← Chapters

ကျင့်ကြံခြင်းလောက၏ လမ်းမှန်နှင့် မိစ္ဆာ

Vol. 13 Ch. 177

ကျင့်ကြံခြင်းလောက၏ လမ်းမှန်နှင့် မိစ္ဆာ

Vol. 13 Ch. 177

ထိုရတနာမှာ ဓာတ်ငါးပါး၏ အနှစ်သာရကနေ သန့်စင်ထားခြင်းပင်။ ထိုသူ၏ ဖန်တီးမှုဖြစ်သော ဒြပ်မဲ့ရှောင်တိမ်ခြင်းပညာရပ်နှင့်လည်း သမူဟ ဖြစ်၏။ ၎င်းသည် အရိပ်မထင်ဘဲ ရောက်လာနိုင်သလို သဲလွန်စမရှိလည်း ပြန်ထွက်သွားနိုင်သည်။ အကောင်အထည်ဒြပ်ပုံစံ မရှိ၍ ၎င်းကို ရင်ဆိုင်ဖို့မှာ အမှန်တကယ် ခက်ခဲလှ၏။

စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများပင် ဒီရတနာအဆောင်ကို ရင်ဆိုင်ရာ၌ ခေါင်းကိုက်ရသည်ဟု ဆိုကြသေးသည်။ ၎င်းသည် ထိုစီနီယာ သူ၏ ရန်သူများကို ဖိနှိပ်ဖို့အတွက် အသုံးပြုသော ရတနာများထဲမှ တစ်ခုပင်။

သူတို့သာ ဒီဒြပ်မဲ့အပ်ရတနာအဆောင်ကို ရခဲ့ပါက အသက်ကယ်ရတနာတစ်ခု ရလာသည်ဟုပင် ယူဆနိုင်မည် ဖြစ်၏။ အနည်းဆုံးတော့ အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူများက ဒီထူးခြားသောအပ်ကို ကိုင်တွယ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

“ကောင်းပါပြီ။ ကျနော်က စီနီယာရဲ့ စကားအတိုင်း ဒီအလောင်းအစားကို အတည်ပြုပါ့မယ်…”

နည်းနည်းပါးပါး စဉ်းစားပြီးနောက် တာအိုရသေ့က သဘောတူ၏။ တဖက်ပုဂ္ဂိုလ်၏ တောင်းဆိုမှုမှာလည်း သူတို့အတွက် လက်ခံနိုင်သော အနေအထား ရှိသည် မဟုတ်လား။

ဘိုးဘေးလီမှာလည်း ရိတ်သိမ်းနိုင်မည့် အကျိုးအမြတ်ကို တွေးမိကာ အံတင်းတင်းကြိတ်၍ သဘောတူလိုက်တော့၏။

“ဖက်…ဖက်…”

သူတို့သုံးယောက်က တစ်ဦးနှင့်တစ်ဦး လက်ဝါးချင်း ရိုက်ကာ သည်အလောင်းအစားကို အတည်ပြု၏။

“စီနီယာ…ဘယ်လိုကြောင့်များ ဒီကို ရောက်လာခဲ့ရတာလဲ။ လမျက်နှာဖုံးဂိုဏ်းရဲ့ အုပ်စုမှာ စီနီယာတစ်ယောက်တည်းလား…”

သူတို့သုံးယောက်က လူချင်း ပြန်ခွာပြီးသည့်နောက် တာအိုရသေ့က ရုတ်တရက် တခုခုကို တွေးမိကာ ထိုမေးခွန်းကို မေးလိုက်၏။

“ငါ အုပ်စုတစ်စု ခေါ်လာခဲ့ပါတယ်။ ဂိုဏ်းကို ဦးဆောင်လာတဲ့သူကတော့ ငါ မဟုတ်ဘူး။ နီချန်လို့ ခေါ်တဲ့ ကောင်မလေးပဲ။ ငါက တခြားဂိုဏ်းတွေရဲ့ လူငယ်လက်သစ်လေးတွေရဲ့ အခြေအနေကို လာကြည့်တာ…”

ထိုလူထူးဆန်းစီနီယာက မျက်လုံးမျက်ဆန်ပြူးကာ မပျော်မရွှင်ဟန်ဖြင့် ပြောလိုက်၏။

“ကျုပ် အခု ကြည့်ကြည့်တော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ တူလေးတို့ရဲ့ ဂိုဏ်းက အစစ်အမှန် ပါရမီရှင်တွေကို ရှေ့ထွက်စေဖို့ ခက်ခဲခဲ့လိမ့်မယ်လို့ ကျုပ် ထင်တယ်။ သူတို့တွေကို ရတနာတွေလို ပြုမူဆက်ဆံကြမှာ သေချာတယ်။ ဒီလို စဉ်းစားကြည့်လိုက်။ အန္တရာယ်အဖုံဖုံကို အတွေ့အကြုံ မရှိရင် သူတို့ရဲ့ ပါရမီက ဘယ်နားသွားပြီး အသုံးတည့်ပါ့တော့မလဲ။ သူတို့ဟာ ယုတ်မာကောက်ကျစ်တဲ့သူတွေနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရရင် သိုးတွေလို အသတ်ခံရလိမ့်မယ်…”

ထိုစီနီယာက ဂိုဏ်းများ၏ ဂျူနီယာလူငယ်များအပေါ် ကိုင်တွယ်မှုသည် မှားယွင်းနေသည်ဟု ပြောချင်သည့်ဟန် ဖြစ်နေ၏။

ဘိုးဘေးလီနှင့် တာအိုရသေ့တို့က သည်စကားများကို ကြားသည့်အခါ သူတို့၏ မျက်နှာအမူအရာများသည် နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။ သို့သော် စိတ်ထဲကမူ ကြိတ်၍ ကျိန်ဆဲနေ၏။

“လူအိုကြီး…ခင်ဗျား ပြောတာတော့ လွယ်လွယ်လေး။ ကျုပ်တို့ ဂိုဏ်းတွေက ဒီသေဖို့ သေချာနေတဲ့ စမ်းသပ်ကွင်းမှာ ပိုပါရမီရှိတဲ့သူတွေကို ဘယ်လိုလုပ်များ ပေါ့ပေါ့ပါးပါး ခေါ်လာလို့ ရပါ့မလဲ။ ကျုပ်တို့ကို ငတုံးတွေလိုများ ခင်ဗျားက ထင်နေတာလား။ အတွေ့အကြုံ ရစေချင်ရင် သူတို့ကို တခြားနေရာ သွားခိုင်းမှာပေါ့။ ဒီသွေးနဲ့မီးခြုံလွှမ်းတဲ့ စမ်းသပ်ကွင်းထဲ ဘာကြောင့်များ အတင်းအကြပ် လာခိုင်းနေရမှာလဲ…”

ထိုစကားများမှာ သူတို့၏ ဝမ်းတွင်း၌သာ ပြောလိုက်ကြခြင်းပင်။ ထိုသူ၏ရှေ့တွင်မူ သူတို့က ယင်းသို့ လုံးဝ မပြောဝံ့ကြပေ။ မဟုတ်ပါက သူတို့အပေါ် ကံဆိုးမှု ခေါ်မိသလို ဖြစ်လိမ့်မည်။ တာအိုရသေ့နှင့် ဘိုးဘေးလီတို့နှစ်ယောက်သည် လိမ္မာပါးနပ်မှု ရှိကြပေ၏။

ကျင့်ကြံခြင်းလောက၌ ပိုမာသော လက်သီးက အကျိုးအကြောင်းသင့်သည်ဟူသော အချက်ကို သက်သေပြနေ၏။

ဂိုဏ်းနှစ်ခု၏ တပည့်များသည် ထိုဘိုးဘေးသုံးယောက်က တားမြစ်ဧရိယာနှင့် ပတ်သတ်သည့် ခရီးစဉ်အပေါ် အလောင်းအစား ပြုလုပ်နေသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း ကြားရ၏။ သူတို့သည် စိတ်ထဲ၌ ဒေါသ မဖြစ်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူတို့၏ အမူအရာများမှာ တမျိုးတမည် ဖြစ်ကုန်၏။

သို့သော် မည်သူကမျှ ထိုသုံးယောက်ကို မကျေနပ်ကြောင်း တိုက်ရိုက် သွားမပြောဝံ့ကြပေ။ သူတို့က သည်လောက် မတုံးအပါ။ မဟုတ်ပါက ထိုသုံးယောက်၏ သာမန်ကာလျှံကာ လှုပ်ရှားမှုလေးက သူတို့လို ကျင့်ကြံသူလက်သစ်လေးများ၏ အသက်ကို အလွယ်တကူ နှုတ်ယူသွားပေလိမ့်မည်။

ဘိုးဘေးလီက ထိုနှစ်ယောက်နှင့် လူပြန်ခွဲလာပြီးနောက် အဝါရောင်မေပယ်တောင်ကြား၏ တပည့်များထံ ပြန်လှည့်လာ၏။ ထို့နောက် သူက ဟန်လိနှင့် တခြားသူများကို မင်သက်သွားစေသော စကားများ ပြောလာ၏။ “မင်းတို့က ကျုပ်တို့ရဲ့ အလောင်းအစားနဲ့ ပတ်သတ်ပြီး မကျေနပ် ကြတာ ကျုပ်သိတယ်။ တခြား တစ်ယောက်ယောက်ဆိုရင်တော့ သူတို့က ဆင်ခြင်ရှာပြီး မင်းတို့ကို ချွေးသိပ်နေအုံးမယ်။ ဒါပေမဲ့ ကျုပ်ကတော့ တည့်ပဲ ဝင်ခံတယ်။ ဒါဟာ ကျင့်ကြံခြင်းလောကရဲ့ ရက်စက်တဲ့ သဘာဝပဲ။ အစစ်အမှန်ပုံစံပဲ။ ဒါက မင်းတို့အတွက် အကြံဉာဏ်တချို့တလေအဖြစ်ပါ သတ်မှတ်နိုင်တယ်…”

“ကဲ…ကောင်းကောင်းနားထောင်ကြ။ ကျင့်ကြံခြင်းလောကမှာ မင်းတို့ဟာ လမ်းမှန်ပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တာအိုကို စွန့်ပယ်တဲ့ မိစ္ဆာလမ်းစဉ်လိုက်တဲ့ ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သန်မာသူသာ ရှင်သန်နိုင်လိမ့်မယ်။ ဒါပေမဲ့ လမ်းမှန်ကို လိုက်တဲ့သူတွေရဲ့ တိုးတက်မှုဟာ ဖြေးဖြေးနှေးနှေးပဲ။ သူတို့ရဲ့ အောင်မြင်မှုဟာ စည်းကမ်းပညက်ချက်တွေ နောက် လိုက်လံတယ်ဆိုတာ မှန်တယ်။ သူတို့ရဲ့ ကျင့်ကြံမှု ပညာရပ်တွေဟာလည်း မိစ္ဆာလမ်းစဉ်နဲ့ ယှဉ်ရင် ပိုညင်သာတယ်…”

“ဒါပေမဲ့ သူတို့ဟာ တာအိုကို ဖိဆန်တဲ့ မိစ္ဆာတွေကို အပြတ်ခြေမှုန်းမယ်လို့ ဟန်ဆောင် ပြုမူကြတယ်။ မှန်ကန်ချင်ယောင်ဆောင်တဲ့ ကြောင်သူတော် အများစု ရှိကြတယ်။ မိစ္ဆာတွေရဲ့ တာအိုကို လိုက်စားတဲ့ မိစ္ဆာဂိုဏ်းတွေဟာ သူတို့ရဲ့ မှော်စွမ်းအား တိုးတက်ဖို့အတွက် စွမ်းအားကြီးတဲ့၊ ကန့်သတ်ထားတဲ့ ပညာရပ်တွေနောက် မျက်ကန်းတစ္ဆေ လိုက်စားကြတယ်။ သူတို့က ရက်စက်ကြမ်းကြုတ်တဲ့ ယင်စွမ်းအင်ကိုလည်း ကျင့်ကြံကြတယ်။ သူတို့က သူတို့ရဲ့ စိတ်နှလုံးနဲ့ သဘာဝအလျောက်သာ လိုက်စားတာ ဖြစ်တယ်လို့ ဆင်ခြင်ပေးကြပေမယ့် အမှန်တကယ်တော့ သူတို့ရဲ့ အပြုအမူတွေဟာ ကျင့်ကြံခြင်းမှာ အစွန်းရောက်လာခဲ့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ လူသားသဘာဝကို ဆုံးရှုံးပြီး သွေးဆာရက်စက်တဲ့သူတွေ ဖြစ်လာခဲ့ကြတာပဲ…”

“ဒါပေမဲ့ လမ်းမှန်ဂိုဏ်းဖြစ်ဖြစ်၊ မိစ္ဆာဂိုဏ်းဖြစ်ဖြစ် ဒါက သူတို့ ဘယ်လို လုပ်ဆောင်မှုရှိလဲ ဆိုတဲ့ ကိစ္စရပ်သာ ဖြစ်တယ်။ တကယ့်တကယ်တန်းတော့ ဒီလမ်းစဉ်နှစ်ခုလုံးဟာ အားနည်းသူက အားကြီးသူထံ အသနားခံရတယ်ဆိုတာပဲ။ ကျုပ်တို့လို ကျင့်ကြံသူတွေဟာလည်း သေမျိုးလောကနဲ့ အတူတူပဲ။ ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့ ကျွမ်းကျင်သူတွေဟာ နိမ့်ကျတဲ့ ကျင့်ကြံသူတွေကို အင်းဆက်တွေလိုပဲ အထင်သေးစွာ ကြည့်ရှုကြတယ်။ ဒါဟာ ပုံမှန်ကိစ္စရပ်ပဲ…”

ထိုသို့ ပြောပြီးနောက် ဘိုးဘေးလီက သူ့စကားကို ခဏရပ်သည်။ သူ၏လေသံက ထိုလမ်းမှန်၊မိစ္ဆာဟူသော ဂိုဏ်းများနှင့် ပတ်သတ်၍ မနှစ်မမြို့ဟန် ပေါက်နေ၏။ သူ၏ ထိုစိတ်ထားက တပည့်များကို စိတ်ရှုပ်သွားစေသည်။ ရဲတင်းသော တပည့်အချို့က မမေးမိဘဲ မနေနိုင် ဖြစ်ကြရသည်။ “ဘိုးဘေး…ကျနော်တို့ အဝါရောင်တောင်ကြားကရော လမ်းမှန်လား၊ မိစ္ဆာလား…”

“ဟားဟား…ငါတို့က လမ်းမှန်လည်း မဟုတ်ဘူး။ မိစ္ဆာလည်း မဟုတ်ဘူး။ တခြားဂိုဏ်းတွေလည်း အဲ့လိုပဲကွ…” သူက အေးစက်စက်ပြုံး၍ ပြန်ဖြေသည်။

“မင်းတို့အားလုံးက ငယ်ရွယ်ကြသေးတယ်။ မင်းတို့ ဂိုဏ်းကို ဝင်လာတဲ့အချိန်ကလည်း တိုတောင်းသေးတယ်။ ဒါ့ကြောင့် မင်းတို့အနေနဲ့ ယွဲ့ဒေသကျင့်ကြံခြင်းလောကရဲ့ သမိုင်းကြောင်းကို ခုထိ မသိကြသေးတဲ့ပုံပဲ…”

“ဟိုးလွန်ခဲတဲ့နှစ်ပေါင်းတစ်ထောင်လောက်က ကျုပ်တို့ ယွဲ့ဒေသဟာ တခြားဒေသတွေနဲ့ အတူတူပဲ။ လမ်းမှန်နဲ့ မိစ္ဆာကြားမှာ ဆန့်ကျင်ဘက် ရှိခဲ့ကြတယ်။ အဲ့အချိန်တုန်းက မဟာဂိုဏ်းကြီးခုနစ်ဂိုဏ်းဟာ ဂိုဏ်းငယ်လေးတွေအဖြစ်ပဲ ရှိသေးတယ်။ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် သူတို့ဟာ လမ်းမှန် ဖြစ်ခဲ့တယ်။ ဒါမှမဟုတ် အခြေအနေအရ မိစ္ဆာလည်း ဖြစ်ခဲ့တယ်။ တဖက်ဖက်က ခွန်အားနည်းနည်း ပိုကြီးမားတာနဲ့ ဂိုဏ်းငယ်လေးတွေဟာ ပိုအင်အားကြီးတဲ့ ဘက်ကို ပူးပေါင်းတယ်။ ဒီ ကြီးမြတ်တယ်ဆိုတဲ့ လမ်းမှန်နဲ့ မိစ္ဆာဂိုဏ်းကြီးတွေက ဒီလိုဂိုဏ်းငယ်လေးတွေအပေါ် အထင်သေးအမြင်သေးနဲ့ ကြည့်ရှုကြတယ်…”

ဒါပေမဲ့ နောက်ပိုင်းမှာ လမ်းမှန်နဲ့ မိစ္ဆာလမ်းတို့ ဘက်နှစ်ဖက်ဟာ သူတို့ရဲ့ ကျွမ်းကျင်သူတွေအားလုံး ခြေကုန်လက်ပန်း ကျသွားတဲ့အထိ အပြင်းအထန် တိုက်ပွဲကြီး ဖြစ်လာခဲ့တယ်။ အဲ့တိုက်ပွဲ ပြီးတဲ့နောက် သူတို့ရဲ့ အင်အားဟာ အကြီးအကျယ် ရုတ်လျှော့သွားခဲ့တယ်။ ဒါ့ကြောင့် သူတို့က အဝါရောင်တောင်ကြားလို ဂိုဏ်းငယ်လေးတွေကို ဆက်ပြီး ဖိနှိပ်နိုင်တဲ့ စွမ်းအား မရှိကြတော့ဘူး။

“ခုလက်ရှိ မင်းတို့ သင်ယူနေတဲ့ ကျင့်ကြံခြင်းပညာရပ်တွေဟာ အတိတ်တုန်းက စစ်ပွဲရဲ့ လက်ကျန်ပညာရပ်တွေပဲ။ ကျုပ်တို့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းက ယွဲ့ဒေသမှာ ကာလရှည် အာဏာချုပ်ကိုင်မယ်လို့ ကြေငြာခဲ့ကြတယ်။ လမ်းမှန် ဒါမှမဟုတ် မိစ္ဆာဂိုဏ်း တခုခုက ဒီဒေသကို ကျူးကျော်လာခဲ့ရင် ကျုပ်တို့က ပူးပေါင်းပြီး သူတို့ကို ကာကွယ်တိုက်ခိုက်မှာ ဖြစ်တယ်။ ဒါ့ကြောင့် ကျုပ်တို့ ခုနစ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းပညာရပ်တွေထဲမှာ လမ်းမှန်ဂိုဏ်းကကော၊ မိစ္ဆာဂိုဏ်းကကော ကျင့်ကြံခြင်း ပညာရပ်တွေ ပါဝင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ကတော့ ဒါကို သဘာဝကျတယ်လို့ ရှုမြင်တယ်…”

ဘိုးဘေးလီက ထိုသို့ ပြောသည့်အချိန်၌ သူ့အမူအရာမှာ ကျေနပ်အားရဟန် ပေါ်လွင်နေသည်။

“အရင်တုန်းက မင်းတို့အားလုံးဟာ တောင်ကြားမှာပဲ အဆက်မပြတ် အသည်းအသန် ကျင့်ကြံခဲ့ကြတယ်။ ဒါပေမဲ့ မင်းတို့ ဂိုဏ်းရဲ့ တောင်တန်းတွေကနေ ထွက်ခွာပြီး ယွဲ့ဒေသရဲ့ တခြားနေရာတွေအနှံ့ ခရီးသွားလာမယ်ဆိုရင်လည်း အစစ်အမှန်ကျင့်ကြံခြင်းလောကကို ကြုံရလိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အတိတ်အချိန်ကာလတွေတုန်းကတော့ လမ်းမှန်နဲ့ မိစ္ဆာဘက်နှစ်ဖက်ဟာ ကျင့်ကြံခြင်းကျောင်းတော် ငါးခုအဖြစ် တည်ရှိခဲ့ဖူးတယ်။ ဒီကျောင်းတော်တွေကတော့ ဗုဒ္ဓကျောင်းတော်၊ တာအိုကျောင်းတော်၊ ကွန်ဖြူးရှပ်ကျောင်းတော်၊ မိစ္ဆာကျောင်းတော်နဲ့ နတ်ဆိုး ကျောင်းတော်တို့ပဲ။ အဲ့ခေတ်က ဗရမ်းဗတာ ဖြစ်မှုတွေဟာ မင်းတို့ စိတ်ကူးနိုင်တာထက်တောင် ပိုအုံးမယ်။ တိုက်ခိုက်မှုတွေ၊ သေဆုံးမှုတွေဟာ မမြင်ချင်အဆုံး နေရာတိုင်းမှာ တွေ့ရတယ်…”

ထိုသို့ ပြောနေရင်း သူ၏အမူအရာက လေးနက်လာ၏။ သို့သော် မကြာခင် သူ့မျက်နှာမှာ စိတ်အေးသက်သာဟန် ပြန်ဖြစ်သည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်၏။ “ကောင်းပြီ။ ငါ့အနေနဲ့ မင်းတို့ကို မမောက်မာအောင် သတိပေးလိုက်မယ်။ မှတ်ထားပါ။ ကျင့်ကြံခြင်းလောကမှာ မင်းတို့ရဲ့ ခွန်အားဟာ တခြားသူတွေရဲ့ ခွန်အားနဲ့ မညီမျှရင် မလေးမခန့်စကားတွေကို လက်လွတ်စပယ် မပြောကြနဲ့။ ဒီလေးစားမှုဆိုတဲ့ အရာဟာ မင်းတို့အနေနဲ့ တခြားသူတွေရဲ့ မြင့်မားတဲ့အထက်နေရာကို ရောက်မှ ရမယ့် အရာပဲ။ မဟုတ်ရင် မင်းတို့ရဲ့ ပျက်စီးခြင်းကို ကိုယ်တိုင် ယူဆောင်မိသလို ဖြစ်လိမ့်မယ်။ ဟားဟား…ငါ အခုပြောပြတဲ့ စကားတွေအတိုင်း နောက်ရက်အနည်းငယ် လိုက်နာနေထိုင်တဲ့သူ ဘယ်လောက်များမလဲ ငါ သိချင်မိတယ်…”

ဟန်လိနှင့် တခြားသူများက သည်စကားများကို ကြားသည့်အခါ တုန်လှုပ်ကုန်ကြ၏။ သူတို့လို တပည့်များကို ပြောပြသော အနှီစကားများသည် အံ့အားသင့်ဖွယ် ကောင်းနေပေသည်။

“မင်းတို့အနေနဲ့ အစောပိုင်းတုန်းက ငါတို့ရဲ့ အလောင်းအစားကို ကြားပြီးပြီ မလား။ ဒါက အလောင်းအစား ဆိုပေမဲ့ ငါ့အတွက်တော့ အတော်လေး အရေးပါတယ်။ ငါသာ ဒီအလောင်းအစားမှာ နိုင်တာနဲ့ မင်းတို့ကို မမျှမတ ဆက်ဆံမှာ မဟုတ်ဘူး။ ငါ့ကို အနိုင်ရအောင် ကူညီပေးတဲ့ တပည့်တွေကို ဆုလဒ်ကောင်းကောင်း ချီးမြှင့်ပေးမှာ ဖြစ်တယ်။ အကျိုးအမြတ် အများဆုံး ယူလာပေးနိုင်တဲ့ တပည့်တစ်ယောက်ကိုတော့ သူ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီးရင် ငါ့ရဲ့ တပည့်အဖြစ် ခေါ်ဆောင်မယ်…”

ထိုဘိုးဘေးလီ၏ အကြံပေးစကားများကို အပြည့်အဝ နားမလည်သေးသော သူများသည်ပင် သူ၏ ပေးလာသော ဒီကတိစကားကြောင့် စိတ်လှုပ်တရှား ဖြစ်ကုန်၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ တပည့် ဖြစ်ခြင်းမှာ သူတို့အတွက် နှစ်ပေါင်းတစ်ထောင်မှ တခါကြုံရတတ်သော ရွှေရောင်အခွင့်အရေးတစ်ခု မဟုတ်လား။

သူ့ရှေ့ရှိ တပည့်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ကို မြင်သည့်အခါ ဘိုးဘေးလီက ခပ်ရေးရေး ပြုံးမိ၏။ သူက အတော်လေး ကျေနပ်သွားသည်။

သူသာ ဒီအလောင်းအစား၌ အနိုင်ရပါက တပည့်သုံးလေးယောက်၏ အမည်များကို မှတ်ထားရခြင်းက အသေးအဖွဲ့ကိစ္စ ဖြစ်သွားပေပြီ။ အများဆုံးမှ သူက ထိုတပည့်ဆိုသူများကို ထူးခြားသော ကျင့်ကြံခြင်းပညာရပ်အချို့ လွှဲပြောင်းသင်ပေးလိုက်ရုံသာ။ ထိုကိစ္စမှာ လွယ်လွယ် ဖြေရှင်း၍ ရသည် မဟုတ်လား။

All Chapters