အလောင်းအစား
Vol. 13 Ch. 176
“မလောင်းနိုင်ဘူး။ လုံးဝပဲ။ ကျုပ်က တူညီတဲ့အမှားမျိုး နှစ်ခုလုပ်လိမ့်မယ်လို့ ခင်ဗျား ထင်နေတာလား…”
ဘိုးဘေးလီက ခေါင်းသွင်သွင်ခါကာ ငြင်းဆန်၏။
“မလောင်းဘူးပေါ့…။ မိတ်ဆွေလီရဲ့ စံချိန်စံနှုန်းတွေက အတော်လေး မြင့်မားတာပဲ။ နတ်ဆိုး ရေနဂါးရဲ့ အတွင်းဒျန်က ရတဲ့ သွေးကတောင် မိတ်ဆွေရဲ့ မျက်လုံးကို မဖမ်းစားနိုင်ဘူးပေါ့…”
တာအိုရသေ့က မယုံကြည်နိုင်ဟန်ဖြင့် အံ့အားတသင့် ပြောသည်။
သို့သော် ဟန်လိက သူ၏ အသွင်ဟန်ပန်ကို မြင်သည့်အခါ ဟန်ဆောင်နေသည်ဟု ခံစားမိ၏။
“ရေနဂါး အတွင်းဒျန်ရဲ့ သွေး ဟုတ်လား…” မူလတုန်းက ဘိုးဘေးလီသည် ဒီတာအိုရသေ့နှင့် ပတ်သတ်ဆက်စပ်မှု မလုပ်ဟု ရည်ရွယ်ကာ အတင်းငြင်းဆန်ခဲ့သော်လည်း ထိုပစ္စည်းအမယ်၏ အမည်ကို ကြားသည့်အခါ သူ့အမူအရာသည် ပြောင်းလဲသွား၏။ သူ၏ စကားများပင် တုန်တုန်ယင်ယင် ဖြစ်ကုန်၏။
“ဟုတ်ပါတယ်…။ မိတ်ဆွေလီက ဒီပစ္စည်းနဲ့ ပတ်သတ်ပြီးလို့ သိချင်တယ်ဆိုရင် ကျုပ် ရှင်းပြပေးမှာပေါ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ယွမ်ဝူဒေသရဲ့အန္တရာယ်များလှတဲ့ နဂါးမြစ်မှာ ကျုပ်က မိတ်ဆွေကြီးလီကို ပေးနိုင်ဖို့အတွက် ဒီပစ္စည်းကို ရဖို့ တန်ဖိုးကြီးကြီး ပေးခဲ့ရတယ်…”
တာအိုရသေ့က တည်တည်ငြိမ်ငြိမ်ဖြင့် တဖက်သူ၏ အမူဟန်ပန်ကို အရသာခံကြည့်ကာ ပြောပြလာသည်။
“မဖြစ်နိုင်ဘူး။ ဒီရေနဂါးရဲ့ သွေးကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ သူ့ရဲ့ အတွင်းဒျန်ထဲက သွေးဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး။ ဒါဟာ မစဉ်းစားဘဲ ပြောလို့ရတဲ့ ကိစ္စ မဟုတ်ဘူးနော်။ ခင်ဗျားက ကျုပ်ကို လာနောက်နေတာလား…”
ဘိုးဘေးလီက စိတ်လှုပ်ရှားမှုကနေ သတိပြန်ဝင်လာကာ သံသယဝင်ဟန် ဖြစ်ပေါ်လာ၏။
“ဒီနိမ့်ကျတဲ့ တာအိုရသေ့က ဘုန်းကြီးတပါး မဟုတ်လား။ ကဲ မိတ်ဆွေကြီးလီ ကိုယ်တိုင်ပဲ သေချာ ကြည့်ကြည့်တော့…”
တာအိုသခင်က ထပ်မံရှင်းပြဖို့ အချိန်ဖြုန်းမနေတော့ပေ။ သူ့ လက်ကို အသာ တောက်ထုတ်၏။ ထိုအခါ သွေးမျှင်တန်းများ ပြည့်နေသော အဖြူရောင်စက်ဝန်းတစ်ခု လှစ်ဟပေါ်လာ၏။ ဘိုးဘေးလီမှာ မျက်လုံးမျက်ဆန် ပြူးသွား၏။ သူက ၎င်းကို အတင်းလှမ်းယူချင်စိတ် ပေါက်နေ၏။
“မိတ်ဆွေကြီးလီရဲ့ ဂုဏ်ယူရတဲ့ ငွေစပါးအုံးကသာ ဒီဒျန်ကို စားသုံးလိုက်ရင် ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက် ကျင့်ကြံမှုကို ပိုင်ဆိုင်သွားလိမ့်မယ်။ ဒီသားရဲက အခြေခံတည်ဆောက်ခြင်း အလယ်အဆင့်ကနေ နောက်ဆုံးအဆင့်ထိ ရောက်သွားလိမ့်မယ်။ နောက်ထပ် နှစ်တစ်ရာလောက် ကျင့်ကြံပြီးရင် ဒီမြွေက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ဟာ မဖြစ်နိုင်တာ မဟုတ်တော့ဘူး…”
တာအိုသခင်၏ စကားလုံးထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နေသည်။
ဘိုးဘေးလီက ထိုစကားများကို ကြားသည့်အခါ သူက အေးစက်စက်နှာခေါင်းရှုံ့၏။ သူ့မျက်နှာကြောမှာ တင်းသွား၏။ သူက မလှုပ်ခတ်သည့်ပုံ ထင်ရသည်။ သို့သော် သူ့စိတ်ထဲတွင်မူ ၎င်းသွေးကို လိုချင်တပ်မက်စိတ်ဖြင့် တောက်လောင်နေ၏။
“ကျုပ်တို့အတွက် ဒီလို အလောင်းအစားမျိုးက လုပ်ရခဲပေခြင်း။ ဒါကို မိတ်ဆွေလီက ဘာကြောင့်များ ခုလောက်ထိ တွေဝေနေရတာလဲ။ ခင်ဗျားက ခင်ဗျားတောင်ကြားက တပည့်တွေရဲ့ ခွန်အားကို မြင့်မြင့်မားမား မမှန်းထားဘူးထင်တယ်…ဟုတ်တယ်မလား…”
တာအိုရသေ့က သူ့နှုတ်ခမ်းကို တွန့်ကွေးကာ အလောင်းအစားလုပ်ရန် သွေးဆောင်နေသည်။
“ကျုပ်တို့ အဝါရောင်တောင်ကြားရဲ့ တပည့်တွေက ခင်ဗျားတို့ ဗလာသန့်စင် ဂိုဏ်းက တပည့်တွေထက် အပုံကြီး သာတယ်…”
ဘိုးဘေးလီသည် မကျေမနပ်အမူအရာ ဖြစ်ပေါ်၏။
သူ့အကြည့်က တာအိုရသေ့နောက်ရှိ အုပ်စုထံ ဖြတ်သန်းသွား၏။ သူက ချက်ခြင်းပင် ဗလာသန့်စင်ဂိုဏ်း တပည့်များ၏ ပျမ်းမျှခွန်အားကို ခန့်မှန်းမိသည်။ သူတို့၏ ခွန်အားက အဝါရောင်မေပယ်တောင်ကြား၏ တပည့်များနှင့် နင်လားငါလားပင်။
“ကောင်းပြီ။ ကျုပ် လောင်းမယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ရှိက ဘယ်ရတနာကို လောင်းကြေးအဖြစ် လိုချင်လဲ…”
ဘိုးဘေးလီက ခဏ စဉ်းစားကြည့်၏။ သည် အလောင်းအစား၌ သူ၏ နိုင်နိုင်ချေမှာ ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်ဟု သူ ခံစားမိသည်။ အတွင်းဒျန်ကို လိုချင်လွန်းသဖြင့် သူက ခေါင်းညိတ်ကာ သဘောတူလိုက်တာပင်။ သို့သော် သူက သတိထား၍ ထိုမေးခွန်းကို မေးလိုက်သည်။
“ဟားဟား…ဒီနိမ့်ကျတဲ့ တာအိုရသေ့က မိတ်ဆွေကြီးရဲ့ တခြားရတနာတွေကို စိတ်မဝင်စားပါဘူး။ ကျုပ်က ကံကောင်းပြီး အနိုင်ရခဲ့ရင် ခုကစပြီး နောက်နှစ်ဆယ်ကြာမှာ မိတ်ဆွေရဲ့ သံအနှစ်သာရတုံးနှစ်တုံးကို လိုချင်ပါတယ်။ မိတ်ဆွေလီရဲ့ အစစ်အမှန်မီးအနှစ်သာရက ထင်ရှားတယ် မလား။ ကျုပ်တို့ မဟာဂိုဏ်းကြီး ခုနစ်ဂိုဏ်း ကြားမှာလည်း ကျော်ကြားလှတယ်။ ခင်ဗျားအတွက်တော့ ဒါက မပြောပလောက်တဲ့ ကိစ္စလေးပါ…”
တာအိုရသေ့က ပြုံး၍ ဆို၏။ မည်သို့ပင်ဖြစ်စေ သူ၏စကားလုံးများထဲ၌ ဒုက္ခပေးနိုင်ဟန် အရိပ်အမြွက် ပါနေဆဲသာ။
“ခင်ဗျားက သံအနှစ်သာရတုံးနှစ်တုံးကို လိုချင်တယ် ဟုတ်လား…” ဘိုးဘေးလီ၏ အမူအရာမှာ ပျက်ယွင်းသွား၏။ သည်စကားများကို ကြားသည့်နောက် သူက ချက်ခြင်းပင် ထခုန်မတတ် ဖြစ်မိ၏။
“တာအိုရသေ့အိုကြီး…ခင်ဗျားက ကျုပ်ကို ခါးသီးတဲ့ အလုပ်ကြမ်း လုပ်စေဖို့များ စီစဉ်ထားတာလား…”
“ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ခင်ဗျားနိုင်ခဲ့ရင် အဲ့လိုလုပ်ဖို့ မလိုဘူးလေ။ ဒါက အဆင့်နှစ်နတ်ဆိုးသားရဲရဲ့ အတွင်းဒျန်နော်။ ဒါက ကျုပ်တို့လို အမြုတေဖွဲ့စည်းခြင်း စဦးအဆင့် ကျွမ်းကျင်သူတွေနဲ့ ညီမျှတယ်။ ဒီရေနဂါးရဲ့ အတွင်းဒျန်က တကယ်ကို အဖိုးတန်တာ…”
တာအိုရသေ့က ခေါင်းယမ်းကာ ပြောလိုက်၏။
ဘိုးဘေးလီ၏ ဟန်ပန်မှာ မရေမရာသည့်ပုံ ဖြစ်ပေါ်၏။ တအောင့်အကြာ၌ သူက ဖြည်းဖြည်ချင်း လက်ဆန့်ထုတ်ကာ အေးတိအေးစက် မေးလိုက်သည်။ “ပြီးခဲ့တဲ့ တခေါက်တုန်းကလိုပဲ…လောင်းပွဲရဲ့ စည်းမျဉ်းက တူတူပဲမလား။ ဘယ်ဂိုဏ်းက စိတ်ဝိညာဉ်ဆေးပင် အများဆုံး စုဆောင်းနိုင်မလဲ။ ဒီစိတ်ဝိညာဉ်ဆေးပင်တွေရဲ့ အရည်အသွေးက ဘယ်လောက် ရှိမလဲ။ တားမြစ်ဧရိယာကနေ ပြန်ထွက်လာနိုင်တဲ့သူ အရေအတွက်က ဘယ်လောက်များမလဲ အဲ့အချက်တွေပဲမလား…”
“ဒါပေါ့…အရင်တုန်းက အတိုင်းပါပဲ…”
တာအိုရသေ့က အတော်လေး ပျော်သွား၏။ သူက သူ့လက်ကို ခပ်မြန်မြန် ဆန့်ထုတ်သည်။ သူက တဖက်သူ၏ လက်နှင့် ထိ၏။ ထိုသို့ လက်ဝါးချင်း ထိရိုက်ခြင်းမှာ အလောင်းအစား တရားဝင် အသိအမှတ်ပြုကြောင်း အမှတ်လက္ခဏာပင်။
“ဖက်…” လက်ဝါးရိုက်သံ ထွက်ပေါ်သွား၏။
တာအိုရသေ့က လက်ဝါးချင်း ရိုက်မိသော်လည်း သူက မပျော်မရွှင် ဖြစ်ကာ အမှန်တကယ် နောင်တရမိသွား၏။ စိတ်ပူပန်သွား၏။
သူ့လက်ဝါးနှင့် ရိုက်မိသော လက်ဝါးမှာ ဘိုးဘေးလီ၏ လက်ဝါး မဟုတ်ပေ။ ထိုအစား ညစ်ပတ်နေသော တခြားလက်ဝါး ဖြစ်နေ၏။ သည်လက်ဝါးက ထူးဆန်းစွာ သူတို့နှစ်ယောက်ကြား၌ ပေါ်လာ၏။ ရုတ်တရက် ပေါ်လာသော လက်ဝါးမှာ အညစ်အကြေးများနှင့်လည်း ပေကျံနေသေးသည်။ ထိုလက်ဝါးပိုင်ရှင် လက်မဆေးတာ မည်မျှ ကြာပြီကို မည်သူကမျှ မသိပေ။
ဂိုဏ်းနှစ်ဂိုဏ်းလုံး၏ တပည့်များက တာအိုရသေ့နှင့် ဘိုးဘေးလီတို့ကြား အပြန်အလှန် ပြောစကားများကို အာရုံစိုက်နေကြ၏။ ထိုကဲ့သို့ တစ္ဆေဆန်သော မြင်ကွင်းက သူတို့ကို မင်သက်ကြောင်ရီသွားစေသည်။
“စီနီယာချောင်…”
တာအိုရသေ့နှင့် ဘိုးဘေးလီတို့သည် နှစ်ယောက်သား ပြိုင်တူ အော်လိုက်ကြ၏။ သူတို့၏ အမူအရာများမှာလည်း တမျိုးတမည် ဖြစ်ကုန်သည်။
“ဘယ်သူက စီနီယာလဲ။ ကျုပ်က ဒီလို ဂုဏ်ပုဒ်မျိုး မခံယူဝံ့ပါဘူး။ ကျုပ်လည်း ခင်ဗျားတို့လို့ အမြုတေဖွဲ့စည်းခြင်းအဆင့်ပဲလေ။ ကျုပ်က နှစ်နည်းနည်း ပိုစောပြီး ဒီအဆင့်ကို ဝင်ရောက်ခဲ့ရုံလေးပဲ ရှိတာ…”
သူတို့နှစ်ယောက်ကြား၌ တမူထူးစွာ ဝတ်ထားသော လူတစ်ယောက် ပေါ်လာ၏။ သူ၏ ပျင်းရိပျင်းတွဲအသံပါ တပါးတည်း ထွက်ပေါ်လာခဲ့သည်။
သည်လူမှာ အဖာအပေါက်များ ပါသော အပြာရောင်ဝတ်စုံကို ဝတ်ထား၏။ သူ၏ ဆံပင်မှာ ခပ်တိုတိုပင်။ သူ့ခါး၌ မိုးပြာရောင်အဝတ်အိတ်တခု ရှိနေသည်။ ၎င်းအိတ်မှာ အရောင်ပင် ဖျော့နေပြီ။ သို့သော် သန့်သန့်ရှင်းရှင်း ရှိသည်။ ၎င်းအိတ်ကို ကြည့်ပါက ထိုအိတ်၏ ပိုင်ရှင်မှာ သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်သူဟု ထင်စရာ ကောင်း၏။ သို့ပေမည့် ထိုအိတ်ပိုင်ရှင်၏ မျက်နှာ၌ အညစ်အကြေးများ ပေကျံနေကာ သူ့ မျက်နှာအစစ်အမှန်ကို ကောင်းကောင်း မမြင်ရသည့်အထိပင်။
“နှစ်အနည်းငယ်လား…နှစ်ရာကျော် မဟုတ်ဘူးလား…”
ထိုသူ၏ ပုံပန်းသွင်ပြင်ကို မြင်ရသည့်နောက် ဘိုးဘေးလီနှင့် တာအိုရသေ့တို့သည် ခါးသက်သက် ပြုံးမိ၏။ သူတို့နှစ်ယောက်လုံးက သက်ပြင်းချသည်။ “ထင်ထားတဲ့အတိုင်း သူ ဖြစ်နေပါကောလား…”
သို့ပေမည့် သူတို့သည် အနည်းငယ်မျှ မလေးမစားဟန် မပြသဝံ့ကြပေ။
စဦးစိတ်ဝိညာဉ်အဆင့်သို့ ခြေလှမ်းတဝက် ချနင်းပြီးရုံသာမက သူ၏ သက်တမ်းတစ်ခုတည်းနှင့်ပင် လူအများကို ကြီးစွာ လန့်သွားစေဖို့ လုံလောက်နေ၏။ သူတို့ကြား၌ ပေါ်လာသောသူမှာ ထိုသို့သော လူစားမျိုးပင်။ ထို့အပြင် ထိုသူ၏ ကိုယ်တိုင်ဖန်တီးထားသော ဒြပ်မဲ့ရှောင်တိမ်းခြင်း ပညာရပ်က ကျင့်ကြံခြင်းလောကကို လှုပ်ခတ်စေခဲ့သေး၏။ အနီးအနားရှိ နိုင်ငံများမှ ကျင့်ကြံခြင်းဂိုဏ်းများ၌ပင် ကျော်ကြားသော ပညာရပ်တည်း။
သူ၏ သက်တမ်းက ကုန်ဆုံးခါနီး ဖြစ်၍လား၊ သို့မဟုတ် စဦးစိတ်ဝိညာဉ်အဆင့်သို့ မဝင်ရောက်နိုင်၍လည်း မည်သည့်အတွက်ကြောင့်မှန်းတော့ မသိရပေ။ သို့သော် လွန်ခဲ့သော နှစ်ရာချီလောက်တည်းက သူက တမူထူးသထက် ထူးလာခဲ့၏။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို စနောက်ရတာ ပိုပို၍ သဘောခွေ့လာခဲ့သည်။ ထိုအဆင့်မြင့် ကျင့်ကြံသူ အများစုမှာ သူ၏ စနောက်ခံရခြင်းကို အလူးအလဲ ခံခဲ့ရ၏။
သို့သော် သူ့ ဂိုဏ်း၏ မဟာဘိုးဘေးသည်ပင် သူနှင့် ပတ်သတ်၍ ဘာမျှ မတတ်နိုင် ဖြစ်ခဲ့ရ၏။
သူ၏ မှော်စွမ်းအားက နက်ရှိုင်းလှသဖြင့် ထိုသူမှာ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများကြား နံပါတ်တစ် ဖြစ်လေ၏။ သူ၏ နောက်ခံမှာလည်း မဟာဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ နံပါတ်တစ် လမျက်နှာဖုံးဂိုဏ်း ဖြစ်နေသေးသည်။ သူ၏ စနောက်သည့် အပြုအမူများကို ဆုံးမပေးဖို့ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ယောက်ထံ တိုင်ကြားလျှင်ပင် တိုင်ကြားသူများသာ လစ်လျူရှုခံရလိမ့်မည်။ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက ထိုသို့သော အသေးအဖွဲ့ကိစ္စများအတွက် ဒုက္ခခံ၍ ဝင်ပါကြမည် မဟုတ်ပါ။
ထိုသူမှာ ကျင့်ကြံခြင်းလောက၏ အဆင့်မြင့် အစွမ်းထက်ပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်ချေ၏။ သူ့ကို လူရမ်းကားတဖြစ်၊ သို့တည်းမဟုတ် အနိုင်ကျင့်သူအဖြစ် သိရှိကြ၏။ ထိုသူမှာ သူနှင့် တွေ့ဆုံသူတိုင်းက စိတ်ကူးတည့်ရာ လုပ်တတ်သူ ဖြစ်၏။ သူတို့သည် သည်လူ၏ စိတ်အခြေအနေကောင်းနေဖို့ကိုသာ မျှော်လင့်ရုံ တတ်နိုင်ကြတော့သည်။ မဟုတ်ပါက သူ၏ သေးငယ်သော လှည့်ကွက်လေးများကို ရှောင်နိုင်ကြတော့မည်မဟုတ်၊ ခံစားကြရလိမ့်မည်ပင်။
ထိုသူ့ကို စီနီယာ ဟု ခေါ်ဆိုရသော်ငြားလည်း ဘိုးဘေးလီနှင့် တာအိုရသေ့တို့မှာ မမင်သက်မိဘဲ မည်သို့ရှိပါ့မည်နည်း။ ဆောက်တည်ရာမရ မဖြစ်မိဘဲ မည်သို့ ရှိပါ့မည်နည်း။ သူတို့နှစ်ယောက်မှာ ထိုသူ၏ အနိုင်ကျင်တာကို ခံဖူးပြီးသူများ ဖြစ်နေသေးသည်။
“မင်းတို့က အလောင်းအစား လုပ်မှတော့ ကျုပ်လည်း တယောက်တည်း ပျင်းမနေချင်ဘူး။ ဒါ့ကြောင့် သေခါနီးဒီအဘိုးအိုကလည်း မင်းတို့နဲ့အတူတူ လောင်းကြေးထပ်မယ်…”
ထိုစီနီယာ၏ စိတ်အခြေအနေက အတော်အသင့် ကောင်းမွန်နေပုံ ပေါက်သော်လည်း သူ၏စကားများက ဘိုးဘေးလီနှင့်တာအိုရသေ့တို့ကို အထွန့်တက်မိစေ၏။
“စီနီယာက နောက်နေတာပဲ ဖြစ်ရမယ်။ ကျုပ်တို့ ဂိုဏ်းတွေရဲ့ တပည့်တွေက လမျက်နှာဖုံးဂိုဏ်းက ထူးချွန်တဲ့ ဂိုဏ်းသားတွေကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ။ ကျုပ်တို့ ရှုံးမှာ သေချာပါတယ်။ လောင်းနေဖို့တောင် မလိုပါဘူး။ ကျုပ်တို့ကပဲ တလေးတစားနဲ့ အလျှော့ပေးပါတယ်…”
တာအိုရသေ့က အတင်းအားယူကာ ပြုံး၍ ပြောလိုက်၏။
ဘိုးဘေးလီက ပါးစပ်ပိတ်နေသော်လည်း သူ့မျက်နှာထက်တွင်မူ တာအိုရသေ့၏ စကားများကို အပြည့်အဝ ထောက်ခံတာ ပေါ်လွင်နေသည်။
ထိုတမူထူးသော အဘိုးအိုက သည်စကားကို ကြားသည့်အခါ သူက အေးစက်စက် ရယ်မောလိုက်က်၏။ သူ့မျက်လုံးကို ကစားကာ ထူးထူးခြားခြား ဟန်ပန်ဖြင့် ပြောလာသည်။ “ကျုပ်က ဒီလို မမျှတမှုကို အသာစီး ဘယ်ယူပါ့မလဲ။ မင်းတို့ဂိုဏ်းနှစ်ခုပေါင်းရဲ့ လုပ်ဆောင်မှုက ကျုပ်ရဲ့ လမျက်နှာဖုံးဂိုဏ်းထက် သာရင် အလောင်းအစားမှာ မင်းတို့အနိုင်။ ပြီးရင် မင်းတို့ဂိုဏ်းနှစ်ခုချင်းပဲ လုပ်ဆောင်မှု ဘယ်ဂိုဏ်းကပိုကောင်းလဲလို့ ဆုံးဖြတ်ကြပေါ့…”
“တကယ်လား…”
တာအိုရသေ့က ဒီစကားကို ကြားသည့်အခါ စိတ်အေးမိသွား၏။ ထိုပုဂ္ဂိုလ်မှာ သူ၏ စိတ်အခြေအနေက ကောင်းချင် ကောင်းနေမည်။ သို့မဟုတ် သူ ဆန္ဒရှိသည့်အတိုင်း ရယ်ချင်ရယ်မည်။ ဆူဆဲချင်ဆဲမည်။ မည်သို့ပင်ဖြစ်စေ သူ၏ နှုတ်ထွက်စကားတို့ကမူ ပြတ်သား၏။ သူ ပေးထားသော ကတိကို ပြန်ရုတ်သိမ်းလေ့ မရှိပေ။ သူက ထိုသို့ ပြောလာသည့်အခါ အလောင်းအစားက မျှတနေပေသည်။ သူတို့နှစ်ယောက်အတွက် အသာစီးပင် နည်းနည်းရနေသေး၏။
“စိတ်ကူးပေါက်လို့ ကျုပ်က ဒြပ်မဲ့အပ်ရတနာအဆောင်သုံးခုကို ဖန်တီးခဲ့သေးတယ်။ ဒါပေမဲ့ ကျုပ်မှာက ဆက်ခံသူ ဂျူနီယာမရှိဘူးလေ။ ဒါ့ကြောင့် ဒီအဆောင်တွေကို လောင်းကြေးအဖြစ် ထည့်မယ်…”
ထိုအကြီးအကဲက သူ့လက်ကို ပင့်မြှောက်ပြ၏။ ထိုအခါ ခုနစ်ရောင်စုံအပ်များ ရေးထွင်းထားသော အဆောင်သုံးခု လှစ်ဟပေါ်၏။ ထို့နောက် သူက ယင်းတို့ကို ချက်ခြင်း ပြန်သိမ်းဆည်းသည်။
ဘိုးဘေးလီနှင့် တာအိုရသေ့တို့သည် ထိုအဆောင်များကို မြင်သည့်အခါ သူတို့၏ မျက်နှာထက်၌ တက်ကြွမှုကို မဖုံးကွယ်ထားနိုင်ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ၏။ သူတို့၏ မျက်လုံးထဲ၌ ရှိနေသော လောဘစိတ်များကို မြင်လိုက်ရသည်။