← Chapters

လမျက်နှာဖုံးဂိုဏ်း

Vol. 13 Ch. 178

လမျက်နှာဖုံးဂိုဏ်း

Vol. 13 Ch. 178

ဟန်လိက ထိုဆုလဒ်ကို ကြားသည့်အခါ စိတ်လှုပ်ရှားမိ၏။ သူက ကျင့်ကြံခြင်းလမ်းကြောင်းနှင့် ပတ်သတ်၍ ကောင်းကောင်း သိနေပေပြီ။ ဆရာတစ်ယောက်က သူ့ကို မှန်မှန်ကန်ကန် လမ်းညွှန်ပေးပါက သူ့အတွက် ဒုက္ခများ နည်းပါးသွားမည် မဟုတ်လား။ ဤသည်က သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးများစေမည်ပင်။

သို့သော် တချိန်တည်းမှာ ထိုဘိုးဘေးလီက သူ လွယ်လင့်တကူ လိမ်၍ရသော လူမျိုး ဟုတ်မနေပေ။ ဟန်လိထံ၌ လျှို့ဝှက်ချက်များစွာ ရှိနေ၏။ သူက ထိုဘိုးဘေးလီနှင့် အချိန်အကြာကြီး ပတ်သတ်ဆက်ဆံရပါက ထိုသူက သူနှင့် ပတ်သတ်ပြီး တခုခုမှားနေသည်ဟု အာရုံခံစားမိမှာကို သူ စိုးရိမ်၏။ ဘိုးဘေးလီကသာ သူ့ကို မေးခွန်းထုတ်လာခဲ့ပါက ဟန်လိအတွက် အခန့်မသင့်ရင် မရဏလမ်းထိ မြန်းသွားရနိုင်၏။

အစောပိုင်းတုန်းက သူ ပေးခဲ့သော အကြံဉာဏ်အရ ထိုသူမှာ ဆရာနှင့် တပည့်ကြား ပတ်သတ်မှုကို အလေးအနက်ထားမည့် လူစားမျိုး မဟုတ်ကြောင်းကို ပြသနေ၏။ သူက သူ့တပည့်ဖြစ်သူထံမှလည်း ရတနာအတွက်ဆို လက်ရှောင်ချင်မှ ရှောင်လိမ့်မည်။

ထိုသို့ စေ့စေ့စပ်စပ် တွေးကြည့်ပြီးနောက် ဟန်လိ၏ လှုပ်ရှားနေသော စိတ်မှာ ပြန်တည်ငြိမ်မှု ရှိလာ၏။

တခြား အဝါရောင်မေပယ်တောင်ကြားမှ တပည့်များကမူ ဟန်လိကဲ့သို့ အတွေးမရှိကြပေ။ သူတို့က လက်ဝါးများ ပွတ်သပ်ကာ စိတ်အားတက်ကြွမှု မြင့်နေကြ၏။ ခုချိန်၌ သူတို့က တိုက်ပွဲ၌ သူတို့၏ ရှင်သန်နိုင်မှုအပြင် သူတို့၏ အနာဂတ်အတွက်ပါ တိုက်ပွဲဝင်လိုစိတ် ပြည့်နေပြီ။

ဟန်လိက ဂျူနီယာညီမချန်ကို အမှတ်မထင် လှမ်းကြည့်မိ၏။ သူမ၏ ပါးအို့အို့မှာ နီမြန်းကာ လက်သီးခပ်တင်းတင်း ဆုပ်ထားသည်ကို သူ လှမ်းမြင်၏။ သူမ၏မျက်လုံးတို့မှာလည်း အရောင်လက်နေ၏။ ကြည့်ရသည်မှာ သူမက ဆုံးဖြတ်ချက်ချပြီး ဖြစ်ဟန် တူ၏။

ဟန်လိက သက်ပြင်းချမိ၏။ သူက အဝါရောင်မေပယ်တောင်ကြားမှ တခြားသူများကို အာရုံထပ်မစိုက်တော့။ ထိုအစား သူ၏အကြည့်က ဗလာသန့်စင်ဂိုဏ်းထံ ကျရောက်သွားသည်။

တာအိုရသေ့က သူ့ဂိုဏ်းမှ တပည့်များကို ညွှန်ကြားမှု ပေးနေ၏။ သူက အချိန်နှင့်အမျှ ပိုပို စိတ်လှုပ်တရှား ဖြစ်လာနေပုံ ရကာ တာအိုရသေ့ငယ်များမှာလည်း စိတ်တက်ကြွနေသည်။ သူ၏ ဂိုဏ်းတပည့်များအပေါ် မြှောက်လုံးပင့်လုံးဆွယ်လုံးက အောင်မြင်ပုံ ရ၏။ တကယ်တော့ တည်ငြိမ်သည့် ဟန်ပန်ဖြင့် ရှိနေသော တာအိုရသေ့အချို့လည်း ရှိနေကြ၏။ တာအိုရသေ့၏ စကားများက သူတို့အပေါ် သက်ရောက်မှု သိပ်မရှိပုံ ရသည်။

ဟန်လိက ဤအချက်ကို စိတ်ဝင်စားမိ၏။ ထိုစဉ် တစုံတစ်ယောက်က ရုတ်တရက် ထအော်သည်။

“ကြည့်စမ်း…လမျက်နှာဖုံးဂိုဏ်းက သူတွေ ရောက်နေကြပြီ။ ဒါက သူတို့ဂိုဏ်းရဲ့ ကောင်းကင်နတ်စန္ဒာလှေပဲ…”

ထိုသည်ကို ကြားသည့်အခါ ဟန်လိလည်း ကောင်းကင်ထက်သို့ မော့ကြည့်၏။

ကောင်းကင်ထက်၌ တောက်ပသောအဖြူရောင်အလင်းစက်တခုက သည်အရပ်ထံ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေ၏။ ၎င်း၏အမြန်နှုန်းမှာ မြန်လှ၏။ တအောင့်အကြာ၌ ၎င်းသည် တောင်တန်းအထက်ရှိ ကောင်းကင်တွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ကျောက်စိမ်းများဖြင့် ထွင်းထုထားသော လှေတစင်းပင်။ လှေ၏ အပြင်ဘက်နံရံတွင် နဂါးနှင့်ဖီးနစ်ပုံ ရေးဆွဲထား၏။ လှေပတ်ပတ်လည်၌လည်း အဖြူရောင်ဒိုင်းကာကြီးများ ရှိနေ၏။

ထိုလှေကာ ခန်းနားလှချေ၏။ သည်လှေ၏ ပတ်လည်ကို ခြုံလွှမ်းထားသော ဧရာမအဖြူရောင်ဒိုင်းကာတခုပင် ရှိနေသေးသည်။

သည်လှေတွင် လူများစွာ ပါလာ၏။ တဝက်မှာ အမျိုးသားများ၊ တခြားတဝက်က အမျိုးသမီးများ ဖြစ်သည်။ သူတို့က အဖြူရောင်ဝတ်စုံများ ဝတ်ထားကြသည်။ ခေါင်းဆောင်မှာ သေသပ်လှပစွာ ဝတ်ဆင်ထားသော အမျိုးသမီးငယ်တစ်ယောက်ပင်။ သူမ၏ လှုပ်ရှားမှုတိုင်းက လူတိုင်း၏ စိတ်ဝိညာဉ်ကို ဂနာမငြိမ်ဖြစ်စေလောက်အောင် စွဲဆောင်မှု ရှိလှသည်။

ထိုအမျိုးသမီးက ကျောက်စိမ်းလှေကနေ ဆင်းသက်လာပြီးနောက် အဖြူရောင်ဒိုင်းကို ဖယ်ရှားကာ သူမ၏ လုံးဝန်းအိဖူးသော နှုတ်ခမ်းကို ခပ်ပါးပါး ဟကာ ပြောလိုက်၏။ “မိတ်ဆွေနှစ်ယောက်နဲ့ အကြီးအကဲချောင်တို့ကို ကျမ နီချန်က နှုတ်ဆက်ပါတယ်…”

ဘိုးဘေးလီနှင့် တာအိုရသေ့တို့က ချက်ခြင်း ပြန်၍ နှုတ်ဆက်ကြ၏။ သူတို့က နှေးဖင့်မနေဝံ့ပေ။ တဖက်၌ စီနီယာချောင်ကမူ ရယ်ကျဲကျဲ လုပ်ကာ သူ့ပုံရိပ်သည် ရုတ်တရက် ဝေဝါးသွား၏။ သူသည် လေထဲ၌ ပျောက်ကွယ်သွား၏။ သို့သော် သူက ဂုဏ်ယူမှုအပြည့်ပါသော စကားတခွန်း ချန်ထားခဲ့ပေသည်။

“ခုကစပြီး ခုနစ်ရက်ကြာရင် ကျုပ် ပြန်လာခဲ့မယ်။ အလောင်းအစားအတွက် ကြိုပြင်ဆင်ထားကြ။ ဒီတကြိမ် ကျုပ် နိုင်မှာ သေချာတယ်…”

တာအိုရသေ့နှင့် ဘိုးဘေးလီတို့မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကုန်၏။ သူတို့က ထိုအဘိုးအို၌ အဘယ်ကြောင့် ခုလောက် ယုံကြည်မှု ရှိနေတာကို မသိပေ။ သူတို့သည် အစောလေးပိုင်းတုန်းက စစ်ဆေးကြည့်ခဲ့ပြီး ဖြစ်၏။ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များသည် သူတို့၏ ဂိုဏ်းနှစ်ခုမှ တပည့်များထက် အမှန်တကယ် သာလွန်သည်။ သို့သော် ထိုမျှဖြင့် အနှီအဘိုးအို ခုလောက် မော်မော်ကြွားကြွား ဖြစ်စရာ ရှိမနေပေ။

လမျက်နှာဖုံးဂိုဏ်းကို ဦးဆောင်လာသော အမျိုးသမီးက ဘေးဘယ်ညာသို့ လှည့်ပတ်ကြည့်၍ သည်အလောင်းအစား ကိစ္စကို မေးမြန်းသည်။ အသေးစိတ် သိသည့်နောက် သူမက မရယ်မိဘဲ မနေနိုင် ဖြစ်၏။ သူမ၏ ရယ်သံက သစ်ပင်သစ်ကိုင်းများထံမှ ပန်းပွင့်ကိုပင် လှုပ်ခတ်သွားစေနိုင်သည်။ လူများ၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်တို့ကို ကသောကမြော ဖြစ်သွားစေနိုင်သည်။

ထိုအမျိုးသမီး၏ ကလက်တက်တက် ဟန်ပန်က ဂိုဏ်းသုံးဂိုဏ်း၏ လူငယ် အမျိုးသားအများစုကို သွားရေတများများ အကြည့်များဖြင့် သူမထံ ပေါ်တင် ကြည့်လုနီးပါး ဖြစ်သွားစေသည်။

သို့သော် တာအိုရသေ့နှင့်ဘိုးဘေးလီတို့ကမူ သူတို့ရှေ့မှ ဒီမြင်ကွင်းကို အရေးမစိုက်အား။ သူတို့၏ စိတ်နှလုံးများမှာ လဲပြိုမတတ် ဖြစ်ကုန်၏။ သူတို့က ထောင်ချောက်ထဲ လျှောက်မိသကဲ့သို့ ခံစားမိ၏။ သူတို့၏ မျက်နှာထက်ရှိ ခါးသီးမှုကိုပါ မဖုံးကွယ်ထားနိုင် ဖြစ်ကုန်သည်။

သည်တကြိမ်၌ လမျက်နှာဖုံးဂိုဏ်းမှာ တခြားဂိုဏ်းများကို ဖိနှိပ်ဖို့အတွက် ကြိုပြင်ဆင်လာသော ဝှက်ဖဲများ ရှိနေတာများလား။

သူတို့နှစ်ယောက်က သူတို့ကိုယ်သူတို့ ထိန်းချုပ်ရ၏။ သူတို့က ဒီကိစ္စအပေါ် ဘဝင်မကျမှုကို ခံစားမိကြသော်လည်း သည်ဇာတ်လမ်းတခုလုံးကို အမျိုးသမီးငယ်ထံ တိုက်ရိုက်မေးဖို့ကိုတော့ ရှက်သလို ခံစားမိနေ၏။ သည်မိန်းမလှငယ်၊ နတ်သမီးနီချန်က အလောင်းအစား ကိစ္စနှင့် ပတ်သတ်၍ မသိသလို ဟန်ဆောင်ကာ အေးအေးဆေးဆေး ဆက်ရှိနေ၏။ သူမက ဦးဆောင်၍ တခြား စိတ်ဝင်စားစရာ ကိစ္စများအကြောင်းကို စကားစမြည် ပြောသည်။

ဟန်လိနှင့် အဝါရောင်မေပယ်တောင်ကြားမှ တပည့်များ၏ အမြင်ကမူ ခုမှ ရောက်လာသော လမျက်နှာဖုံးဂိုဏ်း၏ အမျိုးသမီးအုပ်ထံ ကျရောက်နေကြသည်။

သူတို့က လမျက်နှာဖုံးဂိုဏ်းသည် စုံတွဲကျင့်ကြံမှုကို အလေးပေးကြောင်း ကြားဖူး၏။ အနည်းဆုံး ထိုဂိုဏ်းသည် အသစ်လက်ခံသောအမျိုးသမီးငယ် ဂိုဏ်းဝင်သစ်များသည် သာမန်ထက် ထူးကဲစွာ လှရမည် ဟူ၍ သတ်မှတ်ထား၏။ သို့မဟုတ်ပါက လက်မခံပေ။

အခု မြင်ရသလောက်လည်း ဒီအမျိုးသမီးငယ်များ၏ ဂုဏ်သတင်းက အလှအပနှင့် ပတ်သတ်၍ ထိုက်တန်လှ၏။ သည်အမျိုးသမီးအုပ်စု၌ တစ်ယောက်ချင်းစီက အလှပဂေးလေးများပင်။ ပန်းပွင့်လေးများနှယ်၊ လစန္ဒနှယ် လှပသူများပင်။ သူတို့ကို ကြည့်နေသော ယောက်ျားပျိုများမှာ သွားရေတများများ ဖြစ်နေသည်။ သူတို့စိတ်များမှာ ကဆုန်ပေါက်မိနေသည်။

ဟန်လိကတော့ နည်းနည်းပို၍ အခြေအနေ ကောင်း၏။ သူက ခဏတာ မျက်စိအစာကျွေးမိသော်လည်း သူ၏ အားကောင်းလှသော စိတ်အင်အားကြောင့် သူ့စိတ်ကိုယ်သူ အလျင်အမြန် ထိန်းချုပ်နိုင်လိုက်၏။ သူ့စိတ်နှလုံးမှာ ပြန်တည်ငြိမ်သွားသည်။

သူက လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးတပည့်များသည် လူအများအပြား၏ အာရုံစိုက်ကြည့်ခံရသည့်အပေါ် အသားကျနေပြီကို သဘောပေါက်၏။ ယောက်ျားပျိုများစွာက စိုက်ကြည့်နေသော်လည်း သူတို့အချင်းချင်း စကားပြောနေတာ မပြတ်ပေ။ သူတို့၏ အမူအရာများမှာလည်း နည်းနည်းလေးမျှ မပြောင်းလဲသွားပေ။ တချို့ကမူ သူတို့ကို ကြည့်နေသော အမျိုးသားများထံ မျက်ခုံးပင့်၍ မျက်စိတစ်ဖက် မှိတ်ကာ ကလက်တက်တက် ပြန်ဝင့်ကြည့်သည်။ ထိုအခါ ကြည့်နေသူများကား ခြေမခိုင် ဖြစ်ကုန်၏။ သူတို့၏ စိတ်ထဲ၌ ကုလားဘုရားပွဲ လှည့်ကုန်သည်။

သို့သော် လမျက်နှာဖုံးဂိုဏ်း၏ အမျိုးသားတပည့်များကမူ သည်အမျိုးသမီးများနှင့် ဆန့်ကျင်ဘက်တည်း။ သူတို့၏ မျက်လုံးထဲ၌ ဒေါသကို ပြသ၏။ အထူးသဖြင့် သူတို့က သူတို့ဘေးရှိ အမျိုးသမီးငယ်များနှင့် ပတ်သတ်ပြီး အလေးထားကြသည်။ သို့ဖြစ်၍ သူတို့က သူတို့အုပ်စုရှိ အမျိုးသမီးများကို လှမ်းကြည့်နေသူများထံ ရန်လိုစွာ ပြန်ကြည့်၏။

ဟန်လိက ပြုံးမိ၏။ သူက ထိုအုပ်စုမှာ အမျိုးသားနှင့်အမျိုးသမီး စုံတွဲ ယှဉ်ကာ ရပ်နေကြရုံသာ ဖြစ်ကြောင်း သိသည်။ သူတို့က အစစ်အမှန် အတွဲများ မဟုတ်ကြပေ။ ကျင့်ကြံဖို့အတွက် စီစဉ်ပေးထားသော အတွဲများသာ။ ထို့ကြောင့်လည်း သည်အမျိုးသားတပည့်များက ဒေါသပုန် ထနေခြင်းပင်။ သူတို့က သူတို့ဘေးမှ အမျိုးသမီးများကို သူတို့၏ အပိုင်ဟု မြင်နေတာ ဖြစ်ချင်ဖြစ်နိုင်မည်။ ထိုအမျိုးသမီးတပည့်များကမူ သူတို့ကို ထိုသို့ တူညီစွာ မြင်ချင်မှ မြင်ပေလိမ့်မည်။

ထူးခြားတာ တစ်ခုကို ဟန်လိ သတိပြုမိ၏။ သည်အမျိုးသားတပည့်များက အဝါရောင်မေပယ်တောင်ကြားမှ တပည့်များကိုသာ စူးစိုက်ကြည့်သည် မဟုတ်၊ ဗလာသန့်စင်ဂိုဏ်းမှ လူများထံလည်း အကြည့်ရောက်နေခြင်းပင်။

ဟန်လိက သိချင်စိတ် ဖြစ်မိသွား၏။ သို့ဖြစ်၍ သူ့အကြည့်က ဗလာသန့်စင်ဂိုဏ်း၏ တာအိုရသေ့ငယ်များထံ ကျရောက်သွားသည်။ အမှန်တကယ်ပင် ထိုရသေ့ငယ်များသည်လည်း မိန်းမလှလေးများကို ချောင်းချောင်း ကြည့်နေလေ၏။ သူတို့က တချက်လှမ်းကြည့်လိုက် ထို့နောက် အကြည့်လွှဲလိုက် ပြုလုပ်နေသည်။ သူတို့၏ အပြုအမူကို လူမိသွားမှာ စိုးသည့်အလား။ သည်ရသေ့ငယ်များမှာ ခိုးကြောင်ခိုးဝှက် နိုင်သည်။ ပေါ်တင် မကြည့်ကြပေ။ ချောင်း၍ ကြည့်ကြ၏။

ဟန်လိက သူ့စိတ်ထဲရှိ ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ သူက အားပါးတရ ထရယ်မိမှာ စိုးမိသည်။

ဟန်လိက သူပဲ စိတ်ထင်၍လားတော့ မသိ၊ လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးတပည့်များက အဝါရောင်မေပယ်ဂိုဏ်းမှ တပည့်များထက် ရသေ့ငယ်များကို မျက်ခုံးပင့်ကာ မျက်စိတစ်ဖက် မှိတ်ပြ၍ ကလက်တက်တက် ပိုကြည့်နေသလိုပင်။ သူ့အထင် မှန်ချင်မှလည်း မှန်ပေမည်။

ဟန်လိမှာ ခဏတော့ စွံ့အမိသွားသေး၏။

သိုသော် သူ သေချာ တွေးကြည့်မိ၏။ ထိုအခါ သူ့စိတ်ထဲ၌ လန့်မိသွားသည်။ သည်တပည့်များက ဒီကို လာခဲ့ခြင်းသည် နန့်တက်တက် လုပ်ဖို့ မဟုတ်ပေ။ အသေအရှင် တိုက်ပွဲအတွက်သာ ဖြစ်၏။ ဂိုဏ်းများ၏ လူငယ်တပည့်များက လမျက်နှာဖုံးဂိုဏ်း၏ ဒီအမျိုးသမီးတပည့်များကို ရင်ဆိုင်ရသည့်အခါ တိုက်ပွဲမစခင်မှာပင် သူတို့၏ သုံးပုံတစ်ပုံသည် ဆုံးရှုံးကုန်မှာကို ဟန်လိက စိုးမိပေ၏။ တကယ်တော့ မိန်းမလှလေးများကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ချင်သောသူဟူ၍ မရှိလေ မဟုတ်လား။

သို့သော် ဟန်လိအတွက် ပို၍ စဉ်းစားရ ကြပ်စေသည်မှာ လမျက်နှာဖုံးဂိုဏ်းမှ တပည့်များသည် အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ အားလုံးက ငယ်ရွယ်လွန်းနေခြင်းပင်။ မည်သူကမျှ အသက်ကြီးပုံ မရပေ။ တစ်ယောက်ယောက်က သည်လူများမှာ ထာဝရငယ်ရွယ်မှုကို ပိုင်ဆိုင်သော မွန်းစတားအိုများ ဖြစ်ပါသည်ဟု ပြောလာခဲ့လျှင်ပင် ဟန်လိသည် ထိုစကားကို လုံးဝ ယုံမည် မဟုတ်ပေ။ သူတို့၏ ကလက်တက်တက် အပြုအမူများ၊ လူငယ်လူရွယ် ဆန်သော အပြုအမူများကို မြင်ပြီး၍ သူတို့အားလုံးမှာ အသက်နှစ်ဆယ်ဝန်းကျင်လောက်သာ ရှိလိမ့်မှာ သေချာသည်။ သူတို့၏ အသွင်အပြင်၌ အသက်ကြီးဟန်ပုံစံ ရှိမနေကြပေ။

သို့သော် သွေးနှင့်မီးခြုံလွှမ်းသောစမ်းသပ်ကွင်းမှာ အသေအကြေများသည်ဟု ကျော်ကြားသော နေရာ မဟုတ်လား။ သို့ဖြစ်၍ ထိုနေရာသို့ ဂိုဏ်း၏ လူငယ်လူရွယ် တပည့်များစွာကို စေလွှတ်ဖို့မှာ မဖြစ်နိုင်ပေ။ ယခုလို စုံတွဲများ တွဲပေး၍ စေလွှတ်ဖို့မှာလည်း မဖြစ်နိုင်ပေ။ ဟန်လိက သူတို့၏ ချစ်ခြင်းသည် သေအတူရှင်မကွာဖြစ်နေလောက်သည့်ထိ လေးနက်လှသည်ကိုလည်း မယုံပါ။

အဝါရောင်မေပယ်တောင်ကြားနှင့် ဗလာသန့်စင်ဂိုဏ်းတို့၌ တန်းစီနေသူများထဲတွင် အသက်ကြီးသူ အချို့ ပါနေ၏။

သူတို့၏ သက်တမ်းက ကုန်ခါနီး ဖြစ်နေသောကြောင့် သူတို့က ဒီတားမြစ်ဧရိယာထံ ခရီးစဉ်၌ မပါဝင်ခဲ့လျှင်ပင် အသက်ရှည်ရှည် နေရတော့မည် မဟုတ်ပေ။ သို့ဖြစ်၍ နောက်ဆုံးအနေဖြင့် သေသေရှင်ရှင် ဒီစမ်းသပ်ကွင်း၌ ပါဖို့ စိတ်အား ထက်သန်တာ ဖြစ်၏။ သူတို့သာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရ၍ ကံကောင်းထောက်မကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ပါက သူတို့၏ ကံကြမ္မာသည် အရင်နှင့် လုံးလုံးလျာလျာ ကွဲပြားသွားပေလိမ့်မည်။ သူတို့အတွက် အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ ရောက်ဖို့ မျှော်လင့်ချက် မရှိခဲ့လျှင်ပင် နောက်ထပ် သက်တမ်းရာချီ နေနိုင်ကြမည် မဟုတ်လား။

ထိုသို့သော အတွေးဖြင့် စမ်းသပ်ကွင်း၌ ပါဝင်ဖို့ ရောက်လာသူများသည် မများပြားသော်လည်း ဂိုဏ်းနှစ်ခုလုံး၌ ခုနစ်ယောက်၊ ရှစ်ယောက်လောက်တော့ ရှိနေ၏။ ဒီလမျက်နှာဖုံးဂိုဏ်း၌သာ တစ်ယောက်မျှ ရှိမနေတာ ဖြစ်၏။ ထိုအချက်က ဟန်လိ၏ အမြင်တွင် နည်းနည်း ထူးခြားနေသည်။

ဘိုးဘေးလီနှင့် တာအိုရသေ့တို့သည် တခုခုမှားနေပြီကို သဘောပေါက်ကြဟန် တူ၏။ သူတို့၏ မျက်နှာက ပို၍ သုန်မှုန်နေသည်။ သူတို့က လမျက်နှာဖုံးဂိုဏ်းမှ နတ်သမီးနီချန်နှင့် စကားပြောနေသော်လည်း သူတို့၏ စိတ်က တခြားနေရာ ရောက်နေသည်။

တအောင့်အကြာ၌ တခြား ကျန်သည့် ဂိုဏ်းလေးဂိုဏ်းလည်း တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း ရောက်လာ၏။ ဟန်လိ အမြင်ကို ဖမ်းစားနိုင်ဆုံးက ဓားဘီလူးဂိုဏ်းနှင့် ဝိညာဉ်သားရဲတောင်တို့ပင်။

ဓားဘီလူးဂိုဏ်းမှ လူတိုင်းက အမျိုးသားများ ဖြစ်၏။ သူတို့အားလုံးက ဝတ်ရုံနက်များ ဝတ်ထားသည်။ ကျောဘက်၌ ကြီးမားသော ဓားပြားကြီးကို လွယ်ထား၏။ သူတို့၏မျက်နှာများက အေးစက်နေ၏။ သူတို့ထံမှ သတ်ချင်ဖြတ်ချင်စိတ်ကို ပေးစွမ်းနေသည်။

ဝိညာဉ်သားရဲတောင်မှ လူများကမူ အရောင်စုံ ဝတ်ထားကြ၏။ သူတို့၏ ဝတ်စုံများ၌ များပြားလှသော သားရေအိတ်ကပ်များ ပါသည်။ သူတို့၏ဝတ်စုံများက သက်ရှိသတ္တဝါတစ်ကောင်ကောင်က လှည့်ပတ်သွားလာနေသလိုပင် ထင်ရသည်။ ဤသည်မှာ တခြားဂိုဏ်းမှ တပည့်များကို အထိတ်တလန့် ဖြစ်စေကုန်၏။

ဓားဆိပ်ကမ်းနှင့် မျှော်စင်ရဲတိုက်တို့ကမူ ဟန်လိ၏ အမြင်၌ ပုံမှန်သာ ဖြစ်၏။ သူတို့က အဝါရောင်မေပယ်တောင်ကြားမှ တပည့်များကဲ့သို့ပင်။ သူတို့ထဲမှ အများစု၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန်များ ပေါ်နေလျက် တစ်ယောက်နှင့်တစ်ယောက် တီးတိုးတီးတိုး စကား ပြောနေ၏။

All Chapters