← Chapters

တချက်လှုပ်ရှားခြင်း

Vol. 14 Ch. 186

တချက်လှုပ်ရှားခြင်း

Vol. 14 Ch. 186

ဟန်လိ၏ နှုတ်ခမ်းထောင့်မှာ မဆိုသလောက် လှုပ်ခတ်သွား၏။ သူက စိတ်ထဲကနေ မကျိန်ဆဲမိဘဲ မနေနိုင် ဖြစ်မိသည်။ သို့သော် သူက တင်းကြပ်စွာ ပိတ်ထားသော မျက်လုံးများကို ဖွင့်မကြည့်၍ မရ ဖြစ်ရ၏။ သူ့အတွက် ရွေးချယ်စရာ မရှိတော့ပေ။

သူ၏ မှော်စွမ်းအားက အပြည့်အဝ ပြန်ပြည့်ဝ ခါနီး၌ ရှိနေပြီ ဖြစ်သော်လည်း လူတစ်ယောက်က သူ့ထံ လာနေသည်။ သူက မော်ကြွားစွာဖြင့် ဆက်၍ မကျင့်ကြံဝံ့ပေ။

“စီနီယာအစ်ကို…ဒီနားမှာ မလား။ ကျေးဇူးပြုပြီး ညီမလေးကို မြန်မြန် ကယ်ပေးပါ…”

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်သည် အနီးအနား တောအုပ်ထဲမှ အသည်းအသန် ပြေးထွက်လာ၏။ သူက ဟန်လိရှိနေသော သစ်ပင်အောက်ခြေထိ ရောက်လာ၏။ သူမသည် ထိတ်လန့်နေဟန် ပေါ်သည်။ ခေါင်းမော့ကာ သစ်ပင်ထိပ်ကို လှမ်းကြည့်ကာ အကူအညီတောင်းခံသည်။ သူမနှင့် မလှမ်းမကမ်း၌ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဖြေးဖြေးမှန်မှန် လှမ်းလာနေ၏။

ထိုသည်ကို မြင်သည့်အခါ ဟန်လိက မျက်လုံး စကား၏။ ဘေးဒုက္ခများကိုပါ ယူလာသော ဒီအမျိုးသမီး၏ အပြုအမူကြောင့် ဟန်လိမှာ အတော်လေး မပျော်မရွှင် ဖြစ်ရလေ၏။ သူမက သူ ပုန်းနေသော နေရာကို ရှာတွေ့နိုင်ခဲ့လိမ့်မည်ဟု ဟန်လိက မမျှော်လင့်ထားခဲ့မိပေ။

အဝါရောင်မေပယ်တောင်ကြားမှ တပည့်များ ဒီခရီးစဉ်သို့ ထွက်မလာခင် ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်က သူတို့အပေါ်၌ စွဲငင်ခြင်း မှော်ပညာရပ်ကို အသုံးပြုခဲ့ပေသည်။ ယင်းက ဂိုဏ်းတပည့်များ အချင်းချင်း အကွာအဝေးတစ်ခုအတွင်း၌ တစ်ယောက်၏ တည်နေရာကို တခြားတစ်ယောက်က အာရုံခံစေနိုင်လိမ့်မည် ဖြစ်သည်။ တကယ်တော့ သည်မှော်အစွမ်းက အချိန် အကန့်အသတ်တော့ ရှိ၏။ ဆယ်ရက်တာသာ သက်ရောက်မှု ရှိမည် ဖြစ်သည်။ ထိုမှော်ပညာရပ်ကို အသုံးပြုခဲ့သော ရည်ရွယ်ချက်မှာ ဂိုဏ်းသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ထောက်ပံနိုင်ရန်အတွက်ပင်။ ထိုအခါကျလျှင် သူတို့၏ အောင်မြင်နိုင်ချေက ပိုမြင့်မည် မဟုတ်လား။

တခြားဂိုဏ်းများမှ တပည့်များသည်လည်း အလားတူ မှော်ပညာရပ်၏ သက်ရောက်မှုများ အောက်၌ ရှိကြသည်။ ဟန်လိသည် ရွေးချယ်စရာ မရှိတော့သည် ဖြစ်၍ သစ်ပင်အောက်မှ အမျိုးသမီးကို တချက် လှမ်းကြည့်သည်။

သူက သူမကို သိလိုက်သည်။ သူမက ဂျူနီယာညီမချန်နှင့် အတူတူ ရပ်နေခဲ့သော အမျိုးသမီးတပည့် တစ်ယောက် ဖြစ်နေသည်။ သူမ၏ ရုပ်သွင်ကမူ ရိုးရိုးယဉ်ယဉ်သာ။

ဟန်လိက ထိုအမျိုးသမီး၏ တောင်းပန်တိုးလျှိုသော ဟန်ပန်ကို အေးစက်စက် စိုက်ကြည့်ပြီးနောက် ပေါ့ပေါ့ဆဆဖြင့် သစ်ပင်ပေါ်မှာ ချက်ခြင်း ခုန်မဆင်းသေးပေ။ ထိုအစား သူက သူမ နောက်ကနေ လိုက်ပါလာသော အဖြူရောင်ပုံရိပ်ကို အသေအချာ စူးစမ်းသည်။

သူက ဒီဂိုဏ်းတူ အမျိုးသမီးငယ်ကို ကယ်တင်၊မတင်ကမူ သူမနောက်မှ လိုက်လာသူ

မှော်စွမ်းအားက သန်မာလား၊ အားနည်းလားပေါ် မူတည်လိမ့်မည် ဖြစ်၏။ သည့်မတိုင်ခင် သူက မဆုံးဖြတ်ရသေးချေ။ သူက သူနှင့် မသိသော အမျိုးသမီးတစ်ယောက်အတွက် သူ့အသက်ကို ရင်း၍ ဝင်မပါချင်ပေ။

အဖြူရောင်ပုံရိပ်၏ မှော်စွမ်းအားက ပုံမှန်မျှသာ ဆိုပါက ဟန်လိက တချက် လှုပ်ရှားကာ အားနာမနေဘဲ တန်း၍ သတ်ပစ်မည် ဖြစ်သည်။ သူက မိန်းမလှကို ကယ်တင်မည့် သူရဲကောင်းတစ်ယောက် အသွင်ဟန်ပန်အတိုင်း ပြုမူလိုက်မည်။ သို့သော် ထိုအဖြူရောင်ပုံရိပ်၏ မှော်စွမ်းအားက လန့်ဖို့ကောင်းအောင် နက်နဲပါက ဟန်လိသည် သစ်ပင်အောက်မှ အမျိုးသမီးနှင့်အတူတူ ပေါင်း၍ ထွက်ပြေးမည်လား၊ သို့မဟုတ် သူ တစ်ယောက်တည်း သဲလွန်စမကျန်စေဘဲ ချက်ခြင်း ထွက်ပြေးမည်လားကို သေချာ စဉ်းစားနေသည်။

သို့သော် မည်သည့်အခြေအနေအတွက်ပဲ ဖြစ်ဖြစ် သူက ကြိုပြင်ဆင်ထား၏။ သူ့လက်ကို သိုလှောင်အိတ်ပေါ် နေရာယူထားကာ ရွှေပိုးတောင်မာဓားသွားတစုံကို ထုတ်ယူထား၏။ အကာအကွယ်အဆောင်ကိုလည်း အသင့်ပြင်ထားသည်။ ထို့အပြင် သူက အလင်းဖောက်ကြိုးမျှင်ကိုလည်း သူ့လက်ချောင်းပတ်လည်၌ ထွေးပတ်ထားလိုက်၏။

“ဟက်ဟက်…နင် ထွက်ပြေးတဲ့ ပုံစံက အရုပ်စိုးလှပါလား။ နင်တို့ အဝါရောင်တောင်ကြားက အမျိုးသမီးတွေ အကုန်လုံး နင်လို့ပဲ အသုံးမကျတဲ့သူတွေလား…”

အဖြူရောင်ပုံရိပ်က နီးကပ်လာသည်။ သူမ၏ မျက်နှာဟန်ပန် အစစ်အမှန် ပေါ်လာသည်။ တကယ်တော့ သူမသည်လည်း အမျိုးသမီးတစ်ယောက် ဖြစ်၏။ အဖြူရောင်အပေါ်ထပ် အင်္ကျီကို ဝတ်ထားသည်။ သူမက ကြည့်ပျော်ရှုပျော် ရှိသော်လည်း ဆိုးယုတ်မည့် ဟန်ပန် ဖြစ်ပေါ်နေသည်။

သူမက အဝါရောင်မေပယ်တောင်ကြားမှ တပည့်ထံ ထိုသို့ အထင်သေးဟန် ပြောလိုက်သော်လည်း သူမ၏ သတ်ဖြတ်ချင်စိတ်အကြည့်ကမူ သစ်ပင်ထိပ်ဖျားပေါ် ကျရောက်သွားသည်။ သူမက သူမ စကားကဲ့သို့ မော်ကြွားနေပုံ မရပေ။ သစ်ပင်ထက်၌ ပုန်းနေသော ဟန်လိနှင့် ပတ်သတ်၍ ဒွိဟဖြစ်ကာ ထည့်တွက်ထားပုံ ရသည်။ အ

“ချီစုဆောင်းခြင်း အဆင့်ဆယ့်နှစ်…”

ရန်သူ၏ ကျင့်ကြံမှုအဆင့်ကို မြင်သည့်အခါ ဟန်လိသည် စိတ်အေးမိသွားသည်။

သို့ပေမည့် သူက သံသယအချို့တော့ ရှိနေဆဲ ဖြစ်သည်။ သစ်ပင်အောက်မှ ဂိုဏ်းတူတပည့်မှာလည်း အဆင့်ဆယ့်နှစ်တွင် ရှိသူပင်။ သို့တိုင် သူမက အဆင့်တူချင်း ဘာကြောင့်များ ခုလိုမျိုး အခြေအနေဆိုးဝါးစွာ ပြေးလာခဲ့ရသနည်း။ တဖက်ရန်သူ၌ အထူးလှည့်ကွက်များ ရှိနေ၍လား၊ သို့မဟုတ် အစွမ်းထက်မှော်လက်နက်များ ပိုင်ဆိုင်ထား၍လား။

ဟန်လိက ဒီကိစ္စနှင့် ပတ်သတ်၍ စဉ်းစားရခက်နေစဉ် ဝတ်စုံဖြူနှင့် အမျိုးသမီးက အေးတိအေးစက် နှာခေါင်းရှုံ့သံ ပြုသည်။ ရုတ်တရက် သူမ၏ အင်္ကျီလက်အိုးကို ဖုတ်ဖက်ခါ ထုတ်၏။ ထိုအခါ အဖြူရောင်အလင်းတန်းနှစ်တန်း ပျံသန်းထွက်လာကာ အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးထံ တဟုန်ထိုး ဦးတည်ဝင်လာသည်။

“စီနီယာအစ်ကို ကျမကို ကယ်တင်ပေးပါ။ ကျမရဲ့ မှော်ပစ္စည်းတွေ အားလုံး ဖျက်စီးခံလိုက်ရပြီ။ ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တော့လို့ပါ…” အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အသံပင် ပြာနေ၏။ သူမက အသည်းအသန် အမြန် လှမ်းအော်ကာ အကူအညီတောင်းသည်။

သူမ၏ စကားများ ထွက်ပေါ်လာစဉ် သစ်ပင်ထိပ်မှ ရွှေရောင်အလင်းတန်းနှစ်ခု သက်ဆင်းလာပြီး အဖြူရောင်အလင်းတန်းနှင့် လမ်းတဝက်တွင် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်သည်။ ဟန်လိက ရွှေပိုးတောင်မာဓားသွားတစုံကို အသက်သွင်းထားပြီး ဖြစ်၏။ သူ ပစ်လွတ်ခဲ့သော ရွှေရောင်အလင်းတန်းနှစ်ခုမှာ ၎င်းဓားသွားများထဲမှ နှစ်ခုမျှသာ။

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက ရွှင်မြူးသွား၏။ နောက်ဆုံး၌ သူမက တည်ငြိမ်လာနိုင်ပြီ။

ဟန်လိ ဝင်ပါလှုပ်ရှားရသည့် အကြောင်းရင်းတစ်ခုမှာ တဖက်အမျိုးသမီးက ချိန်းခြောက်မှု မဖြစ်နိုင်ဟု ထင်မိသောကြောင့်ပင်။ ထို့အပြင် သူက ဂိုဏ်းတူအမျိုးသမီးကို ကယ်တင်ပေးခြင်းဖြင့် ကျန်သည့် ခရီးစဉ်တွင် အကူအညီရနိုင်လိမ့်မည်ဟု တွေးမိသောကြောင့်ပင်။ သူ့အတွက် ရန်သူများကို တကိုယ်တည်း ရင်ဆိုရခြင်းထက် နှစ်ယောက်ပေါင်း ရင်ဆိုင်ရပါက ပိုအဆင်ပြေစေနိုင်မည် မဟုတ်လား။ တကယ်တော့ သူ၏ ဂိုဏ်းတူအမျိုးသမီးမှာ အဆင့်ဆယ့်နှစ်တွင် ရှိနေသူ ဖြစ်၍ တိုက်ပွဲအတွေ့အကြုံ များနေမည်သာ။

“နောက်ဆုံးတော့ နင် လှုပ်ရှားလာပြီပေါ့။ နင်က စွံ့အနားမကြားတဲ့ ဒုက္ခိတ တစ်ယောက်လို့ ငါ ထင်နေခဲ့တာ…”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက လှောင်ပြော ပြောလာ၏။ သူမ၏မျက်နှာထက်တွင် မည်သည့် အံ့အားသင့်ဟန်ကိုမျှ မပြပေ။ သို့သော် သူမလက်ကို ဖြန့်ကားလိုက်၏။ မီးအလင်းစက်ဝန်းတစ်ခုက သစ်ပင်ထိပ်ဖျားထံ တိုက်ရိုက် တိုးဝင်လာသည်။

ကျယ်လောင်စွာ မြည်ဟိန်းသံ ဟိန်းထွက်၏။ သစ်ပင်ကြီး၏ ထိပ်ပိုင်းတဝက်မှာ ရဲရဲနီသွားပြီး မျက်စိတမှိတ်အတွင်း ပြာဘဝသို့ ရောက်သွားသည်။ သို့သော် မည်သူမျှ ထွက်ပေါ်လာသည့် အရိပ်အယောင် မတွေ့ရပေ။ ထိုအခါ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက စိုက်ကြည့်နေတော့သည်။

“ အားကောင်းလိုက်တဲ့ မီးလုံးအဆောင်၊ ဒီအမျိုးသမီးငယ်လေး တစ်ယောက်က ခုလိုအဆောင်ကို တကယ်ပဲ အသုံးပြုလိုက်တာပဲဟ…” ဟန်လိက အသိရခက်စွာ ပြုံး၍ ပြောလိုက်သည်။ ဟန်လိ၏ ပုံရိပ်သည် တဝက်တပျက် မီးလောင်ကျွမ်းနေသော အပင်နောက်မှ ရုတ်တရက် ပေါ်လာသည်။

“ချီစုဆောင်းမှုအဆင့်ဆယ့်တစ်…”

ဝတ်စုံဖြူနှင့် အမျိုးသမီးမှာ စိုက်ကြည့်နေလျက် မင်သက်မိသွား၏။ သူမထံ၌ အထင်သေးဟန် ပေါ်လာသည်။

ခုလေးမှ စိတ်အေးသွားသော အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးကမူ အလန့်တကြား ဖြစ်သွားရသည်။ သူမစိတ်ထဲ၌ မချိတင်ကဲ ဖြစ်နေမိတော့သည်။ သူမက သစ်ပင်ပေါ်၌ ရှိနေသော သူမှာ သူမတို့ ဂိုဏ်း၏ စီနီယာတစ်ယောက် ဖြစ်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။ သို့သော် အမှန်တကယ်တွင်မူ မှော်စွမ်းအား အရာ၌ သူမလောက်ပင် နက်နဲမှု မရှိသော ဂျူနီယာတစ်ယောက် ဖြစ်နေလေသည်။

“နင်က နာနာခံခံနဲ့ ဘေးမှာ ပုန်းပြီး ဒီအတိုင်း စောင့်ကြည့်နေရင် ငါက နင့်ကို သနားပြီး ခွင့်လွှတ်ပေးချင် လွှတ်ပေးအုံးမယ်။ အခု နင်က လှုပ်ရှားမှု လုပ်လာမှတော့ နင်တို့ ချစ်သူနှစ်ယောက်လုံး တမလွန်ဘဝကို မြန်းလိုက်တော့…”

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက မျက်ခုံးပင့်၍ ရက်စက်လိုဟန်ဖြင့် ပြောလိုက်သည်။

ဟန်လိက ခပ်ရေးရေး ပြုံး၏။ သူက စကားမဆို၊ ရွှေရောင်ဓားသွားများကို ထိန်းချုုပ်၍ ထိုအမျိုးသမီးထံ အေးဆေးသက်သာစွာ လျှောက်လာသည်။

“ရပ်နေစမ်း…နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ…”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက အလျင်အမြန် လှမ်းဟောက်ကာ သူမ၏လက်ကို ပင့်မြှောက်ပြီး အကာအကွယ်အဆောင်တစ်ခုကို သူမ၏ခန္ဓာကိုယ်ပေါ် နေရာချသည်။

ထိုအချိန်၌ ဟန်လိသည် သူမနှင့် မီတာခြောက်ဆယ်လောက် အကွာတွင်သာ ရှိသေးသည်။ ဟန်လိမှာ စိတ်ပျက်မိသွားသည်။

တကယ်တော့ နောက်ဆုံးအကြိမ် တိုက်ပွဲတုန်းက သူသည် အလင်းဖောက်ကြိုးမျှင်ကို အသုံးပြုခဲ့ချိန် ကောင်းကင်မျှော်စင်ရဲတိုက်မှ တပည့်ကို လွယ်လင့်တကူ သတ်ခဲ့ပြီးနောက် သည်တိုက်ပွဲ နည်းစနစ်ကို အတော်လေး စိတ်ဝင်စားမိခဲ့သည်။ သူ သစ်ပင်ပေါ်တွင် ရှိနေချိန်တုန်းက ရန်သူအမျိုးသမီးမှာ အကာအကွယ်မှော်ပညာရပ်ကို လုံးလုံး အသုံးမပြုထားသေးတာကို မြင်ခဲ့သည်။ ထိုအချက်ကို မြင်သည့်အခါ ဟန်လိသည် ပြီးခဲ့သော တိုက်ပွဲတုန်းက နည်းဗျူဟာကို ပြန်၍ အသုံးပြုချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် ရန်သူမှာ အတော်လေး သတိရှိနေသည်။ တခုခု မူမမှန်ဟု စောလျင်စွာ ခံစားမိပုံ ရပြီး အကာအကွယ်ကို ချက်ခြင်း ထုတ်ဖော်ခဲ့သည်။ ဟန်လိက ခေါင်းမော့ကာ သက်ပြင်းချမိသွားသည်။ အမျိုးသမီးများကား အမျိုးသားများထက် သတိထားခြင်းတွင် အမှန်တကယ် သာလွန်သော သဘာဝ ရှိနေပေသည်။

သူ၏ အမြန်ပွဲဖြတ်မည့် လှည့်ကွက်က အလုပ် မဖြစ်တော့၍ အကြမ်းပတမ်း တိုက်ခိုက်ရန်သာ ရှိတော့သည်။

ဟန်လိက အပိုစကားများ ပြောမနေတော့ပေ။ သူ့အကာအကွယ် မှော်ပညာရပ်ကို ချခင်းပြီးသည်နှင့် သူက လက်ထဲရှိ ရွှေပိုးတောင်မာ ဓားသွားအုပ်ကို မသိမသာ လှုပ်ခါသည်။ ယင်းဓားသွားများက ရန်သူ့ထံ ကဆုန်ပေါက် တိုးဝင်လာလေပြီ။

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက ဟန်လိ၏ မှော်လက်နက်က သာမန်မဟုတ်တာကို မြင်သည်။ ထိုအခါ သူမက စိတ်အား ပြန်တက်ကြွလာသည်။ ဟန်လိက အဆောင်တစ်ခုကိုလည်း ချက်ခြင်း ပစ်သွင်းလိုက်ပြန်၏။ ထိုအခါ ရှည်လျားသော မီးမြွေတစ်ကောင်သည် ရန်သူ့ထံ ပြေးဝင်သွားသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက အေးတိအေးစက် ရယ်၏။ သူမ၏ လက်ထဲ၌ လက်ဝါးအရွယ်ခန့် ကြေးမုံတချပ် ပေါ်လာသည်။

သူမက ထိုကြေးမုံကို တောက်ပစေသည်။ အစိမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်လာကာ တိုးဝင်လာသော ဓားသွားနှင့် မီးမြွေတို့ကို တားဆီးသည်။ လေထဲ၌ ရပ်တန့်သွားကာ ဓားသွားနှင့် မြွေတို့သည် မလှုပ်မယှက် တန့်သွား၏။ အောက်သို့ ပြုတ်ကျနိုင်စွမ်းပါ မဲ့နေသည်။ ယင်းတို့ကို မန္တာန်တစ်ခုဖြင့် ထိန်းချုပ်ခံရသည့်အလား။

ဟန်လိ၏ အကြည့်က လေးနက်သွားသည်။ ဤသည်မှာ အဘယ်သို့သော မှော်ပစ္စည်း ဖြစ်သနည်း။ ထူးဆန်းလှချေသည်။ မှော်ပစ္စည်းများနှင့် တခြားသူများ၏ မှော်ပညာရပ် စွမ်းရည်များကို နေရာ၌ တောင့်တင်းအေးခဲစေနိုင်သော မှော်လက်နက်ကို မြင်သည့်အခါ ဆက်၍ တိုက်ပွဲ ဆင်နွှဲစရာ လိုပါအုံးမည်လား။

“စိတ်မပူပါနဲ့ ဂျူနီယာမောင်လေး။ သူမရဲ့ အဲ့မှော်ပစ္စည်းက တစ်ချိန်မှာ တစ်နေရာကိုပဲ အေးခဲစေနိုင်တာ။ တကြိမ် အေးခဲပြီးလို့ ဆယ့်ငါးမိနစ်ကျော် ကြာတာနဲ့ သူ့ရဲ့ အစွမ်းသတ္တိက ဆုံးရှုံးသွားလိမ့်မယ်…”

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက ဟန်လိ တုန်လှုပ်သွားသည်ကို မြင်သည့်အခါ ချက်ခြင်းလှမ်း၍ အားပေးကာ ယင်းသို့ ပြောဆိုလိုက်သည်။

ထိုစကားကို ကြားမှ ဟန်လိလည်း တည်ငြိမ်နိုင်တော့သည်။ သို့သော် သူနှင့် ဂိုဏ်းတူ အမျိုးသမီးထံမှ နောက်ထပ် ထွက်ပေါ်လာသော စကားက ဟန်လိ၏ စိတ်နှလုံးကို ထပ်မံ၍ ခုန်ပေါက်သွားစေပြန်သည်။

“ဒါပေမဲ့လို့ အဲ့မိစ္ဆာမဟာ လမျက်နှာဖုံးဂိုဏ်းက အကြီးအကဲတစ်ယောက်ရဲ့ မျိုးဆက်တစ်ယောက်ပဲ။ သူမမှာ ထူးခြားတဲ့ မှော်လက်နက်ပစ္စည်းတွေ အများကြီး ပါလာတယ်။ ဒါ့ကြောင့် ဂျူနီယာမောလေး အနေနဲ့ ဂရုစိုက်တာ ပိုကောင်းတယ်…”

ဟန်လိက စွံ့အမိသွား၏။

“ငါနဲ့ ဂိုဏ်းတူ အဆင့်ဆယ့်နှစ် အမျိုးသမီး ခုလို ပုံစံ ဖြစ်နေရတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ တကယ်တော့ ရန်သူအမျိုးသမီးမှာက ရတနာတွေ အများအပြား ပိုင်ဆိုင်ထားတာကို။ ငါသာ ဒါကို စောစောစီးစီး ကြိုသိခဲ့ရင် ခုန်ဆင်းလာပြီး သူရဲကောင်း ဘယ်ဝင်လုပ်ပါ့မလဲ…”

ဟန်လိသည် နောင်တရမိသလို ခံစားနေမိပြီ။ သူက နောက်ထပ် ခပ်ကြမ်းကြမ်း တိုက်ပွဲတစ်ပွဲ စတင်ရတော့မည်ကို သဘောပေါက်လိုက်သည်။

All Chapters