အမျိုးသမီးငယ်နှင့် ကြိုးမျှင်
Vol. 13 Ch. 182
ထိုနှစ်ယောက်က သေသွားပြီး ဖြစ်တာ ထင်ရှား၏။ ဟန်လိသည် သူ့စီနီယာအစ်ကိုက တမလွန်ခရီး၌ အဆင်ပြေချောမွေ့ပြီး မကြာမီ ပြန်လည်မွေးဖွားလာဖို့ကိုသာ ဆုတောင်းပေးနိုင်တော့သည်။ ထို့နောက် အားနာမနေဘဲ သူက သူတို့၏ ခန္ဓာကိုယ်များအပေါ် မွှေနှောက်ရှာဖွေသည်။
မည်သို့ပင်ဖြစ်စေ ထိုသူများမှာ သေလူများ ဖြစ်နေပြီ။ ဟန်လိက သူတို့၏ သိုလှောင်အိတ်များကို ကောင်းကောင်းမွန်မွန် လက်ခံယူရလိမ့်မည် မဟုတ်လား။
ပထမတစ်ခေါက် ရှာဖွေပြီးနောက် သူက သိုလှောင်အိတ်များကို ရှာမတွေ့သေးပေ။
သူ့အမူအရာက သုန်မှုန်လာ၏။ သူက နောက်ထပ် သေချာ ထပ်ရှာကြည့်သည်။ သို့သော် သူ မတွေ့သေးပေ။
ဟန်လိသည် သူ့ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်များ ထောင်မတ်သွားသကဲ့သို့ ခံစားမိလိုက်၏။ သူ့စိတ်နှလုံးမှာ တင်းကြပ်ကာ နှလုံးခုန်မြန်လာသည်။
ဒီနေရာ၌ လေးယောက်မြောက်လူ ရှိနေသည်လား။ ထိုသူက သည်သေလူများ၏ သိုလှောင်အိတ်များကို ယူခဲ့ပြီး ဖြစ်လောက်၏။ ထိုသူက ဒီနေရာကနေ ထွက်သွားတာ ကြာပြီလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဒီအလောင်းနှစ်လောင်းကို တည်ကြက်အဖြစ် ထားကာ သူ အမှားလုပ်မည်ကို စောင့်နေတာလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်လိမ့်မည်ကို ဟန်လိ အာမမခံနိုင်ချေ။
ဒီတောင်ကုန်း၏ မျက်နှာချင်းဆိုင်တွင် လူတစ်ယောက် ကောင်းကောင်း ပုန်းကွယ်နေနိုင်သော မြက်ပင်ရှည်များ ရှိနေ၏။ ခုလက်ရှိ၌ ဟန်လိက သည်မြက်ပင်များကို ကျောပေးကာ အလောင်းများဘေးနားတွင် စောင့်ကြောင့်ထိုင်နေသည့် အနေအထားပင်။ ထိုသည်က သူ့ကို အတော်လေး စိတ်ပူပန်သွားစေ၏။ သူ့နောက်တွင် တစ်ယောက်ယောက် ပုန်းနေတာ ဖြစ်နိုင်၏။
ဟန်လိက မလှုပ်ပေ။ သည်အနေအထားအတိုင်း ဆက်နေနေ၏။ သူက အလောင်းများကို အာရုံစိုက်နေဆဲ ဖြစ်သည့်ပုံ ဖမ်းထား၏။ သို့ပေမည့် သူက မှော်လက်နက်များနှင့် အဆောင်များကို အလျင်အမြန် အသင့်ထုတ်ထားပြီး ဖြစ်ကာ သူ့စိတ်ဝိညာဉ်အာရုံကို အစွမ်းကုန် ထုတ်သုံး၍ မြက်ပင်များကြား တစ်ယောက်ယောက် ပုန်းနေမလားဟု ရှာတွေ့ရန် အာရုံအပြည့်စိုက်ထားသည်။
မည်သည့်ရလဒ်မှ ထွက်ပေါ်မလာပေ။ သို့အတွက်လည်း ဟန်လိက မအံ့ဩပေ။ အနီးအနားရှိ အရာအားလုံးက ပုံမှန်သာ။ မည်သည့် စိတ်ဝိညာဉ်ချီ လှိုင်းဂယက်မျှ ရှိမနေပေ။
ထိုသို့ သာမန်ဆန်လွန်းသဖြင့် အနီးအနားတွင် တစ်စုံတစ်ယောက် ရှိနေမှာ သေချာနေလေပြီ။ ထိုသူမှာ အသက်ရှုထိန်းချုပ်ခြင်း ပညာရပ်ကို သုံး၍ မှော်စွမ်းအားကို ဖုံးကွယ်ထားတာ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ ဟန်လိက သူ့ကို ရှာတွေ့နိုင်စွမ်း မရှိတာ ဖြစ်၏။ ဟန်လိက သူ၏ စိတ်အာရုံအသိဖြင့် ရှာဖွေကြည့်ခြင်းက မြေကိုလှန့်ရန် မြက်ကို ရိုက်ခြင်း သဘောဟု ဆိုရမည်။ ( မြွေကိုလှန့်ရန် မြက်ကို ရိုက်ခြင်းမှာ ရန်သူကို လန့်သွားစေအောင် လှမ်းဟန့်ခြင်းကို ဆိုလိုပါတယ်…)
အနည်းဆုံးတော့ သူ့အတွေးထဲ၌ ရှိနေသော ရန်သူက ဗြောင်လှုပ်ရှားဝံ့တော့မည် မဟုတ်ပေ။
ရလဒ်က သူ မျှော်လင့်ထားသည့်အတိုင်းပင်။ အမှန်တကယ်လည်း ဒီနေရာ၌ မည်သူမျှ မရှိနေတာ ဖြစ်ချင်ဖြစ်မည်။ သို့မဟုတ် ထိုသူက တချိန်လုံး အသက်ရှုထိန်းချုပ်ခြင်းကို သုံး၍ သူ့ကို တိုက်ခိုက်လာဖို့ အခွင့်အရေး တွေ့မည်လားဟု ပုန်း၍ စောင့်ကြည့်နေတာလည်း ဖြစ်နိုင်သည်။
တအောင့်အကြာ၌ ဟန်လိက ထရပ်၏။ သူက မြက်ပင်ရှည်များထံ လှည့်ကြည့်သည်။ ဒီဧရိယာထံ အေးစက်စက် လှမ်းကြည့်၍ စူးစမ်းပြီးနောက် ရုတ်တရက် ဟန်လိက စကားတခွန်းမျှ မဆိုဘဲ လှမ်းခုန်ကာ အနက်ရောင်အစက်အဖြစ်သို့ ပြောင်း၍ အမြန်ထွက်သွား၏။ သူက ဒီနေရာနှင့် ဝေးသထက်ဝေးသွားသည်။
ဟန်လိ လုံးလုံး ပျောက်သွားသည့်အချိန်၌ ပုံမှန်ဟုသာ ထင်ရသော မြက်ပင်ရှည်များထံမှ လေတိုးသံကို ကြားရ၏။ ခပ်သွယ်သွယ် ပုံရိပ်တစ်ခု လှမ်းထွက်လာ၏။ ထိုပုံရိပ်မှာ အဖြူရောင်ဝတ်စုံဖြင့် မိန်းကလေးငယ်တစ်ယောက် ဖြစ်နေသည်။ သူမက အသက်ဆယ့်လေးငါးနှစ်လောက်သာ ရှိလိမ့်ဦးမည်။ သို့သော် သူမ၏ ရုပ်သွင်ပြင်က သန့်ရှင်းစင်ကြယ် နေပြီး အပြစ်ကင်းဟန် မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။ ဒီလို အသေအရှင် ရုန်းကန်ရသော နေရာ၌ အခုလို စွဲဆောင်မှုရှိသော နတ်သမီးလေးတစ်ပါး ပေါ်လာခဲ့ခြင်းမှာ ယုံဖို့ပင် ခက်သည်။
သူမ၏ ဝတ်စုံအရ လမျက်နှာဖုံးဂိုဏ်းမှ ဖြစ်နိုင်၏။
ထိုမိန်းကလေးငယ်က ဟန်လိ ပျောက်ကွယ်သွားသော အရပ်ထံ လှမ်းကြည့်ကာ နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။
သူမက တကိုယ်တည်း ရေရွတ်လိုက်၏။ “နင်ရဲ့ သတ္တိနဲ့ ဉာဏ်ရည်ကတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ နင့်ရဲ့ မှော်စွမ်းအားကတော့ မဟန်ဘူး။ နင့်ရဲ့ ပါရမီနဲ့ ပတ်သတ်ပြီး ပြဿနာ ရှိတဲ့ပုံ ရတယ်။ အဲ့လိုကြောင့်သာ မဟုတ်ရင် နင်ဟာ ဒီစမ်းသပ်ကွင်းမှာ အသက်ရှင် ကျန်နိုင်မယ့် လူတွေထဲက တစ်ယောက် ဖြစ်ဖို့များတယ်…”
“ဒါနဲ့ သူက သေမျိုးသိုင်းလောကရဲ့ ကိုယ်ဖော့ပညာကို အသုံးပြုပြီး ထွက်ပြေးသွားခဲ့တာပဲ။ ဒါ့အပြင် အဲ့ပညာကိုလည်း သူ ကောင်းကောင်းတတ်ကျွမ်းထားပုံ ရတယ်။ စိတ်ဝင်စားစရာပဲ…”
ဟန်လိက ဒီစကားများကို ကြားပါက ကြောက်လန့်မင်သက်မိသွားလိမ့်မည်။
သူမ၏ စကားများက တိကျလွန်းနေ၏။ စကားအနည်းငယ်ဖြင့် သူမက ဟန်လိ၏ ခွန်အားနှင့် အားနည်းချက်ကို ထောက်ပြနိုင်သည်။
“အခုတော့ ငါ နင့်ကို လွှတ်ပေးလိုက်အုံးမယ်။ ငါ့မှာ တခြားကိစ္စတွေ လုပ်စရာ ရှိနေသေးတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ငါ နင့်ကို ထပ်တွေ့ရင်တော့ ခုလောက် လွယ်လွယ် လွှတ်ပေးတော့မှာ မဟုတ်ဘူး…”
ထိုအမျိုးသမီးငယ်က နှာခေါင်းရှုံ့၍ ပြောလိုက်၏။ သူမအတွက် ဟန်လိက ကစားစရာအရုပ်အသစ်တစ်ခုအလား။ သူမက ဟန်လိကို အတော်လေး စိတ်ဝင်စားမိနေ၏။
သည့်နောက်တွင် ထိုအမျိုးသမီးငယ်က အဆောင်တစ်ခုကို ထုတ်ယူ၏။ လက်ဝေ့ယမ်းသည်။ ထိုအခါ အစိမ်းရောင်အလင်းက သူမကို ထွေးခြုံလာပြီး သူမက ဒီနေရာကနေ ပျောက်ကွယ်သွားတော့သည်။
တစုံတစ်ယောက်ကသာ ဒီမြင်ကွင်းကို မြင်ပါက စိတ်နှလုံးနာကျင်ကာ သည်အမျိုးသမီးငယ်၏ ဂိုဏ်းကို ဆဲရေးမိပေလိမ့်မည်။ အကြောင်းမှာ သူမက ကျင့်ကြံခြင်းလောက၌ မြင်ရခဲသော သစ်သားရှောင်တိမ်းခြင်းအဆောင်ကို သူမ စိတ်ရှိသလို အသုံးပြုခဲ့သောကြောင့်ပင်။ ထိုအဆောင်မှာ စဦးအလယ်အဆင့် အဆောင်တစ်ခု ဖြစ်ချေ၏။
သည်သစ်သားရှောင်တိမ်ခြင်း အဆောင်ကို ပိုင်ဆိုင်ထားသော ပုံမှန်လူများဆို ဒီအဆောင်ကို သေရေးရှင်ရေး အခြေအနေန၌ သေဘေးကနေ လွတ်အောင် ကြိုးပမ်းရာတွင် အသုံးပြုကြမည် ဖြစ်၏။
ဟန်လိက ဤအခြင်းအရာများကို သိမနေပေ။ သို့ဖြစ်၍ သူက စိတ်ထဲ၌ နှမြောနာကျင်ရခြင်းလည်း မဖြစ်မိပါ။ မည်သို့ပင် ဖြစ်စေ သူ့ကို အတော်လေး စိတ်ဝင်တစား ဖြစ်နေသော အမျိုးသမီးငယ် တစ်ယောက် ရှိနေတာကိုပင် သူ မသိနေပေ။ သူက ခုလေးမှ ဘေးတစ်ခုကနေ လွတ်လာနိုင်တာဟု ထင်နေ၏။ သို့အတွက် ခုလက်ရှိ၌ သူက စိတ်အေးကျေနပ်နေမိသည်။
ထိုနေရာ၌ တစုံတစ်ယောက် တကယ်ရှိနေခြင်း၊ မရှိနေခြင်းကို ဟန်လိက ထပ်မံ၍ ရှာဖွေကြည့်ဖို့ စိတ်ကူး မရှိပေ။ တကယ်တော့ သူက ဗဟိုဧရိယာနား ပိုနီးလာလေလေ ရန်သူများကို ပိုတွေ့လာရလေ ဖြစ်လိမ့်မည်။ အလားတူ ချုံခိုထောင်ချောက်ဆင်ကာ တဖက်သူများကို တိုက်ခိုက်မည့် အဖြစ်အပျက်များက ပိုများလာမည်သာ ဖြစ်၏။
သူ့အသက်ကိုယ်သူ ထိန်းသိမ်းထားနိုင်ဖို့ ဟန်လိက မလိုလားအပ်သော ပဋိပက္ခများကြား ရှောင်ရှားရမည်သာ ဖြစ်၏။ ဤသည်မှာ ခုလက်ရှိ ဟန်လိ၏ အစီအစဉ်တည်း။
သည့်အပြင် ဟန်လိက ထိုအလောင်းနှစ်လောင်းထံမှ လက်ဗလာဖြင့် လှည့်ထွက်လာခဲ့ရတာ မဟုတ်ပေ။
ဟန်လိက သူ့လက်ကို ဖြန့်၏။ သူ့လက်ဝါးပေါ်၌ အလင်ဖောက်ကြိုးမျှင်လုံးတစ်လုံး ရှိနေ၏။ သူ ထွက်လာရင်း ထိုပစ္စည်းကို ကောက်ယူခဲ့တာ ဖြစ်၏။ ၎င်းမှာ ဓားဘီလူးဂိုဏ်းမှ တပည့်၏ အသက်ကို သေစေခဲ့သော မှော်လက်နက်ပင်။
ဟန်လိက အနှီကြိုးမျှင်ထံ မှော်စွမ်းအားအနည်းငယ် သွန်းလောင်း၏။ ၎င်းက တဖြည်းဖြည်း ဆန့်ထွက်လာသည်။ အဆုံးသပ်၌ ထိုကြိုးမျှင်က မီတာသုံးဆယ်ကျော် တဖြောင့်တည်း ရှည်ထွက်လာခဲ့သည်။ မထင်မိစရာပင်။ ဟန်လိက ဒီကြိုးမျှင်ကို စိတ်တိုင်းကျ ဝေ့ယမ်းကာ ထိန်းချုပ် ကြည့်သည်။ သူက ထိုပစ္စည်းသည် အတော်လေး အသုံးတည့်သည်ဟု ခံစားမိ၏။
သူ ခဏစမ်းကြည့်ပြီးနောက် ထိုမှော်ကြိုးမျှင်က အလစ်တိုက်ခိုက်ဖို့အတွက် အဆင်ပြေဆုံးလက်နက် ဖြစ်မည်ဟု အမှန်တကယ် တွေးမိသည်။
၎င်း၏ မမြင်ရလုနီးပါး ဂုဏ်သတ္တိအပြင် ထက်ရှမှုကြောင့် ဟန်လိက သူ့ရန်သူများ၏ ဦးခေါင်းကို သူတို့ပင် မသိစေဘဲ ဖြတ်ပိုင်းနိုင်လိမ့်မည်ဟု ယုံကြည်မှု ရှိသွားသည်။
သူက ထိုကြိုးမျှင်သည် မည်သည့်သတ္တုအမယ်နှင့် သန့်စင်ထားသည်ကို မသိပေ။ ၎င်းကသာ ဒီ့ထက် ပိုရှည်ပါက ပိုမိုအသုံးဝင်လိမ့်မည်။
ဟန်လိ၏ စိတ်အခြေအနေက ကောင်းမွန်လာ၏။ သူက အနီးအနားရှိ သစ်ပင်ကြီးဆယ်ပင် ကျော်ကို ထိုကြိုးမျှင်ဖြင့် ထွင်းဖောက်ကြည့်သည်။ ယင်းအပင်များသည် တစက်လေးမျှ မခုခံနိုင်ဘက် နှစ်ပိုင်းခြမ်းသွား၏။ ထိုအခါ ဟန်လိမှာ အတော်လေး ပျော်ရ၏။
သူက တားမြစ်ဧရိယာ၏ ဗဟိုချက် အနီးအနားတွင် ဓားဆိပ်ကမ်းနှင့် ဗလာသန့်စင်ဂိုဏ်းမှ တပည့်များသည် အနီးကပ်တိုက်ပွဲ သူတင်ကိုယ်တင် ဆင်နွှဲနေသည်ကိုတော့ သိမနေပါ။
တဖက်စီ၌ လူငါးယောက်ခြောက်ယောက်လောက် ရှိနေ၏။ သူတို့၏ခွန်အားချင်းကလည်း မျှနေသည်။ ထိုအခါ သူတို့တိုက်ပွဲက ဘက်ညီနေသည်။
ခုလက်ရှိ ဒီသွေးနှင့်မီး စမ်းသပ်ကွင်း၌ ဒီလိုအုပ်စုလိုက် အသေအကြေ တိုက်ခိုက်တာ ယင်းတိုက်ပွဲက ပထမဆုံး ဖြစ်၏။ အကြောင်းမှာ သူတို့က စိတ်ဝိညာဉ်ဆေးပင်များ ခူးဆွတ်ရန် ဗဟိုချက်ဧရိယာသို့ ပထမဆုံး ဝင်လာသူများ ဖြစ်၍ပင်။ သူတို့က ဒီနေရာရှိ သူတို့၏ ရန်သူများကို အပြတ်ရှင်းနိုင်ပါက ကံကောင်းမှု အရင်ရသူများ ဖြစ်ပေလိမ့်မည်။
ထိုတိုက်ပွဲ၏ နောက်ဆုံးရလဒ်က ဗလာသန့်စင်ဂိုဏ်းမှ ရသေ့ငယ်များ အနိုင်ရသွားခြင်းပင်။ သူတို့က ရန်သူ အများစုကို သတ်ဖြတ်ပြီးနောက် ဓားဆိပ်ကမ်းဂိုဏ်းမှ ကျန်သည့်နှစ်ယောက်လည်း ဒဏ်ရာများနှင့် ထွက်ပြေးသွားကြ၏။
သည်ဗဟိုချက်ဧရိယာအတွင်း၌ အံ့ချီးဖွယ်ပန်းပင်များ၊ သစ်သီးပင်များနှင့် တခြား စိတ်ဝိညာဉ်ပစ္စည်းအမယ်များ ရှိနေရုံသာမက ယင်းတို့ကို စောင့်ကြပ်နေသော အဆင့်တစ် နတ်ဆိုးသားရဲများလည်း ရှိနေသည်။ ယင်းသားရဲများက အားကောင်းလှသည်။ အခြေခံတည်ဆောက်ခြင်းအဆင့်အထွတ်အထိပ်များနှင့် သူမသာ ကိုယ်မသာ ယှဉ်တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။
နတ်ဆိုးသားရဲ တစ်ကောင် အသက်ခံရကာ ဆေးပင်များ စုဆောင်းခံရတိုင်း ဒီဆေးပင်များသည် နောက်ထပ် ကြီးထွားလာသည့်အခါတွင် အနှီနတ်ဆိုးသားရဲများကလည်း ပေါ်လာကြသည်သာ။ တချိန်နှင့်တချိန်တော့ ပေါ်လာသော သားရဲများက မျိုးမတူနေပေ။ ထိုအချက်က ဂိုဏ်းများ၏ ကျွမ်းကျင်သူများက စဉ်းစားမရ ဖြစ်စေခဲ့သည်။ ထိုနတ်ဆိုးသားရဲများမှာလည်း ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီကနေ မွေးဖွားလာခဲ့ကြသည်လား။ ဤသည်မှာ သူတို့ နားလည်ထားသော အသိဟောင်းများနှင့် သိသာကွာခြားလွန်းနေ၏။
သူတို့က နတ်ဆိုးသားရဲများသည် တောရိုင်းတိရိစ္ဆာများထံမှ ပေါက်ဖွားလာခဲ့တာ ဟူ၍ သိထား၏။ နေနှင့်လ၏ အနှစ်သာရများကို နှစ်ပေါင်းများစွာ စုပ်ယူပြီးသည့်နောက် ယင်းတောရိုင်းတိရိစ္ဆာန်များသည် နတ်ဆိုးသားရဲများအဖြစ် ဆင့်ကဲ ပြောင်းလဲလာခြင်းဟု သူတို့က သိထားသည်။ တောရိုင်းတိရိစ္ဆာန်များ၏ ဆင့်ကဲပြောင်းလဲမှုက လူသားများကြား ကျင့်ကြံသူများ ပေါ်ထွန်းလာပုံနှင့် မတူဖို့ များသည်။ သူတို့၏ တမူထူးခြားမှုက များစွာ ပို၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဂိုဏ်းများ၏ တပည့်အသီးသီးသည် ဒီတားမြစ်ဧရိယာရှိ ဗဟိုချက်နေရာ၏ အပြင်ဘက် နေရာများကနေပင် စိတ်ဝိညာဉ်ဆေးပင်များကို စုဆောင်းနိုင်ခဲ့သည်။ အကယ်၍ သူတို့က ဗဟိုချက်သို့ နီးကပ်လာပါက တချို့အတားအဆီး မန္တာန်များနှင့် ထောင်ချောက်များကို ကြုံရတတ်သည်။ သည့်အပြင် သူတို့ ပို၍ ဝင်ရောက်လာပါက နတ်ဆိုးသားရဲများကိုလည်း ပိုတွေ့လာရသည်။ ဗဟိုချက်နေရာနား ရောက်လေလေ သည်သားရဲများကလည်း ပို၍ အစွမ်းထက်လာကြ၏။ ထိုတပည့်များက ဒီသားရဲများကို ခုခံနိုင်ဖို့ နည်းလမ်း မရှိသည် ဖြစ်ရာ ဗဟိုချက်နေရာကနေ အပြင်ဘက်ပိုင်းသို့သာ နောက်ပြန်ဆုတ်လာရသည်။
သို့အတွက်ကြောင့် ဗလာသန့်စင်ဂိုဏ်းမှ တပည့်များက ဗဟိုချက်ဧရိယာထံ အရင်ဦးဆုံး ဝင်ရောက်နိုင်ခဲ့လျှင်ပင် ထိုနေရာရှိ စိတ်ဝိညာဉ်ဆေးပင်များကို လက်ဦးမှုယူကာ စုဆောင်းနိုင်စွမ်း ရှိပြီဟု မဆိုသာတော့ပေ။
ခုချိန်၌ ဟန်လိကမူ ဒီတားမြစ်ဧရိယာအတွင်း သူ့ခရီးစဉ်၌ အသက်အန္တရာယ်တခုနှင့် ရင်ဆိုင်နေရပေသည်။ လမ်းကျဉ်းတစ်ခု၌ ဝိညာဉ်တောင်မှ တပည့်တစ်ယောက်၊ မျှော်စင်ရဲတိုက်မှ တပည့်တစ်ယောက်တို့က လမ်းကို ရှေ့နောက် ပိတ်၍ ရပ်နေ၏။ ဟန်လိက ဝိညာဉ်သားရဲတောင်မှ လူ့ငထွားကြီးကို ကောင်းကောင်း မှတ်မိသည်။ ထိုသူမှာ ဒီစမ်းသပ်ကွင်းအတွင်းသို့ မဝင်ရောက်ခင် သူ့ကို ရန်လိုစွာ ကြည့်ခဲ့သော မုတ်ဆိတ်ဗရပြစ်နှင့်သူပင်။ ခုလက်ရှိ၌ ထိုသူက ဟန်လိကို ညစ်ပြုံးပြုံး၍ ကြည့်နေ၏။ သူ၏အပြုံး၌ “ဟန်လိမှာ သေလုဖြစ်ပြီ” ဟူသော ဟန်ပန် ပေါ်လွင်နေသည်။