သစ္စာမဲ့ခြင်းနှင့် အဖော်မဲ့ခြင်း
Vol. 14 Ch. 191
ဗဟိုဧရိယာ၏ အနောက်ဘက်ခြမ်းတွင် အဖိုးတန်ဆေးပင်များသည် လျှိုမြောင်တစ်ခုအတွင်း၌ ပေါက်ရောက်နေသည်။ ထိုနေရာ၌ ကျင့်ကြံသူသုံးယောက်က မျက်လုံးသုံးလုံးမီးဝံပုလွေနှင့် တိုက်ခိုက်နေသည်။ ဓားဘီလူးဂိုဏ်းမှ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ဧရာမမိုးပြာဓားတစ်လက်ကို ထိန်းချုပ်ကာ သည်ဝံပုလွေ၏ တိုက်ခိုက်မှု အများစုကို ခုခံနေသည်။ တချိန်တည်းမှာ အဝါရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်၊ မီးခိုးရောင်တာအိုဝတ်စုံဖြင့် လူငယ်တစ်ယောက်တို့က ဘေးဘက်ကနေ ကူညီတိုက်ခိုက်ပေးနေသည်။
အချိန်တိုအတွင်း ဓားဘီးလူးဂိုဏ်းမှ ကျင့်ကြံသူက အားသွန်ခွန်စိုက် အစွမ်းကုန်တိုက်ခိုက်ကာ ဝံပုလွေ၏ ခန္ဓာကိုယ်ကို ဓားကြီးဖြင့် ခုတ်ပိုင်းဖြတ်သည်။ ထို့နောက် သူ၏ ဧရာမဓားကြီးကို ဓားအိမ်ထဲ ပြန်ထည့်သိမ်းကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ တဟားဟား ရယ်မောသည်။
“အစ်ကိုမုန့်ရဲ့ မှော်စွမ်းအားက တကယ် နက်နဲတာပဲ။ မျက်လုံးသုံးလုံးမီးဝံပုလွေကိုတောင် ဓားတစ်ချက်တည်းနဲ့ ခုတ်ပိုင်းပစ်နိုင်တယ်။ ခင်ဗျားက ဓားဘီလူးဂိုဏ်းရဲ့ တပည့်ကျော်တွေထဲမှာ တစ်ယောက်လို့ ခေါ်ဖို့ တကယ်ပဲ ထိုက်တန်ပါပေတယ်…”
အဝါရောင်ဝတ်စုံနှင့် အဘိုးအိုက ထိုသို့ မြှောက်ပင့်၍ ဆိုလိုက်သည်။ ဟန်လိသည် ဒီနေရာတွင် ရှိနေပါက အနှီအဘိုးအိုကို သိပေလိမ့်မည်။ သည်အဘိုးအိုမှာ ဟန်လိကို ပူးပေါင်းဖို့ လာဆွယ်ခဲ့ဖူးသောသူပင်။ သူ၏အမည်မှာ ရှောင်းကျိလီ ဖြစ်သည်။ သို့ပေမည့် သူနှင့်အတူ ရှိခဲ့သော ဂိုဏ်းတူလူငယ်လေးကမူ အခု ဒီနေရာ၌ ရှိမနေပေ။ ကြည့်ရတာ သူတို့က မတူညီသောနေရာထံ တည်နေရာရွှေ့ပြောင်းခံခဲ့ရတာ ဖြစ်နိုင်၏။
“ဟားဟား…အစ်ကိုရှောင်းနဲ့ တာအိုရသေ့လီတို့ရဲ့ ဘေးက ကူတိုက်ခိုက်ပေးမှု မပါရင် ဒီလောက် လွယ်လွယ် ဘယ်အောင်မြင်နိုင်ပါ့မလဲ….”
အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူက သူ့ဓားကို ကိုင်ကာ နှိမ့်ချ၍ ပြန်ပြောသည်။
“အစ်ကိုမုန့် အဲ့လောက် နှိမ့်ချဖို့ မလိုပါဘူး။ ခင်ဗျားက ဒီလိုနတ်ဆိုးသားရဲမျိုးကို ရှင်းထုတ်ပစ်နိုင်စွမ်း တကယ် ရှိတာပါ။ ဒါ့ကြောင့် ခင်ဗျားအနေနဲ့ ချီးကျူးမှုနဲ ထိုက်တန်ပါတယ်။ ဒါ့ကြောင့် ကျုပ်တို့ ငြင်းနေစရာ မလိုပါဘူး…”
တာအိုရသေ့ငယ်က ထိုသို့ ဆို၏။ သူက ငယ်ရွယ်သော်လည်း သူ့လေသံကမူ အကဲပိုခြင်းမရှိ မှန်မှန်ပင်။ သူက အတွေ့အကြုံရှိသော လူတစ်ယောက် ဖြစ်တာ သိသာသည်။
ထိုစကားကို ကြားသည့်အခါ ဝတ်ရုံနက်နှင့် သက်လတ်ပိုင်းလူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်သည်။ သို့သော် သူက နောက်ထပ် နှိမ့်ချသော စကားများကို ထပ်ပြောလိုက်ပြန်၏။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ခုထိ တိုက်ခိုက်နေကြတဲ့ တခြားသူတွေဟာ တကယ့်ငကြောင်တွေပဲ။ သူတို့က ကျုပ်တို့သုံးယောက်သာ အတူတူ ပူးပေါင်းလုပ်ဆောင်ပြီး နတ်ဆိုးသားရဲတွေကို အနိုင်ယူ၊ စိတ်ဝိညာဉ်ဆေးပင်တွေကို စုဆောင်းနိုင်တာကိုသာ သိသွားခဲ့ရင် သူတို့တွေ မေးပြုတ်ကျတဲ့အထိ တုန်လှုပ်သွားလောက်တယ်…”
ဝတ်စုံနက်နှင့်ထိုသူက ရုတ်တရက် ခေါင်းစဉ်လွှဲ၍ ပြောလိုက်သည်။
“ဒါပေါ့….။ ဒီလိုဖြစ်တာကလည်း အစ်ကိုရှောင်းကြောင့်ပါ။ အစ်ကိုရှောင်းကသာ ရှင်းရှင်းလင်းလင်း စီမံနိုင်ခဲ့ခြင်း မရှိရင် အစ်ကိုမုန့်နဲ့ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် သေတဲ့အထိ တိုက်ခိုက်နေကြလောက်ပြီ…”
တာအိုရသေ့ငယ်က ခေါင်းညိတ်ကာ ထိုသို့ ပြောလိုက်သည်။
“ခင်ဗျားက ဒီအဘိုးအိုကို ချီးကျူးလွန်းနေပြီ။ ခင်ဗျားတို့ နှစ်ယောက်လုံးက လူတော်တွေပါ။ ကျုပ်က အမှန်အတိုင်းပြောတာ။ အခုပဲ ကြည့်လေ။ လူတိုင်းက ဗဟိုဧရိယာရဲ့ အပြင်ဘက်မှာရှိတဲ့ အဖိုးတန်ဆေးပင်တွေကို လစ်လျူရှုထားကြတာ ဘယ်လောက်ကောင်းလိုက်လဲ။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် သတ်ပြီး အလုပ်ရှုပ်နေကြတယ်။ ဒါ့အပြင် ကျုပ်တို့သာ အတူတူပူးပေါင်းရင် နတ်ဆိုးသားရဲတွေနဲ့ ရင်ဆိုင်ရဖို့ဟာ ကိတ်မုန့်လှီးရသလိုမျိုး လွယ်နေပြီ…”
ရှောင်းကျိလီက မြူးထူးသောလေသံဖြင့် တယဉ်တကျေး ထပ်ခါထပ်ခါ ပြောနေသည်။
ထိုသည်ကို ကြားသည့်အခါ အခြားနှစ်ယောက်မှာလည်း တစ်ယောက်နှင့်တစ်ယောက် မြှောက်ပင့် ပြောဆိုကြတော့သည်။
“ကောင်းပြီ။ ကျုပ်တို့ မြန်မြန် လှုပ်ရှားသင့်တယ်။ မီးနဂါးမြက်ကို သွားယူကြတာပေါ့။ လူတိုင်းပဲ အညီအမျှ ခွဲဝေကြမယ်…”
ဖော်လံဖားစကားများ တစ်ယောက်နှင့်တစ်ယောက် ပြောနေကြရင်း အရင်ဆုံး စိတ်မရှည် ဖြစ်လာသူက ဝတ်ရုံနက်နှင့်သူပင်။ သို့ဖြစ်၍ သူက ထိုသို့ ပြောလိုက်လေသည်။ သူ့အသံ၌ အလျင်လိုဟန်လည်း ပါနေသည်။ သူက ပြောလည်းပြီး မီးဝံပုလွေနောက်မှ အနီရောင်မြက်အုပ်ထံ ခြေလှမ်းသွားတော့သည်။
သူ့စကားကို ကြားသည့်အခါ ရှောင်းကျိလီနှင့် တာအိုရသေ့ငယ်တို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏။ သူတို့၏မျက်လုံးထဲ၌ ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ရှိနေသည်။ သူတို့က အနက်ရောင်ဝတ်စုံနှင့်သူထံ လှမ်းလာခဲ့ပြီး သဘောတူကြောင်း ပြောသည်။
သို့ပေမည့် သူတို့နှစ်ယောက် သဘောမပေါက်သည်မှာ သူတို့ကို ကျောခိုင်းထားသော ဝတ်ရုံနက်နှင့်သူ၏ အမူဟန်ပန်တွင် သုန်မှုန်လေးနက်သော ဟန်ပန် ဖြတ်ခနဲ ပေါ်သွားခြင်းကိုပင်။ သို့ပေမည့် ထိုဟန်ပန်က အမြန် ပြန်ပျောက်ကွယ်သွား၏။
အလယ်ပိုင်းဧရိယာ၏ တောက်ဘက်ပိုင်းတွင် အဝါရောင်သဲများ ဖုံးအုပ်နေသော ကန္တာရလေးတစ်ခု ရှိသည်။ ယင်းနေရာတွင် လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသားတပည့်တစ်ယောက်နှင့် အမျိုးသမီးတပည့်တစ်ယောက်တို့ ရှိနေသည်။ သူတို့က ရေခဲစူးချွန်များ အသုံးပြုကာ ဒီသဲကန္တာရမြေကို အဆက်မပြတ် ထိုးနှက် ပစ်သွင်းနေသည်။ သူတို့က တစ်ခုခုကို ရှာဖွေနေသည့်အလား။
သို့ပေမည့် နေ့တဝက်လောက် ကြာပြီးသည့်နောက်မှာပင် သူတို့က မည်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။
“အဲ့ကောင်မ ဘယ်မှာများ ပုန်းနေရတာလဲ။ သူ့ကို ရှာတွေတာနဲ့ ငါ သူ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်…”
ထိုအမျိုးသမီးတပည့်မှာ အင်မတန် စွဲဆောင်မှုရှိသော ရုပ်သွင်၊ ပန်းကလေးတစ်ပွင့်နှယ် လှပသူလေး ဖြစ်သည်။ သို့သော် သူမ၏ ပါးစပ်မှ ထိုသို့သော စကားများ ထွက်ပေါ်လာသည့်အခါ သူမသည် အစွန်းရောက် ရက်စက်ကြမ်းတမ်းမည့်သူ ဖြစ်လာသည်။ သူမ၏ လေသံစကားမျိုးကို ကြားမိသော အမျိုးသားဖြစ်သူများပင် ကြောက်ဒူးတုန်သွားနိုင်၏။
“ဂျူနီယာညီမလေး…ထားလိုက်ကြရအောင်။ ဂိုဏ်းရဲ့ အစီအစဉ်က အချိန်ကျတော့မယ်။ ငါတို့ အခု ဒီက မထွက်ရင် နောက်ကျသွားလိမ့်မယ်…”
အမျိုးသားတပည့်ဖြစ်သူက ထိုသို့ ပြောလာသည်။ သူက သူ့ဂျူနီယာညီမဖြစ်သူကို လန့်နေတာ အသိသာကြီး ဖြစ်၏။
“ဟက်…အဲ့တာ နင့်အမှား၊ နင် အသုံးမကျလို့ ဖြစ်တာ။ နင်က ချီစုဆောင်းခြင်းအဆင့်တစ်ဆယ်ပဲ ရှိတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် ခြေရာမခံနိုင်ဘူးလေ။ သူမက ငါတို့ နှာခေါင်းအောက်မှာတင် ထွက်ပြေးသွားတာပဲ။ ဒီသတင်းသာ ပျံ့သွားခဲရင့် လူတွေက လမျက်နှာဖုံးဂိုဏ်းရဲ့ အမြွှာနှစ်ယောက်ဖြစ်တဲ့ နင်နဲ့ ငါ့ကို ဟားတိုက်ရယ်ကြတော့မှာပေါ့…”
သို့သော် စကားလုံးများက အဆုံးသပ်၌ စကားသပ်သပ်မျှသာ။ ထိုအမျိုးသမီးတပည့်က ကောင်းကင်ထက်သို့ တချက်လှမ်းကြည့်သည်။ သူမက ဆက်၍ မရှာဝံ့တော့ပါ။ သူမက ဂိုဏ်း၏ အဓိကအစီအစဉ်မှာ သူမကြောင့် အဟန့်အနှောက် မဖြစ်စေချင်ပေ။ သူမ၏ အဆင့်အတန်းက ထူးခြားကာ နောက်ခံတောင့်သော်လည်း ဂိုဏ်းကိစ္စနှင့် ယှဉ်ပါက သိပ်အရေးမပါတော့ပေ။
တဖက်မှာလည်း သူမက အခုလို လက်ဗလာနှင့် ပြန်မလှည့်သွားချင် ဖြစ်နေ၏။ အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်နေပြီးနောက် သူမက အံတင်းတင်းကြိတ်ကာ အပြာရောင်အဆောင်ကို ထုတ်ယူလိုက်လေသည်။
ထိုအဆောင်ကို ကြည့်ကာ သူမက ဆိုးယုတ်စွာ ရယ်မောသည်။ သည်အဆောင်ကို သူမနောက်သို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူမက ဒီဧရိယာကနေ အလျင်အမြန် ပြေးထွက်လာတာ မီတာသုံးဆယ်ကျော် အကွာအဝေး ရောက်သည့်အထိပင်။ ထို့နောက်မှ သူမက ရပ်ကာ နောက်သို့ ပြန်လှည့်ကြည့်နေသည်။
ထိုသည်ကို မြင်သည့်အခါ အမျိုးသားတပည့်မှာ စိတ်ထဲကနေ အထွန့်တက်ကာ အပြစ်တင်နေ၏။ သို့သော် သူလည်း သူမနောက်သို့ အမြန်လိုက်လာ၏။
သည်အခါ အဆောင်က ကြီးမားသော တိမ်တိုက်နက်တစ်ခုအဖြစ် ပြောင်းသွားသည်။ မီတာသုံးဆယ်မျှ အရွယ်အစားလောက် ရှိချေမည်။ သည်ဧရိယာအဝန်းရှိ ကောင်းကင်ထက်မှာ အနှီတိမ်တိုက်ဖြင့် ဖုံးအုပ်တာ ခံရပြီး အပူချိန်များ ရုတ်တရက် ကျဆင်းလာ၏။ အလွန်အေးစိမ့်လာ၏။
ထို့နောက် တိမ်တိုက်နက်ထံမှ မရေမတွက်နိုင်သော ရေခဲစူးချွန်များသည် အဆက်မပြတ် ကျဆင်းလာ၏။ မြန်လှသည်။ အချိန်တိုအတွင်း ဒီဧရိယာ၌ ရေခဲစူးများက မြေပြင်ထက်တွင် အပြည့်အကျပ် စူးနစ်သွားသည်။
ဆယ့်ငါးမီနစ်ခန့် ကြာပြီးနောက် အနက်ရောင်တိမ်တိုက်က ဖြည်းဖြည်းချင်း လွင့်ပါးသွား၏။ ထို့နောက် ဒီကန္တာရမှာ သလင်းကဲ့သို့ အရောင်ပြန်ဟပ်လာသည်။
အမျိုးသမီးတပည့်က မျက်လုံးပြူးကာ ဒီကန္တာရအနှံ့ ဝေ့ဝိုက်ကြည့်ရှုနေသည်။ သို့ပေမ့် သူမက ထူးခြာတာတစ်ခုတလေကိုမျှ မတွေ့ပေ။
သူမ၏မျက်နှာက မသာယာတော့ပါ။ သူမက အမျိုးသားတပည့်ကို မပျော်မရွှင်ဟန်ဖြင့် လှမ်းအော်သည်။ ထို့နောက် သူမက မကျေမချမ်းဖြင့် ဦးဆောင်ကာ ဒီနေရာကနေ ထွက်လာတော့သည်။ အမျိုးသားတပည့်က သူမနောက်မှ ကပ်၍ လိုက်ပါသွားသည်။
လမျက်နှာဖုံးဂိုဏ်းမှ အမျိုးသမီးသည် ရေခဲစူးများ ဖုံးအုပ်သွားခဲ့သော ကန္တာရနေရာ၏ ထောင့်တစ်ထောင့်၌ အနီရောင်အရည်တန်း အရိပ်အယောင်တစ်ခု ရှိနေသည်ကို သတိမပြုမိခဲ့ပေ။ ၎င်း၏ အရောင်က ဖျော့လွန်းနေတာလည်း ပါ၏။ သို့ဖြစ်၍ ထိုအမျိုးသမီးက သတိမပြုမိခဲ့တာ ဖြစ်သည်။
နာရီဝက်လောက် ကြာပြီးနောက် သည်အနီရောင်အရည်က စတင် ပျံ့နှံ့လာပြီး အဝါရောင်သဲပြင်ထက်မှ စက်ဝန်းအသွင် ပူဖောင်းငယ်တစ်ခု ရုတ်တရက် မြင့်တက်လာသည်။ ထိုပူဖောင်းငယ်က တဖြည်းဖြည်း သိသိသာသာ ကြီးလာ၏။
အဆုံးသပ်၌ ၎င်းက ပေါက်ကွဲသွား၏။ ၎င်းထဲမှ အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျိုလေးတစ်ယောက် တုန်တုန်ရီရီဖြင့်ထွက်လာ၏။ သူမ၏ပုခုံးထက်၌ ချွန်မြသော ရေခဲစူးအရှည်တစ်ခု နစ်ဝင်နေ၏။ ထိုဒဏ်ရာမှ သွေးများ စီးကျလျက် ရှိကာ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်း တဝက်လောက်ထိ သွေးများဖြင့် ဖုံးနေ၏။ သူမ၏ လက်ထဲ၌ အဝါရောင်လက်ကိုင်ပုဝါတစ်ခုကို တင်းတင်း ဆုပ်ကိုင်ထား၏။ ၎င်းထံမှ အလင်းဖြတ်ထွက်မှု ရှိနေသဖြင့် အနှီလက်ကိုင်ပုဝါသည် သာမန်ပစ္စည်း မဟုတ်ပုံ ရသည်။
ထိုအမျိုးသမီးက အားတင်းကာ တဖြည်းဖြည်း ထရပ်၏။ သူမက ပုခုံးထက်ရှိ ဒဏ်ရာကို ကြည့်ကာ မျက်မှောင်တင်းကြပ်စွာ ကြုံ့၏။ သူမက လက်ကို ပင့်မြှောက်ကာ အသားထဲကနေ အပြင်ပိုင်းသို့ ထွက်နေသော ရေခဲစူးအပိုင်းကို ဆုပ်ကိုင်ပြီး အံတင်းတင်းကြိတ်ကာ ဆွဲနှုတ်သည်။ ထိုမိန်းမပျိုလေးထံမှ ငြီးတွားသံ ထွက်ပေါ်လာ၏။ နာကျင်လှသဖြင့် သူမ၏ ကျက်သရေရှိသော မျက်လုံးများထံမှ မျက်ရည်များပါ စိမ့်ထွက်သည့်အထိပင်။ သူမ၏ ထိုဒဏ်ရာမှ သွေးများ ပန်းထွက်လာ၏။
သို့ပေမည့် သူမက မျက်နှာထက်ရှိ မျက်ရည်များကို ချက်ခြင်း မသုတ်နိုင်သေးပေ။ သူမက ဒီနေရာတွင် ကြာကြာထပ်မနေဝံ့ပါ။ သူမ၏ သိုလှောင်အိတ်ထဲက ဆေးပုလင်းတစ်ခုကိုတော့ ခပ်သွက်သွက် ထုတ်ယူပြီး အဝါရောင်ဆေးမှုန့်များကို ဒဏ်ရာပေါ်သို့ ထည့်၏။ ထိုအခါ ဒဏ်ရာက သွေးတိတ်သွားသည်။
သည့်နောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သဲကန္တာရပေါ်၌ တင်ပလ္လင်ခွေ ထိုင်ချကာ မလှုပ်မယှက် ရှိနေ၏။ အချိန်ခဏ ကြာပြီးနောက် သူမက ခေါင်းကို လက်ဖြင့်ဖိကာ စငိုလေ၏။ သို့ပေမည့် သူမက တခြားသူများ၏ အာရုံစိုက်ခြင်းကို စွဲဆောင်မိမှာ စိုး၍ ရှိုက်၍သာ ငိုနေရသည်။
ဆယ့်မိနစ်၊ ဆယ့်ငါးမိနစ်လောက် ကြာပြီးနောက် ဝိညာဉ်သားရဲတောင်မှ အနှီမိန်းမပျိုလေးက နောက်ဆုံး၌ အငိုတိတ်သွား၏။ သူမက ခေါင်းမော့လာသည်။ ရေခဲစူးများ ပြည့်ကျပ်သိပ်နေသော ကန္တာရကို ကြည့်မိကာ မတုန်ရင်မိဘဲ မနေနိုင် ဖြစ်ရသည်။
သူမက အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ကာ ထရပ်ဖို့ ကြိုးစား၏။ အတော်အတန်ကြာ ချီတုံချတုံ ဖြစ်နေပြီးနောက် သူမက သွားရောက်မည့် ဦးတည်ရာကို ဆုံးဖြတ်ကာ ဗဟိုဧရိယာထံ တရွှေ့ရွှေ့လှမ်းလာတော့သည်။ ထိုမိန်းမပျို၏ လှပကာ ချစ်ခင်ဖွယ် ကောင်းသော မျက်နှာလေးထက်တွင် မျက်ရည်စအချို့ ရှိနေဆဲသာ။ သို့သော် တချိန်တည်းမှာလည်း သူမ၏ အသွင်ဟန်ပန်လေးနှင့် မလိုက်ဖက်သော ခေါင်းမာလေးနက်သော ဟန်ပန်အမူအရာလည်း ပေါ်နေလေ၏။
ထိုအမျိုးသမီးငယ်က ဟန်လိကို ရွှေရောင်စုတ်တံ ရောင်းချခဲ့ဖူးသော တစ်ယောက်ပင်။ ခုခါ၌ သူမက ဒဏ်ရာ ရထားပြီး တကိုယ်တည်း ကန္တရာသဲမြေပေါ်၌ တိတ်တဆိတ် လျှောက်လှမ်းနေရသည်။ သူမက သနားကြင်နာစရာ ကောင်းလောက်အောင် လှပနေ၏။ လူအများက သူမကို ဂရုစိုက်ပေးချင်စိတ် ဖြစ်မိမည့် ရုပ်သွင်ဟန်ပန်ကို ပိုင်ဆိုင်ထားသည်။
အချိန်တခု ကြာပြီးနောက် သူမက ဒဏ်ရာ ရထားသော ခန္ဓာကိုယ်နှင့်ပင် ရှေ့ဆက်လျှောက်လာရင်း ဒီအဝါရောင်သဲကန္တာရကနေ ပျောက်ကွယ်သွားတော့သည်။