။

အကြီးအကဲများက ထိုသို့ ပြောသည့်အခါ ဟန်လိနှင့် တခြားသူများသည် လူစုခွဲကြသည်။ သူတို့က သူတို့၏ ကိုယ်ပိုင်လုပ်စရာ ရှိသည်များကို လုပ်ရန် တောင်ထံသို့ သွား၏။ လာမည့် တိုက်ပွဲကြီးအတွက် နောက်ဆုံး ပြင်ဆင်မှုအချို့ကို ပြုလုပ်ကြသည်။

သည် အဝါရောင်ဝတ်စုံနှင့် တပည့်နှစ်ဆယ်ကျော်၌ တချို့က တင်ပလွေချိတ်ထိုင်ကာ သူတို့၏ စိတ်ဝိညာဉ်ကို အားဖြည့်နေ၏။ တခြားသူများက သူတို့၏ မှော်ပစ္စည်းများကို ထုတ်ယူကာ သန့်ရှင်းရေး လုပ်သည်။ စိတ်ပူပန်၍ အတွေးများနေသော သူများလည်း ရှိသည်။

သို့သော် အေးဆေးဆေးဆေးဖြင့် အပြန်အလှန် စကားပြောနေသူများလည်း ရှိသည်ပင်။ သူတို့က လုံးဝ စိတ်အေးလက်သာ ရှိနေပုံပင်။ သူတို့သည် ဒီအန္တရာယ်များလှသော ခရီးစဉ်တွင် မပါဝင်လေသည့်အလား။ ဟန်လိက ထိုသို့သော သူအချို့ကို အထူးအာရုံစိုက်၏။

ထိုအခိုက်တွင် ဟန်လိက သူ့နောက်မှ ခြေသံများကို ကြားရ၏။ သူက မျက်မှောင် မဆိုသလောက် ကြုံ့သွားသည်။ သူက လူအများ သတိမပြုမိစေဖို့ငှာ မထင်မရှားထောင့်ကျသော နေရာတခု၌ တကိုယ်တည်း ထိုင်နေခြင်း ဖြစ်၏။ သည်အထိ တစုံတစ်ယောက်က ဘာကြောင့်များ ရောက်လာရသနည်း။

“ဂျူနီယာညီလေးဟန်…ကျုပ်မျိုးရိုးအမည်က ရှောင်ပါ။ ညီလေးဟန်ကို နှုတ်ဆက်ပါတယ်။ မနက်ဖြန် မနက်ပိုင်း သွားရောက်ရမယ့် တားမြစ်နေရာနဲ့ ပတ်သတ်ပြီး ကျုပ်က ညီလေးဟန်နဲ့ စကားပြောချင်ပါတယ်…။ ဒါက ညီလေးဟန်ရဲ့ အသက်ကို စိုးရိမ်လို့ပဲ။ ကျုပ်တို့ စကားပြောကြည့်ကြမလား…”

ထိုအသံကတော့ ချောမွေ့နေသည်။ သို့သော် ဟန်လိကို ပို၍ မျက်မှောင်ကြုတ်သွားစေ၏။

ဟန်လိက အသံပိုင်ရှင်ကို ခုထိ မမြင်ရသေးသော်လည်း အသံကို နားထောင်ကြည့်ရုံဖြင့် ထိုသူမှာ ကလိမ်ဉာဏ် ရှိသူ၊ မယုံကြည်ထိုက်သူဟု သူက ယူဆမိ၏။ ရှောင်နေသည့်ကြားကနေ ပြဿနာက သူ့ထံ အဘယ်ကြောင့်များ စိုက်စိုက်မြိုက်မြိုက် ရောက်လာရသနည်းဟု ဟန်လိက တွေးမိနေ၏။

သို့သော် ဟန်လိက လူမိုက်တစ်ယောက်လို ပြုမူခြင်းထက် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြန်တုန့်ပြန်တာက ပိုကောင်းမည်ကို သဘောပေါက်၏။ သူက စိတ်မပါသော်လည်း တဖက်သို့ လှည့်ကြည့်သည်။ သူ့နောက်၌ လူနှစ်ယောက် ရှိနေသည်ကို မြင်သည်။ ထိုသူတို့မှာ အဘိုးအိုတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်တို့ပင်။

All Chapters