အသတ်ခံရခြင်းနှင့် သက်တန့်အင်းဆက်များ
Vol. 13 Ch. 181
“အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး မင်းက ဦးနှောက်မသုံးခဲ့တာပဲကွ…ညီလေးရ။ တို့ သိုင်းညီအစ်ကိုတွေဟာ အတူတူ တည်နေရာရွှေ့ပြောင်းခံရတာ ကံကောင်းလို့ပဲ။ တို့ကံက ကောင်းနေပြီးပြီး။ အနည်းဆုံးတော့ ငါတို့ရဲ့ အသက်ရှင်နိုင်ချေဟာ အတော်လေး မြင့်မားတယ်။ ဒီလူ့ကို ဖယ်ရှားလိုက်နိုင်တာပဲ ကြည့်လေ။ ကံက ဖေးမတော့ အလွယ်လေး မဟုတ်လား။ ငါက သားကောင်အတွက် အကြောင်သား ထိုင်စောင့်နေရတဲ့အထိ စိတ်ရှည်လက်ရှည် ရှိမယ်လို့ မင်း ထင်လား။ ပြီးတော့ ကြမ်းတမ်းတဲ့သူတွေနဲ့ တွေ့မှာကိုလည်း လန့်မနေနဲ့။ ဒါ့အပြင် အခု ဒီသောက်နေရာမှာ ငါတို့အပြင် ဘယ်သူမဆို ရှိနေနိုင်သေးတယ်။ ငါတို့က တတ်နိုင်သမျှ ဗဟိုချက်ဧရိယာထံ မြန်မြန် သွားရမယ်။ အန္တရာယ်ကို အရင်ပြေးတွေ့တာပေါ့။ ဒါက အကောင်းဆုံး အစီအစဉ်ပဲ…”
အသက်ပိုကြီးသော ဝိညာဉ်တောင်၏ တပည့်က သည်နှစ်ယောက်တွင် ပိုသန်မာသူ ဖြစ်တာ ထင်ရှားသည်။ ထို့အပြင် သူက ပို၍လည်း တော်ပေ၏။ သူက သူ့ညီငယ်ကို လက်ချာပေးနေစဉ် အဘက်ဘက်ရှိ သစ်တောအုပ်ထံ ဝေ့ဝိုက်ကြည့်ရှုနေ၏။ သူက သတိမပြတ်ပေ။
ထိုသည်ကို မြင်သည့်အခါ ဟန်လိက ပို၍ ဂရုစိုက်တော့၏။ သူ၏ ချီထိန်းချုပ်ခြင်းပညာရပ်ကို အစွမ်းကုန် ထုတ်ဖော်ထားသည်။ သူက အသက်ရှုသံကိုလည်း ထိန်းထား၏။ သူ့ကိုယ်သူ နည်းနည်းလေးမျှ မပေါ်လွင်သွားဝံ့ပေ။ ထိုနှစ်ယောက်ထံမှ သိုလှောင်အိတ်များကို သွားလုမည့် ဉာဏ်နည်းသော အတွေးကိုတော့ ဟန်လိက စဉ်းပင် မစဉ်းစားမိပေ။ သူက ထိုမျှ နုံအစရာ အကြောင်း မရှိချေ။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ချီစုဆောင်းခြင်း အဆင့်ဆယ့်နှစ်၏ စဦးပိုင်းတွင် ရှိ၏။ တခြားတစ်ယောက်က အဆင့်ဆယ့်နှစ်၏ အမြင့်ပိုင်းတွင် ရှိနေသည်။ သူတို့သာ ပူးပေါင်းပါက ဟန်လိသည် တိုက်ပွဲ၌ အောင်နိုင်ချေ နည်းနည်းမျှ ရှိလိမ့်မည် မဟုတ်ပေ။ ထိုနှစ်ယောက်၏ ခွန်အားကို သူ ခုခံနိုင်စွမ်း မရှိချေ။
သို့ဖြစ်၍ ဟန်လိက အေးခွဲငွေ့မြက်ပင်များကို ထိုနှစ်ယောက် အကုန်အပြောင် စုဆောင်းနေခြင်းနှင့် မျှော်စင်ရဲတိုက်ဂိုဏ်းမှ တပည့်၏ အလောင်းကို မီးပုံတိုက်ပစ်ခြင်းတို့ကိုသာ ဒီအတိုင်း ကြည့်နေရုံ တတ်နိုင်တော့၏။ သည့်နောက် ထိုနှစ်ယောက်က ရေခဲဖားပြုတ်များကို အနီရင့်ရောင် သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းပြီး သစ်တော၏ တခြားတဖက်၌ ပျောက်ကွယ်သွားကြသည်။
ထိုနှစ်ယောက် ထွက်သွားချင်းချင်း ဟန်လိက ချက်ခြင်း လှမ်းမထွက်လာပေ။ သူက တအောင့်စောင့်နေသေး၏။ ထို့နောက် သူက ဒီနှစ်ယောက် ပျောက်ကွယ်သွားသော အရပ်ထံ လှမ်းကြည့်ကာ တွေးမိ၏။ ကြည့်ရသည်မှာ ဒီတားမြစ်ဧရိယာ၌ ယင်းကဲ့သို့ ဉာဏ်များ၊ သတိထားသော လူများစွာ ရှိလိမ့်မည်ဟု သူ တွေးမိသည်။
ဤသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ပါ။ ထိုသူများက သွေးနှင့်မီးခြုံလွှမ်းသော ဒီစမ်းသပ်ကွင်း၌ ဝင်ပါလာခဲ့သူများ မဟုတ်လား။ ဒီစမ်းသပ်ကွင်း၏ ဗဟိုချက်ထံ စိတ်ဝိညာဉ်ဆေးပင်များ စုဆောင်းနိုင်ဖို့အတွက် သွားမည်ဟု တွေးကြသူတွေ မည်မျှများများ ရှိလေမည်နည်း။ တိုက်ပွဲကို ရှောင်ဖို့ ခက်ပေမည်။ တကယ်တော့ စိတ်ဝိညာဉ်ဆေးပင်များ၏ သက်တမ်းရင့်မှည့်မှုက အကန့်အသတ် ရှိသည် မဟုတ်လား။ ဂိုဏ်းတခုချင်းစီအတွက် မလုံလောက်တာ သေချာသည်။
ဟန်လိ၏ မျက်နှာက နက်မှောင်နေ၏။ သူက ဒီနေရာတွင် ရပ်နေလျက် ခါးသီးစွာ တွေးနေမိသည်။
သူက သူ့ကိုယ်သူ ဂရုစိုက်သော အပြာရောင်ဝတ်စုံနှင့်သူလည်း ဒီလောကကနေ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီ ဖြစ်၏။ ဒီတားမြစ်ဧရိယာ၌ အလားတူ အဖြစ်မျိုး မည်မျှ ရှိနေမည်နည်း။ ဤသည်က ဟန်လိ၏ ယုံကြည်မှုကို ယိုင်နဲ့သွားစေ၏။
သူက ဒီတားမြစ်ဧရိယာသို့ လာဖို့ ဆုံးဖြတ်ခဲ့သော စိတ်ကူးမှာ မှန်လား၊မှားလားကို မသိတော့ပေ။ အကယ်၍ သူ့အနေဖြင့် သူ့၌ရှိနှင့်ပြီးသော အခြေခံတည်ဆောက်ခြင်းဆေးလုံးနှစ်လုံးကို သုံးစွဲ၍ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည် ဆိုပါက သည်လိုထူးခြားသော အန္တရာယ်များနှင့် ရင်ဆိုင်ဖို့ မလိုတော့ပေ။
ဟန်လိက သတ္တိကြောင်နေမိ၏။ နောက်ဆုတ်ချင်သည့် စိတ်ပင် ခပ်ရေးရေး ဖြစ်မိသည်။ တကယ်တော့ သေခြင်းအရိပ်က သူတို့၏ စိတ်၌ လွှမ်းခြုံလာသည့်အခါ လူတစ်ယောက်၏ အတွေးများသည် ဂနာမငြိမ်ဖြစ်တာ သဘာဝပင်။
နာရီအတော်အတန် ကြာပြီးနောက် ဟန်လိက ဒီဝန်းကျင်ကနေ ထွက်လာပြီး တားမြစ်ဧရိယာ၏ ဗဟိုချက်ထံ လှမ်းလာတော့သည်။
အသေအချာ စဉ်းစားပြီးနောက် ဟန်လိ၏ အကျိုးအကြောင်း ဆင်ခြင်ဉာဏ်က အနိုင်ရသွားခဲ့၏။ သူက အစောပိုင်းတုန်းက သူ၏ ပေါ့ဆဆ အတွေးများမှာ သူ့အားနည်းချက်အတွက် ဆင်ခြေရှာမှန်း သိ၏။ သို့ဖြစ်၍ သူ့စိတ်ကိုယ်သူ အားပြန်တင်းကာ သူ့လမ်းကိုယ်သူ ဆက်လျှောက်လာတော့သည်။
ဟန်လိက ဝိညာဉ်သားရဲတောင်မှ နှစ်ယောက်နောက်သို့ လိုက်မသွားပေ။ ထိုအစား သူက ကွေ့ပတ်သွား၏။
ဤသည်မှာ သူက သံသယ လွန်ကဲ၍ မဟုတ်ပါ။ သူ၏ စွမ်းရည်ဖြင့် ရန်သူများက သူ့ကို ရှာတွေ့နိုင်စွမ်း ရှိမည်ကို သူ သဘောပေါက်သောကြောင့်ပင်။ ထို့အပြင် ဝိညာဉ်သားရဲတောင်၏ သားရဲထိန်းချုပ်ခြင်းပညာရပ်ကို သူ ရှိန်မိနေ၏။ သူက တဖက်ရန်သူသည် နောက်ယောင်ခံလိုက်လာမည့် သူကို သိဖို့ မည်သည့်နည်းလမ်းများ အသုံးပြုမည်၊ မပြုမည်ကို သူ သိမနေပေ။ သို့ဖြစ်၍ သူ့အတွက် အကွာအဝေးတခု ထိန်းထားခြင်းက အကောင်းဆုံး ဖြစ်၏။
သူက လူသားတစ်ယောက်ကဲ့သို့ ဉာဏ်ရည်ရှိသော တိမ်တောင်ပံငှက်ကို အဝေးအကွာအဝေးမှ တစ်ဦးတစ်ယောက်ကို ထောက်လှမ်းဖို့၊ ခြေရာခံဖို့ အသုံးပြုခဲ့ဖူးသူ မဟုတ်လား။ ဒီဝိညာဉ်သားရဲတောင်မှ လူများထံ၌လည်း အလားတူ နည်းလမ်းများ ရှိလိမ့်မည်သာ။ သူတို့၏ နည်းလမ်းများက ပို၍ပင် ကောင်းမွန်အုံးမည်။ တကယ်တော့ သူတို့က ကျင့်ကြံသူများ မဟုတ်လား။ ကျန်းဟူလောကရှိ နည်းလမ်းများက သူတို့၏ နည်းလမ်းများကို အဘယ်သို့ ယှဉ်နိုင်ပါ့မည်နည်း။
တိမ်တောင်ပံငှက်နှင့် ပတ်သတ်၍ ဟန်လိက နည်းနည်းတော့ နောင်တရမိ၏။ သူ အဝါရောင်မေပယ်တောင်ကြားထံ ဝင်လာခဲ့စဉ်က အာရုံစိုက်ခြင်း မခံရဖို့ ဒီငှက်ကို ထိုက်ယွဲ့တောင်တန်းများထံ လွှတ်ပေးခဲ့သည်။ ၎င်းကို လွတ်လွတ်လပ်လပ် ပျံသန်းစေခဲ့၏။
ယင်းငှက်က သူ ကြိုက်သော အဝါရောင်သစ်အယ်ပင်ဆေးလုံးများအတွက် သူ၏ သခင်ဖြစ်သူ ဟန်လိကို လာလာရှာတတ်သေး၏။
သို့သော် အချိန်တခု ကြာပြီးနောက် ၎င်းလာသည့် အကြိမ်က ကျဲသထက် ကျဲလာခဲ့၏။ ထိုအချိန်ကျမျှ ဟန်လိက သူ့အမှားကို သဘောပေါက်သွားခဲ့သည်။ ထိုငှက်က အရိုင်းဆန်ကာ အဝေးသို့ အမှန်တကယ် ပျံသန်းသွားခဲ့ပြီး ဖြစ်ပုံရ၏။ ၎င်းကို နောက်ထပ် လုံးဝ မမြင်ရတော့ပေ။ အခု တားမြစ်ဧရိယာ၌ ၎င်းငှက်ကို အသုံးတည့်သည့် နေရာများစွာ ရှိသဖြင့် ဟန်လိမှာ ၎င်းငှက်ကို ဆုံးရှုံးခဲ့သည့်အပေါ် စိတ်နှလုံးနာကျင်ရတော့သည်။
အကွာအဝေးတစ်ခု ထိန်းကာ ကွေ့ပတ်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်းက သူ၏ အသက်ကို ကယ်တင်ပေးခဲ့တာကိုတော့ ဟန်လိ သိမနေပေ။
ဝိညာဉ်သားရဲတောင်မှ တပည့်နှစ်ယောက်သည် နဂါးနက်ရေကန်ကနေ ထွက်လာခဲ့ကြပြီးနောက် သူတို့က သက်တန့်ပိုးဖလံများကို ဖြန့်ကျက်ထားခဲ့၏။
ထိုအင်းဆက်ပိုးကောင်များသည် ချက်ခြင်းပင် အဘက်ဘက်သို့ ပျံ့ကြဲသွားခဲ့၏။ ကျန့်တစ်ရာဧရိယာလောက်ကို ရှိလိမ့်မည်။ ယင်းအင်းဆက်များ၏ ခန္ဓာကိုယ်အရောင်မှာ တဖြည်းဖြည်း ပြောင်းလဲပြီး ပတ်ဝန်းကျင်နှင့် အတွဲအစပ် မိလာ၏။ သို့ဖြစ်၍ အသေအချာ မစူးစမ်းမိပါက ယင်းအင်းဆက်များကို သတိပြုမိဖို့ ခက်ပေလိမ့်မည်။
ထို့အပြင် လူအချို့က ဒီအင်းဆက်များကို ရှာတွေ့ခဲ့လျှင်ပင် ဒီတားမြစ်ဧရိယာရှိ မျိုးရင်း အင်းဆက်များဟုသာ ထင်ကြမည် ဖြစ်၏။ သံသယ ဝင်ကြလိမ့်မည် မဟုတ်ပေ။
ထိုရောင်စုံပိုးဖလံများက သူတို့နှစ်ယောက်အတွက် ကင်းထောက်များသာ ဖြစ်၏။ တစုံတစ်ယောက်က သူတို့ သတိပြုမိသည့် အဝန်းအဝိုင်းအတွင်း ဝင်လာခဲ့ပါက သူတို့သည် ချက်ခြင်း သိပေမည်။ ထိုအခါ သူတို့က လက်ဦးမှုယူကာ တုန့်ပြန်ဖို့ စီစဉ်နိုင်မည် ဖြစ်၏။
၎င်းအင်းဆက်များမှာ ဝိညာဉ်သားရဲတောင်၏ ရန်သူ့ကို ထောက်လှမ်းနိုင်သော နည်းလမ်းတစ်ခု ဖြစ်၏။ သူတို့ဂိုဏ်း၏ တပည့်များက ဒိအချက်ကို ကြိုသိကြသောလည်း ဒီအင်းဆက်များကို ဖြတ်ကျော်၍ ထိုနှစ်ယောက်ကို အလစ်တိုက်ခိုက်မည့် နည်းလမ်းတော့ ရှိမနေပါ။
နဂါးနက်ရေကန်နား၌ ရှိနေစဉ် ဟန်လိ၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍မူ ကံကောင်းမှုတစ်ခုဟု သတ်မှတ်နိုင်၏။ ဝိညာဉ်သားရဲတောင်မှ နှစ်ယောက်က ဒီရေကန်၌ သက်တန့်ပိုးဖလံများကို ထုတ်လွှတ်ခဲ့ခြင်း မရှိသေးပေ။ သူတို့ ထွက်သွားပြီးမှသာ စေလွှတ်ခဲ့တာ ဖြစ်၏။ မဟုတ်ပါက ဟန်လိသည် သူတို့၏ သတိပြုမိခြင်းကနေ လွတ်နိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်မှာလည်း ဖြစ်သင့်သော ကိစ္စပင်။ အကြောင်းမှာ ဒီထောက်လှမ်းနိုင်သော ပိုးဖလံများက အအေးဓာတ်ကို သဘာဝအားဖြင့် ကြောက်ရွှံ့ကြ၏။ အပူချိန် နိမ့်ပါးလွန်းပါက သူတို့က ခဲသွားကာ တစ်ကောင်ပြီးတစ်ကောင် သေကုန်မည် ဖြစ်၏။ ထိုအခါ သည်အင်းဆက်ပိုးဖလံများ၏ ပိုင်ရှင်နှစ်ယောက်အတွက် အမှန်တကယ် နောင်တရစရာ ဖြစ်သွားလိမ့်မည် မဟုတ်လား။
ဟန်လိသည် သူ၏ အပြုအမူများက ကပ်ဘေးကနေ သူ့ကို လွတ်သွားစေခဲ့တာ သိမနေပေ။ ခုလက်ရှိ၌ သူက ထူးခြားသော တောင်ကုန်းတစ်ခု၏ အောက်၌ ရပ်နေ၏။ သူ့ခြေထောက်အောက်မှ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းနှစ်လုံးကို ကြည့်နေသည်။
အလောင်းတစ်လောင်းမှာ အနက်ရောင်ဝတ်ရုံ ဝတ်ထားသူ၏ အလောင်းပင်။ ထိုသူမှာ အရပ်ရှည်ကာ ဗလတောင့်တောင့်ပင်။ သူ့ထံ၌ လက်ဝါးကြီးများ ပိုင်ဆိုင်ထား၏။ သူ့လည်တိုင် တလျှောက်တွင် ခပ်ပါးပါး အနီရောင့်ရောင်သွေးစင်းကြောင်းတစ်ခု ရှိနေ၏။ သူက မျက်လုံးဖွင့်လျက်သားဖြင့် သေနေခြင်းပင်။ သူက မသေချင်ဘဲ သေခဲ့ရတာ သိသာသည်။ ထိုသူမှာ ဓားဘီလူးဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်၏။
နောက်အလောင်းခန္ဓာကိုယ်တစ်ခုကမူ ပုံမှန်ခန္ဓာကိုယ် အရွယ်အစား ရှိ၏။ ထိုအလောင်းနှင့် ပတ်သတ်၍ အသိသာဆုံးမှာ မျက်နှာရုပ်ပျက်ဆင်းပျက် ဖြစ်နေခြင်းပင်။ သူ့ ဦးခေါင်းတလျှောက်တွင် ဓားဒဏ်ရာကြီး ရှိနေ၏။ သူသည် အသက်ရှင်လျက် ဓားဖြင့် ပိုင်းခံခဲ့ရတာ ဖြစ်မည်။ သူ့ဦးနှောက်အစိတ်အပိုင်းနှင့် သွေးများက မြေပေါ်တွင် စီးနေ၏။ သို့ပေမည့် သူ့ ညာလက်ချောင်းတွင် ထူးခြားသော အလင်းဖောက်ကြိုးမျှင်တစ်ခုကို ပတ်ထားသည်။ နေအလင်းရောင်အောက်၌ ၎င်းကြိုးမျှင်က တဖြတ်ဖြတ် လင်းလဲ့နေတာ ဟန်လိ မြင်၏။
ဟန်လိက ဓားဘီဘူးဂိုဏ်းမှတပည့်၏ အလောင်းကို အချိန်အတန်ကြာ လေ့လာကြည့်နေ၏။ ထို့နောက် သူက ၎င်းအလောင်း၏ ခြေဖျားကနေ ဆွဲမိ၏။ ၎င်းအလောင်း၏ လည်ပင်းမှ အနီရောင်စင်းကြောင်းထံ အကြည့်ရောက်သွားပြီး ဦးခေါင်းကို အားမထည့်ဘဲ လှမ်းကန်သည်။ ထိုအခါ ဦးခေါင်းကြီးတစ်ခုသည် ဘေးသို့ ချက်ခြင်း လိမ့်ဆင်းကျသွား၏။
ထိုသူမှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲနေတာ ကြာနေပြီး ဖြစ်၏။
ဟန်လိက သက်ပြင်းချ၍ နောက်ထပ်အလောင်းကို ကြည့်သည်။ သူ့မျက်နှာမှာ ပုံပျက်ယွင်းသွားခဲ့ပြီ ဖြစ်သော်လည်း ဟန်လိက ထိုသူသည် သူကဲ့သို့ အဝါရောင်ဝတ်စုံကို ဝတ်ထား၍ မည်သည့်ဂိုဏ်းကမှန်း သိ၏။ သို့ဖြစ်၍ ဟန်လိက ဒီအလောင်းမှာ သူတို့ အဝါရောင်မေပယ်တောင်ကြားမှ တပည့်၊ သူနှင့် ဂိုဏ်းတူညီအစ်ကိုမှန်း သိလိုက်၏။
ထိုနှစ်ယောက်က အချင်းချင်း သတ်ပစ်ခဲ့တာကို ဟန်လိ ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။
သူက ခေါင်းမော့ကာ တောင်ကုန်းထိပ်ထံ လှမ်းကြည့်သည်။ သူ့စိတ်ထဲ၌ ထိုနှစ်ယောက်ကြား ဖြစ်ပျက်ခဲ့ပုံကို စိတ်ကူးကြည့်မိ၏။
တိုက်ပွဲလက္ခဏများအရ ဓားဘီလူးဂိုဏ်းမှ တပည့်က ဟန်လိ၏ စီနိယာအစ်ကိုထက် အဆင့်တစ်ဆင့် ပိုသာသော စွမ်းအား ရှိသူ ဖြစ်လောက်မည်။
အဝါရောင်မေပယ်တောင်ကြားမှ တပည့်က ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာ ဖြစ်ပြီး ဓားဘီလူးဂိုဏ်းမှ တပည့်၏ မျက်နှာထက်တွင်မူ သူ့ကိုယ်သူ သေရမည်ဟု မထင်မှတ်ဘဲ သေဆုံးခဲ့သည့်ဟန်ပန် ပေါ်နေသည်။
သူ့ဂိုဏ်း၏ စီနီယာအစ်ကိုက သူတို့တိုက်ပွဲ၌ အရှုံးဘက် ရောက်နေခဲ့သော်လည်း အကြံဉာဏ်များခဲ့ပုံ ရ၏။ သူ အသုံးပြုခဲ့သော မှော်လက်နက်မှာ အလင်းဖောက်ကြိုးမျှင်တစ်ခုပင်။ သူက ရန်သူ သတိပေါ့သွားချိန် ဒီလက်နက်ကို သုံး၍ အနိုင်ယူရန် ဟန်ပြင်ထားခဲ့တာ ဖြစ်နိုင်သည်။ နောက်ဆုံးအချိန်၌ သူက အလစ်တိုက်ခိုက်ခဲ့ကာ ဓားဘီလူးဂိုဏ်းမှ ရန်သူ၏ ဦးခေါင်းကို ဖြတ်တောက်ကာ သတ်ပစ်နိုင်ခဲ့လောက်၏။
သို့သော် ထိုဝတ်ရုံနက်နှင့် ဓားဘီလူးဂိုဏ်းမှလူက သူ မသေခင် စပ်ကြား သူ့ဓားကို အသုံးပြုနိုင်မည့် ခွန်အား ကျန်နေလိမ့်မည်ဟု အဝါရောင်မေပယ်တောင်းကြားမှ တပည့်က မမျှော်လင့်ထားခဲ့မိလောက်ပေ။ သို့ဖြစ်၍ အဝါရောင်မေပယ်တောင်ကြားမှ တပည့်က အနိုင်ရခါနီးဆဲဆဲမှာ ဓားချက် သက်ရောက်ခြင်း ခံခဲ့ရတာ ဖြစ်လောက်မည်။ သို့ဖြစ်၍ အဆုံးသပ်၌ သူလည်း ဓားဖြင့် ဖြတ်ပိုင်းခံရပြီး သူတို့တိုက်ပွဲမှာ အနိုင်ရသူမရှိသော ရလဒ် ထွက်ပေါ်ခဲ့တာ ဖြစ်သည်။