နဂါးနက်ရေကန်
Vol. 13 Ch. 180
ပုပ်အက်အက်နှင့် မီးခိုးရင့်ရောင်မြေသား၊ ၎င်းမြေသားပေါ်တွင် ရွှံဗွက်များ အဆက်မပြတ် ပွက်နေ၏။ တွန့်လိမ်ကောက်ကွေးနေသော သစ်ပင်များလည်း ရှိနေ၏။ မည်သည့်မြက်အမျိုးအစားမှန်း မသိရသော သွေးနီရောင်မြက်များက ဟန်လိ၏ ခြေထောက်အောက်တွင် ရှိနေသည်။ လေထု၌ ထူးခြားကာ စူးရှရှ အနံ့များ ပြည့်နေသည်။ ဤသည်မှာ ဟန်လိ ခေါင်းပြန်ကြည်လာသည်နှင့် တွေ့ရှိမိသော မြင်ကွင်းပင်။
ဟန်လိသည် ဒီထူးခြားသော ဝန်းကျင်ကြောင့် သတိမထားမိဘဲ မနေနိုင် ဖြစ်မိ၏။ သူက ဘေးပတ်ပတ်လည်သို့ အရင်ဆုံး ကြည့်၏။ သူ့ အနီးအနားတွင် လူများ ရှိလား၊ မရှိလား သိရဖို့အတွက် ဖြစ်၏။ တကယ်တော့ ဒီနေရာရှိ အန္တရာယ်၏ အကြီးမားဆုံး ဇာစ်မြစ်မှာ သူနှင့်အတူ ဝင်လာခဲ့သော ဂိုဏ်းအသီးသီးမှ တပည့်များသာ ဖြစ်သည်။
သူက ကံကောင်းပုံ ရ၏။ သူနှင့် မီတာသုံးဆယ်အတွင်း၌ သူ့အပြင် တခြားသူများ ရှိမနေပုံ ရ၏။ သို့မှသာ သူ သက်ပြင်း ခပ်ဖွဖွ ချနိုင်တော့သည်။
သို့သော် သူက သတိမပေါ့ပေ။ ခုထိ စိတ်အေးလက်အေး မဖြစ်ချေ။ သူ့လက်ထဲ၌ ရွှေပိုးတောင်မာဓားသွားတစုံ၊ နောက်လက်တဖက်၌ အဆောင်တခုကို အသင့်ကိုင်ထားသည်။ သို့မှသာ သူသည် သေချာ လုံခြုံမည် မဟုတ်လား။
ထိုအခိုက်တွင် ဟန်လိသည် သူ့ကိုယ်သူ နည်းနည်းတော့ တည်ငြိမ်စွာ ရှိနေပြီ ဖြစ်၏။ သူက သူ့ဘေးပတ်ဝန်းကျင်၌ ထူးခြားတာ တခုခု ရှိနေမလားဟု စူးစမ်းကြည့်သည်။
ဟန်လိသည် သူနှင့် မရင်းနှီးသော ဧရိယာ၌ ရုတ်ချည်း တခုခု ပေါ်လာမည်ကို မစိုးရိမ်ပေ။ ဒီတားမြစ်ဧရိယာထံ မလာခင်ထဲက အကြီးအကဲများသည် ဒီဒေသနှင့် ပတ်သတ်၍ လူတိုင်းကို စိတ်ပူရမည့် သတင်းအချက်အလက်များ အသေးစိတ် ပြောပြထားခဲ့ပြီး ဖြစ်သည်။
ထိုအချက်အလက်၌ လူတစ်ယောက်က တားမြစ်ဧရိယာထဲ ဝင်လာသည်နှင့် အစီအရင်မန္တာန်ကနေ ခွဲထွက်ခြင်းကြောင့် သက်ရောက်မှု ခံရမည်။ တားမြစ်ဧရိယာ၏ နေရာတခုခုထံ တည်နေရာရွှေ့ပြောင်းခြင်း ခံရမည် ဖြစ်သည်။ ကျရောက်မည့် နေရာကမူ ဝင်ရောက်သူ တစ်ဦးချင်း၏ ကံအပေါ် မူတည်သည်။
လူတစ်ယောက်သည် ဒီဒေသ၏ အလယ်ဗဟိုသို့ တည်နေရာရွှေ့ပြောင်းခံရပါက စိတ်ဝိညာဉ်ဆေးပင်များစွာကို စုဆောင်းနိုင်စွမ်း ရှိလိမ့်မည် ဖြစ်၏။ ထိုသူများမှာ အတော်လေး ကံကောင်းသူများ ဖြစ်၏။ လူတစ်ယောက်က နတ်ဆိုးသားရဲမျာ၏ အကြည့်အောက်သို့ တိုက်ရိုက် ကျရောက်သွားပါက ကံဆိုးမိုးမှောင်ကျခြင်းတည်း။ ထိုသို့ ကြုံရပါက သူတို့သည် ဒီသားရဲများ လက်ထဲကနေ ခန္ဓာကိုယ်အကောင်းပကတိအတိုင်း လွတ်မြောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။ သည့်အပြင် သူတို့က တခြား အန္တရာယ်များသော နေရာများထံလည်း ရွှေ့ပြောင်းခံရနိုင်၏။ ထိုနေရာများတွင် ချက်ခြင်း အသက်ဆုံးရှုံးခြင်း ကြုံရနိုင်သည်။ သို့ပေမည့် ထိုသို့ ဖြစ်နိုင်ချေများကတော့ နည်းပါသည်။
ဟန်လိကဲ့သို့ တားမြစ်ဧရိယာ၏ ထောင့်တနေရာကို တည်နေရာရွှေ့ပြောင်းခံရသူတွေက အများစု ဖြစ်၏။ သူတို့က ရှေ့သို့ ဆက်လာနိုင်စွမ်း ရှိလိမ့်မည်။
ဟန်လိက သူ့အနီးအနား ပတ်လည်ကို သတိကြီးကြီးထားကာ သွားလာနေရင်း သူ သိထားသော သတင်းအချက်အလက်များနှင့် ချိန်ဆ ကြည့်နေ၏။ သူက တဖြည်းဖြည်းဖြင့် ဒီတားမြစ်ဧရိယာကနေ ပြန်ထွက်လာဖူးသော တပည့်များထံမှ အတော်လေး အသုံးဝင်သော အချက်အလက်အချို့ကို ဖြည်းဖြည်းချင်း ပြန်မှတ်မိလာသည်။ ထိုအချက်အလက်တို့က ခုမှ ဒီကို ပထမဆုံး ဝင်လာသူများအတွက် အတော်လေး အသုံးတည့်ပေသည်။
“နဂါးနက်ကန်ဟာ တားမြစ်ဧရိယာရဲ့ မြောက်ပိုင်းအစွန်ထောင့်မှာ တည်ရှိတယ်။ ဒီရေကန်ရဲ့ အလယ်ဟာ မီတာသုံးဆယ်ကျော် နက်ပြီး အကျယ်ကတော့ မီတာလေးထောင်ကျော် ရှိတယ်။ ဒီဝန်းကျင်မှာ ပုပ်သိုးအရိုးပန်းများ၊ မြွေပက်ကျိပင်နဲ့ တခြားအလားတူ အပင်တွေ ရှိတယ်။ ဒါတွေကို အဆိပ်ဖန်တီးရာမှာ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ တန်ဖိုးတော့ သိပ်မရှိဘူး…”
“နဂါးနက်ရေကန်ရဲ့ အလယ်မှာ ဆယ်နှစ်တစ်ခါ အေးခဲငွေ့မြက်ပင်တွေ အနည်းအကျဉ်း ပေါ်လာတတ်တယ်။ ဒီမြက်ပင်တွေက အံ့အားသင့်ဖို့ ကောင်းတဲ့ ဆေးပင်တွေပဲ။ လိမ်းဆေးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြတယ်။ ဖြစ်နိုင်ရင်တော့ ဒီဆေးပင်တွေကို ရနိုင်သမျှ များများသာ ယူလာခဲ့။ ဂိုဏ်းက အဲ့အတွက် ဆုလဒ်ကောင်းကောင်း ချီးမြှင့်ပေးလိမ့်မယ်။ ဒါပေမဲ့ သတိထားရမှာက အဲ့ရေကန်ရဲ့ အနက်ပိုင်းမှာ အဆင့်နိမ့် အဆင့်တစ်သားရဲအုပ်စု ဖြစ်တဲ့ ရေခဲဖားပြုပ်အုပ်စု ပုန်းကွယ်နေတာကိုပဲ။ ဒါပေမဲ့ ဒီသားရဲဖားပြုပ်တွေက ရန်လိုတဲ့ သဘာဝတော့ မရှိဘူး။ လူတစ်ယောက်က သူတို့ကို တမင်သွားမစမိရင် သူတို့ကလည်း အန္တရာယ် ပေးလေ့ မရှိဘူး…”
ဟန်လိ၏ စိတ်ထဲ၌ သူ သိထားသော သတင်းအချက်အလက်များ တဖြည်းဖြည်း ပေါ်လာနေ၏။
အများစကားအရ လူတစ်ယောက်သည် တားမြစ်ဧရိယာနှင့် ပိုနီးလေလေ ရှားပါး စိတ်ဝိညာဉ်ဆေးပင်များကို ပိုရှာတွေ့လေ ဟူ၍ပင်။ အလားတူပင် ယင်းအပင်များကို စောင့်ကြပ်နေသော ပိုသန်မာသည့် သားရဲများနှင့်လည်း ကြုံရလိမ့်မည် ဖြစ်၏။ နဂါးနက်ရေကန်က ဒီဧရိယာ၏ အပြင်ဘက်အကျဆုံး အပိုင်းမှာ တည်ရှိတာတော့ မဟုတ်၊ အပြင်ဘက်ပိုင်းတွင်တော့ ရောက်နေ၏။ ဟန်လိသာ အလျင်အမြန် ရှေ့ခရီး ထပ်ဆက်ပါက တနေ့အတွင်း အတွင်းဘက်အပိုင်းကို ရောက်နိုင်လိမ့်မည် ဖြစ်၏။
ဟန်လိက ပျံသန်းခြင်းမှော်ပစ္စည်းများကို အသုံးမပြုဝံ့ပေ။ ထိုအစား သူက အရွက်ဝေဝေဆာဆာ ရှိနေသော အပင်ကြီး တစ်ပင်အပေါ် ခုန်တက်၍ ဘေးပတ်ပတ်လည်သို့ လေ့လာကြည့်နေ၏။ သူက သူ သွားရမည့် အရပ်မျက်နှာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပြီးနောက်မှ အောက်ပြန်ဆင်းလာ၏။
ဟန်လိ၏ တောင်ဘက်အရပ်၌ ရေကန် ရှိနေပြီး ၎င်းမှ တဆင့် တားမြစ်ဧရိယာ၏ ဗဟိုချက်ဧရိယာထံ ဦးတည် သွားရောက်၍ ရသည်။ သူက ဖြတ်သားဖြတ်လာဖြင့် ဒီရေကန်ကို တချက်လောက် ကြည့်နိုင်မည့်ပုံ ပေါ်သည်။
ဟန်လိက သူ့ခန္ဓာကိုယ်ပေါ်၌ ကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ကို အသုံးပြုသည်။ ထို့နောက်တွင် သူက လမ်းအတိုင်း ခပ်သွက်သွက် ခပ်မြန်မြန်ဖြင့် ခြေလှမ်းလာ၏။ သူက စိတ်ပူပန်နေ၍လည်းတော့ မသိရပေ။ တစ်လီ အကွာအဝေးလောက် လျှောက်လာပြီးသည့်အထိ ထွေထွေထူးထူး ဘာကိုမျှ မကြုံရသေးပေ။ ဒီနဂါးနက်ရေကန် ဧရိယာ၌ သူတစ်ယောက်တည်း ရှိနေပုံ ရ၏။
သူက ရေစီးသံကို ကြားသည့်အခါ သူ၏ စိတ်ထဲရှိ တင်းကြပ်မှုက အနည်းအပါးတော့ ပြေလျော့သွား၏။
သူ့လမ်းရှိ အဟန့်အတား ဖြစ်နေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထစ်ပြီးသည့်နောက် ဟန်လိက အစိမ်းရင့်ရောင်ရေကန်တကန်ကို ကောင်းကောင်း လှမ်းမြင်ရ၏။ မည်သူကမျှ ၎င်းရေကန်နား ခုထိ မရောက်လာကြသေးပေ။ တောအုပ်၏ အေးစိမ့်စိမ့်လေကြောင့် ဟန်လိက ချမ်းတုန်မှုတော့ ရှိ၏။
“ဒါက နဂါးနက်ရေကန် ဆိုတာလား…” ဟန်လိက သိချင်စိတ်ဖြင့် စူးစမ်းကြည့်နေသည်။
ရေကန်၏ အရွယ်အစားမှာ ကြီးသည်ဟု မဆိုသာ၊ ယင်းဝန်းကျင်၌ မြွေပက်ကျိသစ်ပင်များ ပြည့်နေသည်။ သို့သော် ရေမျက်နှာပြင်ထံမှ အေးစက်စက် ချီအငွေ့အသက်များကို ထုတ်လွှတ်နေတာတော့ အမှန်ပင်။ ယင်းချီများကို ပကတိမျက်စိသပ်သပ်ဖြင့် မြင်ရနိုင်၏။ ရေကန်နား ကပ်လျက်ရှိ ကုန်းမြေ၌ပင် ရေခဲအချပ်အလွှာများကို ထုတ်ပေးနေ၏။ ရေကန်၏ အေးစက်မှုကို ကောင်းစွာ မြင်ရသည်။
ဟန်လိက ဒီအသေးအမွှားအရာအချို့ကို အရေးမစိုက်ပေ။ သူ အာရုံစိုက်နေသည်မှာ ရေကန်၏ အနားစွန်းနား၌ ပေါက်ရောက်နေသော အဖြူရောင်မြက်ပင်အုပ်ကို ဖြစ်၏။ ထိုမြက်ပင်များ၌ ဖြူဆွတ်နေသော အရွက်ငါးရွက် ရှိနေ၏။ ၎င်းတို့ထံမှ အဖြူရောင်ချီခပ်ရေးရေးကို ထုတ်လွှတ်ပေးနေ၏။ ထိုအပင်များသည် စိတ်ဝိညာဉ်သဘာဝ ရှိနေပုံ ပေါ်သည်။
“အမှန်ပဲ။ ဒါက အေးခဲငွေ့မြက်ပင် ဖြစ်ရမယ်။ ဒါက ငါ သိထားတဲ့ အချက်အလက်တွေနဲ့ နည်းနည်းလေးတောင် ကွာဟချက် ရှိမနေဘူး…” ဟန်လိက တကိုယ်တည်း ရေရွတ်လိုက်ပြီး စိတ်ထဲ၌ ကြိတ်၍ ပျော်သွား၏။
ထိုဆေးပင်က သူ၏ အခြေခံတည်ဆောက်ခြင်းဆေးလုံး ဖော်စပ်ဖို့အတွက် လားလားမျှ မဆိုင်ပေ။ သို့သော်လည်း အခု ဒီနေရာကို စရောက်ရုံ ရှိသေး ကောင်းမွန်အသုံးတည့်သော ဆေးပင်ကို အလွယ်တကူ တွေ့နေရပေပြီ။
ဟန်လိက ဘေးဘီဝဲယာသို့ အရင်ကြည့်၏။ သူက ထိုသို့ ဝန်းကျင်ကို အရင်စူးစမ်းတာ အကျင့်ဖြစ်နေလေပြီ။ ထို့နောက်တွင် သူက လျှောက်လှမ်းလာသည်။ သို့သော် ရုတ်တရက် သူ့အမူအရာက ပြောင်းလဲသွား၏။ သူက ကိုယ်ကို ကိုင်းညွှတ်၍ ခြေလှမ်းအနည်းငယ် ခပ်ဖွဖွ လှမ်းသည်။ သူ့ကိုယ်သူ အနီးအနားရှိ သစ်ပင်အကိုင်းအခတ် အချို့ကြား ကွယ်ဝှက်စေပြီးနောက် မလှုပ်မယှက် နေသည်။ ယင်းနောက် သူက ဘယ်ဘက်ခြမ်းရှိ သစ်တောအုပ်ထံ လှမ်းကြည့်သည်။
တအောင့်အကြာ၌ လူရိပ်တစ်ခု လှစ်ခနဲ ပေါ်လာ၏။ ဘေးပတ်လည်ကို ကြည့်နေလျက် အပြာရောင်ဝတ်စုံနှင့် လူတစ်ယောက် လှမ်းထွက်လာ၏။ သူ၏ ဝတ်စုံအရ ထိုသူမှာ မျှော်စင်ရဲတိုက်ဂိုဏ်းမှ ဖြစ်မည်။ ထိုသူက အတော်လေး သတိထားနေ၏။ သူက ခြေတလှမ်းလှမ်းပြီးတိုင်း ဘေးဘီဝဲယာသို့ ကြည့်၍ လျှောက်လာနေသည်။ သူ့လက်သီးထဲ၌လည်း တခုခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပုံ ရသည်။ သူက တိုက်ခိုက်ဖို့ အသင့်ပြင်ထားတာ ဖြစ်လိမ့်မည်။ သူက အေးခဲငွေ့မြက်ပင် များထံ ဦးတည်၍ လျှောက်လာသည်။
ဟန်လိက သက်ပြင်းချ၏။ သူက မည်သည့်အကျိုးအမြတ်မှ မရဘဲ နောက်ဆုတ်နေရအုံးမည့်ပုံပင်။
ရန်သူက သတိရှိလွန်းသဖြင့် ဟန်လိသည် ထိုသူ့ကို အလစ်တိုက်၍ ရနိုင်မည် မဟုတ်လောက်ချေ။ သူက ထိုသူနှင့် နင်လားငါလားလည်း တိုက်ခိုက်ချင်စိတ် မရှိပေ။ သူ့အတွက် မရှိမဖြစ် မလိုအပ်သော ပစ္စည်းအမယ်တခုအတွက် အန္တရာယ်နှင့် ရင်ဆိုင်ခြင်းက မတန်ပေ။
“ထွက်လာခဲ့။ ကျုပ် ခင်ဗျားကို မြင်ပြီးသား။ ပုန်းနေတာ ရပ်လိုက်တော့…”
အေးခဲငွေ့မြက်ပင်များနှင့် ခြေဆယ်လှမ်းအကွာ ရောက်လာသည့်အခါ အပြာရောင်ဝတ်စုံနှင့်ထိုသူက ဘေးဘက်သို့ စောင်းငဲ့ကြည့်ကာ အော်ဟစ်လိုက်ခြင်းပင်။
ဟန်လိက ဟန့်သွားမိ၏။ သူက သူ့ကိုယ်သူ ပေါ့ဆမိပြီဟု ထင်လိုက်မိ၏။ သို့သော် တအောင့်အကြာ၌ သူက အေးတိအေးစက် ပြုံးမိတော့သည်။ အကြောင်းမှာ အပြာရောင်ဝတ်စုံနှင့်လူက ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း သူ၏မျက်လုံးတို့ကမူ ဟိုမှသည်ကို လိုက်ကြည့်နေသောကြောင့်ပင်။ သူက ဟန်လိ ပုန်းနေသော နေရာကို သေချာ မသိတာ သိသာ၏။ ထိုအစား သူက လိမ်ဆင်လုပ်ကာ ဟန့်၍ အော်လိုက်တာ ဖြစ်၏။
ဟန်လိက ကျေနပ်သွား၏။ အပြာရောင်ဝတ်စုံနှင့်သူ တအောင့်ကြာ အော်ဟစ်နေပြီးနောက် စိတ်အေးသွားကာ အေးခဲငွေ့မြက်ကို သွားခူးဆွတ်တာကို ဟန်လိက မြင်နေရသည်။ ထိုသူမှာ သူ့ကိုယ်သူ ဟုတ်လှပြီဟု ထင်နေ၏။ သို့သော် ဟန်လိက တဖက်သူ သတိပေါ့သွားခိုက် သူ့နောက်ကနေ ချဉ်းကပ်သွားရမလား၊ မသွားရမလားကို ချင့်ချိန်နေ၏။
ဟန်လိ၏ အစီအစဉ်က စရသေးခင်မှာပင် ထိုအပြာရောင်ဝတ်စုံနှင့်သူက အဖြူရောင်ပန်းပွင့် သုံးလေးပွင့်ကို ခပ်မြန်မြန် ခပ်သွက်သွက် ယူဆောင်ပြီး လေပြီ။ ထိုသူက ဒီနေရာတွင် အချိန်ပိုဖင့်ပါက ပြဿနာများ ဖိတ်ခေါ်မိသလို ဖြစ်နိုင်တာကို သဘောပေါက်ပုံ ရသည်။
ဟန်လိက ကြိတ်၍ ခေါင်းခါမိ၏။ သူက နောက်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ မဖြစ်မနေ ရရမည့် ပစ္စည်းများက အခြေခံတည်ဆောက်ခြင်း ဆေးလုံးဖော်စပ်ရာ၌ ပါဝင်သော ဆေးပင်များသာ။ သူ၏ ပန်းတိုင် မပြည့်မှီသေးခင် တတ်နိုင်သမျှ ခွန်အား ချွေတာခြင်းမှာ အကောင်းဆုံးပင်။
ထိုသို့တွေးကာ ဟန်လိက ပြန်ငြိမ်နေ၏။ သူက နောက်ဘက် မီတာသုံးဆယ်ကျော်ထိပင် ပြန်ဆုတ်လာခဲ့သည်။ ထိုအကွာအဝေးလောက် ရောက်မှ သူက စိတ်အေးသွားသည်။ ထို့နောက်တွင် သူက ဆေးပင်ခူးလာသော သူနှင့် ထိပ်တိုက်မတွေ့အောင် ရှောင်ဖို့ ခပ်မြန်မြန် ထွက်ခွာလာ၏။
သို့သော် ဟန်လိ ထွက်ခွာရုံ ရှိသေး ရေကန်ရှိနေသော အရပ်မှ အော်ဟစ်သံ တစ်သံကို ကြားလိုက်ရ၏။ ထိုအော်သံမှာ အပြာရောင်ဝတ်စုံနှင့်သူ၏ သေခါနီး အသက်ငင်သံ ဖြစ်ပုံ ပေါ်သည်။
ဟန်လိက စိမ့်ခနဲ ဖြစ်မိသွား၏။ ခဏ တွေဝေနေပြီးနောက် သူက အံတင်းတင်း ကြိတ်ကာ တဖက်သို့ ပြန်လှည့်သည်။ သူက ခုမှ အဖြစ်သနစ်ကို သေချာ သဘောပေါက်သွားတော့သည်။ ရှေ့မထွက်မိသည့်အတွက် သူလည်း အပြာရောင်ဝတ်စုံနှင့်သူကဲ့သို့ ကံကြမ္မာမျိုး မကြုံခဲ့ရတာပင်။
ဟန်လိက ရေကန်အနီးဝန်းကျင် ပြန်ရောက်လာသည့်အခါ ရေကန်၏ တဘက်ခြမ်း၌ ကြမ်းကြုတ်ဟန်ပေါ်သော အမျိုးသားနှစ်ယောက် ရှိနေ၏။ သူတို့က ဝိညာဉ်သားရဲတောင်မှ ဝတ်စုံများကို ဝတ်ထားကြသည်။
အခုအချိန်၌ သူတို့က ကောင်းကင်မျှော်စင်ရဲတိုက်မှ တပည့်ဖြစ်သူ၏ သိုလှောင်အိတ်ကို မြူးထူးစွာ ရှာဖွေခြင်း ပြုနေ၏။ သူတို့အနီးအနား၌ အပြာရောင်ဖားပြုတ်ကြီး ဆယ်ကောင်ကျော် ရှိနေ၏။ အပြာရောင်ဝတ်စုံနှင့်သူ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ကြီးဆယ်ပေါက် အထင်းသား။ ထိုသူမှာ မသေဖို့ မဖြစ်နိုင်တော့ပေ။
“စီနီယာအစ်ကိုယု…ဒီအစီအစဉ်က သိပ်ကောင်းတယ်။ ကျုပ်တို့က ဒီငတုံးကို တွေ့တွေ့ချင်း ရှေ့ကနေ မတိုက်ခိုက်ဘဲ ဒီနဂါးနက်ရေကန်ရဲ့ အနီးအနားမှာ ခပ်မြန်မြန် ပုန်းနေခဲ့တယ်။ ပြီးတော့ ရေပေါ်မှာ သားရဲထိန်းချုပ်အမှုန့်အချို့ ဖြန့်ဖြူးစေလိုက်တော့ ဒီအေးခဲဖားပြုတ်တွေက ကျုပ်တို့ အမိန့်ကို နာခံလာရတာပဲ။ ဟားဟား…ကျုပ်ကတော့ အဲ့လူဟာ လျှောက်အော်တဲ့အတွက် ဒီဖားပြုတ်တွေကို သွားစမိသလို ဖြစ်စေပြီး သူ့နောက်ကနေ ဒီကောင်တွေက တိုက်ခိုက်ပစ်လိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”
“ရေခဲစူးတွေ အများကြီးကို ထွေးထုတ်ပြီး ဒီသားရဲဖားပြုတ်တွေက ဒီငတုံးကို ချက်ခြင်း သတ်ပစ်ခဲ့တာပဲ။ သူတော့ မသေခင် အဆင့်နိမ့်သားရဲအုပ်ကြောင့် သူ အသတ်ခံရလိမ့်မယ်လို့တောင် တွေးမိသွားမှာ မဟုတ်လောက်ဘူး။ သူ့ရှိကနေ ကျုပ်တို့ အတော်လေး အမြတ်ရလိုက်တာပဲ။ စီနီယာအစ်ကို…ခင်ဗျားက ဆေးပင်ကို တန်းခူးမယ့်အစား ဒီမှာ ပုန်းနေတာဟာ အေးခဲငွေ့မြက်ပင်ကို လာခူးတဲ့ တခြားသူတွေကို ထောင်ချောက်ဆင်တဲ့သဘောပဲ ဟုတ်တယ်မလား…”
ထိုသို့ အားပါးတရ ပြောဆိုပြီးနောက် သူက မျှော်စင်ရဲတိုက်ဂိုဏ်းမှ တပည့်၏ အလောင်းကို အားဖြင့် ကန်ထုတ်ပစ်လိုက်သည်။