← Chapters

အမည်ဆိုးနှင့် ကျော်ကြားသူ

Vol. 14 Ch. 188

အမည်ဆိုးနှင့် ကျော်ကြားသူ

Vol. 14 Ch. 188

ဖန်ယွဲ့၏ နဂိုရုပ်စိုးသော မျက်နှာမှာ မြင်၍ရှု၍ မကောင်းလောက်အောင် ပို၍ ရုပ်စိုးသွားလေသည်။ ထိုကောင်က သူ့ကို လှောင်ဝံ့လိမ့်မည်ဟု မထင်ထားမိပေ။ သူက ဒေါသပုန် ထနေပြီ ဖြစ်၏။

သူက ခုထိ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးသော်လည်း သူ၏ မှော်လက်နက်များ၊ ကြမ်းတမ်းရက်စက်သော နည်းလမ်းများကြောင့် သူ၏ အမည်မှာ အဆင့်နိမ့်တပည့်များကြားတွင် ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်။

သူကား လက်စားချေဖို့အတွက် ကျင့်ကြံသူများကို အခန်းမှောင်ထဲ၌ ပိတ်ကာ သုံးရက်သုံးည အဆက်မပြတ် နှိပ်စက်ခဲ့ဖူးသည်။ ထိုသနားစရာ ကျင့်ကြံသူများ၏ အော်သံများက နေ့ညမပြတ် ထွက်ပေါ်နေခဲ့ပြီး မသေခင် ဆိုးရွားစွာ နှိပ်စက်ခံခဲ့ရပေသည်။ သူသည် ထိုသို့သော လူစားမျိုးပင်။

ပုံမှန်အားဖြင့် သာမန်တပည့်များက သူ့နာမည်ကို ကြားသည့်နှင့် သူတို့၏မျက်နှာများက သေလောက်အောင် ဖြူရောသွားကြကာ အဝေးသို့ ချက်ခြင်း နောက်ဆုတ်ကုန်သည်။

သူ၏ ဆိုးရွားလှသော ဂုဏ်သတင်းကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်မှ ကျွမ်းကျင်သူများက မျက်စိစပါးမွှေး စူးလာကြသည်။ သို့ပေမည့် သူက အတော်လေး အကင်းပါသည်။ သူသည် အဆင့်နိမ့်ကျင့်ကြံသူများကို အကြမ်းပတမ်း ရက်ရက်စက်စက် ပြုမူသော်လည်း သူ့ထက် ခွန်အားအရာတွင် သာလွန်သူများ၏ သတင်းအစအနကို ကြားသည်နှင့် ထွက်ပြေးတတ်သည်။ ထိုအခါကျလျှင် သူက ကောင်းကင်မျှော်စင်ဂိုဏ်းသို့ အရောက် ပြန်လာပြီး ပုန်းကွယ်နေသည်။ ဂိုဏ်းက သူတို့၏ ဂုဏ်သတင်း ကျဆုံးရမည့် အဖြစ်ကို ကာကွယ်နိုင်ရန် သူ့ကို ထုတ်မပေးပေ။

သူ့နောက်သို့ လိုက်လာသော လူများမှာ သူ့ကို အေးတိအေးစက် ကြည့်၍သာ လှည့်ပြန်သွားရသည်။

ထိုသူများ သူ့အပေါ် စိတ်ဝင်စားမှု မရှိလောက်တော့သော အချိန်တစ်ခုရောက်လျှင်တော့ သူက ဂိုဏ်းအပြင်သို့ ပြန်ထွက်ကာ တခြားကျင့်ကြံသူများကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ပြန်သည်။ ထိုသို့ တစ်ကြိမ်မက တစ်ကြိမ် ဖြစ်လာသည့်အခါ အနှီကျွမ်းကျင်သူများသည် နှာခေါင်းရှုံ့ ရွှံ့ရှာကြသော်လည်း ဒီကိစ္စ၌ သူတို့က ထပ်မံ ဝင်မပါတော့ပေ။ လစ်လျူရှုထားလိုက်တော့သည်။ ဖန်းယွဲ့ကလည်း သူ့နေရာ သူ သိသည်။ သူက နောက်ခံကောင်းကာ သူ့ကို ချိန်းခြောက်နိုင်စွမ်း ရှိသူများကိုမူ မတိုက်ခိုက်ချေ။

ဂိုဏ်းကြီး ခုနစ်ဂိုဏ်းအတွင်း၌ ဖန်းယွဲ့၏ အပြုအမူများက သာ၍ ရဲတင်းကာ ကြမ်းကြုတ်လာခဲ့သည်။ သူ၏ မကောင်းသတင်း၊ သူ၏ အမည်မှာ တောမီးကဲ့သို့ ပျံ့နှံ့ခဲ့သည်။ သို့အတွက် သူ၏ စရိုက်မှာ ပို၍ အထိန်းအချုပ်မဲ့လာခဲ့၏။ မောက်မာရန်လိုသော စိတ်ထားစရိုက် ရှိသူ ဖြစ်လာခဲ့သည်။ သူက သူ့ထက် အဆင့်နိမ့်သော ကျင့်ကြံသူများအပေါ် လေးစားသမှုဟူ၍ မြူမှုန်မျှ မထားသူ ဖြစ်၏။

သို့သော် ယနေ့တွင်မူ ချီစုဆောင်းခြင်း အဆင့်ဆယ့်တစ်သာ ရှိသေးသော ဟန်လိက သူ့ကို သတ်ချင်သည်ဟု စကားဆိုခဲ့ပေပြီ။ မောက်မာရန်လိုလှသော ဖန်းယွဲ့ကဲ့သို့ လူစားမှာ ဒေါသမထွက်ဘဲ ဘယ်နေပါ့မည်နည်း။

“မင်းက သေချင်နေတာပဲ…”

ဒေါသပုန်ထနေသော ဖန်းယွဲ့က ဟန်လိကို နောက်ထပ် စကားထပ်ပြောခွင့်ပင် မပြုတော့၊ သူက သူ့ရှေ့ရှိ ဓားသွားငယ်ကို ထိသည်။ ၎င်းက အဝါရောင်အလင်းတန်းတစ်ခု ဖြစ်လာပြီး ဟန်လိ၏ နဖူးတည့်တည့်ထံ တန်းတန်းမတ်မတ် ပျံသန်းဝင်လာသည်။ သူက တဖက်သူ၏ ဦးခေါင်းကို တချိတည်းဖြင့် ဖြတ်ပိုင်း ပစ်ရန် ဆုံးဖြတ်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။ တဖက်သူက အပြာရောင်အရံအတားကို ချခင်းထားသော်လည်း သူ၏ ကိုယ်ပိုင် ရတနာအဆောင်၏ စွမ်းအားအောက်၌ သေဆုံးရလိမ့်မည်ဟု ယုံကြည်မှု အပြည့်ရှိသည်။

ဟန်လိက တဖက်ရန်သူ စိတ်ကြိုက်လုပ်ခွင့် ဘယ်ပေးပါ့မည်နည်း။ သူက သူ့လက်ကို ပင့်မြှောက်ကာ အနက်ရောင်ဒိုင်းငယ်ကို ပစ်လွှတ်၏။ ၎င်းက သူ့လက်ကနေ လွတ်ထွက်သွားသည်နှင့် ၎င်းဘာသာ အရွယ်ချဲ့ကားလာသည်။ အဝါရောင်အလင်းတန်းက ဟန်လိနှင့် မီတာခြောက်ဆယ်လောက် အကွာတွင် ပိတ်ဆို့ခံလိုက်ရသည်။

ထိုအဝါရောင်အလင်းတန်းနှင့် ဒိုင်းပေါ်ရှိ အနက်ရောင်အလင်းတို့ ထိပ်တိုက်တွေ့သည့်အခါ တကျစ်ကျစ် အသံများပါ ထွက်လာသည်။ အဝါရောင်အလင်းတန်းက အသာစီး ရနေပြီး အနက်ရောင်အလင်းကို နောက်သို့ ဆုတ်နေစေသည်။ သို့ပေမည့် ၎င်းဒိုင်းမှာ လက်လျှော့မည့်ဟန် ရှိမနေ၊ အနက်ရောင်အလင်းကို ဆက်တိုက် ထုတ်လွှတ်၍ အဝါရောင်အလင်းတန်းကို အဆက်မပြတ် ခုခံသည်။

ထိုအခါ အဝါရောင်အလင်းတန်းက အချိန်တိုအတွင်း ဒီအနက်ရောင်အလင်း အရံအတားကို ချိုးဖျက်နိုင်စွမ်း မရှိတော့ချေ။

ဤသည်ကို မြင်သည့်အခါ ဖန်းယွဲ့က အံ့အားသင့်မိသွားသည်။ ဟန်လိကတော့ သက်ပြင်းချမိသည်။

ဖန်းယွဲ့က ဟန်လိထံ၌ ရှားပါးလှသော ထိပ်တန်းအကာအကွယ်မှော်ပစ္စည်း ရှိနေလိမ့်မည်ဟု မထင်ထားတာ သိသာသည်။ တစ်ချိန်တည်းမှာ ဟန်လိက စိတ်အေးမိသွားသည်။ အကြောင်းမှာ သူ၏ အစောပိုင်းတုန်းက ထင်မြင်ချက်က မှန်နေ၍ပင်။

ဟန်လိက ရန်သူ၏ အင်ပြည့်အားပြည့် ရတနာအဆောင်ကို သူ၏ သံမဏိနက်ဒိုင်းငယ်နှင့် တိုက်ရိုက် ခုခံခြင်းမှာ အတော်လေး အန္တရာယ်များသည်။ ရန်သူ၏ ရတနာအဆောင်ကသာ သူ မျှော်လင့်ထားသည်ထက် သာလွန်အစွမ်းထက်နေပါက အခုလောက်ဆို သူ့ခေါင်းမှာ မြေပေါ်သို့ လိမ့်ဆင်းနေလောက်ပြီ။

အန္တရာယ်များမှန်း သိသော်လည်း ထိုသို့ စွန့်စားဝံ့ခြင်းမှာ ဟန်လိက စီနီယာအစ်ကိုလုနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲအတွေ့အကြုံကြောင့် ဖြစ်၏။ ထိုစဉ်က အစ်ကိုလု၏ အဇူရာနဂါးအလံက ၎င်းထက် စွမ်းရည်ပိုသာသော သူ၏ မီးခိုးရောင်ဓားအဆောင်ကို အချိန်ကြာမြင့်စွာ ကာကွယ်ခုခံနိုင်ခဲ့သည်။ သို့ဖြစ်၍ ဖန်းယွဲ့၏ ဓားသွားက ပို၍ အားကောင်း သန်မာခဲ့လျှင်ပင် သံမဏိနက်ဒိုင်းငယ်က အနည်းဆုံးတော့ အချိန်တိုအတွင်း ခုခံနိုင်လိမ့်မည်သာ။

ယာယီစိတ်ပူစရာ မလိုတော့သည်ကို မြင်သည့်အခါ ဟန်လိက သူ့လက်ထဲ၌ ရွှေအလင်းအုတ်ခဲ အဆောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်၍ ၎င်းကို တင်ကြို၍ အသက်သွင်း ပြင်ဆင်ထားသည်။ သို့မှသာ သူက ရန်သူ့ကို တချက်တည်းဖြင့် လက်စသပ်နိုင်မည်။

သို့ပေမည့် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားကို လှည့်ပတ်၍ အဆောင်ကို ထုတ်ဖော်ရန် မပြုရသေးခင်မှာပင် ဖန်းယွဲ့က ရုတ်တရက် လှမ်းအော်လိုက်သည်။ “ခွေးမ…နင်က ဘယ်ကို ပြေးဖို့ ကြိုးစားတာလဲ…”

ထို့နောက်တွင် သူ့ပုံရိပ်က လှစ်ခနဲ လှစ်ခနဲ ဖြစ်ကာ သစ်တောအုပ်၏ အနီးအနားတွင် ပေါ်လာပြီး တစုံတစ်ယောက်ကို လမ်းပိတ်လိုက်သည်။

ထိုတစုံတစ်ယောက်က သစ်တောထဲသို့ ဝင်ပြေးရန် ကြိုးစားနေသော အဝါရောင်ဝတ်စုံနှင့် အမျိုးသမီးကလွဲ၍ တခြားသူ မဟုတ်ပါ။

ထိုအမျိုးသမီးက ဖန်းယွဲ့၏ မကောင်းသတင်းကျော်ဇော်မှုကို သိထား၍ စိတ်ထဲ၌ အလွန်ကြောက်နေမိခဲ့သည်။ သူမက ဟန်လိနှင့် ဖန်းယွဲ့တို့ တိုက်ပွဲဖြစ်နေတာကို အခွင့်ကောင်းယူ၍ ထွက်ပြေးရန် ကြိုးစားခဲ့တာ ဖြစ်၏။

ဟန်လိက သူမ၏ အကြံကို အစောတည်းက သတိပြုမိသည်။ သူက စိတ်ထဲ၌ မကျေမနပ်ဖြစ်မိသော်လည်း ထိုကိစ္စအပေါ် လုံးလုံး စိတ်မဝင်စားပေ။

သူမက ဒီမှာ ဆက်နေလျှင်လည်း သူ့ကို ကူညီနိုင်မည့်ပုံ မရပေ။ သို့ဖြစ်၍ သူမက ထွက်သွားချင်မှတော့ သူမ၏ သဘောပင်။

သို့သော် သူမက သူတို့၏ ပူးပေါင်းထားမှုကို အရင် သစ္စာဖောက်ကာ တကိုယ်တည်း ထွက်ပြေးရန် ကြံစည်ခဲ့တာ ဖြစ်၏။ ဟန်လိက သူမကို တားဖို့ မကြိုးစားခဲ့ပေ။ တနည်းအားဖြင့် သူက သူမကိုလည်း ဆက်၍ အကူအညီပေးတော့မည် မဟုတ်ပေ။ သူမ သေတာရှင်တာက သူမပေါ်၌သာ မူတည်၏။

ဟန်လိက ဒီအမျိုးသမီးကို ပြတ်ပြတ်သားသား လစ်လျူရှုထားသည်။ သို့သော် ဒေါသပုန် ထနေသော ဖန်းယွဲ့၏လက်ကနေမူ လွယ်လွယ်နှင့် လစ်ထွက်သွား၍ ရလိမ့်မည် မဟုတ်ပါ။

သူက ဟန်လိ ပြောခဲ့သော စကားကြောင့် ဟန်လိနှင့် ထိုအမျိုးသမီးတို့ကို မုန်းတီးနေပေပြီ။ သူက သူမ ထွက်ပြေးဖို့ ကြိုးစားသည်ကို မြင်သည့်အခါ သူမကို ထွက်သွားခွင့် မပြုမှာ သဘာဝပင်။ ထို့ကြောင့်လည်း သူက ရုတ်တရက် လှုပ်ရှား၍ ဒီအမျိုးသမီး၏ လမ်းကို ပိတ်ထားတာ ဖြစ်သည်။

ထိုသည်ကို မြင်သည့်အခါ အဝါရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သေမျိုးတစ်ယောက် ဖြစ်သွားသည့်အထိ ကြောက်လန့်သွားပြီး တစ်ဖက်သို့ ပြန်လှည့်၍ ပြေးလေတော့သည်။ သူမ၏ မှော်စွမ်းအား ပညာရပ်များကို အသုံးပြုဖို့ပါ မေ့သွားလေ၏။

ဖန်းယွဲ့က ထိုသည်ကို မြင်သည့်အခါ သူက နောက်ကနေ ဖြတ်ခနဲ ကျော်၍ သူမရှေ့သို့ ရောက်လာသည်။ သူက ချက်ခြင်းလိုလို လက်ပင့်မြှောက်၍ အနှီအမျိုးသမီး၏ ရင်ဘက်ကနေ ကျောထိ ပေါက်ထွက်သွားအောင် ရိုက်ချပစ်သည်။ သည့်နောက် သူ၏ သွေးအလိမ်းလိမ်း ပေကျံနေ‌သောလက်ကို ပြန်ဆွဲထုတ်သည်။

အဝါရောင်ဝတ်စုံနှင့် အမျိုးသမီး၏ အလောင်းမှာ မြေပေါ် ပြိုလဲကျသွား၏။ သူမက မျက်လုံးအပြူးသားဖြင့် သေဆုံးနေခဲ့သည်။ သို့သော် သူမ၏ မျက်လုံးထဲ၌ အားမာန်ဟူ၍ ကင်းမဲ့နေသည်။ သူမ မသေခင် ဟန်လိကို ထားခဲ့၍ အလျင်စလို ထွက်ပြေးခဲ့သော ဆုံးဖြတ်ချက်အပေါ် နောင်တရကောင်း ရသွားနိုင်သည်။ သို့သော် ဒီလောက၌ အချိန်လွန်နောင်တအတွက် ကုစားနိုင်မည့် ဆေးမရှိလေပါ။

သည်အမျိုးသမီးထံ၌ မည်သည့် မှော်ပစ္စည်း၊ သို့မဟုတ် အားကောင်းသော အဆောင်များ မကျန်သည်ကို တွေ့ရသည့်အခါ ဖန်းယွဲ့က သူမ၏ အလောင်းပေါ်ကနေ လက်ဖယ်ရှား၍ သူ့လက်ချောင်းမှ တစက်စက်ကျနေသော အနှီအမျိုးသမီး၏ သွေးစက်များကို လျှာဖြင့် သပ်သည်။ ထို့နောက် သူက ဟန်လိကို ရက်စက်ကြမ်းကြုတ်စွာ လှမ်းကြည့်သည်။

ဒိုင်းအတွင်း၌ ရှိနေသော ဟန်လိက ဤမြင်ကွင်းကို မြင်သည့်အခါ သူ့မျက်နှာသည် စိမ်းဖန့်ဖန့် ဖြစ်သွားသည်။ သူက မအော်ဟစ်မိစေရန် သူ့ပါးစပ်ကိုယ်သူ အတင်းအကြပ် ပြန်ပိတ်ထားရသည်။ သူသည် စဉ်းစားဉာဏ် လွတ်ထွက်သွားမတတ်ပင်။ ဖန်းယွဲ့ကမူ စိတ်ထဲကနေ သူ့အတွေးနှင့်သူ ကျေနပ်အားရနေသည်။

အမှန်တကယ်တော့ အရင်တုန်းက ဖန်းယွဲ့သည် သူ၏ ရန်သူများကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိခြင်းမှာ သူ၏ ဆိုးယုတ်သော ဂုဏ်သတင်းကြောင့်လည်း ပါသည်။ သူနှင့် တိုက်ခိုက်ခဲ့သူများက သေသည်ထက် ဆိုးရွားလှသော ကံကြမ္မာကို ကြုံရမည်ဟု တွေးမိကာ မတိုက်ရခင်တည်းက သွေးပျက်နေခဲ့ပြီး ဖြစ်သည်။ ထိုသို့သော စိတ်ပိုင်းဆိုင်ရာ အားယုတ်မှုက သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို အကြီးအကျယ် ထိခိုက်စေသဖြင့် ရှုံးဖို့ ပိုသေချာသွားခဲ့တာ ဖြစ်လေ၏။

ယနေ့၌ ဖန်းယွဲ့က ဟန်လိ၏ ကျင့်ကြံမှုက မနက်ရှိုင်းသော်လည်း မှော်ပစ္စည်းများကမူ အားကောင်းလှသည်ကို မြင်သည်။ ထို့ကြောင့် သူက ဟန်လိ၏ တိုက်ခိုက်စွမ်းရည်ကို အားနည်းသွားအောင် ဒီဖြဲခြောက်သော ဗျူဟာ ကို အသုံးပြုလိုက်တာပင်။

သူ၏ အကြံက အလုပ်ဖြစ်ပုံ ပေါ်သည်။ အကြောင်းမှာ ဟန်လိ၏ အမူအရာတွင် သွေးပျက်ပုံ ပေါ်နေတာကို သူ မြင်ရသောကြောင့်ပင်။ ဖန်းယွဲ့က စိတ်ထဲကနေ ကြိတ်၍ ပျော်သွား၏။ သူက ခြေလှုပ်ရှားလိုက်ရုံ ရှိသေး ဖြတ်ခနဲ ဟန်လိရှေ့ရှိ သူ၏ အစောပိုင်းတုန်းက နေရာထံ ပြန်ရောက်လာသည်။

ဟန်လိ၏ မျက်နှာအရောင်မှာ အမှန်တကယ်ပင် မသာယာတော့ပါ။ သူ့စိတ်ထဲရှိ ခံစားချက်များဆို ပြောနေဖို့ပင် လိုတော့မည် မဟုတ်ပေ။ သို့ပေမည့် သူ ခုလို အမူဟန်ပန် ဖြစ်ပေါ်နေခြင်းမှာ ရန်သူ၏ သွေးဆာသော နည်းလမ်းများကြောင့် မဟုတ်ချေ။ သူက လျှပ်စီးအလား လှုပ်ရှား၍ ပွဲသိမ်းတိုက်ခိုက်မည်ဟု ပြင်ဆင်ထားသော သူ့အစီအစဉ်က အလုပ် မဖြစ်နိုင်တော့၍သာ ထိုသို့သော အမူဟန်ပန် ပေါက်နေတာ ဖြစ်သည်။

ပြီးခဲ့သော အကြိမ်တုန်းက ဟန်လိ ရွှေအလင်းအုတ်ခဲ ရတနာအဆောင်ကို အသုံးပြုခဲ့ချိန်၌ သူက ၎င်း၏ ခွန်အားသည် မီးခိုးရောင်ဓားအဆောင်ထက် များစွာ သာလွန်သော်လည်း အစစ်အမှန်တိုက်ပွဲများ၌ တခြားရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အားနည်းချက် ရှိနေတာကို သဘောပေါက်ခဲ့သည်။

၎င်းအုတ်ခဲ၏ အဖျက်အစီးစွမ်းရည်မှာ အမှန်တကယ် လန့်စရာ ကောင်းသည်။ လူတစ်ယောက်ကို ၎င်း၏ တိုက်ချက် ထိမှန်သွားပါက မည်သည့် အရံအတားပင် အသုံးပြုထားထား၊ သို့မဟုတ် မည်သည့် မှော်ပစ္စည်းကိုပင် အသုံးပြုထားထား သုတ်သင်ခံရမည်သာ ဖြစ်သည်။ သို့သော် ဒီရတနာအဆောင်၌ အားနည်းချက် သိသာစွာ ရှိနေသည်။ ၎င်းရတနာအဆောင်ကို အသုံးပြုသူ၏ မှော်စွမ်းအား ပမာဏများစွာ စုပ်ယူပြီးနောက်မှ အသုံးပြုနိုင်ခြင်း၊ ထို့အပြင် ၎င်း၏ အမြန်နှုန်းမှာ ဆွံအဖို့ ကောင်းလောက်အောင် နှေးကွေးခြင်းတို့ ဖြစ်သည်။

ရန်သူ့ကို လက်ဦးမှုယူကာ ချုပ်နှောင်ထားနိုင်လျှင်တော့ သည်ရတနာအဆောင်၏ စွမ်းဆောင်ရည်သည် ကြီးစွာ တိုးတက်လာမည် ဖြစ်သည်။ သို့သော် ရန်သူများကို ရင်ဆိုင်ဖို့ သပ်သပ်အတွက် ဒီရွှေအလင်းအုတ်ခဲတစ်ခုကိုသာ အသုံးပြုမည် ဆိုပါက မလုပ်သင့်သည့် အရာ ဖြစ်သည်။ တဖက်ရန်သူ၏ မှော်စွမ်းအားက ကုန်ခမ်းနေခြင်းသာ မရှိပါက သည်ရတနာအဆောင်၏ တိုက်ခိုက်မှုကို ကြုံရာ အထောက်အပံ့ပညာရပ် ဖြစ်သည့် ရှောင်တိမ်ခြင်း ပညာရပ်တစ်ခုခုနှင့်ပင် ရန်သူက အလွယ်တကူ ရှောင်နိုင်မည် ဖြစ်၏။

သို့ဖြစ်၍ ဒီရွှေအလင်းအုတ်ခဲ ရတနာအဆောင်မှာ ဖန်းယွဲ့၏ ဓားငယ်ရတနာအဆောင်နှင့် မတူလေပေ။ ဖန်းယွဲ့၏ အဆောင်က အဖျက်အစီးစွမ်းအား မြင့်မားသည့်အပြင် အဝေးတိုက်ခိုက်မှု များကိုပါ ပြုလုပ်နိုင်၏။ ထို့အပြင် ဖန်းယွဲ့၏ ရတနာအဆောင်ဓားငယ်သည် မျှော်စင်ရဲတိုက်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူများ အသုံးပြုသော မှော်ရတနာများနှင့် အလားသဏ္ဌာန်တူလေ၏။

ဟန်လိထံ၌ ရန်သူ့ကို ချုပ်နှောင်နိုင်မည့် မှော်ပစ္စည်းများ မကျန်တော့ပေ။ ထို့ကြောင့် သူက ရွှေရောင်ဓားသွားများစွာကို အသုံးပြုကာ ရန်သူ့ကို နှေးကွေးစေပြီး ရန်သူ မမျှော်လင့်ထားသည့်အချိန်၌ ရွှေအလင်းအုတ်ခဲဖြင့် အလစ်တိုက်ခိုက်မည်ဟု ဟန်လိက ကြံစဉ်ထားခဲ့သည်။ ထိုတိုက်ခိုက်မှု၏ အောင်မြင်နိုင်ချေက တစ်ရာရာခိုင်နှုန်း အာမမခံနိုင်သော်လည်း ငါးဆယ်ရာခိုင်နှုန်းလောက် ရှိမည်ဟု ဟန်လိက ယူဆထားသည်။

သို့သော် ဖန်းယွဲ့၏ လှုပ်ရှားမှုများကို မြင်ပြီးနောက် ဟန်လိက သူ၏ ထိုအစီအစဉ်သည် အလုပ် မဖြစ်တော့မှန်း သိသွားသည်။ ရန်သူ၏ အမြန်နှုန်းက တိမ်မီးခိုးခြေလှမ်းထက် မနှေးပေ။ သူ့ ရွှေအလင်းအုတ်ခဲ၏ အနီးကပ် တိုက်ခိုက်မှုကို အချိန်မရွေး ရှောင်တိမ်းဖို့မှာ ဖန်းယွဲ့အတွက် အလွယ်လေးသာ ဖြစ်ပေလိမ့်မည်။

ဟန်လိက စိတ်ပူပန်နေ၏။ ထို့ပြင် သူက စဉ်းစားမရလဲ ဖြစ်နေသည်။ သည်ကောင်ဖန်းယွဲ့က သူကဲ့သို့ပင် ကျန်းဟူ(သိုင်းလောက)မှ လာခဲ့သူများ ဖြစ်နေတာလား။

All Chapters