← Chapters

ရွှေအလင်းအုတ်ခဲ၏ စွမ်းပကား

Vol. 14 Ch. 184

ရွှေအလင်းအုတ်ခဲ၏ စွမ်းပကား

Vol. 14 Ch. 184

မုတ်ဆိတ်လူက ဟန်လိလက်ထဲ၌ အဆောင်တစ်ခုကို ကိုင်ထားသည်ကို မြင်သည်။ သို့သော် သူက စိတ်မပူပေ။ သူ ခြုံရုံထားသော သစ်သားဓာတ်အရံအတားက ပုံမှန်တိုက်ခိုက်မှုများစွာကို အေးဆေး ကာကွယ်နိုင်စွမ်း ရှိသည်။

ထို့အပြင် တဖက်သူက အဆင့်ဆယ့်တစ်သာ ရှိသေးသော ကျင့်ကြံသူပေါက်စ ဖြစ်နေ၏။ သူက ဟန်လိထံ၌ အင်အားကြီးသော အဆောင်တစ်ခု ပိုင်ဆိုင်နေမည်ဟု မထင်ထားပေ။ အများဆုံးမှ ထိုကောင်လေး ပိုင်ဆိုင်ထားတာသည့် အလယ်အဆင့် အဆောင်သာ ဖြစ်ပေလိမ့်မည်။

သို့ဖြစ်၍ သူက သတိမမူဘဲ ရှေ့ဆက်လျှောက်လာ၏။ သူ၏ သိုလှောင်အိတ်ကိုလည်း ဖွင့်လှစ်သည်။ သူက ၎င်းထဲမှ တစ်ခုခုကို ထုတ်ယူမည့်ဟန် ပြင်၏။

သို့သော် ဟန်လိ ပစ်သွင်းလိုက်သော အဆောင်၏ အဝါရောင်အလင်းအကာသည် မြေအချုပ်အနှောင်ပညာရပ် အဆောင်မှန်း ရုတ်တရက် သိသွားသည့်အခါ ထိုသူ၏ အမူအရာမှာ ပြောင်းလဲသွား၏။

သူက သူ၏သိုလှောင်အိတ်ထဲမှ ခရမ်းရောင်တောင်ပံတစ်စုံနှင့် အစိမ်းရင့်ရောင်မြွေတစ်ကောင်ကို ထုတ်ယူလိုက်၏။ ၎င်း ပေါ်လာသည်နှင့် ချက်ခြင်းပင် တမူထူးသော အသံများကို အော်မြည်၍ အဝါရောင်အရံအတားကို အပြင်းအထန် တိုက်ခိုက်သည်။ ထိုအခါ အရံအတားက ဆက်တိုက် တုန်ခါသည်။ ၎င်း၏ ခွန်အားမှာ မပေါ့ပေ။

မုတ်ဆိတ်လူက ဤသည်ကို မြင်သည့်အခါ သူက နည်းနည်းတော့ စိတ်အား ပြန်တက်ကြွလာ၏။ သူက နောက်ထပ် စိတ်ဝိညာဉ်သားရဲ တစ်ကောင်ကို သိုလှောင်အိတ်ထဲမှ ထုတ်၏။ မြွေနှင့် ထိုသားရဲတို့၏ ပူးပေါင်းတိုက်ခိုက်မှုက မြေအချုပ်အနှောင်အရံအတားကို ချိုးဖျက်ဖို့ လုံလောက်ရန် သူ မျှော်လင့်မိသည်။ သူက အချိန်တိုအတွင်း တားဆီးခံထားရခြင်းကနေ လွတ်မြောက်ဖို့အတွက် ယုံကြည်မှု ရှိနေ၏။

သူ လွတ်လာသည်နှင့် ဟန်လိကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မိမည့်သာ။ သို့မှသာ သူ၏စိတ်ထဲရှိ အမုန်းတရားက လျော့ပါးသွားလိမ့်မည်။

ဟန်လိက မုတ်ဆိတ်လူ၏ အခြေအနေကို အာရုံပင် စိုက်မနေ။ လျင်မြန်စွာ လှုပ်ရှား၍ ကောင်းကင်မျှော်စင်မှ ကျင့်ကြံသူထံ တဟုန်ထိုး တိုးဝင်လာသည်။ သူ၏ လှုပ်ရှားမှုက မြန်လှ၏။ မျက်စိအမြင်တွင်ပင် ပေါ်လိုက်ပျောက်လိုက် ဖြစ်ကာ ပုံရိပ်ယောင်များပါ ထင်ကျန်ခဲ့ပေသည်။ ဟန်လိက အရိပ်တစ္ဆေအလား။

တချိန်တည်းမှာ ဟန်လိက သူ၏ ခါးရှိ သိုလှောင်အိတ်ကို ခပ်ဖွဖွ ပုတ်သည်။ ထိုအခါ သူ အရန်သင့် ပြင်ထားသော ရွှေပိုင်းတောင်ဓားသွားအစုံက သူ့လက်၌ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော နောက်ထပ် မှော်လက်နက်တစ်ခုနှင့် ယှက်လိမ်၏။

သည်အခါ မျှော်စင်ရဲတိုက်မှ ကျင့်ကြံသူက အတွေးစိတ်ကူးယဉ်ထဲ နစ်မြောနေရာက သတိပြန်ဝင်လာ၏။ သူ့ရှေ့ရှိ ထူးခြား‌သော မြင်ကွင်းကို ချက်ခြင်း မြင်သည်။ သူ၏ အမူအရာမှာ ချက်ခြင်း ပြောင်းသွား၏။ သူက အလျင်အမြန် နောက်ဆုတ်ကာ သူ့လက်ဝါးကို ပုတ်ထုတ်၏။ အဆောင်တစ်ခု ပေါ်လာသည်။

ထိုစဉ် ဟန်လိက သူနှင့် မီတာသုံးဆယ်လောက် အကွာတွင် ရှိနေတုန်း ဖြစ်သည်။ ထိုအခါကျမျှ သူ စိတ်အေးသွားမိသည်။ သူ့အနေဖြင့် အဆောင်ကို ထုတ်သုံးရန် လုံလောက်သည်ထက် အချိန်ပိုရပြီဟု သူ တွေးလိုက်သည်။

သို့ပေမည့် သူက သူ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အဆောင်ကို အပြည့်အဝ အသက်မသွင်းနိုင်ခင်မှာပင် ဟန်လိက သူ့ကို မထိပြုံးပြုံး၍ ကြည့်နေသည်ကို လှမ်းမြင်ကာ သူ မင်သက်သွားသည်။ ထို့အပြင် ဟန်လိက သူ့ကို လက်တစ်ဖက် ဝေ့ယမ်း၍ပင် ပြလိုက်သေး၏။ မသိလျှင် သူက မိတ်ဆွေအချင်းချင်း နှုတ်ဆက်ဟန် ပြုမူသည့်အလား။ တချိန်တည်းမှာ မျှော်စင်ရဲတိုက်မှ ကျင့်ကြံသူက သူ့လည်ပင်း၌ ဆစ်ခနဲ နာကျင်မှုကို ခံစားမိသည်။ ခြင်တစ်ကောင် ကိုက်ခံလိုက်ရသည့်အလား။

ထိုသူမှာ ဟန်လိကို စိုက်ကြည့်နေ၏။ တဖက်သူ၏ ရည်ရွယ်ချက်ကို သူ ခုထိ သဘောမပေါက်သေးပေ။ စိတ်စနိုးစနှောင့် ဖြစ်နေပြီး သူ၏မျက်လုံးမှာ မှိန်ဖျော့သွားတော့၏။ သူ၏ အသိစိတ် ဆုံးရှုံးသွားလေပြီ။

“အစ်ကိုယန်…”

တဖက်မှ ဝိညာဉ်သားရဲတောင်မှ မုတ်ဆိတ်လူက မျက်လုံးအပြူးသားဖြင့် လှမ်းအော်၏။ သူက သည်ဖြစ်ရပ်တစ်ခုလုံးကို ကောင်းကောင်း တွေ့မြင်လိုက်ရ၏။

သူ ကိုယ်တိုင်လည်း ဟန်လိက သူ့မိတ်ဆွေနှင့် မီတာသုံးဆယ်လောက် အကွာတွင် ရှိနေသေးတာကို မြင်၏။ လက်ဝေ့ယမ်းတာကို မြင်၏။ ထို့နောက် သူနှင့် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သော သူ၏ မိတ်ဆွေ ခေါင်းပြတ်ထွက်သွားတာကိုပါ မြင်သည်။ သူ့မိတ်ဆွေ၏ ခေါင်းက မြေပေါ်သို့ လိမ့်ကျသွား၏။ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားလေပြီ။ သို့ပေမည့် ခေါင်းမဲ့ ခန္ဓာကိုယ်က နောက်သို့ ခြေလှမ်းအနည်းငယ်ထိ ဆက်ဆုတ်သွားသေးသည်။ ပြီးမှ မြေပေါ်သို့ လဲကျသွားသည်။ သူ၏ လည်တိုင်ရင်းမှ သွေးများ ပန်းထွက်ကုန်တာ နှစ်ပေသုံးပေခန့်ထိပင် မြင့်လေ၏။

မုတ်ဆိတ်လူမှာ သူ့လက်များ ရုတ်တရက် အေးစက်သွားသကဲ့သို့ ခံစားမိလိုက်၏။ သူ့နောက်ကျောတွင်လည်း ချွေးစေးများ ပြန်လာသည်။

ရန်သူက သူ့မိတ်ဆွေကို သတ်ရာ၌ အသုံးပြုခဲ့သော နည်းလမ်းကား ရက်စက်ကြမ်းတမ်း လှချေ၏။ သူ့မိတ်ဆွေမှာ အဝေးကနေပင် အသတ်ခံလိုက်ရတာကို သူ ရှင်းရှင်းလင်းလင်း မြင်သည်။ ရန်သူက မည်သည့် မှော်ပညာရပ်ကိုမျှ အသုံးမပြုခဲ့တာလည်း သိသာသည်။

“ကောင်လေး…ငါ ဒီသောက်အရံအတားကနေ လွတ်လာတာနဲ့ မင်းကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်မယ်…”

မုတ်ဆိတ်လူက ချွေးစေးပြန်ကာ သူ့မိတ်ဆွေအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း သူ့ကိုယ်သူ မနည်းပြန်အားတင်း၏။ သတ္တိမွေး၏။ သူက ထီမထင်ဟန်သဘောဖြင့် ဟန်လိကို လှမ်းပြောသည်။

သို့ပေမည့် အမှန်တကယ်ကမူ သူ့စိတ်ထဲ၌ ဒီမြေအချုပ်အနှောင်ပညာရပ်ကနေ လွတ်သည်နှင့် ချက်ခြင်း ထွေပြေးမည်ဟု ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။ တကယ်တော့ လက်စားချေခြင်းသည် နောင်မှ ဆိုလျှင်လည်း နောက်မကျသေးပါ။

သူ့ရှေ့မှ ကောင်လေးက အလွန် ထူးခြားနေ၏။ သူ့ထံ၌ အဆင့်မြင့် မြေအချုပ်အနှောင်ပညာရပ် အဆောင်တစ်ခုကို ပိုင်ဆိုင်ထားရုံသာမက မမြင်ရသောလက်နက်ဖြင့်ပါ လူ သတ်နိုင်နေ၏။ သူ့အတွက် ရင်ဆိုင်ရခက်မှာ သေချာနေသည်။ သူ့မိတ်ဆွေအတွက် လက်စားပြန်ချေဖို့မှာ အရေးကြီးတာ မှန်သည်။ သို့သော် အရင်ဆုံး သူ့အသက်ကိုယ်သူ မြဲအောင် လုပ်ရလိမ့်မည်သာ။

အစောပိုင်းတုန်းက ကြမ်းလှဟန် ပေါက်နေသော ဒီမုတ်ဆိတ်လူသည် အမှန်တကယ်တော့ ကြွက်တစ်ကောင်ကဲ့သို့ သတ္တိကြောင်သူပင်။ သူက အားနည်းသူကိုသာ အနိုင်ကျင့်တတ်ပြီး အားကြီးသူကို ကြောက်လန့်သူ ဖြစ်၏။ ထိုသည်ကိုမြင်ပါက လူအများသည် အံ့အားသင့်ကုန်လိမ့်မည်။

တကယ်တော့ ဟန်လိက သူ့ရန်သူ၏ အတွေးများကို သိဖို့ နည်းလမ်း ရှိမနေပါ။ သူ မြင်သည်မှာ ရန်သူက သင်းခွေချပ်ကဲ့သို့ နောက်ထပ် သားရဲတစ်ကောင်ကို ထပ်မံ ထုတ်လွှတ်ပြီး အဝါရောင်အရံအတားအား တိုက်ခိုက်နေတာကိုသာ ဖြစ်၏။ မုတ်ဆိတ်လူက မြွေနှင့် သင်းခွေချပ်ကဲ့သို့ သားရဲတို့ အရံအတားကို တိုက်ခိုက်ရာ၌ အကူအညီ ဖြစ်စေဖို့ သံတုတ်ကဲ့သို့ မှော်ပစ္စည်းတစုံကိုပါ ထပ်ထုတ်သည်။ ထိုအခါ အဝါရောင်အရံအတားသည် တဖြတ်ဖြတ် ဖြစ်လာ၏။

ဒီမြေအချုပ်အနှောင်ပညာရပ်က ကြာကြာ ထိန်းထားနိုင်တော့မည် မဟုတ်ချေ။

ဟန်လိက ထိုသို့ သသောပေါက်သည်နှင့် ရွှေအလင်းအုတ်ခဲကို လက်တစ်ဖက်ဖြင့် ထုတ်ယူ၏။ ၎င်းမှာ ရတနာအဆောင်ပင်။ သူက ၎င်းကို ထုတ်ယူပြီးနောက် မှော်စွမ်းအား သွန်းလောင်းသည်။ သူက တခြား ပုံမှန်မှော်ပစ္စည်းများကို အသုံးပြုပါက အဆင်မပြေနိုင်ဟု ခံစားမိ၏။ တကယ်တော့ ရန်သူသည် အဆင့်ဆယ့်သုံး ကျွမ်းကျင်သူတစ်ယောက် မဟုတ်လား။ သူကသာ ထိုသူ့ကို တချက်တည်း မသတ်နိုင်ဘဲ ထိုသူသာ လွတ်မြောက်လာပါက သူ့အတွက် ဒုက္ခများစေလိမ့်မည်။ ခုချိန်ထိ သူသည် စီနီယာအစ်ကိုလုနှင့် ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲကို မမေ့သေးပေ။ ထိုစဉ်က စီနီယာအစ်ကိုလုသည် အဆင့်ဆယ့်နှစ်တွင်သာ ရှိခဲ့သူ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဟန်လိက အလင်းဖောက်ကြိုးမျှင်သည် အဆင့်ဆယ့်နှစ် ရန်သူတော်တစ်ယောက်ကို အမှန်တကယ် သတ်နိုင်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သို့သော် အခု ဒီမုတ်ဆိတ်လူက သတိရှိနေပြီ ဖြစ်၏။ သူ့ကို လွယ်လွယ်နှင့် အနိုင်ယူဖို့ မဖြစ်နိုင်တော့ပေ။

မြေအချုပ်အနှောင်ပညာရပ်၏ အောက်ရှိ မုတ်ဆိတ်လူက ဟန်လိ၏ လက်ထဲရှိ အဆောင်လှုပ်ရှားမှုများကို လှမ်းမြင်သည်။ သူ့စိတ်နှလုံးမှာ တင်းကြပ်သွား၏။ သူက လက်ထဲရှိ အနက်ရောင်သံတင်းပုတ်ကို တင်းတင်းဆုပ်ကိုင်ထား၏။ သို့သော် မြေချုပ်နှောင်ခြင်းပညာရပ်၏ အဝါရောင်အရံအတားမှာ အားကောင်းလွန်းနေသည်။ ၎င်းက ပျက်စီးတော့မည် ဖြစ်သော်လည်း မာကြောချုပ်နှောင်နိုင်စွမ်း ဆက်ရှိနေသေးသည်။ ထိုသည်ကို မြင်သည့်အခါ မုတ်ဆိတ်လူသည် သွေးအန်လုမတတ် ဒေါသထွက်သွားသည်။

ရုတ်တရက် ဟန်လိရှိနေသော အရပ်ထံကနေ စိတ်ဝိညာဉ်စွမ်းအား ပမာဏများစွာ မြင့်တက်လာနေသည်ကို သူ ခံစားမိ၏။

ဟန်လိက လက်ထဲ၌ ရွှေရောင်တလင်းလင်း ထုတ်လွှတ်နေ၏။ အလားတူ ဟန်လိရှေ့၌ ဖြည်းဖြည်းချင်း မြင့်တက်၍ လေထဲ၌ လွင့်မြောနေသော တောက်ပသည့် လေးထောင့်ပုံအရာဝတ္ထုတစ်ခုလည်း ရှိနေသည်။ သူက ဒီမြင်ကွင်းကို လှမ်းမြင်သည်။

“ရတနာအဆောင်…”

မုတ်ဆိတ်လူ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူက အလန့်တကြား ထအော်သည်။ သူသည် ရွှေအလင်းအုတ်ခဲ၏ သဘောသဘာဝကို သဘောပေါက်လိုက်ပြီ။

သူ မသိသည်မှာ ဟန်လိ၏ မျက်နှာမှာလည်း ဒီအခိုက်အတန့်တွင် သေလောက်အောင် ဖြူရောနေခြင်းကိုပင်။ လွင့်မြောနေသော ဒီအုတ်ခဲက သူ၏ မှော်စွမ်းအားများကို စုပ်ယူနေ၏။ သူ့ မှော်စွမ်းအားများမှာ ရပ်တန့်ခြင်းမရှိဘဲ ကုန်ခမ်းလာနေသည်။ ၎င်းက သူ့ကို ခြောက်ကပ်သွားသည့်အထိ စုပ်ယူပစ်လေမည့်အလား။

ဟန်လိက စိတ်ထဲကနေ မကျေမချမ်း ပြောနေမိ၏။ သူက သည်ပစ္စည်း သူ့ကို ရောင်းခဲ့သော ဆိုင်ရှင်ကို ကျိန်ဆဲနေခြင်းပင်။ “ဒါက ရတနာအဆောင် ဘယ်လို ဖြစ်ရတာလဲ။ ငါ့ကိုပါ သေစေမယ့် ပစ္စည်း မဟုတ်ဘူးလား…”

သို့သော် သူ့မှော်စွမ်းအားများ၏ သုံးပုံတစ်ပုံ ကုန်ခမ်းသွားချိန်၌ ရတနာအဆောင်သည် ၎င်း၏ အရိုင်းဆန်သော လှုပ်ရှားမှုများက ရပ်တန့်ကာ တည်ငြိမ်သွားသည်။ ဟန်လိက ၎င်းကို ထိန်းချုပ်မှု ပြန်ရ၏။

သည်အခါ ဟန်လိသည် နှေးဖင့်မနေဘဲ ရွှေရောင်အုတ်ခဲထံ လက်ညွှန်သည်။ အနှီရတနာအဆောင်က ချက်ခြင်း ထိုးထွက်သွားတော့သည်။ ၎င်းက မြေအချုပ်အနှောင်ပညာရပ်အောက် ပိတ်မိနေဆဲ ဖြစ်သော မုတ်ဆိတ်လူထံ တန်းတန်းမတ်မတ် တိုးဝင်လာသည်။ ထိုသူ၏မျက်နှာမှာ ကြောက်လန့်မှုကြောင့် ပြာနှမ်းသွားလေ၏။

ရွှေရောင်အုတ်ခဲ၏ အရွယ်အစားမှာ ချဲ့ကားလာသည်။ မျက်စိတမှိတ်အတွင်း ၎င်းက အခန်းတစ်ခုစာမျှ ကြီးလာ၏။ ၎င်းပတ်လည်တွင် စိတ်ဝိညာဉ်ချီများ လှည့်ပတ်နေလျက် အဘက်ဘက်သို့ ရွှေရောင်အလင်းများ ဖြာထွက်နေသည်။ ၎င်း၏ ဖိအားကား အမှန်တကယ် လန့်စရာ ကောင်းလွန်းသည်။ ၎င်းသည် မုတ်ဆိတ်လူ၏ နဖူးနား ရောက်လာချိန်၌ တောင်ငယ် တလုံးစာလောက် အရွယ်အစားမျှ ရှိနေသည်ဟု ထင်ရ၏။ ၎င်းက အပြင်းအထန် အောက်သို့ ကျဆင်းသွားသည်။

“ဖောင်း…”

“အား…”

မုတ်ဆိတ်လူထံမှ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် မြေပြင်တခုလုံး အပြင်းအထန် တုန်ခါလှုပ်ခတ်သွားသည်။

ဟန်လိမှာ အံ့အားသင့်မိသလို စိတ်လည်း ကျေနပ်သွား၏။ သူ၏ အမူဟန်ပန်ပါ တမျိုး ဖြစ်နေသည်။

အဆင့်ဆယ့်သုံး ကျွမ်းကျင်သူတစ်ယောက်ကို သတ်ရတာ ဒီမျှ လွယ်ကူနေသလား။ ဟန်လိက သံသယအချို့ ဝင်မိသည်။

ဟန်လိသည် ရတနာအဆောင်ကို ပြန်ရုတ်သိမ်း၏။ ထိုအခါ ၎င်းသည် မူလအရွယ်အစားအတိုင်း ပြန်ပြောင်းကာ ဟန်လိ၏ လက်ထဲ ပြန်ကျရောက်လာသည်။ အစောပိုင်းက ရွှေရောင်အုတ်ခဲ ကျရောက်ခဲ့သော နေရာတွင်မူ မီတာသုံးဆယ်လောက် ကျယ်ပြန့်၍ သုံးမီတာလောက် နက်သော ချိုင့်ကြီးတစ်ခု ဖြစ်ကျန်ခဲ့ပေသည်။ မုတ်ဆိတ်လူနှင့် သူ၏ စိတ်ဝိညာဉ်သားရဲများမှာ မြေကြီးထဲ နစ်ဝင်ကာ ရွှံ့ပုံ ဖြစ်သွားခဲ့လေပြီ။

မုတ်ဆိတ်လူမှာ အမှန်တကယ် အသတ်ခံလိုက်ရပေပြီ။ သူက သည်တိုက်ခိုက်မှုကို တစိုးတစိမျှ မခုခံနိုင်ခဲ့ပေ။

မုတ်ဆိတ်လူကပဲ ပျော့လွန်း၍လား၊ သို့တည်းမဟုတ် ရွှေအလင်းအုတ်ခဲကပဲ သန်မာလွန်း၍လား။ ဟန်လိမှာ မဆုံးဖြတ်နိုင် ဖြစ်ရ၏။ သို့ပေမည့် ကျယ်လောင်သော ဆူညံသံ ဟိန်းထွက်သွားသည့်နောက် ဒီနေရာမှာ နေနေခြင်းသည် ဘေးကင်းနိုင်တော့မည် မဟုတ်ပေ။

ဟန်လိက အမြန် သတိပြန်ဝင်လာ၏။ သူက အလောင်းနှစ်လောင်းကို ဖျက်စီးပြီး သူတို့ထံမှ သိုလှောင်အိတ် ငါးအိတ်၊ခြောက်အိတ်လောက်ကို ယူကာ ဒီစကိုင်းလိုင်းဇုံကနေ ထွက်ခွာလာတော့သည်။

ရှေ့သို့ ဆက်လျှောက်ပါကလည်း တောအုပ်ကြီးထဲ ဦးတည်နေ၏။ ထိုနေရာမှာ ခြုံခိုတိုက်ခိုက်၍ ကောင်းသောနေရာ၊ လူအများ အသတ်ခံရသော နေရာနှင့် တူနေသည်။ တောအုပ်ထဲ ဝင်သွားပြီးပါက ဟန်လိသည် နောက်ထပ် အကြမ်းပတမ်း တိုက်ပွဲတစ်ခု ထပ်ဆင်နွှဲရနိုင်ချေ ရှိသည်။ သို့ဖြစ်၍ သူသည် မဝင်ဘဲ ခဏတဖြုတ် အနားယူမည့် နေရာကို ရှာဖို့သာ ဆုံးဖြတ်၏။ ထိုသို့ အနားယူပြီး သူ့ မှော်စွမ်းအားကို ပြန်ဖြည့်တင်းရပေမည်။ သို့မှသာ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်လား။

All Chapters