ဟာမိုနီစိတ်ဝိညာဉ်အဆောင်
Vol. 14 Ch. 183
ဟန်လိက ခါးသီးမှု ခံစားနေမိ၏။ သူသည် သတိကြီးစွာထား၍ ဂရုစိုက်နေသည့်ကြားကနေ ခုလိုမျိုး ခြုံခိုတိုက်ခိုက်ခံရလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ ပို၍ဆိုးသည်မှာ သူက လူနှစ်ယောက်ကြား၌ ရောက်နေတာ ဖြစ်၏။
ခုလက်ရှိ၌ ဟန်လိက စကိုင်းလိုင်းဟု အမည်ရသည့် နယ်နိမိတ်ဇုံတစ်ခုတွင် ရှိနေတာ ဖြစ်၏။ ဒီဇုံက အလွန် အန္တရာယ်များသည်။ လူတစ်ယောက်သည် ပျံသန်းခြင်းမှော်ပစ္စည်းကို အသုံးမပြုပါက သည်နေရာကနေ ဗဟိုချက်ဧရိယာထံ ဦးတည်သည့်လမ်းမှာ လမ်းကျဉ်းတစ်ခုသာ ရှိနေသည်။
လမ်းဘေးဝဲယာ၌လည်း မက်စောက်သော တောင်အငူအစွန်းများ ရှိနေ၏။ ဟန်လိက သေမျိုးလောက၏ ကိုယ်ဖော့ပညာကို ကျွမ်းကျင်သော်လည်း ယင်းတို့အပေါ် တက်၍ အလျင်စလို မသွားရဲချေ။
ပျံသန်းသွားမည့်အကြံကတော့ ဆိုးရွားလွန်း၏။ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် မခြား ဖြစ်လိမ့်မည်။ တခြားသူများအတွက် ပြောင်ပြောင်တင်းတင်း တိုက်ခိုက်လာအောင် လမ်းဖွင့်ပေးသလို ဖြစ်နေမည် မဟုတ်လား။ ထို့အပြင် အရင် ဒီစမ်းသပ်ကွင်းသို့ ဝင်ရောက်ခဲ့သူများ၏ အပြောအရ ဒီတားမြစ်ဧရိယာတွင် ပျံသန်းခြင်းသည် အလောင်းဖြစ်သွားရုံကလွဲ၍ တခြား မရှိနိုင် ဟူ၍ပင်။
ဟန်လိက ဒီဝန်းကျင်သို့ ဝင်လာခဲ့ချိန်၌ ခဏ တွေဝေနေသေး၏။ သို့ပေမည့် သူက တောင်ထိပ်သို့ ရောက်ရန် ဖြတ်လမ်းနည်းနှင့် မပျံသန်းဝံ့ပါ။ သို့ဖြစ်၍ သည်လမ်းကျဉ်းအတိုင်း သတိထားကာ ဆက်တိုးဆက်လျှောက် လာခဲ့ရတာ ဖြစ်၏။
ဟန်လိက ဒီနေရာဝန်းကျင်၏ အန္တရာယ်များပုံကို သိထား၍ သတိအလွန်ထားနေ၏။ လမ်းတလျှောက်၌ သူ့စိတ်အာရုံကို အမြင့်ဆုံး ထားထားသည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သူသည် လမ်းကျဉ်းအတိုင်း ဝင်လာပြီးနောက် ရှေ့နှင့်နောက်မှ ညှပ်ပိတ်ထားသော ရန်သူတော်နှစ်ယောက်နှင့် လာကြုံနေရပေပြီ။
ဟန်လိက မုတ်ဆိတ်လူ၏ ကြမ်းကြုတ်ရက်စက်ဟန်အမူအရာကို မြင်သည့်အခါ စကားအပိုများ ပြောနေခြင်းက လုံးလုံး အသုံးမတည့်ဟု သိလိုက်၏။ ဦးဆုံးအနေဖြင့် သူက ရေအရံအတားအဆောင်ကို သူ့ခန္ဓာကိုယ်ပေါ်၌ ကပ်၏။ ထို့နောက် ပျံသန်းခြင်းသံနက်ဒိုင်းကို ထုတ်သည်။ ထို့အပြင် သူ၏ ရွှေပိုးတောင်မာဓားသွားတစုံကိုပါ အသင့်ပြင်ထားသေး၏။ ထိုမျှမကသေးပေ။ သူက သူ၏ စဦးအဆင့်မြင့် အဆောင်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည့် မြေအချုပ်အနှောင်ပညာရပ် အဆောင်ကို အရန်သင့် လုပ်ထားသည်။
မုတ်ဆိတ်လူနှင့် သူ့နောက်မှ လူတို့က ဟန်လိ၏ အပြုအမူများကို အေးစက်စက်ဖြင့်သာ ကြည့်နေ၏။ သူတို့က ဟန်လိ့ကို ဝင်မတားသလို တိုက်ခိုက်လာခြင်းလည်း မပြုသေးပေ။ ထိုနှစ်ယောက်က လုံးဝ ယုံကြည်မှု ပြည့်နေ၏။ သူတို့အဖို့ ဟန်လိကို ကိုင်တွယ်နိုင်မှာ သေချာသည်ဟု ခံစားမိနေ၏။
ထိုသည်မှာ အံ့အားသင့်စရာ မရှိပေ။ ဟန်လိနောက်မှ လူက ချီစုဆောင်းခြင်းအဆင့်ဆယ့်နှစ်၏ အထွတ်အထိပ်၊ မုတ်ဆိတ်လူကမူ အဆင့်ဆယ့်သုံးတွင် ရှိနေ၏။ သူတို့အတွက် ဟန်လိကဲ့သို့ ချီစုဆောင်းခြင်းအဆင့်ဆယ့်တစ် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်ရတာ ရေးကြီးခွင်ကျယ် ကိစ္စ ဟုတ်မနေပေ။
ဟန်လိက ဤသည်ကို မြင်သည့်အခါ သူ့ခြောက်ကပ်ကပ် နှုတ်ခမ်းတစုံကို လျှာဖြင့် သပ်၏။ စိတ်ထဲကနေ ကြိတ်၍ လှောင်သည်။ သူ၏ ရန်သူများက ထိုမျှ ပေါ့ဆနေသည် ဖြစ်၍ သည်အခွင့်အရေးကို သူ အသုံးချမည် ဖြစ်သည်။
ထို့ကြောင့် သူက လုံးဝ တည်ငြိမ်နေ၏။ သူ၏ ခန္ဓာကိုယ်ကို ဘေးဘက်သို့ ဟန်ချက်ပြင်သည်။ သို့မှသာ သူ၏ ရန်သူနှစ်ယောက်က သူ့ ဘယ်နှင့်ညာတွင် နေရာယူသလို အနေအထား ဖြစ်လိမ့်မည်။ ထိုအခါ သူသည် တစ်ယောက်နှင့် ထိပ်တိုက်တွေ့စဉ် နောက်ဘက်က တိုက်ခိုက်ခြင်းကို ရှောင်နိုင်မည် ဖြစ်၏။ သူ မျှော်လင့်ထားသလိုပင် ထိုနှစ်ယောက်က ပူးပေါင်း၍ တိုက်ခိုက်မည့်ပုံ မရပေ။
သည်နှစ်ယောက်မှာ သူ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ခဲ့ချိန်မှစ၍ ရင်ဆိုင်ရသူများထဲတွင် အသန်မာဆုံးသူများ ဖြစ်နေသည်။ မည်သို့ပင် ဖြစ်စေ ဟန်လိက အနည်းဆုံးတော့ ထိုသူများကို မကြောက်ပေ။
သူက တခြားသူများနှင့် တိုက်ရခိုက်ရခြင်းကို တတ်နိုင်သမျှ ရှောင်ခဲ့သော်လည်း ဤသည်မှာ သူ့ကိုယ်သူ ယုံကြည်မှု ကင်းမဲ့သောကြောင့် မဟုတ်ချေ။ ဟန်လိ၏ မှော်စွမ်းအားက ကင်းမဲ့ကာ ထိပ်တိုက်တိုက်ပွဲများ၌ ခံဘက်က ဖြစ်နိုင်သော်လည်း သူ ပိုင်ဆိုင်ထားသော ထိပ်တန်းမှော်လက်နက်ပစ္စည်းများနှင့် ရတနာအဆောင်တို့က ထိုအားနည်းချက်ကို ဖာထေးဖို့ လုံလောက်သည်။
သည်မှော်ပစ္စည်းများ၊ အဆောင်များက အမှန်တကယ် အလုပ် မဖြစ်ခဲ့လျှင်ပင် သူ့အနေဖြင့် ကောင်းကင်လျှပ်စီးကလေးငယ်ကို ထုတ်သုံးနိုင်သေး၏။ ထိုသည်မှာ လွယ်ကူသော ကိစ္စရပ် တစ်ခု မဟုတ်ပေဘူးလား။
သို့သော် ဟန်လိက ၎င်းကို အသုံးပြုချင်၊ မပြုချင်ကမူ မတူညီသော ကိစ္စရပ် ဖြစ်သွားလေပြီ။
ဟန်လိက နည်းနည်းတော့ သံသယ ဝင်နေ၏။ မုတ်ဆိတ်လူနှင့် ကောင်းကင်မျှော်စင်ရဲတိုက်မှ လူတို့သည် တစ်ယောက်နှင့် တစ်ယောက် မတိုက်ခိုက်သည့်အပြင် ထိုအစား အတူတူ ပူးပေါင်းထားသေး၏။ သူတို့သည် တူညီသော ဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်ပါက ဤသည်မှာ သာမန်ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စပင်။ သို့သော် ထိုနှစ်ယောက်က ဂိုဏ်းတူတူ မဟုတ်တာ သိသာနေ၏။
“ကောင်လေး…မင်း သတ္တိကတော့ မသေးပါလား။ တားမြစ်ဧရိယာအပြင်ဘက်မှာ မင်းက ငါ့ကို လှောင်ကြည့်ကြည့်ဝံ့ခဲ့တယ်ပေါ့။ အခုတော့ မင်းကို တောင်းပန်ခိုင်းတဲ့အနေနဲ့ မင်း အသက်ကို ငါ ပြန်ယူမယ်…”
မုတ်ဆိတ်လူက ညစ်ကျယ်ကျယ် ပြောလိုက်၏။
ထို့နောက် သူက မျှော်စင်ရဲတိုက်မှ ကျင့်ကြံသူထံ လှမ်းပြော၏။ “ညီအစ်ကိုယန်...ကျုပ်နဲ့ ဒီကောင့်ကြားမှာ ရန်ငြှိုးရှိတယ်။ ဒီလူ့ကို ကျုပ် လက်ထဲ လွှဲပေးပါ။ ကျုပ် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်မယ်။ ကျင့်ကြံခြင်းလောကမှာ အဆင်အခြင်မဲ့တာ မကောင်းတဲ့အကြောင်း သူ သိသွားအောင် လုပ်ပေးမလို့။ နောင်ဘဝမှာ တစ်ယောက်ယောက်ကို မစော်ကားမိခင် အခု အဖြစ်အပျက်ကို အရင် သတိရသွားအောင် လုပ်ပေးမလို့…”
မျှော်စင်ရဲတိုက်မှ တပည့်က သည်စကားကို ကြားသည့်အခါ သူက အရေးမစိုက်ဟန်ဖြင့် ပုခုံးတွန့်ကာ ပြောလိုက်၏။ “ခင်ဗျား သဘောပဲ။ ကျုပ် ဘေးက ရပ်နေရုံပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ အကြိမ်တုန်းကလို မဖြစ်စေနဲ့အုံး။ မဟုတ်ရင် ကျုပ်ကို ခင်ဗျားက အသက်ကြွေးတစ်ခု ထပ်တင်သွားအုံးမယ်…”
“ဟားဟား…အဲ့အကြိမ်တုန်းက လုံးဝ မတော်တဆ ဖြစ်သွားခဲ့တာပါ။ အခုကတော့ ကျုပ် ကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါတယ်။ ကျုပ် ခွန်အား တဝက်ကို အသုံးပြုရင်တောင် လုံလောက်နေပြီ…”
မုတ်ဆိတ်လူ၏ မျက်နှာက နီရဲသွား၏။ သို့သော် သူက ပါးစပ်ကနေတော့ အထင်သေးစွာ ပြောလိုက်၏။
“ကောင်းပါပြီ။ ခင်ဗျား အကောင်းဆုံး လုပ်သင့်တယ်။ ကျုပ်အနေနဲ့ ဒီနေရာ၊ ဒီရက်မှာ ခင်ဗျား သေသွားတဲ့သတင်းကို မကြားချင်ဘူး။ တကယ်တော့ ကျုပ်တို့ မိတ်ဆွေဖြစ်တာ နှစ်များစွာ ရှိခဲ့ပြီ မလား…။ စိတ်နေစရိုက် ကိုက်ညီတဲ့ တစ်ယောက်ယောက်ကို ရှာတွေ့ဖို့ဟာ တကယ်ပဲ ခက်ခဲလွန်းတယ်လေ…”
မျှော်စင်ရဲတိုက်မှ တပည့်က ခေါင်းယမ်းလိုက်၏။ မုတ်ဆိတ်လူ၏ မောက်မာမှုက သူ့ကို ခေါင်းကိုက်စေသည်ဟု ခံစားမိသည်။ သို့သော် သူ့ရှေ့မှ ရန်သူက သူ့မိတ်ဆွေဟောင်းကို ချိန်းခြောက်နိုင်လိမ့်မည်ဟု သူ မယုံပေ။ ထို့အပြင် သူက ဘေးကနေသာ ကြည့်နေဖို့ ပိုစိတ်ထက်သန်နေသည်။
ဟန်လိက သည်နှစ်ယောက်၏ အပြန်အလှန်စကားများကို ရှင်းရှင်းလင်းလင်း ကြားရ၏။ သူ ကြားသိရသော စကားများကြောင့် သူ့စိတ်ထဲမှ သံသယမှာ ရှင်းလင်းသွားတော့သည်။
မထင်မှတ်စွာဖြင့် ထိုနှစ်ယောက်သည် အစတည်းက မိတ်ဆွေသူငယ်ချင်းများ ဖြစ်နေကြသည်။ ထို့အပြင် သူတို့၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်မည့်ပုံ ပေါ်သည်။
ဤသည်က ပြဿနာ ပိုများစေ၏။ ထိုနှစ်ယောက်သည် ယာယီပူးပေါင်းထားရုံ သပ်သပ် မဟုတ်ပေ။ သူတို့၏ စကားများအရ သည်လူများသည် တစ်ကြိမ်ထက်မက အတူတူ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးပုံ ရသည်။
ဟန်လိမှာ ပို၍ စိတ်ထင့်သွားမိ၏။
“ကြည့်ရတာ ငါဟာ လျှပ်စီးကလေးငယ်ကို အသုံးပြုမှ ရတော့မယ့် ပုံပဲ။ အရင်ဆုံး သူတို့ထဲက တစ်ယောက်ကို ရှင်းထုတ်ပစ်ဖို့ အရေးကြီးဆုံးပဲ။ အဲ့ကျရင် ကျန်တဲ့ တစ်ယောက်ကို ရင်ဆိုင်ရတာ ပို လွယ်သွားပြီ။ ဒါပေမဲ့ ထူးတော့ ထူးဆန်းတယ်။ ဂိုဏ်းအသီးသီးတပည့်တွေဟာ ကြုံရာကျပန်း တည်နေရာရွှေ့ပြောင်းခံရတာမလား။ သူတို့ နှစ်ယောက်က တူညီတဲ့ နေရာကို ရောက်လာပြီး ဘယ်လိုဘယ်ပုံ လာတွေ့နေရတာလဲ။ ဒါက တော်တော်လေးတော့ ထူခြားတယ်…”
ဟန်လိသည် မုန်းတီးစွာ တွေးမိ၏။ သူက ကံဆိုးလှသည်ဟု ခံစားမိနေ၏။
ဟန်လိက မျှော်စင်ရဲတိုက်မှ တပည့်၏ စိတ်ထဲ၌လည်း သည်အကြောင်းကို အူမြူးစွာ တွေးနေတာကိုတော့ မသိနေပေ။
ထိုသူက မုတ်ဆိတ်လူသည် ဟန်လိထံ လျှောက်လာနေသည်ကို မြင်သည့်အခါ သူသည် ဟာမိုနီဝိညာဉ်အဆောင်၏ စွမ်းဆောင်ရည်ကြောင့် သူ့မိတ်ဆွေကောင်းနှင့် ဒီနေရာတွင် လာတွေ့နိုင်စွမ်း ရှိရသည့် အဖြစ်ပေါ် စိတ်ရောက်သွားမိသည်။
“အဆင့်မြင့်ဟာမိုနီ စိတ်ဝိညာဉ်အဆောင်။ ဒီအဆောင်ဟာ တကယ် အသုံးတည့်တယ်။ ငါတို့က တူညီတဲ့အခိုက်မှာ ဒီအဆောင်ကို တပြိုင်နက်တည်း အသုံးပြုခဲ့ရင် ငါတို့ရဲ့ စိတ်ဝိညာဉ်ချီတွေက တစ်ယောက်နဲ့တစ်ယောက် ယာယီချည်နှောင် မိသွားလိမ့်မယ်။ ပြီးင် အတားအဆီးအစီအရင်က ငါတို့ကို တူညီတဲ့နေရာကို တည်နေရာ ရွှေ့ပြောင်းပေးလိုက်တာပဲ။ ငါ့အနေနဲ့ ဒီလိုဖြစ်လာဖို့ အောင်မြင်နိုင်ချေဟာ ငါးဆယ်ရာခိုင်နှုန်းသာ ရှိတယ်လို့ ကြားခဲ့ဖူးပေမယ့် အဆောင်ရဲ့ တန်ဖိုးကတော့ ပုံမှန်စဦးအဆင့်မြင့် စိတ်ဝိညာဉ်အဆောင်တွေထက် အများကြီး ဈေးပိုကြီးနေတယ်။ ဒါပေမဲ့လည်း အဆုံးသပ်မှာတော့ ငါတို့ဟာ ဒီနေရာမှာ စောင့်နေပြီး ဖြတ်သွားဖြတ်လာ တပည့်တွေကို အလစ်တိုက်၊ အကျိုးအမြတ်အများကြီး ရိတ်သိမ်းနိုင်ခဲ့တာပဲ မဟုတ်လား…”
“ဒါ့အပြင် ငါဆိုတဲ့ယန်က အရူးတစ်ယောက် မဟုတ်ဘူး။ အန္တရာယ်များလှတဲ့ ဒီနေရာကို ရင်ဆိုင်ဖို့ ခုလောက်တန်ဖိုးကြီးကြီး ပေးခဲ့တာဟာ စိတ်ဝိညာဉ်ဆေးပင်တွေအပေါ် စုဆောင်းလာခဲ့တဲ့သူတွေကို ဒီကနေ စောင့်၊ ခြုံခိုသတ်ဖြတ်ပြီး သူတို့ ပိုင်ဆိုင်မှုတွေကို ရယူနိုင်လို့ မဟုတ်လား။ ဒါက ဂယက်မထစေဘဲ ရနိုင်တဲ့ ကြီးမားတဲ့ အကျိုးအမြတ်ပဲ။ ငါတို့နှစ်ယောက် အတူ ပူးပေါင်းထားတဲ့အတွက် ကြမ်းလှတဲ့ ကျွမ်းကျင်သူတွေ ဒီလမ်းကို မဖြတ်လာခဲ့ရင် ငါတို့ ရည်ရွယ်ချက်ဟာ လွယ်လွယ်နဲ့ သိပ်အားစိုက်ထုတ်စရာမလိုဘဲ အောင်မြင်နိုင်တယ် မဟုတ်လား။ အချိန်စေ့ခါနီးရင် ငါတို့က ပြန်ဆုတ်ပြီး ပုန်းဖို့ နေရာတစ်ခုခု သွားရှာရုံပဲ။ ဒါဆိုရင် အချိန်စေ့တာနဲ့ ငါတို့ဟာ ဒီတားမြစ်ဧရိယာကနေ ဘေးကင်းကင်းနဲ့ ပြန်ထွက်ခွာနိုင်ပြီ။ ဒါက တကယ်ကို ချို့ယွင်းချက်မရှိတဲ့ အစီအစဉ်ပဲ။ ငါတစ်ယောက်ပဲ ဒီလိုမျိုး တွေးနိုင်မှာကွ…”
ကောင်းကင်မျှော်စင်ဂိုဏ်းမှ ကျင့်ကြံသူက သူ့ကိုယ်သူ ဂုဏ်မြှောက်ကာ အတွေးထဲ နစ်မြောနေ၏။ သူ့စိတ်က လာလတ္တံ့သော တိုက်ပွဲအပေါ် ရောက်မနေပေ။
မုတ်ဆိတ်လူက အစိမ်းရောင်သားရေအိတ်တစ်ခုကို ထုတ်ယူ၏။ ဟန်လိထံ ညစ်ကျယ်ကျယ် ပြုံးကာ ချည်းကပ်လာ၏။
သို့ပေမည့် သူက သူ့မိတ်ဆွေကောင်း၏ သတိပေးခြင်းကို မမေ့ချေ။ ချဉ်းကပ်လာနေရင်း အဆောင်တစ်ခုကို အသုံးပြုသည်။ သူ့ကို အစိမ်းရောင်အလင်းဖြင့် ခြုံလွှမ်းသွားသည်။ သူ၏ ခုခံကာကွယ်မှုမှာ မြင့်တက်သွားပေပြီ။
ထိုအခြေအနေကို မြင်သည့်အခါ ဟန်လိက မျက်မှောင်ကြုတ်သွားသည်။ သူက နည်းနည်းတော့ ခေါင်းကိုက်သွား၏။
ဟန်လိက ဝိညာဉ်သားရဲတောင်မှ တပည့်၏ အပြုအမူများကို လန့်ချင်ဟန် ဆောင်ကာ တဖက်သူကို သတိပေါ့ဆအောင် လုပ်ပြီး ရှင်းထုတ်ပစ်မည်ဟု ကြံရွယ်ထားခဲ့၏။ သို့သော် အခုတော့ ရန်သူက အကာအကွယ် မှော်ပညာရပ်ကို ထုတ်သုံးထားပြီ ဖြစ်၍ သူ့အနေဖြင့် အချိန်တိုအတွင်း အမြစ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။
ဟန်လိက ကောင်းကင်လျှပ်စီးကလေးကို အသုံးပြုရင်တော့ ထိုသူ့ထံ၌ တခြားနည်းလမ်းများ ရှိနေခဲ့လျှင်ပင် ဘာမျှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဤသည်က တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ သေရေးရှင်ရေး အကြပ်အတည်း မဆိုက်သေးပါက ဟန်လိက ၎င်းကို အသုံးပြုလိမ့်မည် မဟုတ်ပေ။
သို့ဖြစ်၍ သူ မူလစီစဉ်ထားသည့်အတိုင်း မုတ်ဆိတ်လူကို အရင် မတိုက်ခိုက်တော့ပေ။ ထိုအစား သူက ကောင်းကင်မျှော်စင်မှ တပည့်ကို ဦးဆုံး တိုက်ခိုက်မည်ဟု ကြံစည်သည်။
ကောင်းကင်မျှော်စင်ဂိုဏ်းမှ တပည့်က လက်နောက်ပစ်လျက် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်နေသည်ကို သူ မြင်၏။ ထိုသူသည် တခုခုကို စဉ်းစားနေတာ ဖြစ်လိမ့်မည်။ ဟန်လိ ဘဝင်ကျသွား၏။ သူက ဤသည်မှာ အခွင့်အရေးတစ်ခု ပေါ်လာတာ ဖြစ်မှန်း သိသည်။
စဉ်းစားမနေတော့ဘဲ သူက လက်ထဲရှိ မြေအချုပ်အနှောင်ပညာရပ် အဆောင်ကို မုတ်ဆိတ်လူထံ ပစ်လွှတ်လိုက်သည်။
ထိုအဆောင်က လေထဲ၌ အဝါရောင်အလင်းတန်းအဖြစ်သို့ ပြောင်းသွားကာ ရန်သူ့ထံ ကြမ်းတမ်းစွာ တန်းတန်းမတ်မတ် ဝင်လာသည်။ ၎င်းက မုတ်ဆိတ်လူ၏ အကာအကွယ်မှော်ပညာရပ် အရံအတားကို ခြုံလွှမ်းပစ်သည်။ အဝါရောင်အရံအတား ဖြစ်ပေါ်ကာ သူ့ကို အထဲ၌ ခိုင်မြဲစွာ ပိတ်မိစေသည်။ ထိုအခါ ဒီအခိုက်အတန့်၌ သူသည် တစ်လက်မမျှ ရှေ့ဆက် မတိုးလာနိုင် ဖြစ်သွားသည်။