← Chapters

လျှပ်စီးဖြင့် ရှင်းထုတ်ပစ်ခြင်း

Vol. 14 Ch. 189

လျှပ်စီးဖြင့် ရှင်းထုတ်ပစ်ခြင်း

Vol. 14 Ch. 189

ဟန်လိက ဖန်းယွဲ့၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်နေရသည့် အကြောင်းရင်းကို မသိသော်လည်း သူ့စိတ်ထဲ၌ သံသယများ မြင့်တက်လာခဲ့သည်။

သို့သော် ခုချိန်က စူးစမ်းနေရမည့် အချိန်မဟုတ်ချေ။ သူ့ထံ၌ ရွေးချယ်စရာ မရှိတော့ပေ။ သူက ရွှေအလင်းအုတ်ခဲ ရတနာအဆောင်ကို ပြန်သိမ်း၏။ သူ့လက်ထဲရှိ ရွှေပိုးတောင်မာ မိခင်ဓားသွားကို ဝေ့ယမ်းသည်။ ထိုအခါ ကလေးငယ်ဓားသွားများသည် ပျားအုပ်အလား ပျံသန်းထွက်ကာ ရွှေရောင်အလင်းတန်း ရှစ်ခုအဖြစ်သို့ ပြောင်းသည်။ ယင်းတို့က ဖန်းယွဲ့ထံ တဟုန်ထိုး ဝင်ရောက်လာ၏။

ရန်သူက သူ့ကိုယ်သူ ကာကွယ်ဖို့ အဝါရောင်အလင်းတန်းကို ပြန်ရုတ်သိမ်းပါက ပိုကောင်းမည် ဖြစ်၏။ ဟန်လိအတွက် အချိန်တစ်ခုတော့ မျှခြေအနေအထားကို ထိန်းထားနိုင်မည် မဟုတ်လား။ သို့သော် ဟန်လိက ထိုသို့ ဖြစ်လာမည်ဟု ယုံကြည်မှု မရှိပေ။ ရန်သူ၏ ဂုဏ်သတင်းအရ သူ၏ ခွန်အားအစစ်အမှန်သည် အခုလောက် အကန့်အသတ်သာ ရှိမှ မဟုတ်တာ ကျိန်းသေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဖန်းယွဲ့က ဟန်လိ၏ ရွှေရောင်ဓားသွားများ သူ့ထံ ပျံသန်းလာသည်ကို မြင်သော်လည်း နည်းနည်းလေးမျှ ထိတ်ပျာမသွားချေ။

သူက အေးတိအေးစက်ပင် အကြိမ်အနည်းငယ် ရယ်မောလိုက်သေး၏။ သူက အဝါရောင်ထီးတစ်ခုကို ထုတ်ယူလိုက်၏။

ဖန်းယွဲ့က သည်ထီးကို သူ့လက်ကနေ လွှတ်၍ တိုက်ခိုက်ခြင်း မပြု၊ ထိုအစား ရွှေရောင်အလင်းတန်းရှစ်ခု သူ့ရှေ့ ရောက်လာသည်ကို မြင်မှ ထီးကို အေးအေးဆေးဆေး ဖွင့်လှစ်၏။ အဝါရောင်အလင်းနှင့် ဖန်တီးထားသော စက်ဝန်းအသွင် အရံအတားတစ်ခု ပေါ်လာကာ ဖန်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံလွှမ်းသွား၏။ ရွှေရောင်ဓားသွားများက ဒီစက်ဝန်းအရံအတားနှင့် ထိမိသည့်အခါ ထူခြားသော ပေါက်ကွဲသံများ ထွက်ပေါ်၏။ ဓားသွားအားလုံးသည် အလွယ်တကူ နောက်ပြန်ကန်ထွက်သွားသည်။

၎င်းမှာ အဆင့်မြင့်အကာအကွယ် မှော်ပစ္စည်းတစ်ခုပင်။ ၎င်း၏ခွန်အားက ဟန်လိ၏ သံမဏိနက်ဒိုင်းငယ်ထက် သာလွန်တာ သိသာသည်။

ဟန်လိက မျက်နှာပျက်သွား၏။ ဖန်းယွဲ့ကတော့ အရူးအမူး ကျယ်လောင်စွာ ရယ်မောသည်။

ဤသည်မှာ အံ့အားသင့်စရာ မရှိပေ။ သူ ဒီထီးကို ရခဲ့ချိန်မှစ၍ အဆင့်နိမ့် ကျင့်ကြံသူများက သူ့ကို လုံးလုံး အန္တရာယ် မပေးနိုင်ခဲ့တာ ဖြစ်၏။ ဟန်လိ၏ ထိတ်လန့်သွား‌သော ဟန်ပန်ကို မြင်သည့်အခါ သူက အတော်လေး စိတ်အေးသွားသည်။

ဖန်းယွဲ့က သည်ထီးကို ရတနာအဆောင်ဖြစ်သော ဓားငယ်ထက် ပို၍ တန်ဖိုးထား၏။ ရတနာအဆောင်များကို အသုံးပြုနိုင်သော အကြိမ်ရေမှာ အကန့်အသတ် ရှိ၏။ ယင်းတို့၏ စွမ်းအားကို အကုန်အစင် အသုံးပြုပြီးချိန်တွင် ရတနာအဆောင်များသည် စက္ကူစသာသာ တန်ဖိုးမဲ့ သွားမည် ဖြစ်သည်။ တဖက်တွင်မူ အဝါရောင်ထီးသည် အကန့်အသတ်မရှိ အသုံးပြုနိုင်သော မှော်အကာအကွယ်လက်နက် တစ်ခု ဖြစ်၏။

ဟန်လိက သက်ပြင်းချကာ သူ့မန္တာန်ကို လက်ညွှန်၍ ပြန်ရုတ်သိမ်း၏။ ရွှေရောင်ဓားသွားအားလုံးကို သူက ပြန်ဆင့်ခေါ်သည်။ ယင်းတို့က မူလအသွင် ပြန်ပြောင်းပြီး သူ့လက်ထဲ ပြန်ရောက်လာသည်။

ဖန်းယွဲ့က ဟန်လိ၏ အကြံကို မသိချေ။ သို့သော် သူက အကာအကွယ် ပြုထားဆဲ ဖြစ်၍ အေးဆေးပါဟု ခံစားမိနေဆဲသာ။ သူက သူ့အာရုံကို အဝါရောင်အလင်းတန်းအပေါ် ထိန်းချုပ်ရန်သာ စူးစိုက်လိုက်သည်။ အကာအကွယ် စွမ်းရည်ခြင်း ယှဉ်ပါက သံမဏိနက်ဒိုင်းက အဝါရောင်ထီးထက် ညံ့၏။ သို့သော် ဖန်းယွဲ့ မသိသည်မှာ ထိုမှော်ဒိုင်း၏ ခံနိုင်ရည်ကိုပင်။ သည်ဒိုင်းငယ်လေးက တခြား ပုံမှန် အကာအကွယ် မှော်ပစ္စည်းများထက် များစွာ ပို၍ ကောင်းမွန်သည်။

ဖန်းယွဲ့က သူ၏ အဝါရောင်အလင်းကို ထိန်းချုပ်၍ အသွင်မျိုးစုံဖြင့် အကြမ်းပတမ်း တိုက်ခိုက်စေသည်။ သို့သော် ဒိုင်းက ဒီတိုက်ခိုက်မှုများကို ကာကွယ်ပေးထားနိုင်သည်။ ထိုအခါ ဖန်းယွဲ့က သူ ဒီဒိုင်းကို လုံးလုံး မဖျက်စီးပစ်နိုင်ပါက ဟန်လိကို မသတ်နိုင်မှန်း သဘောပေါက်သွားသည်။

သူ့မျက်နှာ၌ မကျေမချမ်းဖြစ်ဟန် ပေါ်လွင်နေသည်။ သူက ရတနာအဆောင်ဓားငယ်ထံမှ အဝါရောင်အလင်းတန်းကို အတင်းအကြပ် အားပိုသုံး၍ ဒိုင်းငယ်ကို ဖြည်းဖြည်းချင်း တိုက်ခိုက်နေသည်။ ဒိုင်းထံမှ အနက်ရောင်အလင်း ထုတ်လွှတ်နိုင်မှုက နည်းနည်းပါးပါး လျော့ကျသွားသော်လည်း ကျန်သည့်အလင်းများက အချိန်အတိုင်းအတာ တစ်ခု ခုခံဖို့အတွက် လုံလောက်နေသေးသည်။

သည်အခါ၌ ဟန်လိသည် ဒီတိုက်ပွဲကို အနိုင်ရစေမည့် နည်းလမ်းဗျူဟာ သူ့ထံ၌ မရှိတော့သည်ကို မြင်သည်။ သို့ဖြစ်၍ သူက အံတင်းတင်းကြိတ်ကာ စိတ်နှလုံးနာကျင်ရသော ဆုံးဖြတ်ချက်တစ်ခုကို ချရတော့သည်။

သူက ရွှေရောင်ဓားသွားများကို သူ့သိုလှောင်အိတ်ထဲ ပြန်သိမ်း၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲကနေ မိုးပြာရောင်ဘူးသီးခြောက်တစ်ခုကို ပြန်ထုတ်ယူသည်။ သူက သည်ဘူးသီးခြောက်ကို လေထဲသို့ ခပ်မြင့်မြင့် ပစ်မြှောက်လိုက်သည့်အခါ ၎င်းထံမှ အနက်ရောင်ပုတီးစေ့ ခုနစ်ခု၊ရှစ်ခုလောက် ပျံသန်းထွက်လာ၏။ ယင်းတို့က ဖန်းယွဲ့ထံ ဦးတည်လာ၏။

ဖန်းယွဲ့က ဟန်လိ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ပင်။ သို့ဖြစ်၍ သူက ခဏတော့ ကြောင်သွားသေး၏။ အကြောင်းမှာ ဒီဘူးသီးခြောက် မှော်ပစ္စည်းက ရိုးရှင်းလွန်း၏။ အဆင့်နိမ့်ကျင့်ကြံသူတိုင်း ဒီဘူးသီးခြောက်မှာ ဈေးပေါသော မှော်ပစ္စည်းမှန်း သိကြသည်။ အဆင်နိမ့်ကျင့်ကြံသူ အားလုံးနီးပါးက ဒီလို မှော်ပစ္စည်းမျိုးကို အရင်က အသုံးပြုခဲ့ဖူးသည်။

၎င်းပုတီးစေ့များ ထည့်သိမ်းထားသော အရာက ဘူးသီးခြောက်၊ ပုလင်းတစ်ခု၊ သို့မဟုတ် အိုးတစ်လုံး ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ ယင်းပုတီးစေ့များ၏ ခွန်အားက ထိပ်တန်းမှော်ပစ္စည်းများနှင့် ယှဉ်ပါက နိမ့်ပါးလွန်းသည်။

ထို့ကြောင့်လည်း ဖန်းယွဲ့သည် စိတ်ထဲ၌ သံသယဝင်သွားတာ ဖြစ်၏။

သူက ဒီပုတီးစေ့များ သူ့အနား ရောက်လာသည့်အထိ စောင့်မနေ၊ ထိုအစား သူ့လက်ကို ဆန့်ထုတ်၍ ရေခဲလှံပညာရပ် အဆောင်ကို သူ့လက်ပေါ် နေရာချသည်။ ထို့နောက် သူက ၎င်းအဆောင်ကို ပင့်မြှောက်၏။ အနှီအဆောင်သည် သလင်းကဲ့သို့ ကြည်တောက်သော အဖြူရောင်ရေခဲလှံအဖြစ်သို့ ပြောင်းသွား၏။ သူက ထိုလှံနှင့် တိုးဝင်လာသော ပုတီးစေ့များကို တွေ့စေလိုက်သည်။

ရေခဲလှံက ပုတီးစေ့ လေးငါးခုကို လွင့်ထွက်စေကာ တစစီ ဖြစ်သွားစေ၏။ ရေခဲအပိုင်းအစများမှာ လေထဲတွင် ပျံ့ကြဲသွား၏။ ထိုသို့ ရေခဲအစက်များ ပျံ့နှံ့သွားခြင်းမှာ မိုးသီးများ ရွာသကဲ့သို့ လှပ‌သော မြင်ကွင်းတစ်ခုကိုပါ ဖြစ်သွားစေ၏။ မထင်မှတ်စရာပင်။

ဤသည်ကို မြင်သည့်အခါ ဖန်းယွဲ့က စိတ်အေးသွားတော့၏။ သူက သူ့ကိုယ်သူ အာရုံပြန်စိုက်၏။ အကြောင်းမှာ သည်တစ်ကြိမ်၌ သူ့နားတွင် ရုတ်တရက် ပေါ်လာသည်မှာ အဇူရာနဂါးအလံ ဖြစ်နေသောကြောင့်ပင်။ ထိုအလံပေါ်ရှိ နဂါးပုံရိပ်က ၎င်း၏ အစွယ်ကို ဖြဲကာ လက်သည်းများဖြင့် ကုတ်ခြစ်တော့မည့်ဟန် ပေါက်နေသည်။ ၎င်းက ခုန်ထွက်လာနိုင်သည့်အလား အစစ်အမှန် ဆန်လှသည်။

ဖန်းယွဲ့က အတွေ့အကြုံများသူ ဖြစ်၏။ အကြည့်တစ်ချက်ဖြင့်ပင် ဒီအလံက ထိပ်တန်းမှော်ပစ္စည်းမှန်း သိသည်။ သူက ၎င်း၏ ခွန်အားကို လျှော့မတွက်ချေ။

ဟန်လိက အလံကို ထိန်းချုပ်နေ၏။ သူက အလံ၏ မျက်နှာပြင်ကနေ အဇူရာအလင်းဓာတ်များကို စုဝေးစေသည်။ ထိုအလင်းတို့မှာ လင်းထင်းတောက်ပလွန်း၏။ ၎င်း၏ စွမ်းပကားမှာ သေးငယ်လှမည် မဟုတ်ပါ။

ဖန်းယွဲ့က သူ၏ အဝါရောင်ထီးအပေါ် ယုံကြည်မှု အပြည့်ရှိသော်လည်း သည်အဇူရာအလံကို စိုက်ကြည့်နေ၏။ သူက ထိုထူးခြားသော မှော်အလံက သူ၏ ခုခံစစ်ကို ချိုးဖျက်နိုင်သွားမလားဟု စိုးရိမ်မှု ရှိလာသည်။

အစောပိုင်းတုန်းက ပုတီးစေ့များက သူ၏ အမြင်အာရုံကို ဝေဝါးပိတ်ဆို့အောင် တိုက်ခိုက်ရုံမျှသာ ဖြစ်သည်ဟု သူ သဘောပေါက်ပြီး ဖြစ်သည်။ သို့ဖြစ်၍ သူက ဒီပုတီးစေ့များကို လစ်လျူရှုထားသည်။ ၎င်းပုတီးစေ့များက အဝါရောင်ထီး ပတ်လည်၌ တနေ့လုံး ဝန်းရံ တိုက်ခိုက်လျင်ပင် သူ၏ ခုခံမှုကို နည်းနည်းလေးမျှ အနှောက်အယှက် ပေးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ဟန်လိက နောက်ထပ် အဆင့်မြင့် မှော်ပစ္စည်းတစ်ခု ဖြစ်သော အဇူရာနဂါးအလံကို ထုတ်လာသည့်နောက် ဖန်းယွဲ့မှာ စိတ်ပူပန်လာ၏။

သူက ဟန်လိသည် အစောပိုင်းတုန်းက အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကဲ့သို့ ကျွမ်းကျင်သူတချို့၏ တပည့်ဖြစ်နိုင်လောက်သည်ဟု သူ ခန့်မှန်းမိ၏။ ဟန်လိအပေါ် သူ၏ သတ်ဖြတ်ချင်စိတ်က ပို၍ အလျင်လိုလာသည်။

ရန်သူက အသက်ရှင်လျက် လွတ်မြောက်သွားပြီး သူ့အတွက် အဆုံးမရှိသော ပြဿနာများ ဖြစ်စေမှာကို သူ စိုးရိမ်ကာ ထိတ်လန့်၏။ မည်သို့ပင် ဖြစ်စေ ရန်သူက သူ လူအများကို သတ်၍ သူတို့၏ ပိုင်ဆိုင်မှုများကို လုယူခဲ့တာကို မျက်မြင်တွေ့ထားခဲ့ပြီးပြီ မဟုတ်လား။ အစောပိုင်းတုန်းက သူ သတ်ခဲ့သော ရတနာအများအပြား ပိုင်ဆိုင်သည့် အမျိုးသမီး၏ အကြီးအကဲတစ်ယောက်ကသာ သူ့ကို လာရှာပါက သူ့အတွက် ပြဿနာများ တတ်ပေလိမ့်မည်။

အခုချိန်၌ ဖန်းယွဲ့၏ အဇူရာနဂါးအလံကိုသာ အာရုံစိုက်နေ၏။ သူ၏ သတ်ဖြတ်လိုစိတ်က မြင့်တက်လာနေသည်။ သူ့ရှေ့မှ ပုတီးစေ့များကမူ အဝါရောင်ထီးက ဖန်တီးထားသော အရံအတား၏ တားဆီးခြင်းကြောင့် ပြန်ကန်လွင့်စင်နေရသည်။

ဖန်းယွဲ့က ထိုသို့ ပြန်ကန်လွင့်သံကို ကြားသည့်အခါ တချက်လှမ်းကြည့်မိ၏။

“ဒီပုတီးစေ့တွေပေါ် မှီခိုပြီး ငါ့ကို တိုက်ခိုက်တာဟာ တုံးအလွန်းတယ်…။ ဒါက ဖော်ပြဖို့တောင် မထိုက်တန်ဘူး...ပြီးတော့…”

“အယ်…ဒီတစ်ခုက ဘာကြောင့် ဒီလောက်သေးနေရတာလဲ။ ပြီးတော့ ဒီပုတီးစေ့ရဲ့ အရောင်ကလည်း အပြာရောင်ဟ…”

ဖန်းယွဲ့က ပုတီးစေ့များကြား၌ အပြာရောင်ပုတီးစေ့တစ်ခု ထွက်ပေါ်လာသည်ကို မြင်သည့်အခါ နှာခေါင်းရှုံ့၏။ ၎င်းပုတီးစေ့သည် ဆေးလုံးအရွယ်လောက်သာ ရှိသည်။ ပုံမှန်ပုတီးစေ့များထက် သေးငယ်သည်။

ဖန်းယွဲ့က နည်းနည်းလေးတော့ မင်သက်သွား၏။ သူ ဘာမျှ မတွေးမိခင်မှာပင် ထိုအပြာရောင်ပုတီးစေ့က သူ၏ စက်ဝန်းအရံအတားကို လာထိမှန်သည်။

“အဖြူရောင်အလင်း။ မျက်စိကျိန်းလောက်သည့် အဖြူရောင်အလင်း၊ ထူးကဲလှသော အဖြူရောင်အလင်း…”

ဤသည်မှာ ဖန်းယွဲ့နောက်ဆုံး မြင်ခဲ့သော အရာပင်။ ထို့နောက် သူသည် အသိစိတ်မဲ့သွားတော့သည်။

ဟန်လိ၏ အမြင်ကမူ အပြာရောင်ပုတီးစေ့က အဝါရောင်အလင်းအကာနှင့် ထိမိချိန်တွင် ၎င်းသည် မီတာအနည်းငယ် ကျယ်ဝန်းသော အဖြူရောင်အလင်းနှင့်အတူ ချက်ခြင်း ပေါက်ကွဲသည်။ ထို့နောက်တွင် အနှီအဖြူရောင်အလင်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး ဖန်းယွဲ့၏ အကြောင်သား ဖြစ်နေသော ဟန်ပန်ပုံစံသာ ကျန်ခဲ့၏။ သူသည် နောက်တနေ့မှ တိုက်ခိုက်ရန် အသင့်ဖြစ်နေသလို ပုံစံမျိုးပင်။

ဟန်လိက စိုးရိမ်ထိတ်လန့်သွား၏။ သို့သော် သူ မလှုပ်ရှားခင်မှာ လေပွေတိုက်ခတ်သွားသည်။ ဖန်းယွဲ့၏ ခန္ဓာကိုယ်သည် ရုတ်တရက် သဲမှုန့်များအလား ပျက်စီးကာ လေနှင့်အတူ လွင့်ပါးသွားလေ၏။

ဖိနပ်တစ်စုံကို ဝတ်ထားသော သူ့ခြေအောက်ပိုင်းသာ ကျန်ခဲ့သည်။ ယင်းခြေပြတ်များက မြေပေါ်တွင် ထီးတည်း ရပ်ကျန်ခဲ့၏။ စကားဖြင့် ပြောပြ၍ မရလောက်အောင် ထူးခြားသည့် မြင်ကွင်းတစ်ခုတည်း။

ဟန်လိက ထိုသည်ကို မြင်သည့်အခါ ထိတ်လန့်မသွားပေ။ သူက မြေပေါ်သို့ ချက်ခြင်း ထိုင်ချကာ ရှိုက်ကာရှိုက်ကာ အသက်ရှု၏။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားသည်။

သူ၏ စွမ်းအားအကြီးဆုံး မှော်ပစ္စည်းဖြစ်သည့် ကောင်းကင်လျှပ်စီးကလေးငယ်ကို အသုံးပြု၍ တိုက်ခိုက်ပြီးနောက် ဖန်းယွဲ့ဆိုသူကို ဒီလောကကနေ ကွယ်ပျောက်သွားစေခဲ့ပေပြီ။

သို့သော် ဟန်လိ၏ အမူအရာမှာ ပျော်ရွှင်ဟန် ပေါက်မနေပေ။ ထိုအစား သူက စိတ်ဓာတ်ကျကာ ခါးသီးခါးသက် ရယ်မောမိသည်။

သူ ထိုသို့ ဖြစ်သွားတာ အံ့အားသင့်စရာ မရှိပါ။ သွေးနှင့်မီးခြုံလွှမ်းသော ဒီစမ်းသပ်ကွင်းထဲ ဝင်လာပြီး ဒုတိယမြောက်နေ့မှာပင် သူ၏ မှော်ရတနာအားလုံးကို အသုံးပြုခဲ့ရပြီး မဟုတ်လား။ သူ၏ အသက်ကယ်၊ နောက်ဆုံးဝှက်ဖဲဖြစ်သော လျှပ်စီးကလေးငယ်ကိုပါ အသုံးပြုခဲ့ရပြီး မဟုတ်လား။ သူက အဘယ်သို့ ပျော်နေနိုင်ပါ့မည်နည်း။

ကျန်သည့် သုံးရက်အကြောင်း တွေးမိချိန်၌ ဟန်လိက ဖန်းယွဲ့ကဲ့သို့ ကြမ်းလှသော လူစားမျိုး ဘယ်နှစ်ယောက်နှင့်များ ထပ်တွေ့ရဦးမလဲကို မသိလေတော့ပါ။ သူ အတော်လေး စိတ်ဓာတ်ကျသွားသည်။

သို့သော် ကောင်းကင်လျှပ်စီး ကလေးငယ်ကိုသာ အသုံးမပြုခဲ့ပါက သူ့အနေဖြင့် ဒီဘေးကနေ လွတ်မြောက်ဖို့ အလွန်ခက်ခဲမည် မဟုတ်လား။ သူ၏ သံမဏိနက်ဒိုင်းငယ်မှာလည်း ပျက်စီးခါနီးနေခဲ့ပြီ။ ထို့အပြင် တဖက်ရန်သူ၌ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးထံမှ ထိပ်တန်းရတနာများကော၊ သူ့ကိုယ်ပိုင်ရတနာများကော ရှိနေနိုင်သေးသည် ဖြစ်၍ နှိုင်းယှဉ်ကြည့်သည့်အခါ လုံးလုံး ဆုံးရှုံးမှု ကြုံရသည်ဟု ပြော၍ မရတော့ပေ။ သူ့မှာ မှော်ပစ္စည်းများ ချမ်းသာနေဆဲဟု ပြောလို့ ရနိုင်သည်။

ဟန်လိက ဒီအခြေအနေကနေ အကောင်းကို စဉ်းစားမိသည့်အခါ သူက စိတ်အား ပြန်တက်ကြွလာ၏။ သူက တဖက်သို့ အလျင်အမြန် လှမ်းကြည့်သည်။ ထိုအခါ ဟန်လိသည် ပါးစပ်ဟောင်းလောင်းဖြစ်ကာ ခဏတာ စွံ့အနေတော့သည်။

All Chapters