← Chapters

ဖန်းယွဲ့

Vol. 14 Ch. 187

ဖန်းယွဲ့

Vol. 14 Ch. 187

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက သူမ၏ မှော်ပစ္စည်းက ဟန်လိ၏ ရွှေရောင်ဓားများကို ဟန့်တားနိုင်သည့်အခါ သူမ၏မျက်နှာထက်၌ အထင်သေးဟန် ပေါ်လာသည်။

“နင်က နင့်ကိုယ်နင် အထင်ကြီးပြီး ဘာကြောင့်များ ပုန်းနေရာကနေ ခုန်ထွက်လာရတာလဲ ငါ သိချင်နေမိတာ။ နင့်မှာ ထိပ်တန်း မှော်ပစ္စည်းတစ်ခု ရှိနေလို့ကို…”

သူမက လှောင်ရယ်ရယ်၏။ သို့ပေမည့် နှေးဖင့်မနေပေ။ သူမလက်ကို ထပ်မံ မြှောက်သည်။ ထိုအခါ ပန်းရောင်သလင်းလုံးတစ်လုံး ပေါ်လာသည်။ သူမက ၎င်းကို ဆုပ်ကိုင်ကာ သူမ၏နှဖူးပေါ် ဖိချသည်။

“မကောင်းတော့ဘူး။ ဒီသလင်းလုံးက တခြားသူတွေရဲ့ မှော်ပစ္စည်းတွေကို ဖျက်စီးပစ်နိုင်တယ်။ ဂျူနီယာမောင်လေး…နင် သူမကို မြန်မြန်တား။ မဟုတ်ရင် နင့်ရဲ့ မှော်ပစ္စည်းအားလုံး ဖျက်စီးခံရလိမ့်မယ်…”

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက မျက်စိနှက်မျက်နှာပျက်ဖြင့် ဟန်လိကို လှမ်းအော် ပြောလိုက်သည်။

ဟန်လိသည် စိတ်မတည်ငြိမ်နိုင်တော့ပေ။ သူက စဉ်းစားမနေဘဲ သူ့လက်ထဲရှိ ခုလေးမှ ထုတ်ယူထားသော ငွေရောင်ချိတ်ကောက်ကို လှမ်းပစ်သွင်းသည်။ ထိုချိတ်ကောက်က ငွေရောင်အလင်းတန်းတစ်ခု ဖြစ်လာကာ ရန်သူ၏ သလင်းလုံးထံ ပျံသန်းဝင်လာသည်။

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ပါးစပ်ဟကာ မန္တာန်ဖွဖွ ရေရွတ်နေ၏။ သူမ၏ လက်ဆယ်ချောင်းဖြင့်လည်း ထူးခြားသော မန္တာန်ချိပ်ဟန်ပုံစံကို ပုံဖော်ထားသည်။ သူမက နဖူးထက်ရှိ သလင်းလုံးကို အနီရောင်အလင်းတန်းတစ်ခုနှင့် ထိရိုက်သည်။

ထိုအခါ မှော်စွမ်းအားများကို စုပ်ယူပြီး ဖြစ်သော သလင်းလုံးသည် အနီရောင်အလင်းများစွာ စတင် ထုတ်လွှတ်လာပြီး ၎င်းဘာသာ တဝီဝီ စလည်ပတ်သည်။ ထို့နောက် ၎င်းက ပန်းရောင်အရည် စီးကြောင်းများကို ပန်းထွက်စေသည်။ ထိုအရည်တို့သည် သလင်းလုံးကို ဗဟိုပြုလျက် အရည်အစုအဝေးအသွင်ပုံစံ ဖြစ်ပေါ်သည်။ ၎င်းက မီတာအနည်းအကျဉ်းသာ အကျယ် ရှိသော်လည်း အမျိုးသမီး၏ အထက်ရှိ လေထုကို ခြုံလွှမ်းသွားလေသည်။

ဟန်လိက ချီတုံချတုံ ဖြစ်နေသည်။ သူက ငွေရောင်ချိတ်ကောက်ကို ၎င်းအနီရောင်အရည်စုထံ တန်း၍ ဝင်မသွားစေချင်ပေ။ ထိုအစား သူက ၎င်းချိတ်ကောက်ကို အောက်ဘက်သို့ နှိမ့်ချစေပြီး သည်သလင်းလုံးအောက်ရှိ အမျိုးသမီးထံ ဦးတည်စေတော့သည်။

တချိန်တည်းမှာ သူက နောက်ထပ် အဆင့်မြင့် မှော်ပစ္စည်းတစ်ခုကို ထုတ်ယူသည်။ ၎င်းမှာ မိုးပြာရောင်ကြိုးပင်။ သူက ထိုကြိုးကို တိတ်တဆိတ် ပစ်လွှတ်သည်။ ကြိုးက မြေပြင်ပေါ်ကနေ ရှပ်၍ ရှေ့သို့ တိတ်တဆိတ် တိုးဝင်လာသည်။

“ပျက်စီးစမ်း…”

အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက သလင်းလုံးကို ရုတ်တရက် လက်ညွှန်လိုက်သည်။ အရည်အစုအဝေးက ချက်ခြင်းပင် အစိတ်အပိုင်းငယ်အဖြစ် ကွဲထွက်ကာ မြေပြင်ထက်သို့ ပျံသန်းလာသည်။ ချက်ခြင်းပင် ၎င်းက အောက်ဘက်ရှိ အဖြူရောင်အလင်းထံ ခြုံလွှမ်းသွားသည်။ ထိုအခါ ဟန်လိ၏ ငွေရောင်ချိတ်ကောက် မူလအသွင်ပုံစံ ပြန်ပေါ်လာရသည်။

ဤသည်ကို မြင်သည့်အခါ ဟန်လိက စိတ်ပူပန်လာသည်။ သို့သော် သူက ငွေရောင်ချိတ်ကောက်ကို လက်လွှတ်ပစ်ဖို့ ဆုံးဖြတ်ပြီး ဖြစ်သည်။ တအောင့်အကြာ၌ သူက မိုးပြာကြိုးဖြင့် ရန်သူအမျိုးသမီးကို တိတ်တဆိတ် ချည်နှောင်ရန် ကြိုးစား၏။ သည်အမျိုးသမီးထံ၌ ရတနာမှော်ပစ္စည်းများစွာ ရှိသော်လည်း သူမသည် ခဏတော့ စိတ်ရှုပ်သွားပြီး ချက်ခြင်း လွတ်မြောက်နိုင်စွမ်းတော့ ရှိလိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်ကို အသုံးချကာ ဟန်လိက ရွှေအလင်းအုတ်ခဲ ရတနာအဆောင်ကို ထုတ်ယူသည်။

ဟန်လိက သည်ကြိုးမှာ ရန်သူ့ကို မည်မျှကြာကြာ ချုပ်နှောင်ထားနိုင်မည်ကို မသိသော်လည်း သူက စွန့်စားကြည့်ရမည် ဖြစ်သည်။ ရန်သူ အချုပ်အနှောင်ကနေ မလွတ်ခင် ရတနာအဆောင်က ရန်သူ့ကို သတ်နိုင်ဖို့ သူ မျှော်လင့်မိသည်။

ဟန်လိနှင့် ဂိုဏ်းတူ အဝါရောင်ဝတ်စုံဖြင့် အမျိုးသမီးက ရိုးအဟန် ပေါက်သော်လည်း အမှန်တော့ ဉာဏ်ပြေး၏။ သူမထံ၌ အားကောင်းသော မှော်လက်နက်များ မရှိတော့သော်လည်း သူမက မီးလုံး၊ ရေခဲတူ စသဖြင့် မန္တာန်အသေးစားများ ဖော်ထုတ်ကာ ငွေရောင်ချိတ်ကောက်ကို တုတ်နှောင်ထားသော အရည်အစုအဝေးကို တိုက်ခိုက်၏။ ရန်သူ အမျိုးသမီး၏ ကြေးမုံထံသို့လည်း တိုက်ခိုက်မှု ပြုသည်။ သူမက ဟန်လိ၏ မှော်လက်နက်များ၏ အစွမ်းသတ္တိ ထိခိုက်ခြင်းကနေ အနည်းငယ် သက်သာစရန် မျှော်လင့်မိသည်။ သို့မှသာ သူတို့၏ ဒီတိုက်ပွဲ၌ အောင်မြင်နိုင်ချေ အနည်းနှင့်အများ ပိုတိုးလာမည် မဟုတ်လား။

ကံမကောင်းစွာဖြင့် သူမ၏ မန္တာန်ငယ်များဖြင့် တိုက်ခိုက်မှုက အကျိုးသက်ရောက်မှု များများစားစား ရှိမနေခဲ့ပါ။

“နင်က ငါ့ကို ဒီအဆင့်မြင့် မှော်လက်နက်နဲ့ ချုပ်နှောင်ထားချင်တာလား။ နင့်လုပ်ရပ်က ဘယ်လောက် ရူးမိုက်တုံးအလဲ ငါ နင့်ကို သိစေမယ်…”

မိုးပြာကြိုး၏ ချည်နှောင်ခြင်း ခံထားရသော်လည်း အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် မောက်မာဟန်ဖြင့် လှမ်းပြောနေတုန်းပင်။ ဟန်လိက တဖက်သူ၏ စကားကို တုန့်ပြန်မနေပေ။ ထိုအစား သူက ရွှေအလင်းအုတ်ခဲ ရတနာအဆောင်ကို အသုံးပြုနိုင်ဖို့ ပြင်ဆင်ထား၏။

သို့သော် ထိုအခိုက်အတန့်၌ ရန်သူအမျိုးသမီးနောက်ရှိ တောအုပ်ထဲမှ ရုတ်တရက် စိတ်ဝိညာဉ်ချီ မြောက်များစွာ မြင့်တက်လာသည်။

ဟန်လိမှာ အကြောင်သား စိုက်ကြည့်နေမိ၏။ သူ မည်သို့မျှ မတုန့်ပြန်နိုင်ခင် အဝါရောင်အလင်းစက်တစ်ခုက တောအုပ်ထဲကနေ ဖြတ်ခနဲ ထိုးထွက်လာ၏။ ၎င်းက ဟန်လိ၏ မိုးပြာရောင်ကြိုး၊ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး၏ အရံအတားတို့ကို ထွင်းဖောက်သွား၏။ ထိုမျှမကသေးပေ။ အနှီအမျိုးသမီးမှာလည်း ၎င်း၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရပေသည်။ တုန်လှုပ်စရာပင်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးမှာ အော်ပင်မအော်နိုင်ဘဲ သူမ၏ခန္ဓာကိုယ်သည် ရပ်နေရာကနေ ပြိုလဲကျသွားတော့သည်။

ဟန်လိက သည်မြင်ကွင်းကို ကြည့်ကာ တုန်လှုပ်အံ့အားသင့်နေ၏။ သို့သော် သူက တခုခုကို အချိန်မိ တုန့်ပြန်ရန် ခပ်မြန်မြန် စဉ်းစား၏။ သို့ပေမည့် နောက်ကျသွားခဲ့လေပြီ။

အပြာရောင်အရိပ် ဖြတ်ခနဲ ဖြတ်ခနဲ အကြိမ်အနည်းငယ် ပေါ်လာပြီးနောက် ထိုအမျိုးသမီး၏ အလောင်းဘေးနား၌ ပေါ်လာ၏။ လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုအရိပ်က သူမ၏ခါးမှ သိုလှောင်အိတ်ကို ဖြုတ်ယူပြီး ဖြစ်သည်။ သည့်နောက် သူက ကျေနပ်အားရစွာဖြင့် ကျယ်လောင်စွာ ရယ်မောလေသည်။

ဘာမျှ မတုန့်ပြန်လိုက်ရဘဲ ခြေတစ်လှမ်း နောက်ကျသွားသည့်အတွက် ဟန်လိက သက်ပြင်းချမိသည်။ သို့သော် သူက သူ့အသက်အတွက်သူ စဉ်းစားကြည့်၏။ သူ့ကိုယ်သူ ရဲဆေးတင်သည်။ သူက ရုတ်တရက် ပေါ်လာသောသူ၏ လှုပ်ရှားမှုတိုင်းကို အေးစက်စက် စိုက်ကြည့်နေသည်။

အခု ရောက်လာသူမှာ သက်လတ်ပိုင်းအရွယ်၊ သူ့မျက်နှာတွင် အမာရွတ်များအပြည့်။ သူ၏မျက်ခုံးတို့က သွယ်တန်းဖြောင့်၏။ သူ၏ နှာခေါင်းမှာ သိမ်းငှက်နှုတ်သီးကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မကောင်းဆိုးဝါးချီတစ်ခု ပါဝင်နေသည်။ သူ့ကို မြင်သူတိုင်းမှာ ချက်ခြင်း တုန်လှုပ်၍ အကွာအဝေးတစ်ခုကနေပင် လေးစားမှု ပြရလိမ့်မည်။ ဟန်လိက ထိုသူ၏ ကျင့်ကြံမှုမှာ ချီစုဆောင်းခြင်း အဆင့်ဆယ့်သုံး အထွတ်အထိပ်၌ ရှိနေသည်ကို မြင်သည့်အခါ သူ့စိတ်ထဲ၌ လေးလံဖိစီးသွားတော့သည်။

“ဖန်းယွဲ့။ သူက မျှော်စင်ရဲတိုက်က လူရိုင်းဖန်းယွဲ့ပဲ…”

မထင်မှတ်စွာဖြင့် ဟန်လိ၏ ဂိုဏ်းတူအဖော် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက အလန့်တကြား ထအော်လာ၏။ သူမ၏မျက်နှာထက်၌ အကြောက်တရားမှာ အထင်းသား ပေါ်နေသည်။ သူမက အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီး၏ လိုက်လံတိုက်ခိုက်ခြင်း ခံရချိန်ထက်ပင် သည်လူ့ကို မြင်ရခြင်းကို ပို၍ ကြောက်နေပုံ ရသည်။

“ဟားဟား…ကောင်မလေး၊ နင်က ဒီဦးလေးကို သိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ အဲ့မှာပဲ နာနာခံခံ ရပ်နေစမ်း။ ဦးလေးက အကျိုးအမြတ်တွေ အရင် ရိတ်သိမ်းပြီးရင် နင့်ရှိ လာခဲ့မယ်…”

ထိုအပြာရောင်ဝတ်စုံနှင့်သူ ဖန်းယွဲ့ဆိုသူသည် သူမထံ တချက်မျှသာ လှမ်းကြည့်သည်။ ထို့နောက် သူက ခေါင်းငုံ့ကာ ဟန်လိတို့မျက်စိရှေ့မှာပင် သိုလှောင်အိတ်ကို ရှာဖွေနေတော့သည်။

ဟန်လိက သူ့နှာခေါင်းကိုယ်သူ ပွတ်သပ်မိ၏။ သူသည် ထိုသူ၏ ဇာစ်မြစ်ဇာတ်ကြောင်းကို မသိသော်လည်း ဂိုဏ်းမှ စီနီယာအစ်မဖြစ်သူအပေါ် အတော်လေး မကျေမနပ် ဖြစ်နေပေပြီ။ ဟန်လိ စိတ်ပူနေတာ မှန်သည်။ သို့သော် ရန်သူက ပို၍ သန်မာလေလေ ဟန်လိက ပို၍ တည်ငြိမ်လေ့ ရှိသူ ဖြစ်သည်။

သူက အခုအခါ အချုပ်အနှောင်ကနေ လွတ်သွားပြီ ဖြစ်သော သူ၏ မှော်ပစ္စည်းများထံ တချက်လှမ်းကြည့်ကာ လက်ဆန့်ထုတ်သည်။ ရွှေရောင်ဓားသွားနှင့် ငွေချိတ်ကောက်တို့သည် သူ့ထံ ပြန်ရောက်လာသည်။

ရွှေရောင်ဓားသွားက ကြီးကြီးမားမား ထိခိုက်သွားတာ မရှိပေ။ သို့သော် ငွေရောင်ချိတ်ကောက်ကမူ အတော်လေး ပျက်စီးသွားခဲ့ပေပြီ။ အစောပိုင်းတုန်းက အရောင်အသွေး တောက်ပခဲ့သော ဒီလက်နက်က အခုအခါ အပေါက်အရာများဖြင့် ရှိနေလေပြီ။ ၎င်း၏ အနားစွန်းများမှာ ပျက်စီးနေပြီ။ ၎င်း၏ စိတ်ဝိညာဉ်ချီမှာ များစွာ ဆုံးရှုံးသွားကာ အသုံးဝင်မှု သိပ်မရှိတော့ပေ။

အခုအခါကျမျှ ဟန်လိသည် သူ၏ ဂိုဏ်းတူစီနီယာအစ်မ ပြောခဲ့သော သူမ၏ မှော်ပစ္စည်းများ ပျက်စီးခဲ့ရသည်ဟူသော အကြောင်းကို ကောင်းကောင်း သဘောပေါက်သွားတော့သည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး၏ သလင်းလုံးထံမှ ပန်းရောင်အရည်သည် အံ့မခန်း ရက်စက်လှပေ၏။

သူ့ ငွေရောင်ချိတ်ကောက် ပျက်စီးသွားသည့်အတွက် စိတ်ထိခိုက်သွားသော ဟန်လိက အပြာရောင်ဝတ်စုံနှင့်သူ၏ ရှေ့ရှိ အဝါရောင်အလင်းတောက်တောက်ကို အာရုံစိုက်မိသွားသည်။

ဤသည်မှာ အရိုးတပ် ဓားသွားငယ်တစ်ခု၏ ပုံစံ ရှိသည်။ ထိုဓားအရိုးမှာ အနည်းဆုံး တပေခန့် ရှိမည်။ သို့သော် ဓားသွားကမူ သုံးလေးလက်မလောက်သာ ရှိသည်။ ဓားသွားတစ်ခုလုံးက ကြည်တောက်ကာ အလင်းဖောက်နေ၏။ အဝါရောင်တောက်ပမှုကို ပေးစွမ်းနေသည်။

သည်ထူးခြားသော လက်နက်က အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကို တချက်တည်း အသတ်နှုတ်ခဲ့သော မှော်ပစ္စည်းပင်။

ဟန်လိက ထိုမှော်ပစ္စည်းကို အာရုံစူးနစ်ကာ စိုက်ကြည့်နေသည်။ သူ၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်လာ၏။ သူ့ပါးစပ်ကိုယ်လည်းသူ တင်းတင်းကြပ်ကြပ် စေ့မိသည်။ သို့သော် ရတနာအဆောင် ဟူသော စကားနှစ်ခွန်းကမူ သူ၏ ပါးစပ်ကနေ ထွက်ပေါ်လာဆဲသာ။

ဒီဓားသွားငယ်၏ စွမ်းအား၊ အလင်းဖြာထွက်နိုင်ပုံ၊ ကြောက်မက်ဖွယ်ချီ ပေါက်ကွဲမှုတို့အရ သည်မှော်ပစ္စည်းသည် သူ၏ ရွှေအလင်းအုတ်ခဲနှင့် အလားသဏ္ဌာန်တူနေသည်။ ၎င်းမှာ မှော်ရတနာတစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားသော ရတနာအဆောင်တစ်ခု ဖြစ်နေသည်။

ထိုသို့ သိရှိသွားမှုက ဟန်လိ၏ ပါးစပ်ထဲ၌ ခါးသီးမှုများ ပြည့်နှက်လာစေသည်။

ဟန်လိက ခေါင်းမော့ကာ အဝါရောင်သမ်းနေသော ကောင်းကင်ထက်သို့ အကြည့်ရောက်သွားသည်။ အချိန်အပိုင်းအခြားကို အတိအကျ မပြောနိုင်သော်လည်း အခုအခါသည် ဒုတိယမြောက်နေ့၏ နံနက်ခင်းပိုင်း ဖြစ်မည်ဟု သူ ယုံသည်။ သူက သူ့ကံတရားအပေါ်သူ စဉ်းစားကြည့်နေ၏။ ပထမနေ့၌ သူက ကံကောင်းခဲ့သည်ဟု ဆိုရမည်။ သို့သော် ဒုတိယနေ့ မနက်ပိုင်းမှာပင် သူသည် ကံဆိုးမှု ကြုံလာရပေပြီ။

ဦးဆုံးအနေဖြင့် သူသည် ဂိုဏ်းတူ စီနီယာအစ်မနှင့် ကြုံရပြီး သူ့ကို ရတနာများစွာ ပိုင်ဆိုင်ထားသော လမျက်နှာဖုံးဂိုဏ်းမှ ရန်သူအမျိုးသမီးနှင့် တိုက်ခိုက်စေခဲ့သည်။ ထိုအခါ သူမ၏ ထိပ်တန်းမှော်ပစ္စည်းများမှာ သာလွန်အစွမ်းထက်လှသဖြင့် သူ့အနေဖြင့် အခက်အခဲ ကြီးစွာ ကြုံရသည်။

ခုချိန်၌ အရူးကောင်ကဲ့သို့ ဖန်းယွဲ့ဆိုသူ ရောက်လာပြန်ပြီ။ ထိုသူ၏ မှော်စွမ်းအားက သူ့ထက်များစွာ မြင့်မားရုံသာမက ရတနာအဆောင်ကိုပါ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် သည်လူက ခုလေးတင် ရတနာပစ္စည်းများစွာ ပိုင်ဆိုင်သော လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီး၏ သိုလှောင်အိတ်ကိုလည်း မွှေနှောက်ရှာဖွေပြီး ဖြစ်သည်။ ဒီလိုအခြေအနေက သူသည် အဘယ်သို့ လွတ်မြောက်ဖို့ ဖြစ်နိုင်မည်နည်း။

သူက ထိုအရူးသည် သူတို့နှစ်ယောက်ကို စိတ်ကောင်းထား၍ ချမ်းသားပေးလိမ့်မည်ဟုလည်း မထင်ပါ။ ကြည့်ရသည်မှာ သူ အစွမ်းကုန် တိုက်ခိုက်ရတော့မည်ပုံပင်။

ဟန်လိက ထိုသို့ တွေးနေစဉ် တဖက်ရှိ ဖန်းယွဲ့က နောက်ဆုံး၌ သိုလှောင်အိတ်ကို ရှာဖွေတာ ပြီးသွားသည်။ သူက ခေါင်းမော့လာ၏။ သူ့မျက်နှာမှာ ရွှင်မြူးဟန် ပေါက်နေသည်။ ကြည့်ရတာ သူ အတော်လေး အကျိုးအမြတ် ရလိုက်ပုံပင်။

သူက အားပါးတရ ရယ်မောကာ ဟန်လိတို့ထံ တစ်ခုခု လှမ်းပြောရန် ဟန်ပြင်သည်။ သို့သော် သူက မြေပေါ်တွင် ကျနေသော ကြေးမုံငယ်နှင့် သလင်းလုံးတို့ကို သတိပြုမိသွား၏။ သူ၏မျက်လုံးမှာ လောဘဖြင့် အရောင်တောက်သွားသည်။ သူက လက်ဝေ့ယမ်းကာ သည်မှော်ပစ္စည်းနှစ်ခုကို သူ့လက်ထဲ ကျရောက်အောင် လှမ်းစုပ်ယူသည်။

သို့ပေမည့် မှော်ပစ္စည်းများ ပျံသန်းမလာခင်မှာပင် သေးငယ်သေးသွယ်သော မီးလုံးတစ်ခုက ပျံသန်းဝင်လာကာ သူ၏ မှော်ပစ္စည်းများ ယူဆောင်ခြင်းကို ဟန့်တား နှောက်ယှက်သည်။ သူက နောက်သို့ ခြေတလှမ်းဆုတ်လိုက်ရပြီး သူ့လက်ကို ဝေ့ယမ်း၍ အလားတူ မီးလုံးဖြင့် တန်ပြန်တိုက်ခိုက်သည်။ ထိုအခါ ဖန်းယွဲ့သည် ဒေါသပုန် ထသွား၏။ သူ့မျက်နှာထက်၌ အလွန်ရက်စက်ကြမ်းကြုတ်လိုဟန် ပေါ်လာသည်။

ထိုမီးလုံးငယ်ကို ဟန်လိက ထုတ်လွှတ်ခဲ့တာပင်။ သည်ကြေးမုံနှင့် သလင်းလုံးတို့၏ စွမ်းအားကို မြင်တွေ့ခဲ့ပြီး ဖြစ်၍ သူက ယင်းတို့ကို တဖက်ရန်သူ၏ လက်ထဲ ကျရောက်သွားမှာကို မည်သို့ ခွင့်ပြုပါ့မည်နည်း။ ဘေးတဖက်ရှိ သူ၏ဂိုဏ်းဖော် အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးကမူ ဟန်လိ၏ အပြုအမူကို မြင်သည့်အခါ သွေးပျက်မတတ် လန့်ကာ ထအော်မတတ် ဖြစ်သွားသည်။

ဖန်းယွဲ့က ဟန်လိကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာ၏။ သူ့မျက်နှာထက်ရှိ အမာရွတ်များက စတင်လှုပ်ရှားလာသည်။ ထိုသည်ကပင် လူအများကို အလန့်တကြား ဖြစ်ကာ တုန်ရီသွားစေနိုင်လောက်သည်။

“မင်း ဘယ်လို သေချင်လဲ။ ငါ မင်းကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ပေးရမလား။ ဒါမှမဟုတ် တခါတည်း သေချင်လား။ ဒါမှမဟုတ် တလက်မချင်း မီးလောင် တိုက်သွင်းပေးရမလား…”

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးက ဒီစကားကို ကြားသည့်အခါ သူမ၏ခန္ဓာကိုယ်သည် တစက်စက် တုန်ယင်နေပြီ။ သူမ၏မျက်နှာမှာ သေလောက်အောင် ဖြူရောလာ၏။ သူမသည် စိတ်ထဲရှိ အကြောက်တရားကို တောင့်မခံနိုင်တော့ဘဲ ဘယ်နှင့်ညာ ပတ်ပတ်လည်သို့ တိတ်တဆိတ် ကြည့်မိ၏။ သူမထံ၌ တခြားသောစိတ်ကူးများ ပေါ်လာသည်။

“ကျုပ် ခင်ဗျားကို သေစေချင်တယ်…” ဟန်လိက ပြုံး၍ ဖြေသည်။ သူ၏အပြုံးက အတော်လေး သဘာဝကျကာ စိတ်လိုလက်ရ ပြုံးနေသလိုပင်။

All Chapters