အရံအတားကို ချိုးဖျက်ခြင်း
Vol. 13 Ch. 179
ဂိုဏ်းအသီးသီး၏ ခေါင်းဆောင်များက တားမြစ်ဧရိယာကို မည်သို့မည်ပုံ ဖွင့်ရမည်ဟု တိုင်ပင် ဆွေးနွေးနေ၏။ ထိုစဉ် ဟန်လိက အကြောင်သား နေမနေပေ။ ဂိုဏ်းအသီးသီး၏ ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိမည့်၊ သူ သတိထားရမည့်သူများကို စူးစမ်းကြည့်နေ၏။
ချီစုဆောင်းခြင်း အဆင့်ဆယ့်သုံး၏ အထွတ်အထိပ်ရောက်နေသော ကျွမ်းကျင်သူအချို့ကို ရင်ဆိုင်ရာ၌ သူက မည်သို့ ကွယ်ပုန်းရမည်လည်း တွက်ချက်နေ၏။ သူသည် စီနီယာအစ်ကိုလုကဲ့သို့ လူစားမျိုးနှင့် နောက်ထပ် တိုက်ပွဲ မဆင်နွှဲချင်ပေ။ အစ်ကိုလုနှင့် တိုက်ပွဲတုန်းက သူသည် မှော်စွမ်းအား လုံးလုံး မကျန်သည့်အထိ ကုန်ခမ်းကာ ခြေကုန်လက်ပမ်း ကျခဲ့ဖူးပြီး ဖြစ်၏။ ထိုသို့အဖြစ်မျိုး သူ ထပ်မကြုံချင်ပေ။
အခုအခြေအနေက ထိုတိုက်ပွဲတုန်းကနှင့်လည်း လုံးဝ မတူပေ။ သည်တကြိမ်၌ သူက ရန်သူတစ်ယောက်တည်းကို ရင်ဆိုင်ရမည် မဟုတ်၊ သတ်ဖြတ်လိုစိတ် ရှိနေသော ကျင့်ကြံသူများစွာနှင့် ရင်ဆိုင်ရမှာ မဟုတ်လား။ သူသာ သူ၏ ခွန်အားနှင့် သူ့စွမ်းအားကို ထိန်းသိမ်းမထားနိုင်ပါက ဦးဆုံး မျိုးပြုတ်မည့်သူများထဲမှ တစ်ယောက် ဖြစ်သွားလိမ့်မည်။
ဘေးတဖက်သို့ လှည့်ပတ်ကြည့်ကာ စဉ်းစားနေစဉ် ဟန်လိက တစ်ယောက်ယောက် သူ့ကို စိုက်ကြည့်နေသလို ရုတ်တရက် ခံစားမိ၏။ သူက ဆတ်ခနဲ သတိနိုးကြားကာ ထိုအကြည့်၏ လားရာထံ လှမ်းကြည့်သည်။
ဝိညာဉ်သားရဲတောင်မှ အမျိုးသမီးတစ်ယောက်က ဟန်လိကို ကြည့်နေတာ ဖြစ်၏။ သူမ၏ လှပသော မျက်နှာလေးကို မြင်သည့်နောက် ဟန်လိမှာ သူမကို သိသလိုလို ခံစားမိ၏။
သူ အံ့အားသင့်သွားသည်။ သူက ထိုအမျိုးသမီးငယ်ကို မှတ်မိသည်။ သူ၏မှတ်ဉာဏ်ထဲ၌ ပိန်သွယ်သွယ် ပုံရိပ်တစ်ခု ပေါ်လာ၏။
“ထိုက်နန်တောင်ကြောင်းမှာ ငါ့ကို ရွှေစုတ်တံ ရောင်းခဲ့တဲ့ ကောင်မလေးကို။ သူမက ဝိညာဉ်တောင်ကို ဝင်ရောက်ပြီး ဒီစမ်းသပ်ကွင်းမှာ ဘယ်လိုကြောင့် ပါဝင်လာရတာလဲ…”
ထိုအမျိုးသမီးငယ်က အရင်ကထက်ပင် ပို၍ စွဲဆောင်မှု ရှိလာပုံ ရ၏။ သူ့ကို သံသယ ဝင်သွားစေသည်။
သို့သော် သူမ၏ ရှက်သွေးဖြန်းသော မျက်နှာလေးက သူ့မှတ်ဉာဏ်ထဲ၌ တဖြတ်ဖြတ် ပြန်ပေါ်၏။ သူက သူမကို အတော်လေး သဘောကျမိသလို ခံစားမိသည်။
ထိုသို့တွေးကာ သူက သူမထံ လှမ်း၍ ပြုံးပြလိုက်၏။
ထိုအမျိုးသမီးငယ်က ဟန်လိ၏ အပြုံးကို မြင်သွားတာ သိသာ၏။ အကြောင်းကား သူမ၏ ပါးမို့မို့မှာ ရုတ်ချည်း နီမြန်းသွားသောကြောင့်ပင်။ သူမက အရင်တုန်းကလိုပင် အရှက်သည်းဟန် တူ၏။
သူမ၏နောက်၌ လူထွားတစ်ယောက် ရပ်နေ၏။ ထိုသူက ဟန်လိနှင့် ဒီအမျိုးသမီးငယ်တို့၏ အပြုအမူများကို သတိပြုမိပုံ ပေါ်ကာ သူ့အမူအရာသည် ပျက်ယွင်းသွား၏။ ရုတ်တရက် သူက ထိုအမျိုးသမီးငယ်ကို တင်းမာသောလေသံဖြင့် တခုခု ပြောလိုက်၏။ ထိုအခါ သူမ၏အမူအရာမှာ ချက်ခြင်း ဖြူရောသွားသည်။ သူမက ခေါင်းငုံ့ ငြိမ်သက်သွား၏။ ဟန်လိ ရှိနေသောအရပ်ထံ ထပ်မံ မကြည့်ဝံ့တော့ပေ။
ထိုသူက ဒီကိစ္စကို ဒီမျှနှင့်မထား။ ဟန်လိကိုပါ ရန်လိုစွာ လှမ်း၍ စိုက်ကြည့်၏။
ဟန်လိက မျက်မှောင်ကြုတ်သွားသည်။ ဝိညာဉ်သားရဲတောင်ပေါ်၌ ထိုမိန်းကလေး ရှိနေခဲ့ရသော နေ့ရက်များမှာ ကြမ်းတမ်းပုံ ရ၏။ သည်လူထွားမှာ အစောပိုင်းတုန်းက သူ သတိထား လေ့လာကြည့်ခဲ့စဉ် ရက်စက်ပုံရသော၊ ချီစုဆောင်းခြင်းအဆင့်ဆယ့်သုံး၌ ရှိနေသော သူများထဲမှ တစ်ယောက် ဖြစ်နေ၏။ သူက ဒီအမျိုးသမီးငယ်ကို သေချာ စောင့်ကြည့်နေပုံ ရသည်။ သူမအဖို့ နေရခက်နေမှာ သေချာသည်။
သို့သော် ဟန်လိသည် ဝိညာဉ်သားရဲတောင်မှ လူ မဟုတ်ပေ။ ထို့အပြင် သူတို့က တားမြစ်ဧရိယာထဲ ဝင်ရောက်ပါက ခုလေးတင် ရန်သူမဟုတ်သူများသည် ရန်သူများ ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ သူက သူ့အပေါ် ရန်လိုစွာ လှမ်းကြည့်သူကို မထီမဲ့မြင်ဟန် ပြု၏။ ငြိမ်ခံမနေပေ။
ဟန်လိ၏ အပြုအမူက သည်လူထွားကို ဒေါသထွက်သွားစေပုံ ရ၏။ သူ့မျက်နှာမှာ ဒေါသကြောင့် နီလာ၏။ သို့သော် သူ့ထံ၌ ဟန်လိကို လှမ်းရန်ပြုဖို့ နည်းလမ်း မရှိနေပေ။ သို့ဖြစ်၍ သူက အမျိုးသမီးငယ်ထံ ခေါင်းလှည့်သွားကာ လေသံတိုးတိုးဖြင့် မာထန်သော စကားများကို ပြော၏။ အနီးအနားရှိ ဝိညာဉ်သားရဲတောင်မှ တပည့်အချို့သည်ပင် မျက်ခုံးပင့်ကာ လှမ်းကြည့်လာ၏။ ထိုအမျိုးသမီးငယ်ထံ ကြည့်နေသော သူတို့အများစု၏ အကြည့်၌ မုန်းတီးဟန် ပါဝင်နေသည်။
ဟန်လိက ထိုအမျိုးသမီးငယ် အပေါ် သနားမိသွား၏။ သို့သော် သူတို့က နေရာချင်း အလှမ်းကွာနေသဖြင့် ထိုလူထွား မည်သည့်စကားများအား ပြောနေသည်ကို မကြားရပေ။
သူက ထိုအမျိုးသမီးငယ်ကို ထပ်မံ၍ မနာကျင်စေလိုသဖြင့် အမျိုးသမီးများအပေါ် မည်သို့ ပြုမူ ဆက်ဆံရမည်ကို မသိသော ဒီကောင်များအား စိတ်ထပ်မစွတော့ပေ။ သူ့ထံ၌ ထိုသူ့ကို ဒေါသအမျက်ထွက်စေအောင် ထပ်လုပ်နိုင်သော နည်းလမ်းများ ရှိသည်ဟု ယုံကြည်ထား၏။ သို့သော် ထိုအမျိုးသမီးငယ် အမဲခံရမည့် စိုးသည့်အတွက် သူ ထပ်မလုပ်တော့ပေ။
ထိုအခိုက်တွင် ဂိုဏ်းအသီးသီး ဘိုးဘေးများက သူတို့၏ဆွေးနွေးဝိုင်းကို လက်စသပ်ကာ သူတို့ဂိုဏ်း၏ တပည့်များထံ ပြန်လာ၏။ ထို့နောက် သူတို့က တပည့်များကို ခေါ်ကာ လေထဲသို့ ပျံတက်၍ အမည်ကျော် တားမြစ်ဧရိယာထံ ဦးတည်လာသည်။
ယွမ်ဝူဒေသ၏ နယ်စပ်ထံ နာရီများစွာ ပျံသန်းပြီးသည့်နောက် သူတို့သည် အဆုံးမရှိသော အဝါရောင်မြေသားတောင်စောင်းတခုထံ ဆင်းသက်၏။ သည်နေရာတွင် ကျောက်တုံးကျောက်စပုံများကလွဲ၍ မြက်ပင်တပင်ပင် မမြင်ရပေ။ မျက်စိတဆုံး မြေသားအဝါများကိုသာ မြင်ရသော ကွင်းပြင်ကျယ်တခုသာ ဖြစ်၏။
“ဒီနေရာလား…”
ဟန်လိနှင့် တခြားသူများသည် ကြီးစွာ အံ့အားသင့်သွား၏။ ဤနေရာမှာ ကောင်းကင်နှင့်မြေကြီး၏ သဘာဝတရားကနေ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်ဆိုင်ရာ အရာများ ရှိနေသော နေရာနှင့် မတူပေ။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက ထပ်မံ စုဝေး၍ စကားအနည်းငယ် ပြောကြ၏။ ထို့နောက် ဓားဘီလူးဂိုဏ်းမှ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်တောင့်တောင့် လူတစ်ယောက်က တကိုယ်တည်း လှမ်းထွက်လာသည်။ သူက ရှေ့ခြေဆယ်လှမ်းလောက် လျှောက်လာပြီးနောက် ရပ်လိုက်သည်။
သူ့ဘယ်လက်ကို ဆန့်၏။ ထိုအခါ အောက်ခြေမှ အဝါရောင်အလင်းသည် ထိုးထွက် မြင့်တက်လာသည်။ ရွှံနွံထဲမှ နဂါးဝါတစ်ကောင် ထိုးထွက်ကာ သည်လူ၏ လက်ထဲ၌ ဧရာမရွှံ့ဓားအဖြစ် သိပ်သည်းလေသည့်အလား။
ထိုသူက သူ၏ ညာလက်ချောင်းဖြင့် ၎င်းဓား၏ လက်ကိုင်ကနေ ထိပ်ဖျားဖိ ညင်ညင်သာသာ ပွတ်သပ်သည်။ သူ့လက်ချောင်းနှင့်အတူ အဖြူရောင်အလင်း တောက်ပ၏။ ရွှံဓားသည် ချက်ခြင်းပင် လေးလံသော ကျောက်သားဓားအဖြစ်သို့ ပြောင်းသွားသည်။
ရွှံ့ကို ကျောက်သားအဖြစ် ပြောင်းလဲနိုင်သော စွမ်းရည်သည် အလယ်အဆင့် မှော်ပညာရပ်ပင်။ ထိုမြင်ကွင်းက ဂိုဏ်းခုနစ်ဂိုဏ်း၏ တပည့်များကို အံ့အားသင့်စေကုန်၏။ သူတို့သည် အမြင်များလည်း ကျယ်ရသည်။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဓားဘီလူးဂိုဏ်းမှ အနှီကျွမ်းကျင်သူက မရပ်တန့်သေးပေ။ သူ၏လက်နှစ်ဖက်ဖြင့် ဓားကို အာရုံခံစားကာ ခေါင်းညွှတ်သည်။ အားမန်ပြည့်စွာ မာန်သွင်း၍ သူ့က ဓားကို ကြယ်ဥက္ကာတစ်စင်းနှယ် မြန်သောနှုန်းဖြင့် ပစ်သွင်း၏။ ဓားကား လေထုကို ခွင်း၍ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ထိုအဖြစ်အပျက်က သည်မှာ ရှိသော လူတိုင်း၏ စိတ်နှလုံးကို လှုပ်ခါစေ၏။ ကျောက်သားဓားမှာ ခြေလှမ်းဆယ်လှမ်းကျော်စာ အကွာအဝေးကို ပျံသန်းသွားရုံ ရှိသေး ၎င်းက တစုံတခုနှင့် ချက်ခြင်း ထိမိ၏။ ဟုန်းခနဲ မြည်သံနှင့်အတူ ဒီဓားက ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွား၏။ မိုးပြာရောင်အလင်းသည် ကောင်းကင်၏ ကျယ်ပြန့်သော နေရာထိ လွှမ်းခြုံလာသည်။ လူတိုင်း၏ အသားအရေမှာ မိုးပြာရောင်အလင်းနှင့်အတူ တောက်ပကုန်သည်။
တပည့်အုပ်စုများမှာ အထိတ်တလန့်၊ အံ့အားတသင့် ဖြစ်ကုန်စဉ် မိုးပြာရောင်အလင်းက အကြောင်းရင်းမရှိ ပိုအားကောင်းလာ၏။ မရေမတွက်နိုင်သော လေဓားသွားများ အော်မြည်သည်။ ယင်းတို့က နေရာအနှံ့ အရူးအမူး ပျံသန်းထွက်ကာ လေနှင့်မိုးပါ မထွင်းဖောက်နိုင်သော လေဓားသွားတံတိုင်းတခုကို ဖန်တီးသည်။ ထိုလေတံတိုင်းက မည်သည့်ဘက်၊မည်သည့်နေရာ၌ အဆုံးသပ်သည်ကိုမူ မည်သူကမျှ မသိကြပေ။ အရပ်မျက်နှာအနှံ့မှ မိုးပြာရောင်အလင်းသည် လေတိုးသံများကို တဝေါဝေါ ထုတ်လွှတ်၏။
တစုံတစ်ယောက်က ထိုလေနံရံထဲ ဝင်သွားပါက အပိုင်းပိုင်းအထစ်ထစ် ခုတ်ဖြတ်ခံရသည့် ခံစားချက်ကို ချက်ခြင်း သိသွားနိုင်လောက်၏။ ထိုသူ၏ ခန္ဓာကိုယ်မှာ အတုံးလိုက်အတစ်လိုက် ဖြစ်သွားလိမ့်မည်။
“ဒီအတားအဆီး အရံအတားက တကယ့်ကို အံ့ချီးဖွယ်ပဲဟ။ ဘယ်လို ရှေးဟောင်းကျွမ်းကျင်သူကများ ဒီလောက် ကြမ်းတမ်းလှတဲ့ မန္တာန်အစီအရင်ကို ချခင်းခဲ့တာလဲ မသိဘူး။ ဒါနဲ့ နှိုင်းယှဉ်ရင် ငါတို့ အဝါရောင်မေပယ်တောင်ကြားရဲ့ ဂိုဏ်းအကာအကွယ် အရံအတားဟာ ကလေးသာသာ ဖြစ်သွားလိမ့်မယ်။ ယှဉ်ပြောဖို့တောင် မထိုက်တန်ဘူး…”
ဟန်လိက ထိုသို့တွေးမိကာ ကြိတ်၍ သက်ပြင်းချမိ၏။
ထိုအခိုက်တွင် ဓားဘီလူးဂိုဏ်းမှ ကျွမ်းကျင်သူက ခေါင်းခါကာ ပြန်လျှောက်လာ၏။ ကျန်သည့် ခေါင်းဆောင်များမှာ အချိန်ကျရောက်လာတော့မည် ဖြစ်ကြောင်း၊ အချိန်ခဏလောက် နားနားနေနေ နေနိုင်ကြောင်းကို ပြောကြား၏။ သူတို့က ဒီအခိုက်အတန့်တွင် တားမြစ်ဧရိယာကို ဖွင့်လှစ်ကြတော့မည်။
ထိုသို့ဖြင့် ဓားဘီးလူးဂိုဏ်းမှ ထိုပုဂ္ဂိုလ်သည် တူညီသောနည်းလမ်းဖြင့် ဒီအတားအဆီးအရံအတား၏ ခွန်အားကို နှစ်နာရီလောက် စမ်းသပ်နေ၏။ သူ၏ လေးခုမြောက် ကျောက်ဓားကြီးကို ပစ်သွင်းချိန်၌ မိုးပြာရောင်အလင်းမှ တဟုန်ထိုး ထွက်ပေါ်နေသော လေဓားသွားများ ပမာဏသည် အတော်လေး လျော့ကျသွားခဲ့တာ သိသာလာသည်။
ထိုအခြေအနေ၌ ကျန်သည့် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူခြောက်ယောက်က တူညီသော အပြုအမူကို ပြုကြ၏။ သူတို့က ပုခုံးချင်းယှဉ်ကာ ပျံသန်းထွက်လာသည်။
ဘိုးဘေးလီ၏ လက်ထဲ၌ တပေခန့် ရှည်သော လုံးဝန်သည့် အရာဝတ္ထုတစ်ခုကို ကိုင်ထား၏။ ၎င်းထံမှ ကြမ်းကြုတ်သော ငွေရောင်အလင်းများ ဖြာထွက်နေ၏။ တာအိုရသေ့က သူ့ခေါင်းနောက်ဘက်ကို ပုတ်ကာ တစ်လက်မခန့် ရှိသော မိုးပြာအလင်းကို သူ၏ ပါးစပ်ထဲမှ ထွေးထုတ်သည်။ ၎င်းက လေနံရံထံ ပျံသန်းသွားရင်း ပို၍ ရှည်လျားလာကာ ပေအချို့ ရှည်လျားသော ဓားပျံတစ်လက်အဖြစ်သို့ ပြောင်းလဲသည်။
တခြားငါးယောက်မှာလည် သူတို့၏ သက်ဆိုင်ရာ မှော်လက်နက်များကို ထုတ်ကြ၏။ ပန်းရောင်ဖဲပြား၊ နဂါးတောင်ဝှေး၊ စိမ်းနက်ရောင်ဓားကြီး၊ အနီရောင် ထုတ်လွှတ်နေသော ဓားမော့ရှည်၊ အဝါရောင် တလက်လက် တောက်ပနေသော တံဆိပ်တုံး…စသဖြင့် သူတို့၏ မှော်ပစ္စည်းများကို အသီးသီး ထုတ်၏။
ယင်းတို့မှာ ဒီကျွမ်းကျင်သူများ သူတို့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ချိန်မှစ၍ ဖန်တီးခဲ့သော မှော်ပစ္စည်းများပင်။
ဂိုဏ်းတိုင်း၏ တပည့်တိုင်းသည် မပေါ့ဆ ဝံ့ကြပေ။ သူတို့၏ အခြေခံတည်ဆောက်ခြင်းအဆင့် စီနီယာများ၏ အမိန့်များအောက်၌ တားမြစ်ဧရိယာထံ အချိန်မရွေး ဝင်ရောက်နိုင်ရန် ပြင်ဆင်နေသော နေရာခုနစ်ခု၊ထောင့်ခုနစ်ခုမှ ဘိုးဘေးခုနစ်ယောက်၏ နောက်ဘက်တွင် အသင့်ရပ်နေကြသည်။
မှော်လက်နက်များက လေဓားသွားများနှင့် အကြမ်းပတမ်း တိုက်ခိုက်နေ၏။ အသံဗလံများ မြည်ဟိန်းထွက်ပေါ်နေသည်။ အလင်းတန်းများက နေရာအနှံ့သို့ ထိုးထွက်နေ၏။ အချိန်နှင့်အမျှ ထူးခြားသော လေတိုးသံ ထုတ်လွှတ်လာနေ၏။ ယင်းအသံက စောင့်ကြည့်နေသော တပည့်များကို အလွန်စိတ်ပူပန်စေသည်။
ဘိုးဘေးလီက တစ်ပေခန့် ရှည်လျားသော လက်စွပ်ကွင်းကို အဆက်မပြတ် လှည့်ပတ်နေ၏။ ၎င်းလက်နက်ထံမှ ငွေရောင်အလင်းများ ထုတ်လွှတ်နေသည်။ ယင်းအလင်းတို့က ကြီးလိုက်၊ သေးလိုက် ရှိ၏။ မရေမတွက်နိုင်သော လေဓားသွားများက ၎င်းကွင်းကို ထိုးနှက်နေ၏။
မိုးပြာရောင်ဓားပျံက ရေနဂါးအဖြစ်သို့ ပြောင်းလဲ၏။ အနှီနဂါးမှာ မီတာသုံးဆယ်ကျော် ရှည်သည်။ ဓားချက်တိုင်းက ထူးခြားသော အော်မြည်သံကို ပေးစွမ်းနေ၏။ ကြားရသူတိုင်း၏ စိတ်နှလုံးကို လန့်စေမည့် အသံများတည်း။
ကျန်သည့် မှော်လက်နက်ငါးခုမှာလည်း အထင်ကြီးစရာ ကောင်း၏။ အထူးသဖြင့် မြိုက်ထျန်ချွယ်၏ အဝါရောင်တံဆိပ်တုံးပင်။ ၎င်းမှာ အစွမ်းထက်ဆုံး ဖြစ်နေ၏။ ၎င်း၏ တိုက်ခိုက်မှု ကျရောက်တိုင်း ထိမိတိုင်း ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ တောင်ငယ်တလုံး မြင့်တက်လာသည့်နှယ် ထင်ရ၏။ သို့ပေမည့် တိုက်ခိုက်ပြီးတိုင်း ၎င်းတံဆိပ်တုံးက ပြန်ဆုတ်ကာ မူလအသွင်သို့ ပြန်ပြောင်း၏။ ထို့နောက်တွင် ၎င်း၏ တိုက်ခိုက်မှုက နှေးသွားကာ အားပျော့သွား၏။
သည်မှော်လက်နက် ခုနစ်ခု၏ ခွန်အားက အံ့ချီးဖွယ်ကောင်း၊ ထိတ်လန့်ဖွယ်ကောင်းပြီး လေဓားသွားအရံအတားက အားနည်းလာဟန် ရသော်လည်း ဒီအရံအတားက အားမာန်ပြည့်နေတုန်းပင်။ လေနံရံထံ ခြေလှမ်းတိုင်းက များစွာ အားစိုက်ထုတ်နေရ၏။ သိပ်မကြာခင် ဒီကျွမ်းကျင်သူခုနစ်ယောက်၏ နဖူးထက်၌ ချွေးပြန်လာသည်။
ခြောက်နာရီ၊ ရှစ်နာရီလောက် အပြင်းအထန် တိုက်ခိုက်ပြီးသည့်နောက် ကျွမ်းကျင်သူခုနစ်ယောက်သည် ချွေးပြန်နေပေပြီ။ သို့သော် နောက်ဆုံး၌ သူတို့၏ မှော်ရတနာများက အနိုင်ရခဲ့ပေ၏။ သူတို့က လေနံရံတွင် သုံးပေခန့် ရှိသော ဝင်ပေါက်တစ်ခုကို ဖွင့်နိုင်သွား၏။ မည်သူကမျှ ထိုလမ်း၏ အလွန်၌ မည်သည့်အရာ တည်ရှိနေသည်ကို မြင်နိုင်ကြခြင်း မရှိပေ။
“မြန်မြန် ဝင်ကြ။ ငါတို့က ဒါကို အကြာကြီး တောင့်ခံထားနိုင်မှာ မဟုတ်ဘူး…”
တာအိုရသေ့က ချက်ခြင်း အော်ဟစ်၏။ သူက ဒီခုနစ်ယောက်၌ မှော်စွမ်းအားအရာတွင် အားအနည်းဆုံးဖြစ်၍ ချွေးအပြန်ဆုံး ဖြစ်နေသည်။
ဂိုဏ်းခုနစ်ဂိုဏ်းမှ တပည့်များသည် သူ၏ စကားကို ကြားသည့်အခါ သူတို့က ပေါ့တိပေါ့ဆ မလုပ်ဝံ့ကြချေ။ သူတို့သည် အလှည့်ကျ ထိုဝင်ပေါက်ထဲသို့ ပျံသန်းဝင်ကြ၏။
ထိုအခိုက်တွင် လူတိုင်းက ငြိမ်သက်တိတ်ဆိတ်နေ၏။ သုန်မှုန်နေကြ၏။ သူတို့အားလုံးသည် ဒီတားမြစ်ဧရိယာထဲ ဝင်ပြီးသည်နှင့် အသေအကြေ တိုက်ပွဲများ ရင်ဆိုင်ရတော့မည်ကို သိသည်။ တူညီသောဂိုဏ်းမှ ရောင်းရင်းညီအစ်ကိုများကိုပင် ယုံ၍ ရမည် မဟုတ်တော့ပေ။
ဟန်လိက အစီအရင်တိုင်လုံး တစ်ခု၏ နောက်ဘက်ခြမ်း အလယ်၌ ရပ်နေ၏။ သူ့ရှေ့တွင် ဓားဘီလူးဂိုဏ်းမှ တပည့်တစ်ယောက် ရှိသည်။ သူ၏နောက်တွင် ဓားဆိပ်ကမ်းဂိုဏ်းမှ တပည့်တစ်ယောက် ရပ်နေ၏။
သည်ဝင်ပေါက်လမ်းမှာ သိပ်ရှည်လျားခြင်း မရှိပါ။ မီတာခြောက်ဆယ်လောက်သာ ရှိနိုင်မည်။ ဟန်လိက ထွက်ပေါက်ကနေ ပျံသန်းထွက်လာသည့်နောက် သူ့ရှေ့မှ မြင်ကွင်းက သူ့ကို ခဏ မူးဝေသွားစေ၏။ သူ၏ အမြင်အာရုံ ပြန်မကြည်ခင်မှာပင် သူ့နောက်နှင့်ရှေ့မှ လူများမှာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။