← Chapters

ဗလာသန့်စင်ဂိုဏ်း

Vol. 13 Ch. 175

ဗလာသန့်စင်ဂိုဏ်း

Vol. 13 Ch. 175

သူက ထိုသူနှစ်ယောက်၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ ကြိတ်၍ သက်ပြင်းချမိ၏။ သူတို့မှာ သူကဲ့သို့ ချီစုဆောင်းခြင်းအဆင့်ဆယ့်တစ်သာ ရှိသော ကျင့်ကြံသူနှစ်ယောက် ဖြစ်နေ၏။ တစ်ယောက်က အိုမင်းနေပြီ။ သို့သော် သူ့မျက်လုံးတို့၌ ဉာဏ်များပုံ အရိပ်အယောင် လှစ်ဟပေါ်နေသည်။ လူငယ်လေးကမူ ရိုးသားကာ အပြစ်ကင်းပုံ ပေါ်သည်။ ထိုလူငယ်လေးမှာ အတွေ့အကြုံ မကြွယ်တာ သိသာသည်။

ဒီနှစ်ယောက်အတွဲက ဟန်လိထံ ရောက်လာသည့်အခါ သူက နည်းနည်းတော့ အံ့အားသင့်မိ၏ သို့သော် ဟန်လိက သူတို့ လာသည့် ရည်ရွယ်ချက်ကို နည်းနည်းတော့ ခန့်မှန်းမိပေသည်။

“စီနီယာအစ်ကိုက တခုခုများ ပြောစရာ ရှိလို့လား…”

ဟန်လိက ကောင်းကောင်းမွန်မွန် ပြန်မေး၏။ သို့သော် သူ့လေသံကမူ အေးစက်သည်။ သူ၏ လေသံ၌ ထိုနှစ်ယောက်ကို မောင်းထုတ်လိုသော သဘောပါဝင်နေသည်။

သို့သော် ထိုစီနီယာအစ်ကိုရှောင်၏ မျက်နှာမှာ ဟန်လိ ထင်ထားသည်ထက် ပို၍ အရည်ထူနေ၏။ သူက ဟန်လိ၏ စကားလေသံကို စိတ်ထဲ မထားရုံသာမက တရင်းတနှီးလေသံဖြင့်ပင် ထပ်ပြောလာသေးသည်။

“ဟားဟား…ညီလေးဟန်က မနက်ဖြန်ခရီးစဉ်အတွက် အစီအစဉ်ကောင်း ရှိထားပြီးပြီလား။ ကျုပ်တို့ရဲ့ မှော်စွမ်းအားက နိမ့်ကျတယ်လေ။ ဒါ့ကြောင့် ဒီစမ်းသပ်ကွင်းထဲ ဝင်တာနဲ့ ကျုပ်တို့က တခြားဂိုဏ်းတွေရဲ့ သတ်ဖြတ်ပွဲမှာ သားကောင်တွေ အရင်ဆုံး ဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ကျုပ်တို့ ဒီကိစ္စကို ဘယ်လိုဘယ်ပုံ ရင်ဆိုင်မလဲ ဆွေးနွေးကြည့်ရင် ပိုကောင်းမလားပေါ့…”

ဟန်လိက သည်စကားများကို ကြားသည့်အခါ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၏။ သူက စကားတော့ ပြန်မဆိုသေးပေ။ မည်သို့ပင်ဖြစ်စေ တဖက်သူ၏ ရည်ရွယ်ချက်မှာ သူ ခန့်မှန်းထားသလို ဖြစ်နေသည်။

ထိုအကြံသမား အဘိုးအိုက မှော်စွမ်းအား နိမ့်ကျသော တပည့်အချို့ကို စုစည်းဖို့ ကြံထားပုံ ရ၏။ သူတို့က အတူတူ ပူးပေါင်းလှုပ်ရှားကာ တိုက်ခိုက်ပါက အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုများလာမည် မဟုတ်လား။ သို့သော် ဟန်လိက ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းက အကျိုးကော၊ အပြစ်ကော ရှိမှန်း ကောင်းကောင်း နားလည်ထား၏။

လူအများက တနေတည်း၌ စုနေပါက သူတို့ရှာနိုင်သော ဧရိယာမှာ နည်းပါးသွားပေလိမ့်မည်။ ထိုအခါ သူတို့သည် စိတ်ဝိညာဉ်ဆေးပင်များစွာကို ရှာနိုင်တော့မှာ မဟုတ်ပေ။ အဆုံးသပ်၌ စိတ်ဝိညာဉ်ဆေးပင်များကို ခွဲဝေရာ၌လည်း မည်သို့မည်ပုံ ခွဲဝေကြမည် ပြောဖို့ ခက်သည်။ ခွန်အားဖြင့်သာ ဆုံးဖြတ်ဖို့ များ၏။

ဟန်လိက ထိုသို့ ပူးပေါင်းခြင်းကို နည်းနည်းလေးမျှ စိတ်မဝင်စားပေ။ ထိုပူးပေါင်းခြင်း၌ သူက အသုံးချခံပါ ဖြစ်သွားနိုင်ချေ ရှိ၏။

သည်အကြံသမားအဘိုးအို၌ စိတ်ရင်းကောင်း ရှိပုံ မရပေ။ သေရင်းရှင်ရေး ကြုံရချိန်၌ သူက သူ့အတွက်သာ အမြတ်ထုတ်မှာ သေချာသလောက် ရှိ၏။

ထိုအဘိုးအိုက ဟန်လိ နှုတ်ဆိတ်နေသည်ကို မြင်သည့်အခါ စိတ်ပူပန်လာ၏။ သို့ဖြစ်၍ သူက ခပ်မြန်မြန် ထပ်ပြောသည်။ “ကျုပ်မှာ အကြံတစ်ခု ရှိပါတယ်။ ညီလေးဟန်က ဒီစကားတွေကို အရင်က ကြားဖူးကောင်း ကြားဖူးလိမ့်မယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အကြံက ဒီခရီးစဉ်မှာ လူတိုင်း ဘေးကင်းကင်း ဖြတ်ကျော်နိုင်စေလိမ့်မယ်…”

ထိုအဘိုးအိုက လေးနက်ဆန်းကြယ်သော ဟန်အမူအရာ ဖမ်း၏။ ဟန်လိက သူ၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ စိတ်ထဲ၌ အတော်လေး ရယ်ချင်မိသည်။

သူ့ဘေးမှ အဝါရောင်ဆံပင်နှင့်လူငယ်လေးကမူ ထိုအကြံသမားအဘိုးအိုအပေါ် အတော်လေး လေးစားနေပုံ ရ၏။ သူက မည်သည့်စကားမျှ ဝင်မပြောသော်လည်း အဘိုးအိုကို လေးစားသည့်ဟန်ပန် သူ့အမူအရာ၌ ပေါ်နေသည်။

ဟန်လိက ထိုသို့ မပူးပေါင်းဖို့ စဉ်းစားထားမှတော့ သူက နောက်ထပ် အရစ်ထပ်ရှည်မခံတော့ဘဲ ပွင့်ပွင့်လင်းလင်း ငြင်း၏။ “ကျုပ် စိတ်မကောင်းပါဘူး။ ဒီနိမ့်ကျတဲ့ ကျုပ်က တခြားသူတွေနဲ့ အတူတူ လက်တွဲပြီး လုပ်ရတဲ့အပေါ် အသားတကျ မရှိဘူး။ စီနီယာအစ်ကိုက တခြားသူတွေနဲ့ လက်တွဲဖို့ ဆန္ဒရှိရင်တော့ တခြား ဂျူနီယာညီအစ်ကိုတွေကို သွားရှာတာဟာ အကောင်းဆုံးပဲ…”

ဟန်လိက သူ့ဆန္ဒကို တည့်ပြောသည်။

ဟန်လိက သူသည် အတွေ့အကြုံ မရှိသော လက်သစ်တစ်ယောက်မဟုတ်မှန်း သူ့စကားများဖြင့် ဖော်ပြ၏။ သို့မှသာ တဖက်သူသည် လက်လျှော့သွားလိမ့်မည်။ သူ့ကို ထပ်၍ ရစ်မနေတော့မှာ ဖြစ်၏။ မဟုတ်ပါက ထိုစီနီယာအစ်ကိုရှောင်ဆိုသူက သူ့ကို စည်းရုံးနိုင်မည့် အခွင့်အရေး နည်းနည်း ရှိသည်ဟု ခံစားမိခဲ့လျှင်ပင် ကျိန်းသေပေါက် သူ့ကို ဆက်၍ စည်းရုံးနေအုံးမှာ ဖြစ်၏။ ဟန်လိက သည်လူ၏ နှောက်ယှက်မှုကို ထပ်၍ မရှိစေချင်တော့ပေ။

အဘိုးအိုရှောင်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူ ပစ်မှတ်မှားသွားပြီမှန်း သဘောပေါက်၏။ သူ့ရှေ့မှ လူက ငယ်ရွယ်သေးသည်။ သို့သော် ထိုလူငယ်၏ စကားများက လက်တွေ့ကျပြီး သတိထားတတ်သူမှန်းလည်း သိသာစေ၏။ သည်လူငယ်မှာ ခက်ခဲမှုများကို ဖြတ်ကျော်ခဲ့ပြီးသည့် အတွေ့အကြုံရှိသူ တစ်ယောက် ဖြစ်ရပေမည်။ သို့ဖြစ်၍ အဘိုးအိုမာက ဟန်လိကို ဆက်၍ အပိုစကားများ ပြောမနေတော့ပေ။ သူက အနည်းငယ်ဒေါသထွက်ဟန် အမူအရာဖြင့် လှည့်ထွက်သွားတော့သည်။

ဟန်လိက ထိုနှစ်ယောက်သည် ကျောက်တုံးပေါ်၌ တရားထိုင်နေသော နောက်ထပ် တပည့်တစ်ယောက်ထံ ဦးတည်သွားတာကို လှမ်းမြင်၏။

သူက ပြုံးမိ၏။ ထို့နောက် သူ့ကိုယ်ကို ပြန်လှည့်ကာ သတိပြုရမည့် ဂိုဏ်းရောင်းရင်းများကို လေ့လာကြည့်နေ၏။ သို့သော် သည်တကြိမ်၌ သူက ဂျူနီယာညီမချန်ကို လှမ်းတွေ့သည်။ သူမဘေး၌ နောက်ထပ် အမျိုးသမီး တစ်ယောက်လည်း ရပ်နေ၏။ သူတို့ အနီးအနား၌ ရုပ်ရည်ချောမော၍ ပါရမီကောင်းသော အမျိုးသားအချို့လည်း စုဝေးနေ၏။

ဟန်လိ၏ နှုတ်ခမ်းထောင့်မှာ အကြိမ်ကြိမ် တွေ့ကွေးသွားမိသည်။ သူက မည်သည့်အတွက်ကြောင့်မှန်းမသိ၊ ထိုအမျိုးသားအချို့ကို သဘောမကျ ဖြစ်မိသည်။ နောက်ဆုံး၌ သူက ထိုစိတ်ကို ရှင်းလင်းကာ သက်ပြင်းချ၏။ ထို့နောက် သူ့အကြည့်က ကျန်သည့်သူများထံ ကျရောက်သွားသည်။

ထိုသို့ဖြင့် နောက်နေ့ နံနက်သို့ ရောက်လာခဲ့ပေပြီ။ တောင်ထိပ် စုရပ်အပေါ် တပည့်အားလုံး ပြန်ရောက်လာကြကာ တန်းစီ၍ ရပ်နေပြီး တခြားအင်မောတယ်ဂိုဏ်းများမှ ကျင့်ကြံသူများ ရောက်လာမည်ကို စောင့်နေသည်။

နာရီအနည်းငယ် စောင့်နေပြီးသည့်အထိ သူတို့က တစ်ဦးတလေကိုမျှ မတွေ့ရသေးပေ။ ထိုအခါ ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ ကျိန်ဆဲနေသည်။ အကြောင်းမှာ သူက တခြားဂိုဏ်းမှ လူများသည် အဝါရောင်မေပယ်တောင်ကြားမှ လူတိုင်းကို ရုပ်ပိုင်းဆိုင်ရာ အားအင် ကုန်ခမ်းစေချင်တာလားဟု ထင်မိသောကြောင့်ပင်။

ဟန်လိကို ပို၍ စိတ်မရိုးမရွ ဖြစ်စေသည်က ဂျူနီယာညီမချန်က သူ့အနီးအနားတွင် နေရာကျနေသောကြောင့် ဖြစ်၏။ သူမ၏ ရင်းနှီးလှသော ကိုယ်သင်းမွှေးရနံ့က သူ့နှာခေါင်းဝကို လာလာ၍ ကျိစယ်နေသည်။ ထိုအခါ ဟန်လိသည် စွဲမက်ဖွယ်ထိုညအကြောင်းကို ပြန်မတွေးမိဘဲ မနေနိုင် ဖြစ်မိရ၏။

သူ့မျက်နှာထက်၌ တမျိုးတမည် ဖြစ်နေသော အမူအရာကို ဖုံးကွယ်ဖို့ ဟန်လိက ခေါင်းငုံ့ထားဖို့သာ ရှိတော့သည်။ သို့သော် သူ့စိတ်ထဲတွင်မူ အထွန့်တက်နေ၏။ သူမက လှပါသည်။ သို့သော် သူမ၏ အလှက သူ့ကိုယ်သူ ထိန်းချုပ်နိုင်ခြင်းကနေ လွတ်သွားစေဖို့ကတော့ အဝေးကြီးပါ။

တန်းစီထားသော တပည့်များ၏ ရှေ့ဆုံး၌ ဟန်လိ အတော်လေး လေးစားမိသော ဘိုးဘေးလီ ရှိနေသည်။ သူက မားမားရပ်ကာ ကောင်းကင်ထက်သို့ မော့ကြည့်နေ၏။ သူက စိတ်ခရီးနှင်နေသည်လား၊ တခုခုကို တွေးနေသည်လားကိုမူ မသိရနိုင်ပါ။

ရုတ်တရက် ဟန်လိက သူ့ဝန်းကျင်၌ အနှောက်အယှက် တခုကို ခံစားမိ၏။ တခုခု ဖြစ်လာတော့မည့်ပုံ ရသည်။ ဟန်လိက ခေါင်းမော့ကြည့်လိုက်သည်။

ဂိုဏ်း၏ တခြားရောင်းရင်းများမှာလည်း သူ့လိုပင်။ ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်နေ၏။ ဟန်လိက သူတို့၏အကြည့်အတိုင်း လိုက်ကြည့်သည်။

သူက အပြာရင့်ရောင်ကောင်းကင်၌ ကြယ်များအလား မှိတ်တုတ်တုတ်အလင်းတန်းတစ်ခုသည် သူတို့၏ မြင်ကွင်းမှာ တဖြည်းဖြည်း ပိုကြီးလာသည်ကို မြင်သည်။ တအောင့်အကြာ၌ အနက်ရောင်အစက်အပြောက်များ တဆက်တည်း ပေါ်လာသည်။

ထိုအနက်ရောင်အစက်များ၏ အောက်ဘက်၌ ငွေရောင်အလင်း တလက်လက်။ သည်အစက်များက ကြယ်ရောင်ကို စီးနင်းကာ ကောင်းကင်ကို ဖြတ်သန်းလာကြသည့်နှယ်။

ထိုအံ့ဖွယ်မြင်ကွင်းကို မြင်သည့်အခါ လူတိုင်းက ဂနာမငြိမ် ဖြစ်လာ၏။

“တိတ်တိတ်နေကြစမ်း။ မင်းတို့ ဘယ်လိုကောင်လေးတွေလဲကွ။ ဒါက ဗလာသန့်စင်ဂိုဏ်းရဲ့ ပျံသန်းခြင်းမှော်ရတနာပဲ။ ဒါကို သက်တန့်နှင်းပိုးချည်လို့ ခေါ်တယ်။ ဆူညံဆူညံနဲ့ ဂနာမငြိမ် မဖြစ်နေနဲ့။ ငါတို့ အဝါရောင်တောင်ကြားကို မျက်နှာမပျက်စေနဲ့…”

ဂင်တိုတို၊အရပ်ပုပု အကြီးအကဲတစ်ယောက်က ခေါင်းလှည့်ကာ လှမ်းဟောက်၏။ သူ့အမူအရာမှာ သုန်မှုန်နေသည်။

သူ့စကားများက အတော်လေး သက်ရောက်မှု ရှိ၏။ ပွက်လောရိုက်နေသော တပည့်များသည် ချက်ခြင်း ငြိမ်ကျသွားသည်။ သူတို့ထံမှ တီးတိုးတီးတိုး စကားသံများလောက်သာ ရံဖန်ရံခါ ထွက်လာတော့၏။

ထိုအခိုက်၌ အနက်ရောင်အစက်များသည် ပို၍ ထင်ရှားလာသည်။ ယင်းတို့တစ်ခုစီ၌ ကျင့်ကြံသူတစ်ယောက်စီ ပါလာ၏။ ထိုကျင့်ကြံသူများက မီးခိုးရောင်တာအိုဝတ်စုံကို ဝတ်ထားကြသည်။ အများစုက တာအိုရသေ့များ ဖြစ်သည်။ ဆံပင်ကို ချည်နှောင်ကာ ထုံးထား၏။ လက်ထဲ၌ မြင်းမြှီးတံကို ကိုင်ထား၏။ သို့သော် တာအိုဝတ်ရုံကို ဝတ်ဆင်မထားသူများလည်း ပါလာသည်။

ဟန်လိနှင့် တခြားသူများက သူတို့ခြေထောက်အောက်မှ ကြယ်အစက်အပြောက်များသည် ငွေရောင်တလက်လက် တောက်ပနေသော သက်တန့်ဖြူတံတားတခုကဲ့သို့ ဖြစ်နေသည်ကို ရှင်းလင်းစွာ မြင်၏။ အရာဝတ္ထုတခုအတွင်း ထိုသို့‌သော အလင်းအစက်အပြောက်များကို မည်သို့မည်ပုံ ထည့်သွင်းထားသနည်းကိုမူ မသိရနိုင်ပါ။

ဟန်လိက ထိုမြင်ကွင်းကို သေချာ ကြည့်နေ၏။ ထိုစဉ်မှာပင် ဗလာသန့်စင်ဂိုဏ်းဝင်များကို သယ်ဆောင်လာသော ဒီအဖြူရောင်သက်တန့် တံတားက တောင်ပေါ်သို့ သက်ဆင်းလာ၏။ အဝါရောင်တောင်ကြားမှ အဖွဲ့ဝင်များ၏ မျက်နှာချင်းဆိုင်တွင် ခြေချသည်။

သူတို့၏ ခေါင်းဆောင်မှာ သက်လတ်ပိုင်းအရွယ်ရှိ တာအိုရသေ့တစ်ယောက် ဖြစ်၏။ သူက သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းသည်။ အဖြူရောင်အလင်း လင်းလက်သွားသည်။ သက်တန့်နှင်းပိုးချည် တံတားများသည် ပျောက်ကွယ်ကာ သူ့လက်ထဲ၌ ကြိမ်သေတ္တာကဲ့သို့ အရာဝတ္တုတစ်ခု ပေါ်လာသည်။

“မိတ်ဆွေလီက ဒီတစ်ကြိမ် ဦးဆောင်လာလိမ့်မယ်လို့ ကျုပ် မထင်ထားမိခဲ့ဘူး။ ဒီနိမ့်ကျတဲ့ တာအိုရသေ့ ဖူယွမ်ဇီက ခင်ဗျားကို နှုတ်ဆက်ပါတယ်…”

ထိုတာအိုရသေ့သည် ဘိုးဘေးလီရှေ့သို့ ခြေလှမ်းလာကာ မျက်နှာရွှင်ရွှင်ဖြင့် ပြောလာ၏။ သူ့လေသံအရ သူတို့သည် ရင်းနှီးသိကျွမ်းသူများ ဖြစ်ပုံရ၏။

“ဟက်…ခင်ဗျားလို့ မျက်နှာပြောင်တဲ့ တာအိုရသေ့ကတောင် ရောက်လာသေးမှတော့ ကျုပ်လည်း ဘာလို့ မလာရမှာလဲ…”

ဘိုးဘေးလီက လက်နောက်ပစ်လျက် တည့်ပြောလိုက်သည်။

“ဟားဟား…ဂိုဏ်းတွေထဲမှာ ကျုပ်တို့က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို နောက်ဆုံးမှ ရောက်ခဲ့ကြတဲ့သူတွေ မဟုတ်လား။ ကျုပ်တို့က ဒီလို တောက်တိုမည်ရ အလုပ်တွေကို မလုပ်ရင် ဘယ်သူကများ လုပ်ပါ့အုံးမလဲ…”

ဘိုးဘေးလီ၏ စကားကြောင့် တာအိုရသေ့က နည်းနည်းလေးမျှ စိတ်ကွက်မသွားပေ။ သူက သူ၏ မြင်းမြှီးတံကို ဝေ့ယမ်းကာ အပြုံးမပျက် ဆိုလိုက်သေး၏။

“ဉာဏ်များတဲ့ ရသေ့အို။ နောက်ဆုံးအကြိမ်တုန်းက မင်း ငါ့ရှိကနေ အမြတ်ထုတ်သွားခဲ့တယ်။ အဲ့လို အခွင့်အရေးမျိုး ထပ်ရအုံးမယ်လို့ ထင်နေတာလား ရသေ့စုတ်…”

“မိတ်ဆွေကြီးလီက ဘာများ ပြောနေတာလည်းလို့။ လောင်းကြေးရှုံးခဲ့တာက အမှန်ပဲလေ။ ဘာများ မှားနေလို့လဲ…”

တာအိုရသေ့က ရယ်မောကာ ပြောဆိုသည်။

ဘိုးဘေးလီက ထိုစကားကို ကြားသည့်အခါ သူ့မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ဒေါသထွက်လာပုံ ရသည်။ သို့သော် သူက တခုခုကို တွေးမိကာ ချက်ခြင်း စိတ်လျှော့၍ အလိုမကျစွာ ပြောလိုက်၏။ “သံအနှစ်သာရတုံးနဲ့ မင်းရဲ့ မိုးပြာဓားကို သန့်စင်ပြီးပြီး ဆိုတော့ အဲ့ဓားရဲ့ စွမ်းအားက အတော်လေး တိုးတက်လာမှာပဲ။ ကျုပ်ဆိုတဲ့ လီက ဒီသံအနှစ်သာရတုံးကို ဆယ်နှစ်လောက် သန့်စင်ခဲ့ရတာ။ ဒါပေမဲ့ အဲ့သံအနှစ်သာရတုံးကို ကျုပ်က မင်းလို မျက်နှာပြောင်တဲ့ တာအိုရသေ့ရှိ ဈေးပေါပေါနဲ့ ပေးခဲ့ရတယ်မလား…”

သူ၏ စကားလုံးများထဲ၌ မကျေမနပ်မှုများ ပါနေသည်။ သူက သူ၏ သံအနှစ်သာရတုံး ဆုံးရှုံးခဲ့ရသည့်အပေါ် နာကျင်မှု ခံစားနေရဆဲ ဖြစ်တာ သိသာသည်။

“ဟားဟား…အင်မောတယ်မိတ်ဆွေကြီးလီကတော့ တကယ်ပဲ ဒီလို ဘာမဟုတ်တဲ့ သံအနှစ်သာရလေး ပေးခဲ့ရတာအပေါ် အရေးစိုက်နေပါ့လား။ ကောင်းပါပြီ။ အခု တကြိမ် ကျုပ်က ခင်ဗျားရဲ့ သံအနှစ်သာရတုံးထက် သာတဲ့ ပစ္စည်းအမယ်ကို ယူလာခဲ့တယ်။ ခင်ဗျားသာ ကျုပ်နဲ့ အလောင်းအစား လုပ်ပြီး အနိုင်ရခဲ့ရင် ခင်ဗျားရဲ့ အရင်က ဆုံးရှုံးမှုကို ပြန်ဖာထေးနိုင်မယ့်အပြင် အမြတ်တောင် ပိုရအုံးမယ်…”

တာအိုရသေ့က သူ့ မုတ်ဆိတ်ကို လက်ဖြင့် တို့ထိတို့ထိ လုပ်ကာ ပြုံး၍ ပြောလိုက်၏။

All Chapters