သန်မာခြင်း
Vol. 14 Ch. 185
ဟန်လိက တောအုပ်အစွန်အဖျားရှိ သစ်ပင်ကြီး တစ်ပင်ကို ရှာကာ ၎င်းပေါ်၌ တက်နေ၏။ သူက ခွန်အား ပြန်ဖြည့်နေခြင်းပင်။ အခုအချိန်တွင် ဒီတားမြစ်ဧရိယာတစ်ခုလုံး၌ သွေးနှင့်မီးစမ်းသပ်ကွင်း၏ ပထမဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး စနေပေပြီ။
သန်မာသူ အသီးသီးက သူတို့၏ အစွယ်များကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ပြလာကြ၏။ သူတို့ အနီးဝန်းကျင်ရှိ အားနည်းသူများကို စတင် သုတ်သင်ကြသည်။ သူတို့က ဗဟိုဧရိယာနှင့် ပိုနီးကပ်လာလေလေ သွေးလွှမ်းမှုများ၊ တိုက်ပွဲများက ပို၍ ဖြစ်ပွားလာလေပင်။
ခွန်အား ညီမျှသူများက တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်မတွေ့ဘဲ ရှောင်ကြ၏။ သူတို့က စကားဖြင့် ထုတ်ပြောစရာမလို၊ အပြန်အလှန် နားလည်မှုရှိရှိဖြင့် အချင်းချင်း ဘေးချိတ်ထားကြ၏။ သူတို့အချင်းချင်း တိုက်ခိုက်ရမည့် အချိန် မကျသေးပေ။
ထိုသို့ဖြင့် တားမြစ်ဧရိယာရှိ ဂိုဏ်းအသီးသီးမှ တပည့်များစွာကို အမျိုးအစားသုံးမျိုး ခွဲ၍ ရလာ၏။
တစ်မျိုးမှာ ချီစုဆောင်ခြင်းအဆင့် အဆင့်ဆယ့်တစ်၊ သို့မဟုတ် တစ်ဆယ်တွင် ရှိနေသော အားနည်းသူများ ဖြစ်၏။
သူတို့အားလုံးက ဒီတားမြစ်ဧရိယာသို့ ဝင်လာသည့် မတူညီသော အကြောင်းရင်းများ ရှိကြ၏။ သူတို့ကိုယ်တိုင် စိတ်ပါ၍ မဟုတ်ဘဲ အတင်းအကြပ် ဖိအားပေးခံရခြင်းလည်း ရှိ၏။ သို့မဟုတ် သူတို့က ကံကောင်းမှုကို အားကိုးကာ ဒီနေရာ၌ ကိုယ်ပိုင်အကျိုးအမြတ် ရလေမလားဟု မျှော်လင့်သူများလည်း ရှိ၏။ သူတို့၏ အကြောင်းရင်းများက မည်သို့ပင်ဖြစ်နေပါစေ သူတို့အားလုံးက ဒီအသေအကြေတိုက်ပွဲ၌ အဆင့်အနိမ့်ဆုံး ပါဝင်သူများ ဖြစ်၍ အသတ်မခံရဖို့ ဆုတောင်းရန်သာ တတ်နိုင်မည် ဖြစ်သည်။
တားမြစ်ဧရိယာ၌ ပထမနေ့ ပြီးသည့်နောက် ဉာဏ်ကောင်းသော၊ ကိုယ်ယောင်ဖျောက်သည့် နည်းလမ်းများကို သိသောသူများကလွဲ၍ ထိုအားနည်းသူများသည် တခြားသူများ၏ သုတ်သင်ခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
ဟန်လိကဲ့သို့ လူများသည်သာ သူတို့၏ ထူးခြားသော ရတနာများနှင့် ပြတ်သားမှုအပေါ် မှီခိုနိုင်ကြသည်။ ဟန်လိကိုမူ ချွင်းချက်ဟု ယူဆ၍ ရသည်။
ဒုတိယအမျိုးအစားမှာ မုတ်ဆိတ်လူကဲ့သို့ ကျင့်ကြံသူများပင်။ သူတို့၏ မှော်စွမ်းအားက အားမနည်းသော်လည်း ကျွမ်းကျင်သူများနှင့် ခွန်အားချင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုခြင်း မယှဉ်နိုင်ကြပေ။ သူတို့က စိတ်ဝိညာဉ်အမျိုးအမယ်တစ်ခုကို ရဖို့ကို သိပ်မမျှော်လင့်ထားချေ။ သူတို့က တားမြစ်ဧရိယာအတွင်း၌ စိတ်ဝိညာဉ်ဆေးပင်များအတွက် ကျွမ်းကျင်မှု မြင့်မားသူများနှင့် မတိုက်ခိုက်ချင်ကြ၊ ထိုအစား သူတို့က ပထမအမျိုးအစားမှ လူများအပေါ်ကိုသာ အာရုံစိုက်ကြ၏။ သူတို့က ထိုသူများကို သတ်ကာ သူတို့၏ ရတနာများကို လုယူ၍ အလျင်အမြန် ကြွယ်ဝလာဖို့သာ စိတ်ကူးထားသည်။
ဒီသွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်း၌ ထိုကဲ့သို့ ကျင့်ကြံသူများသည် ပထမနှစ်ရက်တွင် အတော်လေး လှုပ်ရှားကြ၏။ သို့ပေမည့် တတိယမြောက်နေ့ ရောက်လာသည့်အခါတွင်မူ ကျန်သည့် အနိုင်ရသူများသည် တားမြစ်ဧရိယာတွင် နှိမ့်ချကွယ်ပုန်း၍သာ နေကြတော့သည်။ သူတို့ကိုယ်သူတို့ မပေါ်လွင်စေတော့ပေ။
အကြောင်းမှာ တတိယနေ့ ရောက်လာသည်နှင့် ကျွမ်းကျင်သူများက တစ်ယောက်ပြီး တစ်ယောက် ပေါ်လာတော့မည်ကို ကောင်းကောင်း သိ၍ပင်။ ယင်းအချိန်ကာလအတွင်း အလယ်အလတ်အဆင့် ခွန်အားရှိသူက ကျွမ်းကျင်သူတစ်ယောက်ထံ ပြေးဝင်သွားမိပါက ကိုယ့်သေတွင်းကိုယ်တူးသလိုသာ ဖြစ်လိမ့်မည်။
မောက်မာသူအချို့၊ သို့မဟုတ် ကိုယ့်အစွမ်းအစအပေါ် ကိုယ်သေချာ မသိသူ အချို့တော့ ရှိကြ၏။ ထိုသူတို့က စိတ်ဝိညာဉ်ဆေးပင်များအတွက် တိုက်ပွဲအလယ်သို့ တိုက်ရိုက် ပြေးဝင်တတ်သည်။ ထိုအခါ သူတို့ကို နောက်ထပ် ထပ်မတွေ့ရတော့ပေ။
သို့ပေမည့် အများစုကမူ အခွင့်အရေးများကို စောစောစီးစီး ဖမ်းဆုပ်ပြီး မြန်မြန် ပြန်ဆုတ်ကြ၏။ ဒီသွေးနှင့်မီး ခြုံလွှမ်းသော စမ်းသပ်ကွင်း၌ ယင်းသို့သော ကျင့်ကြံသူများက အများစု ဖြစ်၏။ သို့ဖြစ်၍ အသန်မာဆုံး သူများက နောက်ဆုံး၌ အချင်းချင်း ထိပ်တိုက်တွေ့ကာ တစ်ယောက်ပြီး တစ်ယောက် သေကြလိမ့်မည်။ စိတ်မကောင်းစရာပင်။
နောက်ဆုံး အမျိုးအစားဖြစ်သော ကျင့်ကြံသူများကိုမူ တွေ့ရ အနည်းဆုံးပင်။
ထိုသူများက ဒီစမ်းသပ်ကွင်း၏ ထိပ်ဆုံး၌ ရှိသူများပင်။ ဂိုဏ်းအသီးသီး၏ ထိပ်တန်းတပည့်များ ဖြစ်၏။ သူတို့အပေါ် သက်ဆိုင်ရာ ဂိုဏ်းများက များစွာ မျှော်လင့်ထားကြ၏။ သူတို့နှင့် တူညီသော ဂိုဏ်းမှ တခြားသူများကမူ မြေစာပင်များသာ။ ဂိုဏ်းအသီးသီး၏ အကြံအစည်များကို အကူအညီပေးနိုင်ဖို့အတွက်သာ ဖြစ်သည်။
ဒီစမ်းသပ်ကွင်း၏ အပေါ်ဆုံး၌ ရှိသူများမှာ ထိပ်သီးများ ဖြစ်ကြ၏။ သူတို့၏ မှော်စွမ်းအားက နက်ရှိုင်း၏။ အံ့ချီးဖွယ်စွမ်းအား သတ္တိရှိသော မှော်ပစ္စည်းများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့၌ ပန်းတိုင်တစ်ခုသာ ရှိသည်။ ယင်းမှာ တခြားဂိုဏ်းမှ တပည့်များအားလုံးကို သတ်၍ လုံလောက်သော စိတ်ဝိညာဉ်ဆေးပင်များကို ရယူနိုင်ရန်ပင်။
ပထမသတ်ဖြတ်ပွဲ၌ သူတို့အချင်းချင်း နားလည်မှုယူကာ အမှိုက်များကို ဦးဆုံး ရှင်းကြ၏။ အခြေအနေကို အမြတ်ထုတ်ရန် စောင့်နေသူအားလုံးကို ရှင်းထုတ်သည်။ ဤသည်မှာ သူတို့၏ လှုပ်ရှားမှုများကို အဟန့်အတား ဖြစ်စေခြင်းကနေ ကြို၍ ကာကွယ်တာ ဖြစ်၏။
ထို့အပြင် ဗဟိုဧရိယာသို့ သူတို့ထက် အရင် ရောက်သွားသူများနှင့် ပတ်သတ်သည့် သတင်းများ ကြားရလျှင်လည်း သူတို့က ပျာယာမခတ် သွားကြပေ။ ဝင်ရောက်ဖို့က လွယ်၏။ စိတ်ဝိညာဉ်ဆေးပင်များ ယူ၍ ပြန်ထွက်လာဖို့ကမူ လုံးဝ ခက်ခဲသည်။
သတ်ဖြတ်ပွဲကြီးက ဆက်တိုက် ဖြစ်နေ၏။ သို့သော် ဟန်လိကမူ ဗဟိုဧရိယာနှင့် အကွာအဝေးတစ်ခုမှာ ရှိနေဆဲ၊ သူ့ကိုယ်သူ အင်အား အပြည့်အဝ ပြန်ရအောင်လည်း မလုပ်နိုင်သေးပေ။
သို့ပေမည့် တခြားအားနည်းသူများကမူ ဟန်လိကဲ့သို့ ကံမကောင်းကြပေ။ အများစုက သတ်ဖြတ်ပွဲ၏ အလယ်တည့်တည့် ရောက်ကုန်၏။ သူတို့ကိုယ်သူတို့ မသေအောင် အတင်းနင်းကန် ကြိုးစား ရုန်းကန်နေရသည်။
ဓားဆိပ်ကမ်းဂိုဏ်းမှ စုအာမှာလည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်၏။
ဒီနေ့၌ စုအာ၏ မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ သူ့ရှေ့၌ လန့်စရာရုပ်သွင်နှင့် လူတစ်ယောက်က သူ့ကို စိုက်ကြည့်နေ၏။ ထိုသူမှာ လူကောင်ထွားလှကာ ငွေရောင်ဓားကြီးကို လွယ်ထားသည်။
စုအာ၏ရှေ့သို့ ရောက်နေသော ထိုသူသည် ဓားဆိပ်ကမ်းဂိုဏ်းမှ တပည့်နှစ်ယောက်ကို သတ်ထားခဲ့ပြီး ဖြစ်၏။ သူ၏ ငွေရောင်ဓားကြီးအောက်၌ ထိုတပည့်နှစ်ယောက်သည် မည်သို့ပင် ခုခံခုခံ သူ၏ ဓားခုတ်ချက်တစ်ချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိကြသည့်အလား။ သူတို့မှာ စက္ကူစကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပိုင်းခံရကာ သူတို့၏ ခန္ဓာကိုယ်များသည် နှစ်ပိုင်းကွဲထွက်သွားခဲ့ရသည်။
သိ့သော် ဂိုဏ်းတူ တပည့်နှစ်ယောက်၏ အခြေအနေကြောင့် စုအာအတွက် ပြေးဖို့ အခွင့်အရေး သာသွား၏။ သူက စိတ်လွတ်ကိုယ်လွတ် ပြေးခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုလူထွားက သူ့ကို လွှတ်ပေးဖို့ စိတ်ကူး မရှိပုံ ရ၏။ ထိုသူက သူ့နောက်သို့ နာရီအနည်းငယ်ကြာ စိတ်ရှည်ရှည်နှင့် လိုက်လာခဲ့ပြီး နောက်ဆုံး၌ ဒီနေရာတွင် သူ့ကို မှီလာခဲ့တာ ဖြစ်သည်။ ဤသည်က စုအာ၏ မျှော်လင့်ချက်ကို ဆုံးရှုံးသွားစေသည်။
“မင်းကိုယ်မင်း သတ်သေရင် မင်းအလောင်းကို အကောင်းအတိုင်း ငါ ချန်ထားပေးခဲ့မယ်..”
ထိုလူထွားက အေးစက်စက် ကြည့်၍ အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“မင်း…မင်း သေလိုက်တော့…”
မျှော်လင့်ချက်ကင်းမဲ့ကာ သူ ထပ်ပြီး အသက်မရှင်နိုင်တော့သည်ကို သိသွားသော စုအာသည် တိုက်ပွဲဝင်လိုစိတ် ပေါက်ကွဲထွက်လာ၏။ သူက သူ၏ အဆင့်မြင့်မှော်ပစ္စည်းနှစ်ခုကို ထုတ်ယူကာ အသက်တချက်ရှိုက်၍ ပစ်သွင်းလိုက်လေသည်။
“ငမိုက်သား…”
လူထွားက ထိုသို့ဆို၏။ သူ့ကျောထက်မှ ငွေရောင်ဓားကြီးက လေထဲသို့ မြောက်တက်သွားသည်။ အားစိုက်ထုတ်ရခြင်း မရှိဘဲ သည်မှော်ပစ္စည်းနှစ်ခုသည် အပိုင်းပိုင်း ဖြစ်သွားသည်။ တချိန်တည်းမှာ စုအာလည်း ခုတ်ပိုင်းခံလိုက်ရ၏။
ထို့နောက်တွင် လူထွားက စုအာ၏ အလောင်းကို ကြည့်ပင် မကြည့်တော့ပေ။ ထိုအစား သူက ခြေစောင့်၍ ထွက်ခွာသွားတော့တသည်။ စုအာ၏ သိုလှောင်အိတ်ကို လှည့်၍ပင် မကြည့်ခဲ့ပေ။ သူ့အတွက် ဒီငွေရောင်ဓားကြီးသာ တစ်ခုတည်းသော မှော်လက်နက် ဖြစ်၏။ တခြား မှော်ပစ္စည်းများမှာ သူ့ကို အာရုံထွေပြားခြင်းကိုသာ ပေးလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းအတွက်လည်း အနှောက်အယှက် ဖြစ်စေ၏။
……
တချိန်တည်းမှာ ဗဟိုဧရိယာ အနီးအနားရှိ စမ်းချောင်းငယ်တစ်ခု၌ လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးငယ်တစ်ယောက်သည် ချွေးများ စိုစွတ်နေသော ခါးစည်းပုဝါ မှော်လက်နက်ကို ထိန်းချုပ်နေ၏။ ခုလက်ရှိ၌ သူမသည် အနီရောင်တောက်ပသော ဓားတိုနှစ်လက်၏ ရန်မှ ကာကွယ်ခုခံနေရသည်။ သူမ၏ ခံစစ်မှာ အချိန်မရွေး ကျိုးပေါက်တော့မည့်အလား။
“စီနီယာအစ်ကို ဒီဓားတိုတွေကို ညီမရှိကနေ ကျေးဇူးပြုပြီး ပြန်ရုတ်သိမ်းပေးနိုင်မလား။ ဒီတစ်ညလုံး ကျမက စီနီယာအစ်ကိုထံပါးမှာ ကျမရဲ့ ခန္ဓာကိုယ်ကို အသုံးတော်ခံပါ့မယ်…”
ထိုအမျိုးသမီးငယ်သည် သေခြင်းတံခါးဝ ရောက်လာသည့်အခါ အရှက်ကိုပင် မငဲ့နိုင်တော့ပေ။ အမျိုးသမီးတစ်ယောက်၏ အားသာချက်အဖြစ်ဆုံး အချက်ကို အသုံးချကာ သူ့ရှေ့မှ လူငယ်ကို ဖြားယောင်းရန် ကြိုးစားသည်။ သို့သော် ဤသည်က အောင်မြင်ပါ့မည်လား။
ကောင်းပြီ။ မင်းရဲ့ မှော်လက်နက်ကို ပြန်ရုတ်သိမ်းလိုက်။ ငါ သဘောတူတယ်…”
ထိုသို့ ပြောလာသူမှာ လူငယ်တစ်ယောက်၊ သူ၏ အသက်က ဆယ့်ရှစ်၊ဆယ့်ကိုးလောက်သာ ရှိဦးမည်။ သူက မြေဝါရောင်ဝတ်စုံကို ဝတ်ထား၏။ သူ့ထံ၌ နူးညံ့သော အသွင်အပြင်၊ သွားဖြူဖြူ၊ ပါးရဲရဲ တို့ကို ပိုင်ဆိုင်ထား၏။ သိမ်မွေ့နူးညံ့ကာ မိန်းမချော ချောလှသော လူငယ်ပင်။
ထိုသို့ ပြော၍ သူက သူ၏ဓားတိုနှစ်လက်ကို လေထဲတွင် ရပ်နေစေပြီး အမျိုးသမီးငယ်ကို ပြုံး၍ ကြည့်သည်။
လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးငယ်သည် ပျော်ရွှင်သွားကာ မြှူဆွယ်သော အကြည့်ဖြင့် လှမ်းကြည့်သည်။ သူမက ခဏတော့ တွေဝေနေသေး၏။ ထို့နောက် သူမ၏ ခါးစည်းပုဝါ မှော်လက်နက်က ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာပြီး သူမ၏ လက်ထဲ ပြန်ရောက်လာသည်။ ထိုအခါ သူမက ဖြားယောင်းမည့် စကားများ ပြောရန် ဟန်ပြင်သည်။
ကံမကောင်းစွာဖြင့် သူမ၏ နှုတ်မှ မည်သည့်စကားမျှ မဖွင့်ဟနိုင်ခင်မှာပင် လူချော၏ မျက်နှာထက်၌ သတ်ဖြတ်လိုဟန် ပေါ်လာ၏။ သူ့လက်ချောင်းကို ရှေ့သို့ ခပ်ကြမ်းကြမ်း ညွှန်၏။ ထိုအခါ တန့်နေသော ဓားတို့နှစ်လက်က အမျိုးသမီးငယ်ကို ထိုးစိုက်သွားတော့၏။ ထိုအမျိုးသမီးမှာ အသံပင် မထွက်နိုင်ဘဲ မြေပေါ်သို့ ပစ်လဲကျသွား၏။ သူမ၏ သွေးများက မြေပေါ်တွင် ပျံ့ကြဲသွားလေ၏။
“ရှစ်…။ နင့်လိုလူစားမျိုးက ငါ၊ ဟန်ထျန်ယာကို မြှူဆွယ်နိုင်မယ်လို့ ထင်နေတာလား…”
ထိုလူချော၏ မျက်နှာထက်၌ မနှစ်မြို့ဟန် ပေါ်လာ၏။ သူ၏ အသံပင် မာလာသည်။ ထို့နောက် သူက ခါးမှ လက်ကိုင်ပုဝါတထည်ကို ထုတ်ယူကာ သူ့မျက်နှာထက်ရှိ ဖုန်မှုန့်များကို သုတ်၏။ သူ၏ လှုပ်ရှားမှုက ညင်သာလှသည်။
“ငါ မြန်မြန်ခရီးဆက်မှ။ လမ်းမှာ ငါ့ကို စိတ်ကျေနပ်စေမယ့် တခြားသူတွေ ရှိနေလောက်ပြီ…”
ထိုသို့ တွေး၍ သူက သူ့မျက်နှာပေါ်ရှိ အညစ်အကြေးကို သန့်ရှင်းသော လက်ကိုင်ပုဝါအား အမျိုးသမီးငယ်၏ မျက်နှာပေါ် လှမ်းပစ်လိုက်၏။ ထို့နောက် သူသည် ထွက်ခွာလာတော့သည်။
တောအုပ်အတွင်းပိုင်း၌ ဝိညာဉ်သားရဲတောင်မှ တပည့်တစ်ယောက်သည် မြေပေါ်တွင် သေနေ၏။ သူ့အနီးအနားမှာ အဝါရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ရပ်နေသည်။ ခုလက်ရှိ၌ သူက ခေါင်းခါယမ်းကာ ကောင်းကင်ထက်သို့ စိုက်ကြည့်ပြီး တကိုယ်တည်း ခပ်ဖွဖွ ခပ်တိုးတိုး ရေရွတ်နေသည်။ သူ၏နောက်၌ မြေပေါ်တွင် လှဲလျောင်းနေသော ကြမ်းကြုတ်သည့် သားရဲအချို့ ရှိနေ၏။ ယင်းသားရဲများမှာ မလှုပ်၊ အသက်ရှုခြင်းလည်း ကင်းမဲ့ကာ ငြိမ်သက်နေလေပြီ။
……
တောင်ကတုံးတစ်ခု၏ ထိပ်၌ ရုပ်စိုးစိုးမျက်နှက်နှင့်သူက ပျားကောင်ကြီးများ အုပ်စုကို ထိန်းချုပ်နေ၏။ သူ့ကို တာအိုရသေ့များက ဝန်းရံထားသည်။
ထိုနည်းထိုနှယ် သန်မာသူများက အားနည်းသူများကို သတ်ဖြတ်သော မြင်ကွင်းများမှာ တားမြစ်ဧရိယာ၏ နေရာအနှံ့တွင် တွေ့မြင်နေရပေသည်။ ဟန်လိက သည်အခြင်းအရာများကို မမြင်သော်လည်း လေထဲရှိ သွေးနံ့ကို ခံစားမိသည်။
သို့ပေမည့် သူ့ထံ၌ ဒီဇာတ်လမ်းတစ်ခုလုံးကို ကြည့်နေဖို့ အချိန် မရှိပေ။ သူက သစ်ပင်ထိပ်၌ မလှုပ်မယှက် ထိုင်ကာ သူ၏ မှော်စွမ်းအားကို ဖြည်းဖြည်းချင်း ပြန်ဖြည့်တင်းနေ၏။
အချိန်ကုန်တာ မြန်လှ၏။ တားမြစ်ဧရိယာ၏ ပထမဆုံးည တစ်ဝက်ကျော်မှာ ကုန်လွန်သွားခဲ့လေပြီ။ ဟန်လိကို အံ့အားသင့်စေသည်မှာ နေ့ကော၊ညပါ တူညီစွာ တောက်ပနေသော အလင်းဓာတ် ဖြစ်၏။ ကောင်းကင်တခုလုံးသည် အမြဲတမ်း လင်းထင်းနေ၏။
သူ၏ မှော်စွမ်းအားကို လုံလောက်အောင် ပြန်အားဖြည့်ပြီးချိန်၌ ဟန်လိက စိတ်ထဲ၌ ကျေနပ်သွား၏။ ထိုစဉ် အဝေးတစ်နေရာမှ ခြေသံများကို ကြားရ၏။ ထိုအသံများက သူနှင့် နီးသထက် နီးလာ၏။ တစ်ယောက်ယောက်က ဟန်လိ ထိုင်နေသော အပင်ထံ ပြေးဝင်လာနေသည့်အလား။